← Chapters

နတ်ဘုရားများ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ

Vol. 83 Ch. 1270

နတ်ဘုရားများ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ

Vol. 83 Ch. 1270

ခါးသီးသော ရှေးဟောင်းအသံက ပဲ့တင်ထပ်လာသည့်အခါ လှိုင်းဂယက်များသည် ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။ ထို့နောက် သူ့အပိုင်မဟုတ်သော မှတ်ဉာဏ်တစ်ခုသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ထိုမှတ်ဉာဏ်သည် အပိုင်းအစတစ်ခုသာဖြစ်ပြီး အစမရှိအဆုံးမရှိပေ။ ထို့ကြောင့် ပဟေဠိဆန်သည်။

အချက်အလက်များစွာက ပျောက်ဆုံးနေသောကြောင့် ထိုမှတ်ဉာဏ်က ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်တိုင် အဖြေကို ရှာဖွေရန် သူ့အတွက် ခက်ခဲပေသည်။

ထိုမှတ်ဉာဏ်နှင့်ပတ်သက်သော တချို့အချက်အလက်များကိုသာ ရှင်းလင်းစွာ သူနားလည်သည်။

ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်း ဝမ်ကူးကုန်းမြေပေါ်သို့ နတ်ဘုရားများ မဆင်းသက်လာခဲ့ချိန်က မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှာ တခြားနာမည်တစ်ခုရှိခဲ့သည်။

၎င်းမျိုးနွယ်၏ ယခင်နာမည်သည် ဂမ္ဘီရမှော်ဝင်မျိုးနွယ်ဖြစ်သည်။

ဂမ္ဘီရမှော်ဝင်မျိုးနွယ်သည် ရှေးဘုရင်ရွှမ်ယုံ၏ အမိန့်အောက်မှ အရေးကြီးဆုံး မဟာမိတ်မျိုးနွယ်စုများအနက် တစ်ခုဖြစ်သည်။

ဂမ္ဘီရမှော်ဝင်မျိုးနွယ်သည် လူသားမျိုးနွယ်အပေါ် အကြီးမားဆုံး အထောက်အပံ့ပေးခဲ့သော မျိုးနွယ်စုတစ်ခုလည်း ဖြစ်သည်။

ထိုမျိုးနွယ်သည် လူသားမျိုးနွယ်နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသည်။ ၎င်းက ရှေးဘုရင်ရွှမ်ယုံနန်းတတ်နိုင်ရန်နှင့် ဝမ်ကူးကုန်းမြေကို စည်းလုံးညီညွတ်အောင် ဆောင်ရွက်ရာမှာ အပြည့်အဝ ကူညီထောက်ပံ့ပေးခဲ့သည်။

အမှန်မှာ ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းတွင် ရှေးဘုရင်နှင့် ဘိုးဘေးမှော်သခင်ကြီးသည် သေခြင်းရှင်ခြင်းတိုက်ပွဲများစွာကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြသည်။ သူတို့က အထွတ်အထိပ်သို့ မရောက်ရှိခင်ကတည်းက ရဲဘော်ရဲဘက်များဖြစ်ပြီး အရင်းနှီးဆုံး မိတ်ဆွေများဖြစ်ခဲ့ကြသည်။ သူတို့က တခြားတစ်ယောက်၏ အသက်ကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့ဖူးကြသည်။

ဘိုးဘေးမှော်သခင်ကြီး၏ တိုက်ပွဲစွမ်းအားသည် အလွန်အံ့ဖွယ်ကောင်းသည်။ သူ့ကို ရှေးဘုရင်ရွှမ်ယုံ၏ ညာလက်ရုံးဟုပင် သတ်မှတ်နိုင်သည်။ ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးကုန်းမြေကို စည်းလုံးညီညွတ်အောင် ကြိုးစားသည့်အခါတွင် ဘိုးဘေးမှော်သခင်ကြီးက ကြီးမားသော အကူအညီများကို ပေးခဲ့သည်။

ဘိုးဘေးမှော်သခင်ကြီး၏ တစ်ဦးတည်းသော သားကို ရှေးဘုရင်ရွှမ်ယုံကိုယ်တိုင် နာမည်ပေးခဲ့သည်။

ထိုမှတ်ဉာဏ်ထဲမှ သူနားလည်သော အချက်အလက်များက ရွှီချင်းကို နှလုံးတုန်သွားစေသည်။ သူ၏ မှိတ်ထားသော မျက်လုံးက ရုတ်တရက် ပွင့်သွားပြီး ထူးဆန်းသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က ဂမ္ဘီရမှော်ဝင်မျိုးနွယ်လား… ”

