← Chapters

ဂမ္ဘီရမှော်ဝင်မျိုးနွယ်

Vol. 83 Ch. 1269

ဂမ္ဘီရမှော်ဝင်မျိုးနွယ်

Vol. 83 Ch. 1269

“ စိမ့်တောမြေရဲ့ ပေတစ်သောင်းအောက်ကို ရုပ်ခန္ဓာကိုယ်နဲ့ ဝင်ရောက်ဖို့က အရမ်းခက်ခဲတယ်… လက်ရှိ ငါ့ရဲ့ အခြေအနေနဲ့ဆိုရင်တောင် မဖြစ်နိုင်ဘူး ”

“ နေနာရီရဲ့ စွမ်းအားကို အသုံးပြုပြီး အချိန်နောက်ပြန်ဆုတ်နိုင်တယ်… ဒါပေမဲ့ အဲ့ဒီကိစ္စက အကန့်အသတ်ရှိတယ်… မကြာခဏ အသုံးပြုမယ်ဆိုရင် နေနာရီက ပျက်စီးသွားနိုင်တယ် ”

“ ရေတွင်းထဲက လကို မျှားခြင်း ကျရှုံးသွားရတာ မီးခိုးရောင်မြူခိုးရဲ့ နှောင့်ယှက်မှုကြောင့်ပဲ… နောက်ထပ် အဓိကအကြောင်းအရင်းတစ်ခု ရှိသေးတယ်… အကွာအဝေးက အရမ်းဝေးကွာနေတာပဲ… ဒါကြောင့် အကျိုးသက်ရောက်မှု မရှိဘူး ”

“ ဒီအချက်တွေကို သုံးသပ်မယ်ဆိုရင် တကယ်လို့ ငါသာ စိမ့်တောမြေရဲ့ ပေတစ်သောင်းထိရောက်အောင် လျှိုမြောင်တစ်ခု ဖောက်နိုင်ပြီး ဦးခေါင်းခွံတွေရှိတဲ့ ဟင်းလင်းပြင်နဲ့ ဆက်သွယ်မှုတစ်ခု တည်ဆောက်နိုင်မယ်ဆိုရင်… ပြီးတော့ ရေတွင်းထဲက လကို မျှားခြင်းကို နောက်တစ်ကြိမ် အသက်သွင်းနိုင်မယ်ဆိုရင်… ”

စဉ်းစားချင့်ချိန်သော အကြည့်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အကယ်၍ ထိုနည်းလမ်းသာ အဆင်ပြေမည်ဆိုလျှင် သူ့အတွက် အန္တရာယ်သည် လျော့ကျသွားပြီး အောင်မြင်နိုင်ခြေသည် တိုးမြှင့်လာလိမ့်မည်။

“ လျှိုမြောင်က အရမ်းကြီးဖို့ မလိုဘူး… အက်ကွဲကြောင်းတစ်ခု ဒါမှမဟုတ် တွင်းပေါက်တစ်ခုဆို အဆင်ပြေတယ် ”

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး သူ့ခြေဖဝါးအောက်မှ စိမ့်တောမြေကို ကြည့်လိုက်သည်။ နည်းလမ်းတစ်ခုပြီးတစ်ခုသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

သို့သော်လည်း ဤစိမ့်တောမြေသည် ထူးဆန်းပြီး မီးခိုးရောင်မြူခိုးက ဤနေရာကို အပြည့်လွှမ်းခြုံထားသည်။ ထို့ကြောင့် တစ်ခဏကြာ စဉ်းစားသုံးသပ်ပြီးနောက် သူက ထိုနည်းလမ်းများကို လက်လျော့လိုက်သည်။ နောက်ဆုံးမှာတော့ ရွှီချင်းသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ပစ္စည်းတစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

ယင်းက အညိုရောင်မီးတောက်ဖြစ်သည်။

ယင်းက တားမြစ်ဇုန်ကို အရိပ်လေးဝါးမျိုပြီးနောက် ဖြစ်ပေါ်လာသော နတ်ဘုရားမီးတောက်နှင့် အနည်းငယ် တူညီသည်။

