ဖုန်မှုန့်ဖြစ်သွားသော သမိုင်း
Vol. 83 Ch. 1272
နှစ်ပေါင်းသုံးထောင်ဟူသော အချိန်သည် ကိစ္စအများအပြားကို ပြောင်းလဲသွားစေခဲ့သည်။
ဂမ္ဘီရမှော်ဝင်မျိုးနွယ်၏ ရှင်သန်ကြီးထွားမှုသည် အမြင့်အသစ်တစ်ခုထိ ရောက်ရှိသွားသည်။ အထူးသဖြင့် မဟာဂမ္ဘီရမှော်သခင်၏ ဦးဆောင်မှုအောက်မှာ ဖြစ်သည်။ သူ၏ စနစ်ကျသော အုပ်ချုပ်မှုအောက်မှာ မျိုးနွယ်သည် တဖြည်းဖြည်း အင်အားကြီးမားလာပြီး အစွမ်းထက်သော ဂမ္ဘီရမှော်ဆရာများသည် မျိုးနွယ်ထဲမှာ ပေါ်ထွန်းလာကြသည်။
မျိုးနွယ်စု၏ အင်အားသည် ယခင်က အထွတ်အထိပ်အခြေအနေနှင့် မနှိုင်းယှဉ်နိုင်သေးသော်လည်း လက်ရှိ ဝမ်ကူးကုန်းမြေနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အတော်လေး အင်အားကြီးမားသည်ဟု ဆိုနိုင်သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်၏ အပြင်ဘက်မှ တိုက်ပွဲသည်တော့ ဆက်လက် ဖြစ်ပွားနေဆဲပင်။
ဘိုးဘေးမှော်သခင်ကြီးကြောင့် ပင့်ကူနတ်ဘုရားက နှစ်ချိုက်စွာ အိပ်မောကျသွားခဲ့သော်လည်း ၎င်း၏ လက်အောက်မှ နတ်ဘုရားများသည် အလွန်အစွမ်းထက်ကြသည်။ သို့သော်လည်း ဤမျိုးဆက်၏ ဘိုးဘေးမှော်သခင်ကြီးဖြစ်သော ကျူးလီ၏ ပါရမီသည် သူ့ခမည်းတော်ထက် သာလွန်သည်။
ကျူးလီ၏ ဦးဆောင်မှုအောက်မှာ အစွမ်းထက် ဂမ္ဘီရမှော်ဆရာများသည် သူတို့၏ အသက်ကို ဂရုမစိုက်ဘဲ တိုက်ခိုက်ကြသည်။ သို့ဖြစ်၍ နောက်ဆုံးမှာတော့ သူတို့သည် သူတို့မျိုးနွယ်ဆီသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားနေကြသော နတ်ဘုရားများကို နှိမ်နင်းနိုင်ခဲ့ကြသည်။
ကြီးမြတ်သော ထိုအောင်ပွဲသည် သမိုင်းတွင်စရာကိစ္စ ဖြစ်သည်။
ဝမ်ကူးကုန်းမြေမှ တခြားမျိုးနွယ်စုများက နတ်ဘုရားများ၏ ကပ်ဘေးကို ရင်ဆိုင်နေကြစဉ် ဂမ္ဘီရမှော်ဝင်မျိုးနွယ်သည် နတ်ဘုရားများ၏ ကျူးကျော်ဝင်ရောက်မှုကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပြီး သူတို့၏ ဇာတိမြေကို ကာကွယ်နိုင်ခဲ့ကြသည်။
ထို့ကြောင့် ကြီးမြတ်သော အောင်ပွဲကို ဂုဏ်ပြုရန်အတွက် မဟာဂမ္ဘီရမှော်သခင်သည် ဘိုးဘေးယဇ်ပလ္လင်ဆီသို့ ကိုယ်တိုင်တတ်ရောက်သွားပြီး ကောင်းကင်၏ အရှေ့မှာ ဒူးထောက်ခဲ့သည်။