ရွှီချင်း၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာသည်။ နန်းမြို့တော်ထဲမှာဖြစ်စေ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာဖြစ်စေ သူက ထိုသမိုင်းကြောင်းကို တစ်ခါမှ မကြားခဲ့ဖူးချေ။

ယခု သူက ထိုအကြောင်းကို ပြန်စဉ်းစားလိုက်သည့်အခါ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နှင့် လူသားမျိုးနွယ်၏ မှတ်တမ်းများထဲမှာ လူသားဧကရာဇ်ဒုန်းရှန့်ခေတ်မှ ကြီးမားသော စစ်ရှုံးမှုကိုသာ ပြန်ခြေရာကောက်နိုင်ကြောင်း သတိပြုမိသွားသည်။ လူသားဧကရာဇ်ဒုန်းရှန့်ခေတ်၏ အရှေ့မှ သမိုင်းကြောင်းနှင့်ပတ်သက်သော မှတ်တမ်းများသည်တော့ မရှိပေ။

လူသားမျိုးနွယ်တွင်ဖြစ်စေ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်တွင်ဖြစ်စေ ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှ သမိုင်းကြောင်းသည် အံ့အားသင့်ဖွယ်ကောင်းစွာ ဖျောက်ဖျက်ခံထားရသည်။

သို့သော်လည်း မည်သူမှ ထိုအကြောင်းကို မတွေးကြသလို အာရုံမစိုက်ကြချေ။ မည်သူမှ ယင်းကို စူးစမ်းရှာဖွေရန် မကြိုးစားကြချေ။ ဤသည်မှာ ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှ သမိုင်းကြောင်းက ပျောက်ကွယ်နေခြင်းသည် ယုတ္တိရှိသည့်အလားပင်။

ယင်းက အလွန်ထူးဆန်းသည်။

“ အသိအမြင်ပြောင်းလဲခံထားရတာလား ”

ထိုစကားသည် ရွှီချင်း၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။

“ မျိုးနွယ်စုနှစ်စုကို နှစ်ပေါင်းမရေမတွက်နိုင်အောင် အသိအမြင်ပြောင်းလဲထားဖို့ဆိုတာ နတ်ဘုရားတွေပဲ လုပ်ဆောင်နိုင်တယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နတ်ဘုရားသုံးပါးကို စဉ်းစားလိုက်သည်။

သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသော မှတ်ဉာဏ်ထဲမှ အချက်အလက်များကို အသေးစိတ် ပြန်တွေးတောလိုက်သည်။ သူက သေချာနားမလည်သော်လည်း ကျူးလီတားမြစ်ဇုန်နှင့်ပတ်သက်သည့် ခန့်မှန်းမှုတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

အစောနက သူကြားလိုက်ရသော ရှေးဟောင်းအသံထဲမှ ခမည်းတော်မှော်သခင်ကြီးဆိုသူသည် ရှေးဘုရင်ရွှမ်ယုံ၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သည့် ဘိုးဘေးမှော်သခင်ကြီးကို ဆိုလိုခြင်းဖြစ်ရန် အလွန်ရာခိုင်နှုန်းများသည်။

ဘိုးဘေးမှော်သခင်ကြီး၏ သားကို လီဟု ခေါ်သည်။

ထိုနာမည်ကို ရှေးဘုရင်ရွှမ်ယုံက ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဤတားမြစ်နယ်မြေ၏ နာမည်သည် ကျူးလီဖြစ်သည်။

ထိုသို့တွေးမိသောအခါ ရွှီချင်းသည် အပြင်းအထန် နှလုံးတုန်သွားသည်။

“ ကျူးလီဆိုတာ သားရဲမဟုတ်ဘဲ ဘိုးဘေးမှော်သခင်ကြီးရဲ့သား လီကို ပြောတာလား ”

“ ဒါဆိုရင် လီက ဂမ္ဘီရမှော်ဝင်မျိုးနွယ်ကို စိတ်ပျက်စေခဲ့ပြီလို့ ပြောတာက သူ့ကိုယ်သူ ရည်ညွှန်းတာပဲ… ”

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး သူ၏ ခြေထောက်အောက်မှ စိမ့်တောမြေကို ကြည့်လိုက်သည်။ သူ၏ အကြည့်က အနက်ပေတစ်သောင်းကို ထိုးဖောက်သွားပြီး လှိုင်ဂူပေါ်သို့ ကျရောက်သွားဟန် ရသည်။

