ကုသရေး ဌာန အမှတ်13
Vol. 56 Ch. 836
စာသင်နှစ်၏၁၅ပတ်မြောက် သောကြာနေ့သည် ဩဂုတ်လ ၁၁ရက်နေ့ဖြစ်သည်။
ပထမနှစ်ဝက် ဖိုင်နယ်စာမေးပွဲ၏ ပထမနေ့အတွက် စစ်မေးမည့်အရာများသည် စာပေ၊ တာအိုအဆောင်လက်ဖွဲ့နှင့် ဝိညာဉ်ဓားထိန်းချုပ်ခြင်းတို့ ဖြစ်ကြသည်။
တာအိုအဆောင်လက်ဖွဲ့ စာမေးပွဲသည် အလွန်ပင် ရိုးရှင်းသည်။
အဓိကအားဖြင့် အသုံးချ ပုံသေနည်းများနှင့် တုံ့ပြန်မှုညီမျှခြင်းများကို ချရေးခြင်းများ အဓိကပါဝင်သည်။
ဝိညာဉ်ဓားထိန်းချုပ်ခြင်း စာမေးပွဲကမူ ကျောင်းသားတစ်ဦးစီ၏ ဝိညာဉ်ဓား ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်ခြင်း ဖြစ်၏။
အခြေခံတည်ထောင်ခြင်း အထက်တန်းကျောင်းသူကျောင်းသားများ အားလုံးသည် ၎င်းတို့၏ ဝိညာဉ်ဓားကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ရမည်မှာ မသင်မနေရ ဘာသာရပ်ဖြစ်သည်။
ကျောင်းတက်နေစဉ်အတွင်း ၎င်းတို့၏ ဝိညာဉ်ဓားတွင် ဓားဝိညာဉ် ပေါ်ပေါက်လာစေရန် အဓိကထား၍ လုပ်ဆောင်ရမည်ဖြစ်သည်။
Grade 1အတန်းအတွက် လိုအပ်ချက်က သိပ်မများပေ။
ကျောင်းသားများအနေဖြင့် မီတာတစ်ရာ အကွာအဝေးအတွင်း ဓားကို ထိန်းချုပ်နိုင်လျှင် အလွန်ကောင်းမွန်သော စွမ်းဆောင်ရည် အဖြစ် သတ်မှတ်၍ရနေပြီ ဖြစ်၏။
ဟုတ်ပါသည်၊ ဤအတိုင်းအတာက ကျင့်ကြံခြင်းနယ်ပယ်အဆင့်နှင့်လည်း သက်ဆိုင်နေသည်။
အကြောင်းအရင်းမှာ ဓားနှင့် ဝေးကွာလေလေ ဓားအားထိန်းချုပ်သည့် ဝိညာဉ်စွမ်းအင်နှင့် သက်လုံကို ပို၍ သုံးစွဲရလေလေ ဖြစ်သောကြောင့်ပင်။
ယေဘုယျအားဖြင့် ပြောရလျှင် အခြေခံတည်ထောင်ခြင်းအဆင့် အတွက် ကန့်သတ်ချက်မှာ ၁၅၀မီတာနှင့် မီတာ ၂၀၀ကြား ဖြစ်သည်။
ကျောင်းသားများက ဤအကန့်အသတ်သို့ ရောက်လိုလျှင် အထူးလေ့ကျင့်ရမည် ဖြစ်၏။
Grade 1အတွက် အကောင်းဆုံးစံနှုန်းမှာမူ မီတာ ၁၀၀ ဖြစ်သည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး အတွက် အကွာအဝေးသည် မီတာ တစ်ထောင်မှ သုံးထောင်မီတာထိ ရှိသည်။
အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူကမူ မီတာငါးထောင်မှ တစ်သောင်းကြား ရှိသည်။
စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကမူ မီတာနှစ်သောင်းမှ နှစ်သိန်းအထိ ရှိသည်။
