← Chapters

လွမ်းချင်းတေးသွားရဲ့ နာမည်… သစ္စာဖောက်ခြင်း

Vol. 83 Ch. 1271

လွမ်းချင်းတေးသွားရဲ့ နာမည်… သစ္စာဖောက်ခြင်း

Vol. 83 Ch. 1271

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

ထိုမှတ်ဉာဏ်အပိုင်းအစများကို ဆက်စပ်ကြည့်ပြီးနောက် ဖုံးကွယ်ခံထားရသော သမိုင်းကြောင်း၏ တစ်စိတ်တစ်ပိုင်းကို သူနားလည်သွားသည်။ သို့ဖြစ်၍ တောင်တန်းပင်လယ်ဒေသကြီးထဲမှာ မည်သို့ကြောင့် အလောင်းအများအပြားရှိနေရသလဲ ယခု သူသိသွားသည်။ ထိုမျိုးနွယ်၏ အတိတ်ဇာတ်ကြောင်းကိုလည်း သူနားလည်သွားသည်။

ထိုဇာတ်ကြောင်းထဲမှ အဖြစ်အပျက်အားလုံးသည် အစစ်အမှန်ဖြစ်သည်။

အကယ်၍ ထိုသမိုင်းကြောင်းသာ အမှန်ဆိုလျှင် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က ဖော်ပြထားသော သတင်းအချက်အလက်များသည် အလိမ်အညာသာ ဖြစ်သည်။

နတ်ဘုရားများဖြင့် တိုက်ပွဲမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်အတွက် အသက်အသေခံသွားခဲ့သော ဘိုးဘေးမှော်သခင်ကြီးသည် သမိုင်းထဲမှာ ဖုံးကွယ်ခံထားရသည်။

ဘိုးဘေးမှော်သခင်ကြီး၏ အမွေဆက်ခံသူဖြစ်သော သူ၏ သား ကျူးလီသည် စီးတော်သားရဲအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူတော်စင်နတ်ဆရာများကို စည်းလုံးညီညွတ်အောင် ဦးဆောင်ခဲ့ပြီး ကျူးလီ၏ ကာကွယ်ပေးမှုအောက်မှာ ရှင်သန်ကြီးထွားလာခဲ့သော မဟာဂမ္ဘီရမှော်သခင်၏ အခန်းကဏ္ဍသည် အတွေးများစရာကောင်းသည်။

ရွှီချင်းသည် သက်ပြင်းချလိုက်သည်။

ထိုဇာတ်ကြောင်းက အမှန်ဖြစ်ကြောင်း သူ၏ နှလုံးသားက ပြောနေသည်။

ယင်းက သူ့မျိုးနွယ်မဟုတ်သော်လည်း မှတ်ဉာဏ်အပိုင်းအစများမှတဆင့် သူက ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက အဖြစ်အပျက်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရဟန် ရ၏။ ဤသည်မှာ သူက သမိုင်းကြောင်းထဲသို့ တကယ် ရောက်ရှိသွားသည့်အလားပင်။

“ ဒါဆို ကျူးလီက ဘယ်လိုသေသွားတာလဲ… မဟာဂမ္ဘီရမှော်သခင်က အတိတ်မှာ ဘာတွေလုပ်ခဲ့တာလဲ… ဂမ္ဘီရမှော်ဝင်မျိုးနွယ်က ဘယ်အချိန်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်လို့ နာမည်ပြောင်းသွားခဲ့တာလဲ… အဲ့ဒီသမိုင်းကြောင်းက နေ၊ လ၊ ကြယ် နတ်ဘုရားသုံးပါးနဲ့ ဘယ်လိုဆက်စပ်နေတာလဲ… ”

“ အဲ့ဒီအဖြေတွေက ကျန်ဦးခေါင်းခွံငါးခုထဲမှာ ရှိတယ် ”

ရွှီချင်းသည် စိမ့်တောမြေကို ကြည့်လိုက်သည်။

သို့သော်လည်း ယခု အညိုရောင်မီးတောက်သည် ငြိမ်းသတ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် နီလာနတ်သမီး၏ အသွေးအသားကို သူမလောင်ကျွမ်းပစ်နိုင်ပေ။ ထို့ပြင် ယခင်က သူ၏ လောင်ကျွမ်းပစ်မှုအောက်မှာ အသွေးအသားတုံးသည် အများကြီး မကျန်ရှိတော့ပေ။

