ပြန်ပေးဆွဲခံရခြင်း
Vol. 56 Ch. 840
ဗန်ကားထဲမှ လူကြီးနှစ်ယောက်က ဝမ်လင်းကိုကြည့်ရင်း တော်တော်လေး စိတ်ရှုပ်နေခဲ့သည်။
ယင်းက တစ်သက်မှာ တစ်ခါသာ ကြုံဖူးတဲ့ အတွေ့အကြုံမျိုးပင်။
ထိုကျောင်းသားလေးလောက် ဖမ်းဆီးရလွယ်သည့်သူမျိုး သူတို့မတွေ့ဖူးချေ။
ဝမ်လင်းသည် တစ်ချိန်က သရေစာများဖြင့် ဖြားယောင်းသော လူကုန်ကူးသူများကို ပြန်ပေးဆွဲရန် တမင်တကာ ခွင့်ပြုခဲ့ဖူးသည်။
ထို့နောက်တွင် လူကုန်ကူးသူများ၏ နေရာကို ခြေရာခံကာ ၎င်းတို့၏ ဌာနချုပ်ကို ဖျက်ဆီးရန် ရဲများကို ကူညီခဲ့သည်။
တကယ်တမ်းတွင် လူကုန်ကူးသူများသည် အလွန် လွယ်ကူသော ပစ်မှတ်များကိုသာ ရွေးချယ်ကြသည်။
လူကုန်ကူးသူ အများစုသည် အချိန်အများစုတွင် အစားအသောက် သို့မဟုတ် သောက်စရာ အချိုရည်များဖြင့် ကလေးများကို ဆွဲဆောင်လေ့ရှိကြသည်။
သို့သော် ဤငတုံးနှစ်ယောက်ကမူ စကားတစ်ခွန်းမှ မပြောဘဲ ဝမ်လင်းကို ဗင်ကားထဲသို့ တိုက်ရိုက် ဆွဲခေါ်သွားခဲ့၏။
ယင်းကိုကြည့်လျှင် ၎င်းတို့က တော်တော်လေး အစွမ်းထက်ပြီး သတ္တိကောင်းသည်ဟု ယူဆနိုင်မည် ဖြစ်သည်။
ဝမ်လင်း ကိုယ်တိုင်ပင် ဤကဲ့သို့ ပြန်ပေးဆွဲခံရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကိစ္စအများစုတွင် သူသည် အထူး မျက်ခွံသတိပေးချက်မှ တဆင့် ကြိုတင်သိရှိလေ့ရှိသည်။
သို့သော် ဤတစ်ခေါက် ပြန်ပေးဆွဲမှုသည် စံနှုန်းများနှင့် လုံးဝ မကိုက်ညီပေ။
ဤသည်က သွေးပူလေ့ကျင့်ခန်း တစ်ခုလောက်သာ ဖြစ်၏။
မနက်ဖြန်စာမေးပွဲတွင် သူ့အမှတ်ကောင်းဖို့သာ ပိုအရေးကြီးသည်။
နွေရာသီ အားလပ်ရက်မတိုင်မှီ တစ်ရက်သာ ကျန်တော့၏။
ထို့ကြောင့် ဝမ်လင်းက စိတ်ကောင်းဝင်နေသည်။
မည်သို့ပင်ဆိုစေကာမူ ယနေ့မွန်းလွဲပိုင်းတွင် သူသည် ဤလူများနှင့် ပျော်ပျော်ပါးပါး ကစားနိုင်မည် ဖြစ်သည်။
သူ၏ စိတ်ဖတ်စွမ်းရည်ကို အသုံးပြု၍ ဤလူနှစ်ဦးက လျှို့ဝှက်ဆန်းကြယ်သော ပြန်လည်ထူထောင်ရေး စင်တာမှဖြစ်ကြောင်း သူတွေ့ရှိခဲ့သည်။
ကိစ္စတွေက ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။
မော့အင်မော်တယ် ရဲတိုက် ပင်လျှင် ဤအဖွဲ့အတွက် ယုံကြည်စိတ်ချရသော ခေါင်းဆောင်များကို ရှာမတွေ့ခဲ့ပေ။
လွန်ခဲ့သည့်နှစ်များစွာက ပိတ်သိမ်းခံရပြီးနောက်တွင် ဤ ပြန်လည်ထူထောင်ရေး စင်တာသည် ပုံသေလိပ်စာ မရှိတော့ဘဲ လျှို့ဝှက်စွာသာ လှုပ်ရှားခဲ့သည်။
အတွင်းလူက လမ်းမပြလျှင် မည်သူမျှ ရှာတွေ့နိုင်မည်မဟုတ်ပေ။
ယာဉ်မောင်းက စီးကရက်တစ်လိပ်ကို မီးညှိပြီး ခေါင်းကို အိတ်စွပ်ခံထားရသည့် ဝမ်လင်းကို လှမ်းကြည့်လိုက်သည်။
"သူ့ရဲ့ အထောက်အထားကို မင်းတို့ အတည်ပြုပြီးပြီလား.. ဒီတစ်ခေါက် လှုပ်ရှားတာ အဆင်ပြေလွန်းနေတယ်လို့ ခံစားမိတယ်"