သူ၏ အမူအရာသည် ရိုးသားမှုနှင့် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ သူက မျိုးနွယ်အတွက် နှစ်ပေါင်းမရေမတွက်နိုင်အောင် တိုက်ခိုက်ပေးခဲ့သော ဘိုးဘေးမှော်သခင်ကြီးနှင့် အစွမ်းထက် ဂမ္ဘီရမှော်ဆရာများကို အိမ်သို့ ပြန်လာရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ခဲ့သည်။
ဘိုးဘေးမှော်သခင်ကြီးကို ကြိုဆိုရန်အတွက် မဟာဂမ္ဘီရမှော်သခင်သည် မျိုးနွယ်ထဲမှ နာမည်ကျော်ကြားသော ဂမ္ဘီရမှော်ဆရာများဖြင့် အတူတကွ ပူးပေါင်းပြီး ပွဲအခမ်းအနားတစ်ခုကိုပင် ပြုလုပ်ခဲ့သည်။
ထိုနေ့တွင် မရေမတွက်နိုင်သော မျိုးနွယ်ဝင်များက အော်ဟစ်ချီးမြှောက်ခဲ့ကြသည်။ သူတို့က မဟာဂမ္ဘီရမှော်သခင်နှင့်အတူ ‘ အိမ်ပြန်လာပါ ’ဟူသော စကားကို ကျယ်လောင်စွာ အော်ပြောခဲ့ကြသည်။
သူတို့၏ အော်သံသည် တိမ်တိုက်များနှင့် မိုးကောင်းကင်အထိ ပျံ့နှံ့သွားသည်။ ယင်းကို နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်၏ အပြင်ဘက်မှ ကျူးလီနှင့် သူ၏ လက်အောက်ငယ်သားများက ကြားသွားကြသည်။
သူတို့၏ စိတ်ခံစားချက်များသည် ပရမ်းပတာ လှုပ်ခတ်သွားသည်။ နှစ်ပေါင်းသုံးထောင်ကြာ တိုက်ပွဲရှည်ကြီးကို ဆင်နွှဲပြီးနောက် သူတို့၏ ရဲဘော်ရဲဘက်အများအပြားသည် သေဆုံးသွားခဲ့ကြသည်။ ကျန်ရှိသော လူများသည် အားအင်ကုန်ခမ်းနေကြပြီ ဖြစ်သည်။
အကယ်၍ တခြားအချိန်မှာသာဆိုလျှင် သူတို့၏ နှလုံးသားက မြဲမြံပြီး အနောက်သို့ ဆုတ်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ယခု သူတို့က ကြီးမြတ်သော အောင်ပွဲကို ရရှိသွားခဲ့ပြီး နတ်ဘုရားများသည် ပြန်လည်ဆုတ်ခွာသွားကြပြီ ဖြစ်သည်။ ထို့ကြောင့် အိမ်ကို လွမ်းသော ခံစားမှုသည် သူတို့၏ နှလုံးသားထဲမှာ အလွန်အားကောင်းလာသည်။
ထိုသေမျိုးလောကထဲတွင် သူတို့၏ နောင်သားမျိုးဆက်များလည်း ရှိသည်။ သူတို့က ဇာတိမြေကို ပြန်ပြီး နှစ်ပေါင်းသုံးထောင်ကြာအောင် ကာကွယ်ပေးခဲ့သော သူတို့၏ မျိုးနွယ်ဝင်များကို ပြန်မြင်တွေ့ချင်လာသည်။
သို့သော်လည်း အဆုံးမှာ ကျူးလီက ငြင်းဆန်ခဲ့သည်။
သူက အစွမ်းထက် ဂမ္ဘီရမှော်ဆရာများနှင့်အတူ အိမ်မပြန်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားများက နောက်တစ်ကြိမ် တိုက်ခိုက်လာမည်ကို သူစိုးရိမ်သောကြောင့် ဖြစ်သည်။ သူ၏ မျိုးနွယ်က အမြဲတမ်း ဘေးကင်းလုံခြုံနေရန် သူသေချာချင်သည်။