“ အသွေးအသားက ခြောက်တုံးပဲ ကျန်တော့တယ် ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ခရမ်းသလင်းကျောက်ထဲမှ ဦးခေါင်းခွံလေးခုကို အာရုံခံလိုက်လေရာ သူနှင့် ကျူးလီတားမြစ်ဇုန်ကြားမှာ အလွန်နီးကပ်သော ဆက်ဆံရေးရှိလာကြောင်း သူအာရုံခံမိသွားသည်။

ယခု သူက အမွှေးတိုင်ခွက်ကို ဆက်ပြီး မလိုအပ်တော့ပေ။

မီးခိုးရောင်မြူခိုးသည် သူ့ဆီ မကျူးကျော်လာတော့ပေ။ အတွေးတစ်ချက်နှင့် သူက ထိုမီးခိုးရောင်မြူခိုးကို ထိန်းချုပ်နိုင်ပေသည်။

အမှန်မှာ သူကြုံတွေ့နေရသော ပြဿနာများသည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

အကယ်၍ သူသာ ကျူးလီတားမြစ်ဇုန်မှ ထွက်သွားချင်သည်ဆိုလျှင် မီးခိုးရောင်မြူခိုးသည် သူနှင့်အတူ ရွေ့လျားသွားလိမ့်မည်။

သို့သော်လည်း ထိုသို့ထွက်ခွာခြင်းသည် ပြစ်ချက်တချို့ ရှိသည်။

သူ၏ ကျင့်ကြံခြင်းနှင့် နတ်ဘုရားစွမ်းအားသည် မီးခိုးရောင်မြူခိုးထဲမှာ ဆက်လက် ကန့်သတ်ခံနေရဆဲပင်။

အကယ်၍ သူက ကျင့်ကြံခြင်းနှင့် နတ်ဘုရားစွမ်းအားကို လက်လျော့လိုက်ပြီး မီးခိုးရောင်မြူခိုးကို သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ဖြင့် အပြည့်အဝ ပေါင်းစပ်စေမည်ဆိုလျှင် ယင်းက သူ၏ ဇစ်မြစ်ဖြစ်လာပြီး သူ့အပိုင်ဖြစ်လာလိမ့်မည်။

“ အဲ့ဒီအချိန်ကျရင် ငါက နတ်ဘုရားမဟုတ်တော့သလို ကျင့်ကြံသူလည်း မဟုတ်တော့ဘူး… ငါက ဂမ္ဘီရမှော်ဆရာဖြစ်လာလိမ့်မယ် ”

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်လိုက်သည်။

သူက ဂမ္ဘီရမှော်ဆရာဖြင့် ရင်းနှီးသလို မရင်းနှီးပေ။ မရင်းနှီးရခြင်းမှာ သူက ဂမ္ဘီရမှော်ဆရာဖြင့် တစ်ခါမှ မတွေ့ကြုံဖူးသောကြောင့် ဖြစ်သည်။ သို့သော်လည်း ဂမ္ဘီရမှော်အစွမ်း၏ ဇစ်မြစ်ဖြစ်သော ဤမီးခိုးရောင်မြူခိုးကြောင့် သူတို့ကြားမှာ ရင်းနှီးမှု ရှိသည်။ အစောနက သူပေါင်းစပ်ခဲ့သော ဦးခေါင်းခွံလေးခုသည် ကျူးလီ၏ အမွေအနှစ်ဖြစ်သည်။

သို့သော်လည်း ဂမ္ဘီရမှော်ဆရာသည် သူလျှောက်လှမ်းချင်သော လမ်းစဉ်မဟုတ်ပေ။

“ ဘိုးဘေးမှော်သခင်ကြီးက အဲ့ဒီပင့်ကူနတ်ဘုရားကို အသက်စတေးပြီး တိုက်ခိုက်ခဲ့တာတောင် ဒဏ်ရာအပြင်းအထန်ပဲ ရရှိစေခဲ့တယ် ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး စိမ့်တောမြေကို ကြည့်လိုက်သည်။ သူက ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို စဉ်းစားလိုက်သည်။

သူ့မှာ အစကတည်းက နည်းလမ်းတစ်ခု ရှိသည်။ သို့သော်လည်း ထိုနည်းလမ်းကို အသုံးပြုရန် ဦးခေါင်းခွံငါးခု လိုအပ်သည်။

