ဝမ်ကျန်းရဲ့ကျိန်စာ
Vol. 56 Ch. 837
ကုသရေးဌာန အမှတ် 13 သည် ထိုအချိန်က ဖော်ထုတ်ခံရပြီးနောက် ပိတ်ပစ်ခဲ့သည်ဟု ကောလာဟလ သတင်းများထွက်ပေါ်ခဲ့ဖူးသည့် အွန်လိုင်း လျှို့ဝှက်ဆန်းကြယ်မှု တစ်ခု ဖြစ်သည်။
တကယ်တမ်းတွင် ထိုအင်တာနက်စွဲလမ်းမှု ကုသရေးဌာနသည် မပိတ်ခဲ့ပေ။
ဓမ္မရာဂျာက မှားယွင်းစွပ်စွဲခံရမှုနှင့် ပတ်သက်၍ အင်မော်တယ်ထုန်ရာကို တိုင်တန်းထားခဲ့သည်။
စိတ်လောပြီး တုံ့ပြန်မိလျှင် အွန်လိုင်းတွင် ဆန့်ကျင် ခံရနိုင်သည်ကို သူကောင်းစွာသိ၏။
ယနေ့ခေတ်တွင် အွန်လိုင်းအသုံးပြုသူများသည် အများသူငှာ ထင်မြင်ယူဆချက်ကို သံယောင်လိုက်၍ စွပ်စွဲ၍ လွယ်ကူလွန်းနေသည်။
ဆိုရလျှင် အင်တာနက်စွဲလမ်းမှု ကုသရေးစင်တာကို အွန်လိုင်းတွင် မကျေမနပ်ဖြစ်မှု အများအပြားရှိ၏။
လူအများအပြားသည် အမည်မသိ သို့မဟုတ် အခြားနည်းလမ်းများဖြင့် ဤ ပြန်လည်ထူထောင်ရေး စင်တာသို့ ရောက်ရှိခဲ့ဖူးသည့် ၎င်းတို့၏ အတွေ့အကြုံ အသေးစိတ်များကိုဆောင်းပါးရှည်များဖြင့် ပို့စ်တင်ခဲ့ကြသည်။
ထိုနေရာသို့ သားသမီးများကို ပို့သည့် မိဘတိုင်းတွင် တူညီသော အချက်များ ရှိကြသည်။
ဥပမာ- သူတို့သည် ပညာသိပ်မတတ်ပေ၊ သားသမီးများကို အလွန်ချုပ်ချယ်ချင်ကြသည်။ သားသမီးကို ပြင်နိုင်သရွေ့ အင်အားအနည်းငယ် သုံးရသည်က အန္တရာယ်မရှိဟု ယုံကြည်ကြ၏။
မကောင်းသတင်း ဖော်ထုတ်ခံရပြီးနောက်တွင် ကုသရေးဌာန အမှတ် 13 သည် လွန်ခဲ့သော နှစ်အနည်းငယ်ကစပြီး လူသိရှင်ကြား ပိတ်သွားခဲ့သည်။
သို့သော်လည်း အမှန်တရားမှာ ဤလျှို့ဝှက်ဆန်းကြယ်သော ကုသရေးဌာနသည် တစ်လျောက်လုံး လျှို့ဝှက်စွာ လုပ်ဆောင်နေခဲ့ခြင်းသာ ဖြစ်၏။
..................