“ ပြာပုံတောင်က ကျူးလီရဲ့ အလောင်းကနေ ဖြစ်ပေါ်လာတာလား ”

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ကျူးလီတားမြစ်ဇုန်ကို စူးစမ်းချင်လာသည်။

တစ်ခဏကြာပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး ခရမ်းသလင်းကျောက်ကို အာရုံခံလိုက်သည်။ ခရမ်းသလင်းကျောက်ထဲတွင် ဦးခေါင်းခွံတစ်ခု ထွက်ပေါ်လာပြီး ၎င်းက ထူးဆန်းသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ဦးခေါင်းထက်မှ အမွှေးတိုင်ခွက်ကို ကြည့်လိုက်သည်။ မကြာမီ သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ ကြေးနီအမွှေးတိုင်ခွက်မှ ထုတ်လွှတ်နေသော မီးခိုးစက်ကွင်းများက ချက်ချင်း လွင့်ပြယ်သွားသည်။

မီးခိုးစက်ကွင်းများ၏ သီးခြားဖြစ်တည်စေသော စွမ်းအားသည်လည်း ပျောက်ကွယ်သွားသည်။

ဘေးပတ်ဝန်းကျင်တွင် ပြည့်နှက်နေသော မီးခိုးရောင်မြူခိုးသည် သူ့ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။

သို့သော်လည်း ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

မီးခိုးရောင်မြူခိုးက ရွှီချင်းနားသို့ ချဉ်းကပ်လာပြီးနောက် နတ်ဘုရားစွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံက ဆက်လက် ဖိနှိပ်ခံနေရဆဲဖြစ်သော်လည်း ရွှီချင်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပေါ်သို့ ကျူးကျော်ဝင်ရောက်မှုသည် သိသိသာသာ လျော့နည်းသွားသည်။

သို့သော်လည်း ကမ္မခံစားမှုသည် ယခင်ထက် ပိုပြီးအားကောင်းလာသည်။ ယင်းက ရွှီချင်းနှင့် ဤနေရာမှ ဆက်နွယ်မှုကို အလွန်နီးကပ်သွားစေသည်။ ဤသည်မှာ သူတို့က တစ်သားတည်းဖြစ်သည့်အလား မခွဲနိုင်တော့ပေ။

ရွှီချင်းသည် အချိန်အတော်ကြာ အာရုံခံလိုက်သည်။ စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လက်မြှောက်လိုက်ပြီး ကြေးနီအမွှေးတိုင်ခွက်ကို လက်ညှိုးညွှန်လိုက်သည်။ မီးခိုးစက်ကွင်းများက ပြန်လည်ထွက်ပေါ်လာသည်နှင့် သီးခြားဖြစ်တည်စေသော စွမ်းအားက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူ၏ နတ်ဘုရားစွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံသည် ပြန်လည်အသက်ဝင်လာသည်။

“ ဒီကျူးလီမြူခိုးက အရမ်းလွှမ်းမိုးဖိနှိပ်ပြီး ပြင်ပစွမ်းအင်အားလုံးကို ငြင်းပယ်တယ်… ဒါကြောင့် ကျင့်ကြံသူတွေက ကျူးလီတားမြစ်ဇုန်ထဲကို ဝင်ရောက်ပြီးသွားရင် ပြန်မထွက်နိုင်ကြတော့ဘူး ”

“ ဒါပေမဲ့ ဦးခေါင်းခွံနဲ့ ပေါင်းစပ်ပြီးတဲ့အခါမှာ ငါက မီးခိုးရောင်မြူခိုးအတွက် ပြင်ပလူမဟုတ်တော့ဘူး… ဒီတော့ ငါက မီးခိုးရောင်မြူခိုးနဲ့ အနည်းငယ် ဇစ်မြစ်တူသွားတယ်လို့ သတ်မှတ်နိုင်တယ် ”

“ တကယ်လို့ ငါသာ ဦးခေါင်းခွံကိုးခုစလုံးကို ဆည်ယူနိုင်မယ်ဆိုရင် ငါက မီးခိုးရောင်မြူခိုးနဲ့ လုံးဝ ဇစ်မြစ်တူသွားလိမ့်မယ်… ဒါဆိုရင် မီးခိုးရောင်မြူခိုးက ငါ့ကို ဆက်ပြီး ကန့်သတ်နိုင်တော့မှာ မဟုတ်ဘူး ”

“ ဒါပေမဲ့ အဲ့လိုလုပ်တာက ဒီနေရာနဲ့ ငါ့ကြားက ကမ္မဆက်သွယ်မှုကို ပိုပြီးနက်ရှိုင်းသွားစေမယ့်အပြင် မီးခိုးရောင်မြူခိုးက ငါ့ကို ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး… ”