သူက ဦးခေါင်းခွံတစ်ခု လိုအပ်နေသေးသည်။

တစ်ခဏကြာ တွေးတောပြီးနောက် ရွှီချင်းက ရုတ်တရက် ပြောသည်။

“ အရိပ်လေး ”

ရွှီချင်း၏ ခြေဖဝါးအောက်တွင် မည်သည့်အားလှိုင်းအတတ်အကျမှ မရှိသလို မည်သည့်စိတ်ခံစားချက်မှ ပို့လွှတ်မလာပေ။ အရိပ်လေးသည် သေဆုံးသွားပုံပေါ်သည်။

ရွှီချင်းသည် တည်ငြိမ်သည်။ သူက အသက်သုံးခါရှူချိန်ကြာ စောင့်ဆိုင်းပြီး ထပ်မံပြောသည်။

“ တကယ်လို့ အခု မင်းမထွက်လာရင် နောက်ဘယ်တော့မှ ထွက်လာစရာမလိုတော့ဘူး ”

ရွှီချင်းက ထိုသို့ပြောလိုက်သည်နှင့်ချက်ချင်း ဝေဝါးသော အရိပ်လေးသည် သူ့ခြေဖဝါးအောက်မှာ ထွက်ပေါ်လာသည်။ ၎င်းက အားနည်းသော လှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။

“ ပေတစ်သောင်းအောက်ဆီ ဆင်းသွားပြီး ငါမန္တန်အသုံးပြုနိုင်အောင် လမ်းကြောင်းတစ်ခု ဖန်တီးပေးပါ ”

အရိပ်လေးသည် ချက်ချင်း စိုးရိမ်ကြောက်လန့်သွားသည်။ ၎င်းက မရေမတွက်နိုင်သော ငြင်းဆန်မှုကို ရွှီချင်း၏ စိတ်ထဲသို့ ပို့လွှတ်လိုက်သည်။

“ မီးခိုးရောင်မြူခိုးက မင်းကို မတားဆီးနိုင်အောင် အဲ့ဒါကို ငါထိန်းချုပ်ပေးထားမယ် ”

ရွှီချင်းသည် စကားဆုံးအောင် ပြောပြီးနောက် လက်ဝှေ့ယမ်းလိုက်လေရာ ဘေးပတ်ဝန်းကျင်မှ မီးခိုးရောင်မြူခိုးသည် သူ၏ အတွေးနှင့်အတူ လှုပ်ရှားထကြွသွားသည်။ မြူခိုးက ရွှီချင်း၏ ထိန်းချုပ်ခံနေရသည်မှာ ထင်ရှားပေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အရိပ်လေးသည် အနည်းငယ် စိတ်အေးသွားသည်။ သို့သော်လည်း ၎င်းက ဆက်လက် ငြင်းဆန်နေဆဲပင်။

“ ဒီအလုပ်ပြီးသွားရင် ငါမင်းကို နီလာနတ်သမီးရဲ့ အသွေးအသားတစ်တုံး ဆုချမယ် ”

ရွှီချင်း၏ အသံသည် တည်ငြိမ်သည်။

နီလာနတ်သမီး၏ အသွေးအသားသည် အရိပ်လေး အလွန်လိုချင်တောင့်တနေသော အရာဖြစ်သည်။ အတိတ်တွင် ရွှီချင်းက နီလာနတ်သမီး၏ အသွေးအသားများကို စုပ်ယူနေစဉ် ၎င်းက အကူအညီမဲ့စွာ ကြည့်နေခဲ့ရသည်။ ၎င်းက အနံ့ပင် မရှူနိုင်ခဲ့ပေ။

ရွှီချင်း၏ ကတိပေးမှုကို ကြားသောအခါ အရိပ်လေးသည် တုံ့ဆိုင်းသွားသည်။ ၎င်း၏ စိုးရိမ်ကြောင့်ကြမှုနှင့် ငြင်းဆန်မှုသည် ထပ်မံ လျော့ကျသွားသည်။

“ တကယ်လို့ ငါ့စကားကို မင်းနားမထောင်ဘူးဆိုရင် ငါတို့ကြားမှာ သခင်နဲ့ အစေခံဆက်ဆံရေး ဆက်ရှိနေဖို့ မလိုတော့ဘူး ”