ထိုမီးတောက်သည် အလွန်ကြောက်စရာကောင်းပြီး ဤလောကကြီးထဲ၌ တည်ရှိမနေရန် ကောင်းကင်ဘုံတာအိုက ပိတ်ပင်ထားသော အရာဖြစ်သည်။ ထို့ကြောင့် ထိုမီးတောက်ထွက်ပေါ်လာသည့်အခိုက် ကောင်းကင်ဘုံမိုးကြိုးသည် ယင်းကို ငြိမ်းသတ်ပစ်ရန် ဆင်းသက်လာလိမ့်မည်။

ကျူးလီတားမြစ်ဇုန်ထဲတွင် ကောင်းကင်ဘုံတာအိုသည်ပင် ငြင်းပယ်ခံရသည်။ ထို့ကြောင့် ဤနေရာတွင် အညိုရောင်မီးတောက်၏ ထွက်ပေါ်လာမှုသည် ကောင်းကင်ဘုံမိုးကြိုးကို မဆွဲဆောင်ခဲ့ပေ။ သို့သော်လည်း မီးခိုးရောင်မြူခိုးသည် လှုံ့ဆော်ခံလိုက်ရပြီး ရုတ်တရက် လှုပ်ရှားထကြွလာသည်။

မရေမတွက်နိုင်သော တီးတိုးရေရွတ်သံများသည် ထပ်မံ စုဝေးသွားပြီး ဟိန်းသံအဖြစ်သို့ ပြောင်းလဲသွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

တစ်ချိန်တည်းမှာ မြူခိုးသည် လှုပ်ရှားထကြွလာပြီး ရွှီချင်းဆီသို့ ဆူနာမီလှိုင်းလုံးသဖွယ် တိုးဝင်သွားကာ သူ့ဘေးမှ မီးခိုးစက်ကွင်းများကို ဝါးမျိုလိုက်သည်။ မီးခိုးရောင်မြူခိုးက ထိုမီးတောက်ကို ငြိမ်းသတ်ချင်နေပုံပေါ်သည်။

ဤသည်မှာ ယင်းတို့က ဤလောကထဲမှာ အတူတကွ မတည်ရှိနိုင်သည့်အလားပင်။

ရွှီချင်း၏ အကြည့်သည် အေးခဲသွားသည်။ သူက ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး ကြေးနီအမွှေးတိုင်ခွက်ကို လက်ညှိုးညွှန်လိုက်သည်။ အမွှေးတိုင်ခွက်၏ စွမ်းအင်ကုန်ဆုံးမှုက ပိုပြီးမြန်ဆန်သွားသည့်အခါ သူ၏ ဘေးပတ်ပတ်လည်တွင် မီးခိုးစက်ကွင်းများက ပိုမိုများပြားစွာ ထွက်ပေါ်လာကြပြီး မြူခိုးကို တားဆီးလိုက်သည်။

“ မီးခိုးရောင်မြူခိုးက ဒီလိုတုံ့ပြန်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး… ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး သူ့ခြေဖဝါးအောက်မှ စိမ့်တောမြေကို ကြည့်လိုက်သည်။ ထို့နောက် သူ့အရှေ့မှ အညိုရောင်မီးတောက်ကို ကြည့်လိုက်သည်။

သူ့မှာ ထိုသို့မီးတောက် သုံးခုသာ ရှိသည်။

မီးတောက်တစ်ခုကို ဂျိဒုန်းဇီအပေါ်မှာ အသုံးပြုခဲ့သောကြောင့် ယခု သူ့မှာ နှစ်ခုသာ ကျန်ရှိတော့သည်။

“ ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်တာပေါ့ ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက တုံ့ဆိုင်းမနေပေ။ သူက လက်ဝှေ့ယမ်းလိုက်ပြီး အညိုရောင်မီးတောက်ကို စိမ့်တောမြေပေါ်သို့ ချလိုက်သည်။ မီးတောက်နှင့် ထိတွေ့သွားသည့်အခိုက် စိမ့်တောမြေသည် မြန်ဆန်စွာ အရည်ပျော်သွားသည်။ ဤသည်မှာ နှင်းပွင့်ချပ်များက နေရောင်ခြည်အောက်မှာ အရည်ပျော်နေသည့်အလားပင်။