“ကျွန်တော်တို့ အတည်ပြုပြီးပါပြီ.. ပုံထဲကအတိုင်း တစ်ထေရာထဲပါပဲ”
ဝမ်လင်းကို ကိုင်ထားသည့် လူထွားကြီးတစ်ယောက်က ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။
ဝမ်လင်း “.......…”
"ယီးကို တစ်ထေရာထဲလား.. ကျောင်းသားကို ပြန်ပေးမှားဆွဲမိနေဦးမယ်"
ကားသမားက ရယ်မော၍ ပြောလိုက်သည်။
"အဲဲဒါတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး...အခုခေတ် ကျောင်းသားတွေ အားလုံးက ကျောင်းဝတ်စုံ ဆင်တူတွေ ဝတ်ကြတယ်.. အမှတ် 60 အထက်တန်းကျောင်းဝတ်စုံက အတော်လေးကြည့်ရဆိုးတယ်.. ငါမသိဘဲ နေပါ့မလားကွ"
လူထွားကြီးက ပြန်ဖြေလိုက်သည်။
ဝမ်လင်း “….........”
ယနေ့တွင် ဝမ်လင်းသည် ကျောင်းဝတ်စုံ မဝတ်ထားပေ။
ကျောင်းဝတ်စုံဖြင့် စာမေးပွဲ ဖြေဆိုရန် လာရောက်သူအချို့ ရှိသော်လည်း အပြင်အဝတ်အစားဖြင့် လာရောက်သူများလည်း ရှိ၏။
ဆိုရလျှင် ကျောင်းသားများ စာမေးပွဲကို စိတ်အေးလက်အေး အတည်ငြိမ်ဆုံး ဖြေဆိုနိုင်စေရန်အတွက် အမှတ် 60 အထက်တန်းကျောင်းသည် ကျောင်းသူ ကျောင်းသားများအား စာမေးပွဲကာလ အတွင်း မိမိတို့နှစ်သက်ရာကို ၀တ်ဆင်ခွင့် ပေးခဲ့သည်။
သူက ကျောင်းယူနီဖောင်း ဝတ်မထား၍ လူထွားကြီးနှစ်ဦး လူမှားသည်မှာ အံ့ဩစရာမရှိပေ။
ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
"ဒါနဲ့ ကျွန်တော်တို့ သူ့ကို ဖမ်းလိုက်ပြီး ကတည်းက သူဘာလို့ စကားတစ်ခွန်းမှ မပြောတာလဲ"
အခြားလူထွားကြီး တစ်ဦးကက ရုတ်တရက် မေးလိုက်သည်။
ထိုအချိန်တွင် ဝမ်လင်းသည် သူ၏ အပြုအမူက အနည်းငယ် ထူးထူးခြားခြား ဖြစ်နေသည်ကို ရုတ်တရက် သဘောပေါက်လိုက်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ပြန်ပေးဆွဲခံရသူသည် အနည်းငယ် ရုန်းကန်ရမည် မဟုတ်လော။
အေးဆေးတည်ငြိမ်လွန်းသည်က ပုံမှန်မဟုတ်ပေ။
ထို့ကြောင့် ဝမ်လက်းက မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ့အရေပြားကို ကြောက်ရွံ့တုန်လှုပ်နေပုံ ပေါ်စေရန် စတင် ထိန်းချုပ်လိုက်သည်။
မည်မျှ အတိုင်းအတာ အထိ ကြောက်ရွံ့ တုန်လှုပ်နေရမည်ကို သူမသိပေ။
သူငယ်စဥ်ကတည်းက ဤကဲ့သို့ မလုပ်ဖူးချေ။
မျှော်လင့်ထားသည့်အတိုင်းပင်၊
လူထွားကြီးနှစ်ယောက်သည် ဝမ်လင်း တုန်လှုပ်လာသည်ကို မြင်လျှင် ပို၍ သက်တောင့်သက်သာ ရှိလာသည်။
"ဟားဟား.. သူက စကားပြောရမှာ အရမ်းကြောက်နေပုံပဲ"
"ညီငယ်လေး.. မကြောက်ပါနဲ့.. ငါတို့က မင်းကို မာဆက်လုပ်ပေးမလို့ ခေါ်သွားတာပါ.. ဘာမှ စိတ်ရှုပ်နေစရာမလိုပါဘူး"
သူတို့ထဲမှ တစ်ယောက်က ဝမ်လင်း၏ ပခုံးကို ပုတ်၍ နှစ်သိမ့်လိုက်သည်။
ထိုအခိုက်တွင် သူက လူငယ်လေး၏ ခန္ဓာကိုယ် တုန်ယင်နေသလို ခံစားလိုက်ရသည်။
ယင်းက မနေ့တနေ့က သူသုံးခဲ့သည့် ကျင်စက်လိုပင်။
….................