မျက်မှန်တပ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မီးခိုးရောင်နောက်ခံတွင် အက်ကွဲကြောင်းအချို့ ရှိနေပြီ ဖြစ်သော အလင်းရောင်မှိန်ပျပျ ရုံးခန်းအတွင်းရှိ သူ၏ ထိုင်ခုံတွင် ထိုင်နေသည်။
သူ့ဆံပင်က ပါးလျနေပြီး မျက်နှာပေါ်တွင် ဒဏ်ရာဟောင်းများဖြစ်ပုံရသည့် ခြစ်ရာများ ရှိနေ၏။
ဤနေရာက သူ၏ ရုံးခန်းနှင့် ဆေးကုခန်း ဖြစ်သည်။
အခန်း၏ အတွင်းအပြင်အဆင်က အလွန်ရိုးရှင်း၏။
အခန်းတွင် ရုံးစားပွဲအပြင် အနက်ရောင်သံဖြင့်ပြုလုပ်ထားသည့် စတုဂံပုံ စားပွဲတစ်ခုရှိပြီး ပါးလွှာသော ပလပ်စတစ်ဖလင်ဖြင့် ဖုံးအုပ်ထားသောကြောင့် အလွန်လက်ရာ မြောက်လှသည်။
စားပွဲ၏ ဘေးနှစ်ဖက်တွင် လှုပ်ရှားမှုများကို တားမြစ်ရန်အတွက် ခြေချင်းချိတ် အများအပြားကို တပ်ဆင်ထားသည်။
ထိုအချိန်တွင် လူငယ်လေးတစ်ယောက်က ဖြည်းညင်းစွာ ဝင်လာသည်။
လူလတ်ပိုင်းက ရုံးခန်း စားပွဲတွင် အချိန်အကြာကြီး မစောင့်လိုက်ရပေ။
လူငယ်က အလွန်ထူးခြားဆန်းပြားသော တာအို၀တ်စုံကို ၀တ်ဆင်ထား၏။
ဝတ်စုံပေါ်တွင်(Michelin) တာယာများကဲ့သို့ ခေါက်အလွှာများရှိသည်။
ထို့အပြင် လူငယ်၏ ဦးခေါင်းထိပ်တွင် အင်တင်နာကဲ့သို့ အရာနှစ်ခုက ထိုးထိုးထောင်ထောင် ဖြစ်နေ၏။
"မင်္ဂလာပါ မစ္စတာလုံမင်.. ကြိုဆိုပါတယ်"
လူငယ်လေး ရောက်လာသည်ကိုမြင်လျှင် လူလတ်ပိုင်းအရွယ်က အလျင်အမြန်ထ၍ နှုတ်ဆက်လိုက်သည်။
“ဒေါက်တာယန်က နေရာကို အသေအချာ ဝှက်ထားတာပဲ.. ငါအတော်လေး ရှာလိုက်ရတယ်"
လုံမင်က မျက်ခုံးကို ပင့်လိုက်ပြီး မေးလိုက်သည်။
"ဘယ်လိုလဲ ဒေါက်တာယန်.. ငါ့သခင် တောင်းဆိုတဲ့ အခြေအနေတွေကို လက်ခံမှာလား"
“အရှင်ပိုင်ရဲ့ ကြီးကျယ်တဲ့ နာမည်ကို ငါကြားဖူးတာ ကြာပါပြီ.. အရှင်ပိုင်က ငါ့ရဲ့ အားနည်းချက်ကို ကုသပေးဖို့ ရည်ရွယ်ထားတာကြောင့် ငါ့မှာ ငြင်းစရာအကြောင်းမရှိပါဘူး"
လူလတ်ပိုင်း၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ရှိနေသည်။