ကျင့်ကြံခြင်းတွင် လူတိုင်း၏ မတူညီသော ကျင့်ကြံခြင်းအဆင့်များအပေါ် လိုက်၍ ထိန်းချုပ်နိုင်မှု အတိုင်းအတာများ ကွဲပြားကြသည်။
တက္ကသိုလ်တွင် ဝိညာဉ်ဓား ဘာသာရပ်ကို အထူးပြုထားသောကျောင်းသားများသည် ဘွဲ့ရပြီးနောက်တွင် ပိုမိုကျယ်ပြန့်သောထိန်းချုပ်မှုများကို ရရှိမည် ဖြစ်သည်။
ဓားသူတော်စင် ဗိုလ်ချုပ်ရီသည် လက်ရှိတွင် ဝိညာဉ်ဓားအကွာအဝေး ထိန်းချုပ်နိုင်မှု၌ ပထမအဆင့်တွင် ရပ်တည်နေပြီး မီတာတစ်သန်းကျော်ရှိသည့် တစ်ဦးတည်းသောသူဖြစ်သည်။
သိုသိပ်စွာနေထိုင်သော ကျင့်ကြံသူများမှာ ထိုအဆင့်သတ်မှတ်ခြင်းစာရင်းတွင် ပါဝင်ခြင်းမရှိကြပေ။
ဥပမာအားဖြင့် ဝမ်လင်း ဖြစ်သည်။
ဝမ်လင်းက တာအိုစည်းတံဆိပ်ဖြင့် ဖိနှိပ်ခံထားရလျှင်ပင် သူ၏ဓားကို ဂြိုဟ်တစ်ခုမှ အခြားဂြိုဟ်တစ်ခုသို့ ပျံသန်းစေနိုင်သည်။
ကုန်ကုန်ပြောရလျှင် သူသာဆန္ဒရှိပါက ကျင့်ခယ်ကို လကမ္ဘာသို့ပင် စေလွှတ်နိုင်ပေသည်။
ဝမ်လင်းက စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ထား၍ စစ်မေးမည့်အရာများကို အလွန်ယုံကြည်မှု ရှိနေသည်။
Grade 1အခန်း၃၏ အလုံးစုံသင်ယူမှု အခြေအနေအရ လူတိုင်း၏ ရမှတ်က မည်သို့ဖြစ်မည်ကို ဝမ်လင်းက ကြိုတင်ခန့်မှန်းခဲ့ပြီးပြီ ဖြစ်သည်။
ထို့ကြောင့်သူ၏ပျမ်းမျှအမှတ်ကို ၁၂၅မှတ်တွင် ထားရှိရန် ပစ်မှတ်ထားခဲ့သည်။
ဘာသာရပ်အားလုံးကို အမှတ်၁၅၀အဖြစ် သတ်မှတ်ထားသည်။
၁၂၅မှတ်ဆိုသည်မှာ ပြီးပြည့်စုံသည့် ပျမ်းမျှရမှတ် ဖြစ်သည်။
ယေဘုယျအားဖြင့်ပြောရလျှင် မိဘများ မျက်မှောင်ကြုတ်စေမည့် ရမှတ်မျိုးဖြစ်သည်။
သူတို့က သင့်ကို နောက်တစ်ကြိမ်တွင် အမှတ် ၁၃၀ကျော်အောင် ဆက်လက်ကြိုးစားရန် ပြောဆိုမည် ဖြစ်၏။
ဆရာတစ်ဦးကမူ ဤရမှတ်နှင့် ပတ်သက်၍ ပြောစရာမရှိမည်မှာ သေချာသည်။
ရမှတ်က အထူးဆိုးရွားသည်ဟု မပြောနိုင်သော်လည်း ချီးမွမ်းထိုက်သည့် ရမှတ်တော့ မဟုတ်ပေ။
ဝမ်လင်းအတွက်မူ ကြိုတင်ပြင်ဆင်ထားသရွေ့ စာမေးပွဲများက မခက်ခဲပေ။
သူ့အတွက် ဝမ်မင်က ဈေးကွက်မှာရှိသည့် ဂိမ်းစက်များထက်ပိုမိုကောင်းမွန်သော ဂိမ်းစက်အမျိုးမျိုးကို ပြုလုပ်ပေးခဲ့သည်။
စင်စစ် ဝမ်လင်းသည် ဂိမ်းဆော့ချင်စိတ် မရှိသလို KTVတွင်သီချင်းဆိုချင်စိတ်လည်း မရှိပေ။