“ မီးခိုးရောင်မြူခိုးက ငါ့ကို ထွက်သွားခွင့်မပေးမှတော့… မီးခိုးရောင်မြူခိုးကို ငါနဲ့အတူ ခေါ်သွားမယ်ဆိုရင်ရော… ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး ဆက်လက် အားပြန်ဖြည့်လိုက်သည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ တစ်ရက်ကြာပြီးနောက် သူက မျက်လုံးဖွင့်လိုက်ပြီး နေနာရီများကို အာရုံခံလိုက်သည်။ နေနာရီများပေါ်တွင် အက်ကွဲရာများက ကျန်ရှိနေဆဲဖြစ်သော်လည်း အများကြီး မဟုတ်ပေ။ ထို့ပြင် သူက ရေတွင်းထဲမှ လကို မျှားခြင်းကို နောက်တစ်ကြိမ် အသက်သွင်းနိုင်ပြီဖြစ်ကြောင်း အာရုံခံမိသည်။

ထို့ကြောင့် သူက လုံးဝတုံ့ဆိုင်းမနေပေ။ သူက မတ်တတ်ရပ်လိုက်ပြီး သူ့မှတ်ဉာဏ်ထဲမှ ဒုတိယဦးခေါင်းခွံတည်ရှိသော ဧရိယာဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။

ထိုနေရာသို့ ရောက်သည့်အခါ သူက လက်မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို တရစပ်ဖွဲ့စည်းလိုက်သည်။ အညိုရောင်မီးတောက်က နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး နီလာနတ်သမီး၏ အသွေးအသားတုံးကို လောင်ကျွမ်းပစ်လိုက်သည်။ မကြာမီ ရွှေရောင်အရည်စက်များက ကျဆင်းလာပြီး စိမ့်တောမြေကို အရည်ပျော်စေသည်။ တဖြည်းဖြည်း တွင်းပေါက်တစ်ခုက ထိုနေရာမှာ ထွက်ပေါ်လာသည်။

ပထမတစ်ကြိမ် တွေ့ကြုံဖူးပြီးသားဖြစ်သောကြောင့် ဤတစ်ကြိမ်တွင် ရွှီချင်း၏ လုပ်ဆောင်မှုသည် ယခင်ထက် အများကြီး အဆင်ပြေချောမွေ့သည်။

နေနာရီများ၏ စွမ်းအင်ကုန်ဆုံးမှုက မြင့်မားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ နောက်ဆက်တွဲအကျိုးဆက်က ပြင်းထန်နေဆဲဖြစ်သော်လည်း ပေတစ်သောင်းရှည်လျားသော တွင်းပေါက်တစ်ခု ဖြစ်ပေါ်လာပြီးနောက် သူက ရေတွင်းထဲမှ လကို မျှားခြင်းကို အောင်မြင်စွာ အသက်သွင်းနိုင်သွားသည်။ လောကကြီးက တုန်ယင်သွားသည့်အခါ ရေပြင်ထဲမှ ဒုတိယဦးခေါင်းခွံကို သူ၏ ညာလက်ဖြင့် ဆည်ယူနိုင်သွားသည်။

သူက ဒုတိယဦးခေါင်းခွံကို ဝါးမျိုပြီးနောက် ခရမ်းသလင်းကျောက်၏ စွမ်းအားဖြင့် ၎င်းကို ချိပ်ပိတ်လိုက်သည်။

မှတ်ဉာဏ်မုန်တိုင်းသည် သူ၏ စိတ်ထဲမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် မှတ်ဉာဏ်အပိုင်းအစများက ပိုမိုများပြားသည်။

ရွှီချင်းသည် ထိုမှတ်ဉာဏ်များအား စူးစမ်းချင်သော သူ၏ စိတ်ဆန္ဒကို ချိုးနှိမ်လိုက်ပြီး မျက်လုံးမှိတ်လျက် ပြန်အားဖြည့်လိုက်သည်။ ထိုသို့ဖြင့် လဝက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်းမှာ ကုန်ဆုံးသွားသည်။

ကျရှုံးမှုသည် မရှောင်လွှဲနိုင်သော အရာဖြစ်သော်လည်း အလုံးစုံခြုံငုံကြည့်မည်ဆိုလျှင် ရွှီချင်းက အကြိမ်ရေအများအပြား အောင်မြင်ခဲ့သည်။