“အရင်တုန်းက တစ်စုံတစ်ယောက်က ငါ့ဒဏ်ရာကို အကဲဖြတ်ပြီး ကုသလို့မရဘူးလို့ ကောက်ချက်ချခဲ့ဖူးတယ်.. ပလပ်စတစ်ဆာဂျရီ နည်းလမ်းနဲ့ ခွဲစိတ်တာတောင်မှ ငါ့ရဲ့လက်ရှိပုံပန်းသဏ္ဍာန်ကို ဖြည်းဖြည်းချင်း ပြန်ပြောင်းသွားတာပဲ.. ဒါက မျိုးရိုးလိုက်တဲ့ မွေးရာပါ ဒဏ်ရာဖြစ်တယ်.. ရိုးရိုးသားသား ပြောရရင် အရှင်ပိုင်မှာ ကုသနိုင်တဲ့ နည်းလမ်း ရှိနေတာ ငါ အရမ်းကို အံ့သြမိပါတယ်”
"ငါ့အရှင်ရဲ့ အစွမ်းကို မင်း စိတ်ပူစရာ မလိုပါဘူး.. ဒါနဲ့ ဒေါက်တာယန်ကို ဒဏ်ရာနဲ့ ပတ်သက်ပြီး မေးစရာ မေးခွန်းအချို့ ရှိပါတယ်.. မင်းခုနက မွေးရာပါဒဏ်ရာလို့ ပြောလိုက်တယ် မဟုတ်လား"
“ဟုတ်ပါတယ်”
ယန်ဟွိုက် ခေါင်းညိတ်လိုက်သည်။
“ငါတို့မိသားစုက ဒီကုသရေးဌာနကို မျိုးဆက် လေးဆယ့်နှစ်ဆက်လုံး လုပ်ကိုင်ခဲ့တယ်.. ဒါပေမဲ့ သုံးဆယ့်ခြောက်ဆက်မြောက် မျိုးဆက်မှာ ငါ့ဘိုးဘေးက အပြင်းအထန် အရိုက်ခံခဲ့ရတယ်...သူ့မျက်နှာက ပျော့စိဖတ်နေတဲ့အထိ ကုတ်ခြစ်ခံခဲ့ရတယ်.. သူ့ရဲ့ ဆံပင်ကလည်း အဆွဲခံရလို့ အများကြီး ရှည်ထွက်လာတယ်.. မျက်လုံးကလည်း အပြင်းအထန် ထိခိုက်သွားခဲ့တယ်.. အဲဒီတုန်းက ခေါင်းလည်း အရိုက်ခံရတယ်လို့ ကြားတယ်”
လုံမင် “........…”
ယန်ဟွိုက် “ငါ့ရဲ့ သုံးဆယ့်ခြောက်ဆက်မြောက် ဘိုးဘေး ယန်ယုံ အရိုက်ခံရပြီးနောက်ပိုင်း ငါ့ရဲ့ သုံးဆယ့်ခုနစ်ဆက်မြောက် ဘိုးဘေး ယန်ရှင်းဟာ မျက်နှာပုံပျက်ပြီး မွေးဖွားလာခဲ့တယ်..
အဲဒီအချိန်ကစပြီး မျက်နှာပုံပျက်ယွင်းပြီး မွေးဖွားလာမှုက မျိုးဆက် လေးဆယ့်တစ်ဆက် တိုင်အောင် ကျိန်စာတစ်ခုလို ဖြတ်သန်းလာခဲ့တယ်.. အခုအချိန်အထိ ကုသဖို့ နည်းလမ်းမရှိသေးဘူး”
ယန်ဟွိုက်၏ စကားကို နားထောင်ပြီးနောက် လုံမင်က မျက်မှောင်ကြုတ်ကာ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
ယန်ယုံ အရိုက်ခံရရုံဖြင့် နောက်မျိုးဆက်ကို ထိခိုက်စရာအကြောင်း မရှိပေ။
ယင်းက ရိုက်နှက်ခံရစဉ်တွင် ကျိန်စာသင့်ခဲ့သည်မှာ ထင်ရှားနေ၏။
သို့သော် ဤကဲ့သို့ ပြင်းထန်သော ကျိန်စာကို ကမ္ဘာပေါ်တွင် လူဘယ်နှစ်ယောက် အသုံးချနိုင်ပါသနည်း။
“ငါတို့ ဘိုးဘေးဘီဘင်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေက အရမ်းကန့်သတ်ထားတယ်.. ဘာလို့လဲဆိုတော့ ငါတို့ရဲ့ ပင်မလုပ်ငန်းဖြစ်တဲ့ ပြန်လည်ထူထောင်ရေး စင်တာက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စပြီး အကြိမ်ကြိမ် ဖျက်ဆီးခံခဲ့ရတာကြောင့်ပဲ.. လူယုတ်မာတချို့က ငါ့ရဲ့ ရုံးခန်းကို ကျူးကျော်ပြီး မီးတင်ရှို့ခဲ့လို့ အချက်အလက် အားလုံးနီးပါးက မီးလောင်သွားခဲ့ပြီ"