မီးတောက်သည် အောက်သို့ အဆင်ပြေချောမွေ့စွာ ကျဆင်းသွားသည်။

မီးခိုးရောင်မြူခိုးက မီးတောက်ကို လွှမ်းခြုံသွားပြီး ငြိမ်းသတ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း အညိုရောင်မီးတောက်သည် အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းက ငြိမ်းသတ်တော့မည့် လက္ခဏာများ ပြလာသော်လည်း ယင်း၏ အောက်သို့ ဆင်းသက်နေသော အမြန်နှုန်းက လုံးဝလျော့ကျမသွားပေ။ မီးတောက်ဖြင့် ထိတွေ့သွားသော ရွှံ့မြေသည် မြန်ဆန်စွာ အရည်ပျော်သွားနေသည်။

ပေတစ်ထောင်… ပေသုံးထောင်… ပေငါးထောင်… ပေခုနစ်ထောင်…

ပိုမိုများပြားသော မြူခိုးက ပေါ်ထွက်လာသည်။

ထိုဖြစ်စဉ်သည် ထပ်ခါထပ်ခါ ဖြစ်ပျက်နေသည်။ ထို့ပြင် စိမ့်တောမြေမှ ထုတ်လွှတ်နေသော ငြင်းပယ်မှုသည် အလွန်အားကောင်းသည်။ ယင်းက စောစောက ရွှီချင်းနှင့် အရိပ်လေး ဝင်ရောက်ခဲ့စဉ်ကထက် ပိုပြီးအားကောင်းသည်။

သို့ဖြစ်၍ အညိုရောင်မီးတောက်သည် မြန်ဆန်စွာ မှေးမှိန်လာသည်။ သို့သော်လည်း မီးတောက်၏ လက်ကျန်စွမ်းအားသည် ပေတစ်သောင်းအထိ ထိုးဖောက်သွားရန် လုံလောက်သည်။

သို့သော်လည်း မီးတောက်က တူးဖော်သွားခဲ့သော စိမ့်တောမြေထဲမှ လမ်းကြောင်းသည် မြန်ဆန်စွာ ပြန်ကောင်းလာပြီး သေးငယ်လာသည်။

နောက်ဆုံးမှာတော့ မီးတောက်သည် စိမ့်တောမြေအလွှာကို ချိုးဖောက်သွားပြီး အရိပ်လေး မြင်ကွင်းပို့လွှတ်ခဲ့သော လှိုင်ဂူဆီသို့ ရောက်ရှိသွားသည်။

မီးတောက်က လှိုင်ဂူထဲမှာ ထွက်ပေါ်လာသည့်အခိုက် လှိုင်ဂူထဲမှ မီးခိုးရောင်မြူခိုးသည် ရုတ်တရက် လှုပ်ရှားထကြွလာပြီး မီးတောက်ဆီသို့ မြန်ဆန်စွာ ဦးတည်သွားသည်။

အဆုံးမဲ့သော မီးခိုးရောင်မြူခိုးသည် အရှေ့သို့ ပျံ့နှံ့သွားသည်။ နောက်ဆုံးမှာတော့ အညိုရောင်မီးတောက်သည် ချက်ချင်း ငြိမ်းသတ်သွားပြီး လွင့်ပြယ်သွားသည်။

မီးတောက်က လွင့်ပြယ်သွားသည်နှင့် စိမ့်တောမြေထဲမှ လမ်းကြောင်းသည် ချက်ချင်း ပြန်ကောင်းသွားသည်။

ထိုမြင်ကွင်းသည် ရွှီချင်း၏ အမူအရာကို တည်ကြည်သွားစေသည်။

ထိုအတောအတွင်းမှာ သူက နောက်ဆုံးမီးတောက်ကို ထုတ်ယူပြီး ရေတွင်းထဲမှ လကို မျှားခြင်းကို အသုံးပြုရန် စဉ်းစားခဲ့သည်။ သို့သော်လည်း ယင်းက သေချာသော အစီအစဉ်မဟုတ်ပေ။ အောင်မြင်နိုင်ခြေက အလွန်နည်းပါးသောကြောင့် သူက စောင့်ကြည့်ရန်သာ ရွေးချယ်ခဲ့သည်။