ထို့ကြောင့် သူ၏ ခရမ်းသလင်းကျောက်ထဲတွင် ဦးခေါင်းခွံလေးခုထိ ရှိလာသည်။

ထိုဦးခေါင်းခွံလေးခုကြောင့် ရွှီချင်းနှင့် ကျူးလီတားမြစ်ဇုန်ကြားမှ ဆက်နွယ်မှုသည် အံ့ဖွယ်ကောင်းသော အဆင့်တစ်ခုထိ ရောက်ရှိသွားသည်။ အမှန်မှာ သူက မီးခိုးရောင်မြူခိုးကို တားဆီးရန် ကြေးနီအမွှေးတိုင်ခွက်ကို မလိုအပ်တော့ပေ။

ဤနေရာမှ မီးခိုးရောင်မြူခိုးသည် သူ့အပေါ်သို့ ကျူးကျော်ဝင်ရောက်ခြင်း မပြုတော့ပေ။ မြူခိုးက သူ၏ ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်နေပြီး ရင်းနှီးသော ခံစားမှုကို ပေးသည်။

ထို့ပြင် သူက နတ်ဘုရားအစွမ်းနှင့် ကျင့်ကြံခြင်းစွမ်းအားကို အတိုင်းအတာတစ်ခုထိ အသုံးပြုနိုင်လာသည်။

ဤသည်မှာ မီးလျှံလရွှမ်ကောင်းမျိုးနွယ်ထဲတွင် တစ်ခါမှမဖြစ်ခဲ့ဖူးသော အရာဖြစ်သည်။

အမှန်မှာ ဂျိဒုန်းဇီသာ ဤနေရာမှာရှိနေပြီး ထိုမြင်ကွင်းကို မြင်သွားမည်ဆိုလျှင် သူက သေချာပေါက် အံ့ဩထိတ်လန့်သွားပြီး မယုံကြည်နိုင်ဖြစ်သွားလိမ့်မည်။

ထိုမြင်ကွင်းသည် အမှန်တကယ် မယုံကြည်နိုင်စရာကောင်းသည်။

သို့သော်လည်း ယင်းက ရွှီချင်း၏ အကန့်အသတ်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် အညိုရောင်မီးတောက်သည် လဝက်ခန့် လောင်ကျွမ်းပြီးနောက် ငြိမ်းသတ်သွားခဲ့ပြီ ဖြစ်သည်။

မီးတောက်မရှိလျှင် နီလာနတ်သမီး၏ အသွေးအသားတုံးကို လောင်ကျွမ်းပစ်ပြီး စိမ့်တောမြေကို အရည်ပျော်စေမည့် ရွှေရောင်အရည်စက်များကို သူဖွဲ့စည်းနိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ ရွှီချင်းက တခြားနည်းလမ်းတစ်ခုကို မစဉ်းစားနိုင်ဘူးဆိုလျှင် စိမ့်တောမြေထဲသို့ သူ့ကိုယ်တိုင် နစ်မြုပ်သွားရလိမ့်မည်။

သို့သော်လည်း တစ်ခဏ တွေးတောပြီးနောက် သူက ထိုအတွေးကို လက်လျော့လိုက်သည်။

ယခုအချိန်မှာ သူက ဤနေရာနှင့် ဇစ်မြစ်တူညီသွားပြီဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် အကယ်၍ သူသာ စိမ့်တောမြေ၏ ပေတစ်သောင်းအောက်သို့ ဝင်ရောက်သွားမည်ဆိုလျှင် ထိုနေရာမှ နတ်စင်သည် သူ့ကို ကျူးလီအဖြစ် သတ်မှတ်နိုင်ခြေ ရှိသည်။

ထိုသို့ဆိုလျှင် သူက နတ်စင်၏ ဖိနှိပ်ခံရလိမ့်မည်။

ထိုအချိန်ကျလျှင် သူ့မှာ မျှော်လင့်ချက် လုံးဝရှိတော့မည် မဟုတ်ချေ။

သို့သော်လည်း မည်သို့ဆက်လုပ်ရမည်ကိုတော့ ရွှီချင်းက ယခုအချိန်မှာ မစဉ်းစားချင်သေးပေ။

အဘယ့်ကြောင့်ဆိုသော် ဦးခေါင်းခွံလေးခုထံမှ မှတ်ဉာဏ်အပိုင်းအစများက သူ၏ စိတ်ထဲမှာ ဆက်လက် ရစ်ဝဲနေပြီး နတ်ဘုရားများက နှစ်ပေါင်းများစွာကြာအောင် ဖုံးကွယ်ထားခဲ့သော ရှေးဟောင်းသမိုင်းကြောင်း၏ တစ်စိတ်တစ်ပိုင်းက ဖော်ထုတ်ခံလိုက်ရသောကြောင့် ဖြစ်သည်။