ရွှီချင်း၏ အေးစက်စက် စကားသံသည် အရိပ်လေး၏ နှလုံးသားထဲသို့ ဝင်ရောက်သွားသည်။ ယင်းက အရိပ်လေး၏ တစ်ကိုယ်လုံးကို တုန်ယင်သွားစေသည်။ ထို့နောက် သေခြင်းရှင်ခြင်းရွေးချယ်စရာနှင့် ဆုလာဘ်များ၏ လွှမ်းမိုးမှုအောက်မှာ ၎င်းက စိတ်ဓာတ်ပြတ်သားသော ခံစားမှုကို ထုတ်လွှတ်လိုက်သည်။

အသက်ရှင်နိုင်ရန်နှင့် နီလာနတ်သမီး၏ အသွေးအသားအတွက် ၎င်းက သားရိုင်းတစ်ကောင်ကဲ့သို့ နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်ပြီး စိမ့်တောမြေထဲသို့ ဝင်ရောက်သွားသည်။

နောက်အခိုက်အတန့်မှာ အရိပ်လေးသည် ပေတစ်ထောင်အောက်သို့ နစ်မြုပ်သွားသည်။ ဘေးပတ်ဝန်းကျင်မှ မီးခိုးရောင်မြူခိုးသည် အရိပ်လေးဆီသို့ ဦးတည်သွားသည်။ သို့သော်လည်း ရွှီချင်း၏ ထိန်းချုပ်မှုအောက်မှာ မြူခိုးသည် မြန်ဆန်စွာ လွင့်ပြယ်သွားသည်။ သို့ဖြစ်၍ အရိပ်လေး၏ ဤတစ်ကြိမ် ဆင်းသက်မှုသည် ပထမတစ်ကြိမ်ထက် အများကြီး ပိုအဆင်ပြေချောမွေ့သည်။

မကြာမီ ၎င်းက ပေရှစ်ထောင်အထိ ရောက်ရှိသွားသည်။

သို့သော်လည်း ထိုနေရာတွင် ရွှီချင်းသည် မြေအောက်ထဲမှ ချိပ်တံဆိပ်အစွမ်းကို ရှင်းလင်းစွာ အာရုံခံနိုင်သွားသည်။

ထိုစွမ်းအားသည် လက်ရှိမှာ နက်ရှိုင်းစွာ အိပ်မောကျနေသည်။ သို့သော်လည်း သူ၏ အရှိန်အဝါက ချိပ်တံဆိပ်နှင့် ထိတွေ့သွားမည်ဆိုလျှင် သူက ချက်ချင်း ဖိနှိပ်ခံရလိမ့်မည်ဖြစ်ကြောင်း အာရုံခံမိသည်။

ထို့ကြောင့် သူက အရှိန်အဝါကို အများကြီး မထုတ်လွှတ်ဝံ့ပေ။ သို့ဖြစ်၍ စိမ့်တောမြေထဲမှ မီးခိုးရောင်မြူခိုးသည် အရိပ်လေးဆီသို့ ဦးတည်သွားသည်။

ထိုအခါ အရိပ်လေး၏ ဆင်းသက်မှုသည် နှေးကွေးသွားပြီး ၎င်းက အော်ဟစ်ညည်းညူလိုက်သည်။

သို့သော်လည်း ၎င်းသည် ယခင်တစ်ကြိမ်ကဲ့သို့ အခြေအနေမဆိုးဝါးသေးပေ။ အရိပ်လေးသည် အစွမ်းကုန်ထုတ်သုံးလိုက်ပြီး မီးခိုးရောင်မြူခိုး၏ ကျူးကျော်ဝင်ရောက်မှုအောက်မှာ ပေကိုးထောင်ကျော်သို့ ရောက်ရှိသွားသည်။ သို့သော်လည်း ၎င်းက ထိုနေရာသို့ ရောက်ရှိသွားသည့်အခါ အားကုန်သွားဟန် ရ၏။

မည်သို့ဖြစ်ပါစေ ယခင်တစ်ကြိမ်တွင် ၎င်းက အရိပ်အများအပြားကို ခွဲထုတ်ထားခဲ့သည် မဟုတ်ပါလော။ ၎င်းက ယခုအချိန်ထိ ပြန်မသက်သာသေးပေ။

ဤသည်ကိုမြင်သောအခါ ရွှီချင်းက ရုတ်တရက် ပြောသည်။

“ နီလာနတ်သမီးရဲ့ အသွေးအသားနှစ်တုံး ပေးမယ် ”