ယင်းကို အခြေအနေအား စူးစမ်းလေ့လာရန်သာ သူသဘောထားလိုက်သည်။

ယခု အဖြေတစ်ခု သူရရှိသွားသည်။

“ မီးတောက်တစ်ခုတည်းက မလုံလောက်ဘူး… တခြားအစီအစဉ်တွေလည်း လိုအပ်တယ်… ဒါကြောင့် အဲ့ဒါက အချိန်ကြာကြာမတောင့်ခံနိုင်ဘဲ မီးခိုးရောင်မြူခိုးရဲ့ ငြိမ်းသတ်တာကို ခံလိုက်ရတယ် ”

“ ပြီးတော့ အရည်ပျော်နေတဲ့ လမ်းကြောင်းကို ဆက်လက် တည်ရှိနေစေဖို့က ခက်ခဲတယ် ”

“ အခု ငါပြန်သက်သာလာပြီးတဲ့နောက်မှာ ရေတွင်းထဲက လကို မျှားခြင်းကို အချိန်တိုအတွင်း အသက်သွင်းဖို့က ဖြစ်နိုင်သေးတယ်ဆိုပေမဲ့ အဲ့ဒါကို ဒုတိယအကြိမ် အသက်သွင်းမယ်ဆိုရင်တော့ ငါ့ဝိညာဉ် ပြန်ကောင်းမွန်လာတဲ့အထိ စောင့်ဆိုင်းရလိမ့်မယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ထိုအချက်နှစ်ချက်ကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို စတင်စဉ်းစားလိုက်သည်။

တစ်ခဏကြာပြီးနောက် သူက စိမ့်တောမြေကို ကြည့်လိုက်သည်။

စိမ့်တောမြေက အရည်ပျော်ပြီးနောက် ပြန်ကောင်းလာနေသည့်အချက်ကို ဖြေရှင်းရန် သူ့မှာ နည်းလမ်းတစ်ခု ရှိသည်။

“ အဲ့ဒါကို နေနာရီရဲ့ အချိန်ရပ်တန့်ခြင်းအစွမ်းနဲ့ အေးခဲစေမယ် ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ စိမ့်တောမြေထဲမှာ အချိန်နောက်ပြန်ဆုတ်ခြင်းကို အသုံးပြုပြီးနောက် ထိုနည်းက ဖြစ်နိုင်ခြေရှိသည်ဟု သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။ သို့ဖြစ်၍ သူ့မှာ နောက်ဆုံးပြဿနာတစ်ခုသာ ကျန်ရှိတော့သည်။

“ မီးတောက်ကို ပိုပြီးအားကောင်းအောင် ဘယ်လိုလုပ်ရမလဲ ”

ရွှီချင်းသည် အမွှေးတိုင်ခွက်ကို ကြည့်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး နီလာနတ်သမီး၏ အသွေးအသားတုံးကို ထုတ်ယူလိုက်သည်။

“ နီလာနတ်သမီးရဲ့ အသွေးအသားကို အမွှေးတိုင်ခွက်အတွက် လောင်စာအဖြစ် အသုံးပြုနိုင်တယ်… သီအိုရီအရဆိုရင် အဲ့ဒါက အညိုရောင်မီးတောက်ကိုလည်း အားဖြည့်ပေးနိုင်လောက်တယ်… ”

ထိုသို့တွေးမိသောအခါ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက တတိယမြောက် အညိုရောင်မီးတောက်ကို ထုတ်လိုက်သည်။ သူက မီးတောက်ကို ထိန်းချုပ်လိုက်ပြီး နီလာနတ်သမီး၏ အသွေးအသားတုံးဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားစေသည်။