ရှေးဟောင်းလေက တိုက်ခတ်လာသည်။

ယင်းက ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးနောက်ပိုင်းမှ ပုံပြင်ဖြစ်သည်။

ဂမ္ဘီရမှော်ဝင်မျိုးနွယ်၏ ဘိုးဘေးမှော်သခင်ကြီးသည် သူ၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သော ရွှမ်ယုံ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့ပြီး သူ၏ ဇာတိမြေဖြစ်သော ဝမ်ကူးကုန်းမြေမှ ထွက်သွားရန် လက်မခံခဲ့ပေ။

နတ်ဘုရားများကို ဆန့်ကျင်တိုက်ခိုက်ရာတွင် သူတို့နှစ်ယောက်ကြားမှာ ဖြစ်တောင့်ဖြစ်ခဲ အမြင်မတူညီမှု ရှိလာခဲ့သည်။

ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီး နတ်ဘုရားမျက်နှာပျက်ကြီး ရောက်ရှိလာပြီးနောက် လောကကြီးသည် အမှောင်ဖုံးလွှမ်းသွားပြီး ဝေဝါးသွားသည်။ နတ်ဘုရားမျက်နှာပျက်ကြီး၏ အနောက်တွင် ကြောက်စရာကောင်းသော နတ်ဘုရားအများအပြားက ဝမ်ကူးကုန်းမြေပေါ်သို့ ဆင်းသက်လာကြသည်။

ထိုနေ့တွင် ကောင်းကင်ဘုံတာအိုသည် အော်ဟစ်ငိုကြွေးခဲ့ပြီး သက်ရှိအားလုံးသည် အော်ဟစ်ညည်းညူခဲ့ကြသည်။

ထိုနတ်ဘုရားများသည် ဝမ်ကူးကုန်းမြေထဲမှာ ပျံ့နှံ့သွားခဲ့ကြသည်။ နတ်ဘုရားတချို့သည် လျှို့ဝှက်နယ်မြေထဲသို့ ဆင်းသက်သွားကြပြီး နတ်ဘုရားတချို့သည် မျိုးနွယ်စုများ၏ ပိုင်နက်များအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။ ၎င်းတို့က ကပ်ဘေးအမျိုးမျိုးကို ဖန်တီးခဲ့ကြသည်။

၎င်းတို့ထဲမှ နတ်ဘုရားတစ်ပါးသည် ပင့်ကူနှင့် ဆင်တူသည်။

၎င်း၏ အဆင့်သည် အလွန်အမင်း အံ့ဖွယ်ကောင်းပြီး နတ်ဘုရားအများစုထက် သာလွန်သည်။

၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း နတ်ဘုရားများက ဦးညွတ်ရလိမ့်မည်။

၎င်း၏ ပစ်မှတ်သည် ရှင်းလင်းသည်။ ယင်းက ဂမ္ဘီရမှော်ဝင်မျိုးနွယ် ဖြစ်သည်။

၎င်းက ဂမ္ဘီရမှော်ဝင်မျိုးနွယ်ကို ကျွန်ပြုချင်ပြီး သူတို့၏ ကိုးကွယ်ပူဇော်မှုကို ခံယူချင်သည်။

ဂမ္ဘီရမှော်ဝင်မျိုးနွယ်သည် ပင့်ကူနတ်ဘုရား၏ ကျွန်ပြုခြင်းကို လက်မခံကြပေ။ ထို့ကြောင့် ဘိုးဘေးမှော်သခင်ကြီး၏ ဦးဆောင်မှုအောက်မှာ သူတို့က အသက်စတေး၍ နတ်ဘုရားများကို ခုခံတွန်းလှန်ခဲ့ကြသည်။

ဂမ္ဘီရမှော်ဝင်မျိုးနွယ်နှင့် နတ်ဘုရားများကြားမှ တိုက်ပွဲသည် လောကကြီးကို သွေးလွှမ်းသွားစေခဲ့ပြီး ဒေသကြီးအများအပြားကို ပြိုကွဲပျက်စီးသွားစေခဲ့သည်။