ထိုအသံက အရိပ်လေး၏ စိတ်ထဲသို့ ပဲ့တင်ထပ်သွားသည့်အခါ ၎င်းက တုန်ယင်သွားပြီး စိတ်ခံစားချက်များက ပရမ်းပတာဖြစ်သွားသည်။ ကြီးမားသော ဆုလာဘ်၏ သွေးဆောင်မှုအောက်မှာ ၎င်းက စိတ်ဓာတ်တတ်ကြွသွားပြီး အောက်သို့ ရူးသွပ်စွာ ထိုးဆင်းသွားသည်။

ဗုန်းဟူသော မြည်သံနှင့်အတူ ၎င်းက ပေတစ်သောင်းအောက်သို့ တိုက်ရိုက် ထိုးဖောက်သွားပြီး စိမ့်တောမြေအောက်မှ လှိုင်ဂူအတွင်းသို့ ရောက်ရှိသွားသည်။

လှိုင်ဂူထဲတွင် ရွှီချင်းက ဝင်ရောက်မစွက်ဖက်နိုင်တော့ပေ။ ထို့ကြောင့် မီးခိုးရောင်မြူခိုးသည် တစ်ဟုန်ထိုး ထူထဲလာသည်။ အရိပ်လေးသည် နာကျင်စွာ အော်ဟစ်မြည်တမ်းလိုက်သည်။

ရွှီချင်း၏ အမူအရာသည် တည်ကြည်လေးနက်သွားသည်။ ဤအခွင့်အရေးက မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် သူက လုံးဝတုံ့ဆိုင်းမနေပေ။ အရိပ်လေးက လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ပေးပြီးနောက် သူက ညာလက်ကို မြှောက်လိုက်ပြီး ရေတွင်းထဲမှ လကို မျှားခြင်းကို အသုံးပြုလိုက်သည်။

ကောင်းကင်နှင့်မြေပြင်ကြားမှ လှိုင်းဂယက်များသည် ရေပြင်အဖြစ် ပြောင်းလဲသွားသည်။

ပဉ္စမမြောက်ဦးခေါင်းခွံသည် ရေပြင်ပေါ်မှာ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ ရွှီချင်းသည် ဦးခေါင်းခွံကို တိုက်ရိုက် ဆယ်ယူလိုက်သည်။

သူက ဦးခေါင်းခွံကို ဝါးမျိုလိုက်ပြီး ခရမ်းသလင်းကျောက်ထဲမှာ ချိပ်ပိတ်လိုက်သည့်အခိုက် အရိပ်လေးသည် ပြိုကွဲပျက်စီးသွားသည်။

၎င်းက သေဆုံးသွားဟန် ရ၏။ သို့သော်လည်း အရိပ်အပိုင်းအစတစ်ခုက ရွှီချင်း၏ ခြေဖဝါးအောက်ရှိ စိမ့်တောမြေ၏ အနက်ပေသုံးဆယ်ထဲမှာ လူးလွန့်လှုပ်ရှားနေသည်။ ထို့နောက် ၎င်းက အပေါ်သို့ ပြန်ရောက်လာသည်။

ရွှီချင်းသည် ယင်းကို မအံ့ဩပေ။

အရိပ်လေးက ဉာဏ်များကြောင်း သူသိသည်။ ၎င်းက သေဆုံးတော့မည်ဟု အစောနက ပြောခဲ့ခြင်းက အမှန်ဖြစ်သော်လည်း ယင်းက အနည်းငယ် ချဲ့ကားပြောဆိုခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အရိပ်လေးက အရာအားလုံးစတေးပြီး ဆောင်ရွက်တော့မည်ဟု ပြောခြင်းကို ရွှီချင်း မယုံကြည်ခဲ့ပေ။

အရိပ်အပိုင်းအစတစ်ခုကို ဖွက်ထားခြင်းသည် သူ၏ မျှော်လင့်ထားမှုအတွင်းမှာ ရှိသည်။

သို့သော်လည်း အရိပ်လေးက အမှန်တကယ် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့သည်။ အရိပ်အပိုင်းအစသည် ပြန်ရောက်လာပြီးနောက် ခရမ်းသလင်းကျောက်ထဲသို့ ဝင်ရောက်သွားသည်။ ၎င်းက အလွန်မှေးမှိန်နေလေရာ အိပ်မောကျသွားတော့မည့်ဟန် ရ၏။