ရွှီချင်းက ထိုသို့လုပ်ဆောင်နေစဉ် သူ၏ အမူအရာသည် အလွန်တည်ကြည်လေးနက်နေသည်။

ယင်းက သူ၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည်။ အကယ်၍ သူကျရှုံးသွားလျှင် သူ့မှာ တခြားရွေးချယ်စရာမရှိတော့ပေ။ သူက နီလာနတ်သမီး၏ အသွေးအသားအားလုံးကို အသုံးပြုပြီး ကျူးလီတားမြစ်ဇုန်ထဲမှ အတင်းအကျပ် ထိုးဖောက်ထွက်ရလိမ့်မည်။

ထို့ကြောင့် သူ၏ လုံးဝစိတ်နစ်မြှုပ်ထားမှုအောက်မှာ မီးတောက်သည် နီလာနတ်သမီး၏ အသွေးအသားတုံးနှင့် တွေ့ဆုံသွားသည်။

ထိုနှစ်ခုတွေ့ဆုံသွားသည့်အခိုက် ရွှီချင်းသည် မတော်တဆမှုအတွက် ကြိုတင်ပြင်ဆင်လိုက်သည်။ သို့သော်လည်း နောက်ဆုံးမှာတော့ မိုးကောင်းကင်က သူ့ကို မျက်နှာသာပေးလာဟန် ရ၏။

မီးတောက်က နီလာနတ်သမီး၏ အသွေးအသားနှင့် ထိတွေ့သွားသည့်အခိုက် တရှဲရှဲမြည်သံကို ထုတ်လွှတ်လိုက်သည်။ နီလာနတ်သမီး၏ အသွေးအသားသည် အမှန်တကယ် လောင်ကျွမ်းသွားပြီး အရည်ပျော်နေသည့် လက္ခဏများ ပြလာသည်။

အညိုရောင်မီးတောက်သည်တော့ မငြိမ်းသတ်သွားပေ။ ယင်းအစား မီးတောက်၏ ဆက်တိုက် လောင်ကျွမ်းမှုအောက်မှာ နီလာနတ်သမီး၏ အသွေးအသားက တဖြည်းဖြည်း အရည်ပျော်လာသည်။

နောက်ဆုံးမှာတော့ ဆီနှင့်တူသော ရွှေရောင်အရည်တစ်စက်သည် နီလာနတ်သမီး၏ အသွေးအသားထဲမှ စိမ့်ထွက်လာသည်။

ထိုဆီသည် သလင်းကျောက်သဖွယ် ကြည်လင်သည်။ ၎င်းထွက်ပေါ်လာသည့်အခိုက် သိပ်သည်းသော နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး မီးခိုးရောင်မြူခိုးကို ဆွဲဆောင်လိုက်သည်။

ရွှီချင်းသည် ရွှေရောင်အရည်စက်ကို သိမ်းဆည်းရန် ပြင်လိုက်သည်။ သို့သော်လည်း သူက တစ်ခဏ တွေးတောပြီးနောက် အညိုရောင်မီးတောက်ကို ထိန်းချုပ်လိုက်ပြီး နီလာနတ်သမီး၏ အသွေးအသားတုံးကို ဆက်လက် လောင်ကျွမ်းစေသည်။ မကြာမီ ရွှေရောင်အရည်စက်သည် စုပုံများပြားလာပြီး စိမ့်တောမြေပေါ်သို့ ကျဆင်းသွားသည်။

နောက်အခိုက်အတန့်မှာ စိမ့်တောမြေသည် အညိုရောင်မီးတောက်ဖြင့် ထိတွေ့သွားစဉ်ကအတိုင်း မြန်ဆန်စွာ အရည်ပျော်သွားသည်။ ထိုအခါ ရွှေရောင်အရည်စက်သည် ရွှံ့မြေအောက်သို့ ဆက်လက် နစ်မြုပ်သွားသည်။

ဤသည်ကိုမြင်သောအခါ ရွှီချင်းသည် စိတ်ဓာတ်တတ်ကြွသွားသည်။ သူ၏ အစီအစဉ်မှာ အလွဲအမှားတချို့ ဖြစ်ပေါ်လာသော်လည်း ယင်းက ကောင်းမွန်သော အလွဲအမှားဖြစ်သည်။ ထို့ကြောင့် သူက လုံးဝတုံ့ဆိုင်းမနေတော့ဘဲ မီးတောက်ဖြင့် အသွေးအသားကို ဆက်လက် လောင်ကျွမ်းပစ်လိုက်သည်။