ရွှမ်ယုံ၏ ညာလက်ရုံးဖြစ်သော ဘိုးဘေးမှော်သခင်ကြီး၏ တိုက်ပွဲစွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ ထို့အတူ သူ၏ မျိုးနွယ်ဝင်များသည်လည်း အလွန်အစွမ်းထက်ကြသည်။ သူတို့၏ ဂမ္ဘီရမှော်အတတ်သည် ကျင့်ကြံခြင်းအတတ်ပညာနှင့် ကွာခြားသည်။ သူတို့က ဂမ္ဘီရမှော်အစွမ်းဖြင့် ဧရာမသားရဲများအသွင်သို့ ပြောင်းလဲနိုင်ကြသည်။

ထိုတိုက်ပွဲသည် ဝမ်ကူးကုန်းမြေကို တုန်လှုပ်သွားစေခဲ့သည်။

တိုက်ပွဲအတွင်းမှာ ဂမ္ဘီရမှော်ဝင်မျိုးနွယ်မှ မျိုးနွယ်ဝင်အများအပြားသည် သေဆုံးသွားခဲ့ကြပြီး နတ်ဘုရားများသည်လည်း ကျရှုံးသွားခဲ့ကြသည်။ နတ်ဘုရားအများစုသည် အသတ်ခံလိုက်ရပြီး ၎င်းတို့၏ အလောင်းများက မြေပြင်ပေါ်မှာ စုပုံသွားခဲ့ကြသည်။

နောက်ဆုံးမှာတော့ ဘိုးဘေးမှော်သခင်ကြီးသည် သူ၏ အသက်ကို စတေး၍ နတ်ဘုရားများ၏ ခေါင်းဆောင်ဖြစ်သော ပင့်ကူနတ်ဘုရားကို အပြင်းအထန် ဒဏ်ရာရရှိစေခဲ့သည်။ ထို့နောက် သူက မည်သည့်နတ်ဘုရားစွမ်းအင်ကိုမဆို ချိပ်ပိတ်နိုင်မည့် နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်တစ်ခုကို ခင်းကျင်းလိုက်ပြီး ထိုအစီအရင်ဖြင့် မျိုးနွယ်တစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်သည်။

သူက မသေဆုံးခင်မှာ ဘိုးဘေးမှော်သခင်ကြီး၏ ရာထူးကို သူ၏ တစ်ဦးတည်းသော သားကို လွှဲပြောင်းပေးခဲ့ပြီး ဂမ္ဘီရမှော်ဝင်မျိုးနွယ်၏ ယုံကြည်မှုကို ဆက်လက် ထမ်းပိုးစေကာ နတ်ဘုရားများနှင့် ဆက်လက် တိုက်ခိုက်စေခဲ့သည်။

သူ၏ သားကို ကျူးလီဟု ခေါ်သည်။

ခမည်းတော်မှော်သခင်ကြီး၏ သေဆုံးမှုကြောင့် ကျူးလီသည် အသည်းကွဲသွားသည်။ သို့သော်လည်း နတ်ဘုရားများနှင့် ပြည့်နှက်နေသော ဤလောကကြီးထဲမှာ သူက ဘိုးဘေးမှော်သခင်ကြီးရာထူးနှင့် သူ့မျိုးနွယ်၏ ယုံကြည်မှုကိုသာ အမွေဆက်ခံခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား သူက ကြီးမားသော တာဝန်ဝတ္တရားကိုလည်း အပ်နှင်းခံခဲ့ရသည်။

ထို့ကြောင့် သူက ကျန်ရှိသော ဂမ္ဘီရမှော်ဝင်မျိုးနွယ်ဝင်များကို ဦးဆောင်လျက် နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်၏ အပြင်ဘက်မှာ နတ်ဘုရားများဖြင့် ဆက်လက် တိုက်ခိုက်ခဲ့သည်။

ဂမ္ဘီရမှော်ဝင်မျိုးနွယ်ဝင်များအတွက်တော့ ကျူးလီသည် ဘိုးဘေးမှော်သခင်ကြီးအဖြစ် ထမ်းဆောင်ရန် အရည်အချင်း ပြည့်မီသည်။

အဘယ့်ကြောင့်ဆိုသော် သူနှင့် အစွမ်းထက် ဂမ္ဘီရမှော်ဆရာများ၏ ခုခံတွန်းလှန်မှုအောက်မှာ မျိုးနွယ်စုက ဆက်လက် အသက်ရှင်နိုင်ခဲ့သည်။ သို့ဖြစ်၍ နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်၏ လွှမ်းခြုံခံထားရသော ဂမ္ဘီရမှော်ဝင်မျိုးနွယ်၏ ပိုင်နက်အတွင်းမှာ သူတို့က အနားယူပြီး ပြန်လည်အားဖြည့်ရန် အချိန်ရရှိလာသည်။