ယန်ဟွိုက် သက်ပြင်းချလိုက်သည်။
"ငါ့ရဲ့ ဘိုးဘေးတွေ လက်ထက်မှာဆိုရင် ပြန်လည်ထူထောင်ရေး စင်တာက အထွတ်အထိပ်ကို ရောက်တဲ့ကာလပဲ.. အဲဒီကာလကဆိုရင် ဂိုဏ်းခေါင်းဆောင်တွေက သူတို့ တပည့်အချို့ရဲ့ မသင့်လျော်တဲ့ အပြုအမူကို ပြုပြင်ဖို့အတွက် ငါတို့ကို အားကိုးခဲ့ကြတယ်.. ငါတို့က အင်တာနက်စွဲလမ်းမှုကို ကုသရုံတင် မကဘဲ သူတို့ရဲ့ အပြုအမူ တစ်စုံတစ်ရာ မှားနေသရွေ့ ပြုပြင်ပေးတဲ့ ဝန်ဆောင်မှုလည်းရှိတယ်"
လုံမင်က ခေါင်းညိတ်လိုက်ပြီး သူ့ဘေးနားရှိ ဆေးဘက်ဆိုင်ရာ ကိရိယာကို လှည့်ကြည့်လိုက်သည်။
"ဒါ မင်း အသုံးပြုတဲ့ စက်လား"
"မစ္စတာလုံမင်က ဆေးကုခန်းကြီးတွေမှာ ဒီလိုစက်မျိုးကို ကြုံဖူးပြီးပြီထင်တယ်"
ယန်ဟွိုက်က ကောက်ကျစ်စွာ ရယ်မော၍ ပြောလိုက်သည်။
“ဟုတ်တယ်”
လုံမင် ခေါင်းညိတ်သည်။
"ငါ စက်ရဲ့ အမြင့်ဆုံးသတ်မှတ်ချက်နဲ့ စမ်းသပ်ဖူးပေမယ့် ဘာသက်ရောက်မှုမှ မရှိခဲ့ဘူး"
"မစ္စတာ လုံမင်ရဲ့ ကျင့်ကြံခြင်း နယ်ပယ် အလွန်မြင့်တာကြောင့် ဘာမှ မခံစားရတာ ဖြစ်မှာပါ"
ယန်ဟွိုက်က ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ဒါပေမယ့် မစ္စတာလုံမင် စမ်းသပ်ဖူးတဲ့ကိရိယာက သာမန် ဆေးဘက်ဆိုင်ရာ ကိရိယာပါပဲ.. အစွမ်းထက်ဆုံး ဆေးဘက်ဆိုင်ရာ ကိရိယာက မစ္စတာလုံမင် ကြည့်နေတဲ့ ဒီစက်ပဲ"
လုံမင် "ဟုတ်လား"
“တစ်ခါတုန်းက စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဒီစက်ကိရိယာနဲ့ ကုသခဲ့တယ်.. ဒီကျင့်ကြံသူက ငါကုသခဲ့တဲ့ လူနာတွေထဲမှာ ကျင့်ကြံခြင်းနယ်ပယ် အမြင့်ဆုံးပဲ.. ငါက ဒီစက်နဲ့ သူ့ကို လျှပ်စစ်ရှော့ခ်တိုက်ခဲ့တယ်"
ထိုစကားအထိ ပြောပြီးနောက် သူ့မျက်နှာက ရုတ်တရက် လေးနက်သွားသည်။
"ဒါက လျှပ်စစ်ရှော့ခ် ကုသနည်းစနစ် ဖြစ်တယ်"
လုံမင်က စိတ်ဝင်တစား မေးလိုကိသည်။
"သူက ဘာဖြစ်လို့ ဒီကို ပို့ခံလိုက်ရတာလဲ"