မကြာမီ ပထမရွှေရောင်အရည်စက်က ပေတစ်ထောင်သို့ နစ်မြုပ်သွားပြီး မီးခိုးရောင်မြူခိုး၏ လွှမ်းခြုံမှုအောက်မှာ လွင့်ပြယ်သွားတော့မည် လက္ခဏာများ ပြလာသည်။ ထိုအခါ ယင်းတူးဖော်ထားသော သေးငယ်သည့် တွင်းပေါက်သည်လည်း ပြန်ပိတ်သွားလိမ့်မည်။ သို့သော်လည်း တွင်းပေါက်က မပိတ်ခင်မှာ ဒုတိယရွှေရောင်အရည်စက်က ကျဆင်းလာသည်။

ယင်းက တူညီသော တည်နေရာနှင့် တူညီသော တွင်းပေါက်ပေါ်သို့ တန်းတန်းမတ်မတ် ကျဆင်းသွားသည်။ ပူပြင်းသော ဓားက တိုဟူးကို လှီးဖြတ်သွားသည့်အလား ဒုတိယရွှေရောင်အရည်စက်သည် ပေတစ်ထောင်အောက်သို့ တစ်ဟုန်ထိုး ကျဆင်းသွားပြီး လွင့်ပြယ်ခါနီးနေသော ပထမရွှေရောင်အရည်စက်ဖြင့် ပေါင်းစပ်သွားကာ ယင်း၏ အရှိန်အဟုန်ကို ထပ်တိုးမြှင့်ပေးလိုက်သည်။

မြေပြင်သည် တုန်ယင်သွားသည်။

ဒုတိယရွှေရောင်အရည်စက်၏ ပေါင်းစပ်မှုကြောင့် ယင်းက ပိုပြီးသိပ်သည်းသော နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ယင်းက အနက်ပေခုနစ်ထောင်သို့ တိုက်ရိုက် ဆင်းသက်သွားသည်။

ထို့နောက် တတိယအရည်စက်၊ စတုတ္ထအရည်စက်နှင့် ပဉ္စမအရည်စက်သည် တူညီသော နည်းလမ်းအတိုင်း ကျဆင်းသွားကြသည်။

လမ်းကြောင်းသည် ဆက်လက် ပွင့်သွားပြီး နောက်ဆုံးမှာတော့ ရွှေရောင်အရည်စက်သည် စိမ့်တောမြေ၏ ပေတစ်သောင်းအလွှာကို ဖောက်ထွင်းသွားသည်။ ယင်းက လှိုင်ဂူနှင့် ဆက်သွယ်နေသော တွင်းပေါက်တစ်ခုကို ဖွင့်လှစ်ပေးလိုက်သည်။

တွင်းပေါက်ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းသည် ချိပ်တံဆိပ်လက်ဟန်များကို အမြန်ဖွဲ့စည်းလိုက်ပြီး တွင်းပေါက်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလို နေနာရီများသည် သူ၏ ဘေးမှာ ထွက်ပေါ်လာကြသည်။ အချိန်ရပ်တန့်ခြင်းစွမ်းအားသည် ပေါ်လျှိုးထွက်လာပြီး တွင်းပေါက်တစ်လျှောက်သို့ ပျံ့နှံ့သွားသည်။ ယင်းက တွင်းပေါက်၏ ပြန်ပိတ်မှုကို တစ်ခဏမျှ ရပ်တန့်သွားစေသည်။

ထိုသို့ရပ်တန့်နေခြင်းကို အခွင့်ကောင်းယူ၍ ရွှီချင်း၏ မျက်လုံးထဲမှာ ရူးသွပ်မှု ထွက်ပေါ်လာသည်။ သူ၏ ကျင့်ကြံခြင်းနှင့် နတ်ဘုရားအရင်းအမြစ်သည် တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်လာပြီး စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်ကို ချက်ချင်း ဖွဲ့စည်းလိုက်သည်။ သူက ချိပ်တံဆိပ်လက်ဟန်များကို လက်နှစ်ဖက်ဖြင့် ဖွဲ့စည်းလိုက်ပြီး တွင်းပေါက်ဆီသို့ ဖိချလိုက်သည်။