သို့သော်လည်း ၎င်းက ချက်ချင်း အိပ်ပျော်မသွားအောင် ရုန်းကန်လိုက်သည်။ ထို့နောက် ၎င်းက အားနည်းသော စိတ်ခံစားမှုအားလှိုင်းတစ်ခုကို ရွှီချင်းဆီသို့ ပို့လွှတ်လိုက်သည်။ ဤသည်မှာ ၎င်းက ဆုလာဘ်ကို အတည်ပြုချင်နေဟန် ရ၏။

“ အသား… ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး အရိပ်လေး၏ အခြေအနေကို အာရုံခံလိုက်သည်။ သူ့မှာ အသားရှိခြင်း မရှိခြင်းသည် အရေးမကြီးကြောင်း သူနားလည်သည်။ မည်သို့ဖြစ်ပါစေ အရိပ်လေး၏ လက်ရှိအခြေအနေသည် နီလာနတ်သမီး၏ အသွေးအသားတုံးကို စားရန် မည်သို့မှ မဖြစ်နိုင်ပေ။

သို့သော်လည်း ရွှီချင်းသည် သနားကြင်နာစိတ်ရှိသူ ဖြစ်သည်။ သို့ဖြစ်၍ အရိပ်လေးကို နှစ်သိမ့်ပေးသင့်သည်ဟု သူခံစားမိသည်။

“ မင်းနိုးလာတဲ့အခါကျရင် ငါပေးမယ် ”

ဤသည်ကို အရိပ်လေးကြားသောအခါ ၎င်းက စိတ်ကျေနပ်သွားပြီး နှစ်ချိုက်စွာ အိပ်မောကျသွားသည်။

ရွှီချင်းသည်တော့ မျက်လုံးမှိတ်လိုက်ပြီး ပြန်အားဖြည့်ရန် တရားထိုင်လိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက် သူက ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ယခု သူ့မှာ ဦးခေါင်းခွံငါးခုရှိသွားပြီဖြစ်လေရာ ကျန်ဦးခေါင်းခွံများကို ဆွဲထုတ်ရန် တခြားနည်းလမ်းတစ်ခုကို သူအသုံးပြုနိုင်သွားပြီ ဖြစ်သည်။

ထိုနည်းလမ်းဖြင့်ဆိုလျှင် တွင်းပေါက်တစ်ခုဖောက်ရန် စိမ့်တောမြေကို လောင်ကျွမ်းပစ်စရာမလိုပေ။

ယင်းကို အသုံးပြုမည်ဆိုလျှင် ကျန်ရှိသော ဦးခေါင်းခွံများက ရေတွင်းထဲမှ လကို မျှားခြင်း၏ နတ်ဘုရားအစွမ်းနှင့်အတူ ထွက်ပေါ်လာလိမ့်မည်။

“ စီနီယာအကိုကြီးကို ဒီတစ်ကြိမ် ငါယုံကြည်လိုက်မယ် ”

စိတ်ဆုံးဖြတ်မှုသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ကျင့်ကြံခြင်းစွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာပြီး ခရမ်းသလင်းကျောက်ထဲသို့ ဝင်ရောက်သွားသည်။ ထိုအခါ ခရမ်းသလင်းကျောက်သည် တုန်ယင်သွားသည်။

ချက်ချင်းဆိုသလို ခရမ်းသလင်းကျောက်သည် ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ဖောက်ထွင်းသွားမည့် ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ ဦးခေါင်းခွံငါးခုသည် ထိုခရမ်းရောင်အလင်းထဲမှာ ထွက်ပေါ်လာကြသည်။

ဦးခေါင်းခွံငါးခုသည် ပဉ္စဂံပုံသဏ္ဍာန် ဖွဲ့စည်းသွားပြီး ရွှီချင်း၏ ဦးခေါင်းပေါ်တွင် မျောလွင့်နေသည်။

ဦးခေါင်းခွံငါးခုကို ကြည့်လျက် ရွှီချင်းသည် လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်ဟန်များစွာကို ဖွဲ့စည်းလိုက်ပြီး မန္တန်တစ်ခုကို အသုံးပြုလိုက်သည်။