“ခွေးကလေးတွေ ချစ်တာ ဒါမှမဟုတ် မာကျောက်ဆော့တာကို စွဲလန်းတာ ဒါမှမဟုတ် ဂိမ်းတွေကို စွဲလမ်းတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် လူတွေက ငါ့ဆီ ပို့ခံရတယ်.. တချို့ဆိုရင် အိမ်ထောင်ရေး မသာယာမှုတွေကြောင့် သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လျှပ်စစ်ကုထုံး ယူဖို့အတွက် ငါ့ဆီကို လာခဲ့ကြတယ်”
ယန်ဟွိုက်က မျက်နှာပေါ်တွင် အောက်တန်းကျသော အမူအရာကို ဆင်မြန်းရင်း ရယ်မောလိုက်သည်။
“ငါ့ဆီ ပို့ခံလိုက်ရတဲ့ စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်ကျင့်ကြံသူက ဒုဂိုဏ်းချုပ် တစ်ယောက်ပဲ.. ဒါပေမဲ့ ကံမကောင်းစွာပဲ သူက ဂိုဏ်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဂိုဏ်းချုပ်နဲ့ အမြဲလိုလို အယူအဆ ကွဲပြားခဲ့တယ်"
"ဒါပေမယ့် ဒီဒုဂိုဏ်းချုပ်က ကိစ္စတွေကို ဆောင်ရွက်ရာမှာ အမြဲ သတိထားနေတာကြောင့် ဂိုဏ်းချုပ်အနေနဲ့ သူ့အပေါ် ဘာပြစ်ချက်မှ ရှာမတွေ့ခဲ့ဘူး"
"ဟက်.. ဒါပေမဲ့လည်း မြစ်ထဲမှာ လမ်းလျောက်နေသ၍တော့ မင်းဖိနပ်က ဘယ်လိုလုပ်ပြီး ရေမစိုဘဲနေမှာလဲ ဆိုတဲ့စကားပုံလိုပေါ့"
လုံမင် "ဒါဆို သူ ဒီကို ဘယ်လိုပို့ခံလိုက်ရတာလဲ"
ယန်ဟွိုက် “ပြီးခဲ့တဲ့ ဆောင်းဦးပွဲတော်မှာ ဂိုဏ်းချုပ်က သူတို့ရဲ့ လုပ်ငန်းတူ လုပ်ဖော်ကိုင်ဖက်တွေဆီ လမုန့်တွေ ပို့ပေးဖို့ သူ့ကို တာဝန်ပေးခဲ့တယ်.. ဒါကြောင့် သူက အခွံမာသီး အများအပြားနဲ့ လုပ်ထားတဲ့ လမုန့် အမြောက်အမြားကို မှာယူပြီး ပို့ပေးခဲ့တယ်”
လုံမင် "အခွံမာသီး အများအပြားနဲ့လုပ်ထားတဲ့ လမုန့်က ဘာဖြစ်နေလို့လဲ"
ယန်ဟွိုက် "အခွံမာသီးတွေက အရမ်း ရွံစရာကောင်းတယ်လို့ မစ္စတာလုံမင် မထင်ဘူးလား.. ငါကတော့ ပိုလီ ပင်လယ်ရေမှော်ထည့်တာကိုပဲ သဘောကျတယ်"
လုံမင် “….........”
ယန်ဟွိုက် "ကံမကောင်းစွာပဲ ဒီဒုဂိုဏ်းချုပ် အတွက် ဘာတွေဖြစ်ပျက်သွားလဲ ဆိုတာကို အဖြေရှာဖို့ အချိန်မရခဲ့ဘူး.. ဘာလို့လဲဆိုတော့ သူသတိရလာတဲ့အချိန်မှာ သူက ငါ့ရဲ့ ဆေးကုသမှု ခံယူဖို့ စားပွဲပေါ်မှာ ရောက်ရှိနေလို့ပဲ.. ငါ့မှာ ဗီဒီယိုရှိသေးတယ်.. မစ္စတာလုံမင် အဲဒီ ဗီဒီယိုကို ကြည့်ချင်လား"
အပိုင်း(၈၃၇) ပြီး၏