“ ဒီလောကရဲ့ ကောင်းကင်နဲ့မြေပြင်က ရေတွင်းနဲ့ တူတယ်… ”

ထိုအသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျယ်ပြောသော အင်အားသည် ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ ဘေးပတ်ဝန်းကျင်တွင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ ဤသည်မှာ အရာအားလုံးက ရေပြင်အဖြစ် ပြောင်းလဲသွားသည့်အလားပင်။

စိမ့်တောမြေ၏ ပေတစ်သောင်းအောက်ထဲမှ လှိုင်ဂူနှင့် ဆက်သွယ်နေသော တွင်းပေါက်မှတဆင့် အထဲမှ အရာအားလုံးသည် ရေပြင်ပေါ်မှာ ပုံရိပ်ပြန်လာသည်။

ဤတစ်ကြိမ်တွင် ပုံရိပ်ပြန်မှုက သိပ်မရှင်းလင်းသော်လည်း ယခင်တစ်ကြိမ်ထက် အများကြီး ပိုကောင်းမွန်သည်။ အနည်းဆုံးတော့ တွင်းပေါက်နှင့် အနီးဆုံးမှာရှိသော ဦးခေါင်းခွံက ရွှီချင်း၏ မျက်လုံးထဲမှာ ပုံရိပ်ပြန်လာသည်။

သို့သော်လည်း ရွှီချင်း၏ လုပ်ဆောင်မှုသည် ယင်ကောင်က သစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေခြင်းနှင့် တူညီသည်။ သူက ရွှေရောင်ဆီကို အသုံးပြု၍ တွင်းပေါက်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး နေနာရီ၏ အစွမ်းဖြင့် ယင်းကို ရပ်တန့်စေခဲ့သည်။

သို့သော်လည်း ယင်းက မတည်မငြိမ်ဖြစ်နေဆဲပင်။ ဤအခိုက်အတန့်မှာ အက်ကွဲရာများသည် နေနာရီများပေါ်မှာ ထွက်ပေါ်လာကြသည်။ မီးခိုးရောင်မြူခိုးသည် ပင်လယ်ကြီးတစ်ခုပမာ တွင်းပေါက်ကို ဝါးမျိုနေသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်းက ညာလက်ကို မြှောက်လိုက်ပြီး သူ့အရှေ့မှ ရေပြင်ပေါ်မှာ ပုံရိပ်ပြန်နေသော ဦးခေါင်းခွံကို မြန်ဆန်စွာ ဆည်ယူလိုက်သည်။

ထိုသို့ဆည်ယူလိုက်သည့်အခါ ရွှီချင်း၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားသည်။ ဦးခေါင်းခွံမှ ထုတ်လွှတ်နေသော ခုခံတွန်းလှန်မှုသည် သူ၏ ဆည်ယူမှုကို ကျရှုံးသွားစေသည်။ တန်ပြန်သက်ရောက်မှုအနေဖြင့် သူက သွေးတစ်ပွက် အန်လိုက်ရသည်။

နေနာရီများပေါ်မှ အက်ကွဲရာများသည် ပိုပြီးများပြားလာသည်။

မီးခိုးရောင်မြူခိုးသည် ပိုပြီးသိပ်သည်းလာသည်။

တွင်းပေါက်သည် ပြန်ပိတ်သွားတော့မည်။

ရွှီချင်းက အံတင်းတင်းကြိတ်လိုက်လေရာ သူ၏ မျက်လုံးက သွေးရောင်လွှမ်းလာသည်။ သူက မည်သည့်အရာကိုမှ ထိန်ချန်မနေဘဲ အားကုန်သုံး၍ နောက်တစ်ကြိမ် ဆယ်ယူလိုက်သည်။

ဤတစ်ကြိမ်တွင် သူ၏ တစ်ကိုယ်လုံးသည် အပြင်းအထန် တုန်ယင်သွားပြီး ဒဏ်ရာဒဏ်ချက်များက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ သွေးသည် သူ့တစ်ကိုယ်လုံးကို ရွှဲဆိုသွားသည်။ သူ၏ ခန္ဓာကိုယ်က ပြိုကွဲပျက်စီးသွားတော့မည့်ပုံပေါ်သည်။