မကြာမီ အားလှိုင်းစက်ကွင်းများသည် ဦးခေါင်းခွံငါးခုထဲမှ တစ်ခုထံမှ ပျံ့လွင့်လာသည်။ ထို့နောက် ဒုတိယဦးခေါင်းခွံနှင့် တတိယဦးခေါင်းခွံထံမှလည်း အားလှိုင်းစက်ကွင်းများက ပျံ့လွင့်လာကြသည်။

နောက်ဆုံးမှာတော့ ဦးခေါင်းခွံငါးခုသည် တစ်ချိန်တည်းမှာ အားလှိုင်းစက်ကွင်းများကို ထုတ်လွှတ်လိုက်ကြပြီး အချင်းချင်း တွေ့ဆုံသွားကြသည်။ ထိုအခါ ဦးခေါင်းခွံငါးခု၏ အလယ်တွင် အနက်ရောင်ဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။

ထိုဝဲကတော့ကို ကြည့်နေရင်း ရွှီချင်းက နက်ရှိုင်းစွာ အော်ပြောလိုက်သည်။

“ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်… မူလပြန်ရောက်စေ ”

သူ၏ အော်သံသည် ရှေးခေတ်အငွေ့အသက်ကို သယ်ဆောင်လျက် ဤလောကထဲမှာ ပဲ့တင်ထပ်သွားသည်။

ထိုသို့အော်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဝဲကတော့သည် ပိုပြီးကြမ်းတမ်းစွာ လှည့်ပတ်လာသည်။ မကြာမီ မီးခိုးရောင်မီးဘောလုံးလေးလုံးသည် အနက်ရောင်ဝဲကတော့ထဲမှာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ ၎င်းတို့က လမ်းညွှန်ခံနေရသည့်အလားပင်။

ထိုမီးခိုးရောင်မီးဘောလုံးလေးလုံးသည် ခရမ်းရောင်အလင်းထဲမှ ဦးခေါင်းခွံများနှင့် ဇစ်မြစ်တစ်ခုတည်းသာ ဖြစ်သည်။

ထိုမန္တန်သည် ချန်းအားညိုက ရွှီချင်းကို သင်ပေးခဲ့သော ကြီးမြတ်သော နွားသိုးငါးကောင်က မူလပြန်ဆွဲခေါ်ခြင်း အကြင်နာမဲ့တာအိုမှလွဲ၍ တခြားမဟုတ်ပေ။

ထိုမန္တန်သည် မူလဇစ်မြစ်ကို ခြေရာကောက်နိုင်ပြီး တူညီသော ဇစ်မြစ်မှ ပစ္စည်းများကိုလည်း ရှာဖွေနိုင်သည်။

သို့သော်လည်း ထိုမန္တန်ကို အသုံးပြုရန် ဇစ်မြစ်တူညီသော ပစ္စည်းငါးခုကို လိုအပ်သည်။

ဤအခိုက်အတန့်မှာ မီးခိုးရောင်မီးဘောလုံးလေးလုံး ထွက်ပေါ်လာသည့်အခိုက် ရွှီချင်းက ရေတွင်းထဲမှ လကို မျှားခြင်းကို ချက်ချင်း အသက်သွင်းလိုက်သည်။ သူက ဟင်းလင်းပြင်ကို ဖမ်းဆုပ်လိုက်သည့်အခါ ဝဲကတော့ထဲမှ မီးခိုးရောင်မီးဘောလုံးလေးလုံးသည် ချက်ချင်း တုန်ယင်သွားကြသည်။ ယင်းတို့ထဲမှ မီးဘောလုံးသုံးလုံးသည် ရွှီချင်း၏ တိုက်ရိုက် ဆည်ယူခံလိုက်ရသည်။

ရွှီချင်း၏ လက်ဖဝါးပေါ်မှ ရေအိုင်ထဲတွင် ဦးခေါင်းခွံသုံးခုက ပုံရိပ်ပြန်လာသည်။

ရွှီချင်းသည် စိတ်လှုပ်ရှားသွားသည်။ သူက ဦးခေါင်းခွံလေးခုစလုံးကို မဆည်ယူနိုင်ခဲ့သော်လည်း တစ်ကြိမ်တည်းဖြင့် ဦးခေါင်းခွံသုံးခုကို ဆယ်ယူနိုင်ခဲ့လေရာ ခေါင်းဆောင်၏ မန္တန်က မည်မျှအံ့ဖွယ်ကောင်းကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