ဝမ်လင်းက သူ့ကိုယ်ပိုင်ပြဿနာနှင့် ရင်ဆိုင်နေရစဉ် အခြားတစ်ဖက်တွင်လည်း ဓမ္မရာဂျာသည် မကြာသေးမီကစပြီး ပြဿနာသစ်တစ်ခုနှင့် ရင်ဆိုင်နေရသည်။
မဟာဗျူဟာလှည့်ဖျားမှု အထွေထွေရုံးကို တည်ထောင်ပြီးနောက်တွင် ဓမ္မရာဂျာသည် ရှောင်မိသားစုခြံဝန်းကနေ အလုပ်ထွက်လာပြီး မဟာဗျူဟာလှည့်ဖျားမှု အထွေထွေရုံး၏ ထောက်ပံ့ပို့ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။
သူအလုပ်ထွက်လာသောအခါတွင် ရှောင်မိသားစုခြံဝန်းမှ တာဝန်ခံက သူ့ကို ဘောနပ်ပင် ပေးခဲ့သည်။
ဟုတ်ပါသည်၊ ဤဆုကြေးငွေက စင်စစ် ဓမ္မရာဂျာကြောင့်မဟုတ်ပေ။
မဟာဗျူဟာလှည့်ဖျားမှု အထွေထွေရုံး၏ နာမည်ကြောင့်သာဖြစ်သည်။
ဤမဟာဗျူဟာလှည့်ဖျားမှု အထွေထွေရုံး၏ ခေါင်းဆောင်ဖြစ်သည့် ဗုံးပစ်စီနီယာအင်မော်တယ်သည် မကြာသေးမီကပင် ပကတိအရှင်မြတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း လူတိုင်း သိထားကြသည်။
မဟာဗျူဟာလှည့်ဖျားမှု အထွေထွေရုံး စတင်တည်ထောင်သည့်နေ့ကတည်းက မည်မျှ ကြီးကျယ်ခမ်းနားကြောင်း ပြည်သူတစ်ရပ်လုံးက သိထားပြီးပြီ ဖြစ်သည်။
ထိုကဲ့သို့ဩဇာကြီးမားသော ဂိုဏ်းတစ်ခုကို မည်သူက စော်ကားဝံ့မည်နည်း။
ဓမ္မရာဂျာက ရှောင်မိသားစုခြံဝန်းကနေ မဟာဗျူဟာလှည့်ဖျားမှုအထွေထွေရုံးသို့ ဝင်ရောက်ရန် အလုပ်မှ နုတ်ထွက်လိုက်သောအခါ ဆန့်ကျင်ဘက်အနေဖြင့် ရှောင်မိသားစုခြံဝန်းသည် အလွန်အမင်း ပျော်ရွှင်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ ရှောင်မိသားစုခြံဝန်းသည် အနာဂတ်တွင် အဖွဲ့ဝင်များကို စုဆောင်းသောအခါ၌ ရှောင်မိသားစုခြံဝန်း၏ ဂုဏ်သိက္ခာကို ပိုမိုချဲ့ထွင်ရန် ဓမ္မရာဂျာ၏ ပုံရိပ်ကို အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။
မဟာဗျူဟာလှည့်ဖျားမှု အထွေထွေရုံး၏ အခြေခံအဆောက်အဦး နှင့် ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ထောက်ပံ့ပို့ဆောင်ရေးခေါင်းဆောင်ဖြစ်သည့် ဓမ္မရာဂျာက အဓိက လုပ်ဆောင်ရမည်ဖြစ်သည်။
ဓမ္မရာဂျာက နုတ်ထွက်ပြီးသား ဖြစ်သော်လည်း ရှောင်မိသားစုခြံဝန်း၏ ဝန်ထမ်းဟောင်းတစ်ဦး ဖြစ်သည်။