နောက်ဆုံးမှာတော့ သူ၏ တုန်ယင်နေသော ညာလက်က ရေပြင်ထဲမှ ပေါ်ထွက်လာသည်။

သူ၏ ညာလက်ထဲတွင် ဦးခေါင်းခွံတစ်ခု ရှိသည်။

သူက ဦးခေါင်းခွံကို ရေပြင်ထဲမှ ဆယ်ယူနိုင်လိုက်သည့်အခိုက် နေနာရီများသည် ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ပျောက်ကွယ်သွားကြသည်။ စိမ့်တောမြေထဲမှ တွင်းပေါက်သည်တော့ ထူထဲသော မီးခိုးရောင်မြူခိုးဖြင့် ပိတ်ဆို့ခံလိုက်ရသည်။ ရွှေရောင်အရည်စက်က မည်မျှကျဆင်းနေပါစေ တွင်းပေါက်၏ ပြန်ပိတ်မှုကို မတားဆီးနိုင်ပေ။

ရွှီချင်းသည် နောက်ထပ် သွေးတစ်ပွက် အန်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများသည် အလွန်ဆိုးဝါးပြင်းထန်သည်။ သူ၏ အမြင်အာရုံသည်လည်း ဝေဝါးနေသည်။ သို့သော်လည်း သူက စိတ်လှုပ်ရှားနေပြီး သူ၏ ယိုယွင်းပျက်စီးနေသော ညာလက်ကို ကြည့်လိုက်သည်။

သို့သော်လည်း အကြည့်တစ်ချက်နှင့်အတူ ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။

ရေပြင်ထဲမှ သူဆည်ယူခဲ့သော သူ၏ ညာလက်ဖဝါးပေါ်မှ ဦးခေါင်းခွံသည် မြန်ဆန်စွာ ဝေဝါးလာနေသည်။ ဤသည်မှာ ၎င်းက မကြာခင် ပျောက်ကွယ်သွားတော့မည့်အလားပင်။

သူက ဦးခေါင်းခွံကို အမှန်တကယ် မထိန်းသိမ်းနိုင်သောကြောင့် ၎င်းကို ဒြပ်ထည်မဖွဲ့စည်းနိုင်ပေ။

ရွှီချင်းသည် စိုးရိမ်ပူပန်လာသည်။ ဦးခေါင်းခွံပုံရိပ်က လုံးဝပျောက်ကွယ်သွားတော့မည်ကို မြင်သောအခါ ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တိုက်ရိုက် ပါးစပ်ဟလိုက်ပြီး ဦးခေါင်းခွံပုံရိပ်ကို ဝါးမျိုလိုက်သည်။ တစ်ချိန်တည်းမှာ သူက ခရမ်းသလင်းကျောက်ကို အသက်သွင်းလိုက်သည်။

ဦးခေါင်းခွံက သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည့်အခိုက် ရွှီချင်း၏ ခန္ဓာကိုယ်သည် ဝုန်းခနဲမြည်ဟိန်းသွားသည်။ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်သော အင်အားသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။ ထိုအင်အားက ပေါက်ကွဲထွက်လာတော့မည့်အချိန် ခရမ်းရောင်အလင်းသည် သူ၏ ရင်ဘက်ထဲမှ ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် ချိပ်ပိတ်ခြင်းစွမ်းအားသည် ခရမ်းရောင်အလင်းထဲမှ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာ ဆန္ဒမရှိခြင်းနှင့် ခါးသီးခြင်းပါဝင်ပြီး ခေတ်အဆက်ဆက်ကို ဖြတ်ကျော်လာဟန်ရသော ရှေးဟောင်းအသံသည် ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ခမည်းတော်မှော်သခင်ကြီး… လီက ငါတို့ရဲ့ ဂမ္ဘီရမှော်ဝင်မျိုးနွယ်ကို စိတ်ပျက်စေခဲ့ပြီ ”

All Chapters