သူက ဦးခေါင်းခွံသုံးခုပါဝင်သော ရေအိုင်ကို ချက်ချင်း ဝါးမျိုလိုက်သည်။

ထိုအခါ အရေအတွက်များပြားသော မှတ်ဉာဏ်အပိုင်းအစများသည် ရွှီချင်း၏ စိတ်ထဲမှာ မုန်တိုင်းတစ်ခုပမာ ထွက်ပေါ်လာပြီး ယခင်မှတ်ဉာဏ်များဖြင့် ပေါင်းစပ်သွားသည်။

ရှေးဟောင်းလေက ထပ်မံ တိုက်ခတ်လာသည်။ ဤတစ်ကြိမ်တွင် တစ်စုံတစ်ယောက်က လွမ်းချင်းတေးသွားတစ်ပုဒ်ကို သီဆိုနေသည့်အလား ရှေးဟောင်းလေထဲတွင် ဝမ်းနည်းဖွယ်ကောင်းသော အငွေ့အသက် ကိန်းအောင်းနေသည်။

ထိုလွမ်းချင်းတေးသွားထဲတွင် ကျူးလီ၏ တန်ဖိုးထားခံရသော၊ ဂမ္ဘီရမှော်ဝင်မျိုးနွယ်၏ တန်ဖိုးထားခံရပြီး နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်ထဲတွင် မျိုးနွယ်စုခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသော မဟာဂမ္ဘီရမှော်သခင်၏ ပုံပြင်ဇာတ်လမ်း ပါရှိသည်။

ထိုပုဂ္ဂိုလ်သည် အမှန်တကယ် ကောင်းကင်အရွေးချယ်ခံတစ်ဦး ဖြစ်သည်။ သူ၏ ဦးဆောင်မှုအောက်မှာ ဂမ္ဘီရမှော်ဝင်မျိုးနွယ်သည် စည်းလုံးညီညွတ်လာပြီး ပြန်လည်နာလန်ထူလာသည်။ နောက်ပိုင်းမျိုးဆက်သစ်များသည် သူ့ကို ထောက်ခံအားပေးကြသည်။

ယင်းက အစီအရင်၏ အပြင်ဘက်မှာရှိသော ကျူးလီကို အလွန်စိတ်ကျေနပ်စေသည်။ ထို့ကြောင့် သူက အစီအရင်အတွင်းမှ မျိုးနွယ်စု၏ အခြေအနေကို အာရုံစိုက်နေရန် မလိုတော့ပေ။ ယင်းအစား သူက နတ်ဘုရားများကို ဆန့်ကျင်တိုက်ခိုက်ရန် အပြည့်အဝ အာရုံစိုက်နိုင်သွားသည်။

သူက ခမည်းတော်မှော်သခင်ကြီး၏ ဆန္ဒနှင့် ဂမ္ဘီရမှော်ဝင်မျိုးနွယ်၏ ယုံကြည်မှုကို ထမ်းပိုးထားလျက် နတ်ဘုရားများကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်။ သူက လုံးဝနောက်မဆုတ်နိုင်ပေ။

သူ၏ အနောက်တွင် သူချစ်ရသော မျိုးနွယ်နှင့် သူကာကွယ်ပေးချင်သော မျိုးနွယ်ဝင်များ ရှိသည်။

သူက တိုက်ပွဲမှာ သေဆုံးသွားလျှင်ပင် နောင်တရလိမ့်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ အမွေဆက်ခံသူကို ရှာတွေ့သွားပြီဖြစ်သောကြောင့် ဖြစ်သည်။

သူတန်ဖိုးထားသော မဟာဂမ္ဘီရမှော်သခင်သည် သူရွေးချယ်ထားသော နောက်တတ်မည့် ဘိုးဘေးမှော်သခင်ကြီး ဖြစ်သည်။

ထို့ကြောင့် သူ့မှာ မည်သည့်စိုးရိမ်စရာမှ မရှိတော့ပေ။ သူက အစွမ်းထက် ဂမ္ဘီရမှော်ဆရာများကို ဦးဆာင်ပြီး နတ်ဘုရားများဖြင့် တိုက်ပွဲရှည်ကြီးကို ဆင်နွှဲခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ သူကာကွယ်ပေးချင်သော မျိုးနွယ်ဝင်များက သူ့အတွက် သွေးလွှမ်းမည့် ပွဲအခမ်းအနားတစ်ခုကို ပြင်ဆင်ပေးလာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

All Chapters