လမ်းမပေါ်တွင် တစ်နာရီကျော် ကြာပြီးနောက် ဗင်ကားသည် ပန်းခြံတစ်ခုသို့ ဝင်ရောက်ကာ ကားပါကင် အတွင်း၌ ရပ်သွားခဲ့သည်။
ထို့နောက်တွင် ယာဉ်မောင်းက နောက်ထပ် လူနာတစ်ယောက်ကို ဤနေရာသို့ ဖမ်းခေါ်လာရန် နောက်တစ်ကြိမ် မောင်းထွက်သွားခဲ့သည်။
ဝမ်လင်းက လူထွားကြီး နှစ်ယောက်နှင့်အတူ သစ်ပင်များဆီသို့ လမ်းလျှောက်သွားခဲ့သည်။
ထိုခဏတွင် အမျိုးသားတစ်ဦးက သူ့ခေါင်းပေါ်ရှိ အိတ်ကို ချွတ်လိုက်ရာ ဝမ်လင်းက အမှတ် ၁၃ ဆိုင်းဘုတ် တပ်ထားသည့် သစ်လုံးအိမ်တစ်လုံးကို တွေ့လိုက်ရသည်။
သူက ပြန်လည်ထူထောင်ရေး စင်တာ(ဝါ) ဒဏ္ဍာရီလာ ကုသရေးဌာန အမှတ် 13ကို ရောက်လာပြီ ဖြစ်သည်။
၎င်းက ကြီးကျယ်ပုံ မပေါ်ဘဲ ဆိုးရွားသည့် လေထုကို ထုတ်လွှတ်နေ၏။
ထို့အပြင် နေရာလွတ်ချဲ့ထွင်သည့် စွမ်းရည်ကို အတွင်း၌ အသုံးပြုထားခဲ့ပုံ ရသည်။
ဝမ်လင်းက ဤနေရာတွင် လူတစ်ရာခန့် ရှိနေသည်ဟု ပတ်ဝန်းကျင်ရှိ အော်ရာကနေ ခန့်မှန်းခဲ့သည်။
ဝမ်လင်းက လူထွားကြီးနှစ်ဦးနှင့် အတူ ဧည့်ခန်းထဲတွင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သည်။
မကြာခင်မှာင် ယန်ဟွိုက်သည် ဝမ်လင်းနှင့် တိုက်ခိုက်ခဲ့ဖူးသော လုံမင် နှင့်အတူ အခန်းတွင်းကနေ ထွက်လာခဲ့သည်။
သူတို့က စကားတပြောပြောဖြင့် ဧည့်ခန်းဆီသို့ ဦးတည်၍ လာခဲ့ကြ၏။
"ဟားဟား စိတ်ချပါ မစ္စတာလုံမင်.. မင်းရဲ့တောင်းဆိုချက်တွေက ဘာပြဿနာမှ မရှိပါဘူး.. ငါ အမှတ် 60 အထက်တန်းကျောင်းမှာ ရှိတဲ့ ကလေးတွေအားလုံးကို လှည့်စားဖို့အတွက် ချက်ချင်းစီစဥ်လိုက်မယ်"
"ဒါဆို ဒီတစ်ကြိမ် လက်စားချေမှု အစီအစဉ်အတွက် ဒေါက်တာယန်ကို ကျေးဇူးတင်ပါတယ်"
လုံမင်က ပြုံးလိုက်သည်။
"လက်စားချေမှုအစီအစဉ်လား.. မဟုတ်ဘူး မစ္စတာလုံမင်.. မင်းမှားနေပြီ.. ဒါက ပညာပေးအစီအစဉ်ပါ”
"ဟားဟား.. ဟုတ်တယ် ဒေါက်တာယန် ပြောတာ မှန်တယ်.. ဒါက ပညာပေးအစီအစဉ်ပဲ"