တဖြည်းဖြည်း ဂမ္ဘီရမှော်ဝင်မျိုးဆက်အသစ်တစ်ခု စတင်ထွက်ပေါ်လာသည်။ သူတို့ထဲတွင် ပြိုင်ဘက်ကင်း ပါရမီကို ပိုင်ဆိုင်ထားသော ဂမ္ဘီရမှော်ဆရာတစ်ယောက် ထွက်ပေါ်လာခဲ့ပြီး သူ့မှာ ခေါင်းဆောင်တစ်ယောက်၏ အရည်အချင်းလည်း ရှိသည်။

ဘိုးဘေးမှော်သခင်ကြီးက နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်၏ အပြင်ဘက်မှာ နတ်ဘုရားများဖြင့် အမြဲတမ်း တိုက်ခိုက်နေသောကြောင့် သူ၏ တည်ရှိမှုက ဒဏ္ဍာရီအဖြစ်သာ ကျန်ရှိတော့သည်။ ထို့ပြင် မျိုးနွယ်စုသည် ခေတ်အဆက်ဆက် ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် မျိုးဆက်အသစ်ထဲမှာ ထွက်ပေါ်လာခဲ့သော ပြိုင်ဘက်ကင်းပါရမီရှင်သည် ဂမ္ဘီရမှော်ဝင်မျိုးနွယ်၏ ပထမဆုံး မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာခဲ့သည်။

ဘိုးဘေးမှော်သခင်ကြီးသည် ကောင်းကင်ကို အုပ်ချုပ်ပြီး ကောင်းကင်ကံကြမ္မာ၏ တာဝန်ဝတ္တရားကို ထမ်းပိုးထားသည်။

မျိုးနွယ်စုခေါင်းဆောင်သည် မြေပြင်ကို အုပ်ချုပ်ပြီး မျိုးနွယ်စု၏ ကိစ္စအဝဝကို စီမံကြီးကြပ်သည်။

ထို့ကြောင့် သူ့ကို ဂမ္ဘီရမှော်ဝင်မျိုးနွယ်၏ မဟာဂမ္ဘီရမှော်သခင်အဖြစ် သတ်မှတ်ခဲ့သည်။

ထိုနေရာတွင် မှတ်ဉာဏ်သည် ရပ်တန့်သွားသည်။

ရွှီချင်းသည် မျက်လုံးပြန်ဖွင့်လိုက်သည်။ စဉ်းစားချင့်ချိန်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အဘယ့်ကြောင့်ဆိုသော် မြင့်မြတ်မြို့တော်ထဲတွင် သူကြားသိခဲ့ရသော ကျူးလီအကြောင်းကို ပြန်တွေးမိသွားသောကြောင့် ဖြစ်သည်။

တောင်တန်းပင်လယ်ဒေသကြီးထဲမှ နံပါတ်တစ်သားရဲ၏ နာမည်ကို ကျူးလီဟု ခေါ်သည်။

ထိုသားရဲ၏ အဆင့်အတန်းသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ အလွန်ထူးခြားသည်။

အဘယ့်ကြောင့်ဆိုသော် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ သမိုင်းမှတ်တမ်းထဲတွင် ကျူးလီသားရဲကို တစ်ကြိမ်သာ ထိန်းကျောင်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။

ထိုပုဂ္ဂိုလ်သည် အတိတ်တွင် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ကို ဦးဆောင်ခဲ့သော ပထမဆုံး မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည်။

သူက မျိုးနွယ်ကို ဦးဆောင်ပြီး သူတော်စင်နတ်ဆရာများကို စည်းလုံးညီညွတ်စေခဲ့သူ ဖြစ်သည်။

သူ၏ စီးတော်သားရဲကို ကျူးလီဟု ခေါ်သည်။

“ ဘာသာပြန်သူ၏ မှတ်ချက်: ဂမ္ဘီရမှော်ဆရာတွေနဲ့ သူ‌တော်စင်နတ်ဆရာတွေက တကယ်တော့ အတူတူပါပဲ… အခေါ်အဝေါ်ပဲ ကွဲသွားတာပါ… ရှေးခေတ်တုန်းက သူတို့ကို ဂမ္ဘီရမှော်ဆရာတွေလို့ ခေါ်ပါတယ်… လက်ရှိခေတ်မှာတော့ သူတို့က နတ်ဘုရားတွေကို ကိုးကွယ်ပူဇော်လို့ သူတော်စင်နတ်ဆရာဆိုပြီး ပြောင်းလဲသွားတာပါ ”

All Chapters