အကယ်၍ သူတို့ရှောင်မိသားစုခြံဝန်းနှင့် မဟာဗျူဟာလှည့်ဖျားမှု အထွေထွေရုံးတို့က အနာဂတ်တွင်အ တူတကွလုပ်ဆောင်ခွင့်ရနိုင်မည် ဆိုပါက ဓမ္မရာဂျာသည် သူတို့ကြားရှိ အဆက်အသွယ် ဖြစ်လာမည်မှာ သေချာသည်။
လူ့အဖွဲ့အစည်း၏ လုပ်ဆောင်ချက်က ဤကဲ့သို့ပင်။
သင်အလုပ်ထွက်သောအခါ၌ သင့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့လျှင် သင်၏ အလုပ်ဟောင်းကို သဘောကျနေမည်မှာ အမှန်ပင် ဖြစ်သည်။
ဓမ္မရာဂျာက အလုပ်မှ ထွက်လာပြီးနောက်တွင် ဘောနပ် ငွေကြေးကိုပါ ရှိခဲ့သည်။
သို့ရာတွင် ကြီးမားသော ပြဿနာတစ်ခု ပေါ်ပေါက်လာမည်ကို သူ မမျှော်လင့်ခဲ့ပေ။
မည်သည့်အလုပ်တွင်မဆို မနာလိုသည့် လုပ်ဖော်ကိုင်ဖက်များ ရှိနေတတ်သည်။
ဓမ္မရာဂျာက ရှောင်မိသားစုခြံဝန်းတွင် ရှိစဉ် ထောက်ပံ့ပို့ဆောင်ရေးဌာန၏ အကြီးအကဲ ဖြစ်ခဲ့ဖူးသည်။
ထို့ကြောင့် သူနုတ်ထွက်သည့်အခါတွင် သူ့လက်အောက်မှ လူများသည် သူ့ကိုနည်းမျိုးစုံဖြင့် ဝေဖန်ခဲ့ကြသည်။
ရှောင်မိသားစုခြံဝန်း၏ စီမံခန့်ခွဲမှုအဖွဲ့သည် ဓမ္မရာဂျာ နုတ်ထွက်သွားသည့် အပေါ်တွင် အလွန် ရှင်းလင်းပြတ်သားသော သဘောထားရှိသည့် အပြင် ပံ့ပိုးကူညီမှုအနေဖြင့် အပိုဆုကြေးများပင် ပေးအပ်ခဲ့ကြ၏။
သို့သော် လူအများ၏ ပါးစပ်ပေါက်များကို ပိတ်ပစ်ရန်မှာ ဓမ္မရာဂျာအတွက် အလွန်ပင်ခက်ခဲ၏။
သူယခင်က အလုပ်တွင် မည်သူ့ကို စော်ကားခဲ့မိသည်ကိုပင် မသိတော့ပေ။
လွန်ခဲ့သည့်နှစ်ရက်အတွင်း Weibo နှင့် ကျင့်ကြံခြင်းဖိုရမ်များတွင် သူ့ကိုဦးတည်၍ ဆဲဆိုမှုများ ရှိခဲ့သည်။
လောလောဆယ်တွင် ဓမ္မရာဂျာသည် အင်မော်တယ်ထုန်ရာထံ ထိုအကြောင်းကို တိုင်ကြားခဲ့သည်။
“ငါ့ရဲ့အရင်အလုပ်ကနေ အလုပ်ထွက်လိုက်ပေမဲ့ အခုအင်တာနက်တစ်ခုလုံးက ငါ့အကြောင်းကို မကောင်းပြောနေကြတယ်”
ထိုစကားကိုကြားလျှင် အင်မော်တယ်ထုန်ရာက ပြုံးလိုက်သည်။
“မင်းတစ်ယောက်ယောက်ကို စော်ကားမိတာမျိုးရော မဖြစ်နိုင်ဘူးလား”
“ငါဘယ်သူ့ကိုမှ မစော်ကားခဲ့ပါဘူး.. ငါ့လက်အောက်က လူတွေကိုလည်း စိတ်သဘောထားကောင်းတယ်လို့ ငါအမြဲထင်နေခဲ့တယ်”
ဓမ္မရာဂျာက သက်ပြင်းချလိုက်သည်။