ထိုအချိန်တွင် သူတို့သည် ဝမ်လင်းဆီသို့ ရောက်ရှိလာပြီဖြစ်သည်။
လုံမင်က ဝမ်လင်းကိုတွေ့လိုက်ရာ အလွန် ထိတ်လန့်သွားပြီး ဖြူဖပ်ဖြူရော် ဖြစ်ကာ ချွေးများပင် ထွက်ကျလာသည်။
"လခွမ်း.. ဒီကောင်က ဘယ်လိုလုပ်ရောက်လာတာလဲ"
လူအုပ်ကြီးထဲမှ တစ်ယောက်က မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။
"ဒေါက်တာယန်.. ငါတို့ လူနာ ကောင်းဖုန်းကို ခေါ်လာခဲ့ပြီ"
ယန်ဟွိုက် "မစ္စတာ လုံမင်.. ငါရှင်းပြပါရစေ.. ဒါက ဒီနေ့ ကုသပေးရမယ့် လူနာသစ် ကောင်းဖုန်းပါ.. သူက တစ်သီးတစ်သန့် နေတတ်တဲ့သူပဲ.. သူ့မိသားစုက သူ့ကို လက်ထပ်ဖို့ တိုက်တွန်းတာကို အမြဲလိုလို ငြင်းဆိုခဲ့တယ်.. ဒါကြောင့် အခြေခံ ကုသရေး ပက်ကေ့ချ်ကို ဝယ်ယူပြီး ငါ့ဆီ ပို့လိုက်တာပဲ”
လုံမင် မှင်တက်သွားခဲ့သည်။
"ကောင်း.. ဖုန်းလား.. ငါများ မှားသွားပြီလား"
ထိုခဏတွင် လူငယ်လေးက ရုတ်တရက် သူ့ကို မော့ကြည့်လိုက်၏။
ဤအကြည့်က လုံမင်၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် ထိမှန်ခဲ့ပြီး သူ့ဆံပင်အားလုံး အဆုံးထိ ထောင်ထကာ အေးခဲသွားသလို ခံစားစေခဲ့သည်။
"ဒေါက်တာယန်.. ငါ ဒီနေ့ တခြားလုပ်စရာ ကိစ္စတွေ ရှိသေးတယ်... အရင်သွားလိုက်ဦးမယ်"
လုံမင်က စကားတစ်ခွန်းမှ မပြောတော့ဘဲ နောက်ထပ် တစ်စက္ကန့်တွင် သစ်လုံးအိမ်ခန်းကနေ တစ်ချိုးတည်း ပြေးထွက်သွားခဲ့သည်။
[သေချာတယ်.. ဒီကောင်မှဒီကောင်ပဲ]
လူငယ်၏အကြည့်က ကြောက်စရာကောင်းလွန်း၏။
သူသာ ထွက်မပြေးလျှင် လူငယ်က သူ့အသက်ကို ချက်ချင်း နှုတ်သွားနိုင်သည်ကို သူ သံသယမရှိပေ။
ဝမ်လင်းက ပြေးထွက်သွားသော လုံမင်၏ နောက်ကျောကို စူးစိုက်ကြည့်ခဲ့သည်။
လုံမင်က ပြေးထွက်သွားသော်လည်း အကြာကြီး မပြေးနိုင်ခဲ့ပေ။
ဝမ်လင်းက သူ့ကို စည်းတံဆိပ်ခတ်ထားပြီးသား ဖြစ်၏။
သူ့တွင် လုံမင်ကို ဖမ်းဆီးရန် အချိန်များစွာ ရှိသေးသည် မဟုတ်ပါလား။
အပိုင်း(၈၄၀) ပြီး၏။
မောင်လျှမ်း