“မင်းနားလည်ရမှာက လူတစ်ယောက်ရဲ့ အပေါ်ယံကို မင်းသိနိုင်ပေမဲ့ သူ့ရဲ့ အတွင်းစိတ်ထဲကိုတော့ မင်းဘယ်လိုမှ သိနိုင်မှာမဟုတ်ဘူး.. ကြည့်လေ မင်းအလုပ်ထွက်တာ တစ်ရက်နှစ်ရက်ပဲ ရှိသေးပေမဲ့ လူတွေက မင်းအကြောင်းကို မကောင်းပြောဆိုနေကြပြီ.. အဲဒါ နဂိုထဲက မင်းအပေါ်မှာ မကျေနပ်ချက်တွေ စုပုံနေလို့ပဲ.. ဒါကြောင့်လည်း မင်းအလုပ်ထွက်လိုက်တာနဲ့ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်ကုန်တာပေါ့”
“အင်း ငါနားလည်ပြီ.. ဒါနဲ့ ညီနောင်ထုန်ရာ.. အင်တာနက်ပေါ်မှာ နောက်ထပ်ဓမ္မရာဂျာ တစ်ယောက် ရှိသေးတယ်ဆိုတာ မင်းသိလား”
“အင်း ငါမှတ်မိပြီ.. အဲဒီဓမ္မရာဂျာက အင်တာနက် စွဲလမ်းတဲ့ရောဂါကို လျှပ်စစ်ကုထုံးတွေနဲ့ ကုသပေးတယ်လို့ ငါကြားဖူးတယ်”
“ဟုတ်တယ်.. ငါပြောချင်တာ သူ့ကိုပဲ.. သူနဲ့ငါ မတူတဲ့အချက်ကိုပြောရရင် ငါက မိုးကြိုးမျိုးနွယ်စုရဲ့ မိုးကြိုးအမွေအနှစ်ကို ဆက်ခံသူ ဖြစ်တဲ့အပြင် ကြယ်ရှစ်ပွင့် လျှပ်စစ်ပညာရှင်လည်းဖြစ်တယ်.. ငါက တရားဝင်လိုင်စင်လည်း ရထားတယ်လေ”
အင်မော်တယ်ထုန်ရာ “……….”
လျှပ်စီးဓမ္မရာဂျာ “ညီနောင်ထုန် မင်းမသိသေးဘူး.. အင်တာနက်ပေါ်မှာ ဆရာဝန်တစ်ယောက်က ကလေးတွေရဲ့အင်တာနက်စွဲလမ်းတဲ့ ရောဂါကို ကုသပေးနိုင်တဲ့ ဆေးဘက်ဆိုင်ရာကိရိယာတစ်ခုကို တီထွင်ထားတယ်လို့ ကြေညာခဲ့တယ်.. အဲဒီနေရာကို ကုသရေးဌာန အမှတ် 13 လို့လည်း ခေါ်တယ်.. ဒါပေမဲ့ တကယ့် အမှန်တရားကတော့ အဲဒီလိုမဟုတ်ဘူး.. ကလေးတွေကို ထိန်းချုပ်ခန်းထဲမှာ သော့ခတ်ပြီး လျှပ်စစ်ရှော့တိုက်တာပဲ.. ကလေးတွေအနေနဲ့ အင်တာနက်စွဲလမ်းနေသရွေ့ သူတို့ကဆက်ပြီး ရှော့တိုက်နေဦးမှာပဲ”
“ဒီကိစ္စကိုငါကြားဖူးတယ်”
အင်မော်တယ်ထုန်ရာက မျက်မှောင်ကြုတ်လိုက်သည်။
“ငါသိသလောက်တော့ ကုသရေးဌာနအမှတ် 13က ကလေးတွေကို ကုသရုံတင်မကဘဲ လူကြီးတွေကိုပါ ကုသပေးတယ်မဟုတ်လား.. ဒါပေမဲ့ အဲဒီသတင်းထွက်ပြီး မကြာခင် ပိတ်လိုက်ရတယ်လို့ ငါကြားဖူးတယ်.. အဲဒီဆရာဝန်က Weiboအကောင့်ကိုတောင် ဖျက်ပစ်လိုက်ရတယ်ဆိုပဲ”
ဓမ္မရာဂျာက သက်ပြင်းချလိုက်သည်။
“ဒီကိစ္စက ငါ့ကို ခေါင်းကိုက်စေခဲ့တယ်.. ဘာလို့လဲဆိုတော့ အွန်လိုင်းကလူတွေက ငါ့ကို မကျေနပ်တာနဲ့ပဲ ဒီရမ်းကုဆရာဝန်ရဲ့ အကောင့်က ငါ့ရဲ့အကောင့်လို့ ပြောနေကြတယ်”
အင်မော်တယ်ထုန်ရာ “……….”
အပိုင်း(၈၃၆) ပြီး၏