ထို့ကြောင့် ကျူးလီသည် နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်အတွင်းမှ သူ့မျိုးနွယ်ကိုကြည့်၍ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး တိတ်တဆိတ် အကြည့်ပြန်ရုပ်လိုက်သည်။ သူက အစီအရင်၏ အပြင်ဘက်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ မျိုးနွယ်ကို ဆက်လက် ကာကွယ်ပေးလိုက်သည်။
သူ့ခန္ဓာကိုယ်၏ အပြင်ဘက်တွင် ခေါင်းကိုးလုံးနဂါးတစ်ကောင်က ဒြပ်ထည်ဖြစ်ပေါ်လာပြီး သူ့မျိုးနွယ်၏ ပိုင်နက်များကို လှည့်ပတ်လိုက်သည်။ ၎င်းက သူ၏ ဂမ္ဘီရမှော်အသွင်သဏ္ဍာန် ဖြစ်သည်။
တခြားဂမ္ဘီရမှော်ဆရာများသည်လည်း သူတို့၏ အိမ်လွမ်းစိတ်ကို တိတ်တဆိတ် ဖိနှိပ်လိုက်ပြီး သူတို့၏ ဂမ္ဘီရမှော်အသွင်သဏ္ဍာန်များကို အသီးသီး ထုတ်လွှတ်လိုက်ကြသည်။
အဝေးမှကြည့်လျှင် ဧရာမမှော်ဝင်သားရဲကြီးများက စည်းချအစီအရင်၏ အပြင်ဘက်မှာ လှည့်ပတ်နေကြပြီး ၎င်းတို့၏ မျိုးနွယ်ကို စိတ်ဓာတ်ပြတ်သားစွာ ဆက်လက် ကာကွယ်ပေးနေကြောင်း မြင်နိုင်လိမ့်မည်။
သူတို့က သေဆုံးရမည်ဆိုလျှင်ပင် မျိုးနွယ်ကို ကာကွယ်သည့် စစ်ပွဲအတွင်းမှာသာ သေဆုံးချင်သည်။ သူတို့က သေဆုံးရမည်ဆိုလျှင်ပင် လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်းမှာ အသက်ပေး၍ မျိုးနွယ်ကို ကာကွယ်ပေးခဲ့ကြသော သူတို့၏ ရဲဘော်ရဲဘက်များကဲ့သို့ မွန်မြတ်စွာ သေဆုံးချင်သည်။ သူတို့က သေဆုံးသွားလျှင်ပင် သူတို့၏ ဝိညာဉ်သည် နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်နှင့် ပေါင်းစပ်ပြီး မျိုးနွယ်ကို ဆက်လက် ကာကွယ်ပေးနေဦးလိမ့်မည်။
သူတို့သည် အသက်ရှင်နေချိန်မှာ မျိုးနွယ်ကို ကာကွယ်ပေးလိမ့်မည်။
သူတို့သေသွားပြီးနောက်မှာပင် မျိုးနွယ်ကို ဆက်ပြီး ကာကွယ်ပေးလိမ့်မည်။
အချိန်သည် ထပ်မံ ဖြတ်သန်းသွားပြီး နောက်ထပ် နှစ်ပေါင်းနှစ်ထောင် ကုန်ဆုံးသွားသည်။
ထိုနှစ်ပေါင်းနှစ်ထောင်အတွင်းမှာ နတ်ဘုရားများက ရံဖန်ရံခါ ကျူးကျော်ဝင်ရောက်ခဲ့သော်လည်း ကျူးလီနှင့် အစွမ်းထက် ဂမ္ဘီရမှော်ဆရာများ၏ ကာကွယ်ပေးမှုအောက်မှာ ထိုမျိုးနွယ်ကို မသိမ်းပိုက်နိုင်ကြောင်း ၎င်းတို့သတိပြုမိသွားကြသည်။ နတ်ဘုရားများအုပ်စိုးနေသော ဤလောကကြီးထဲမှာ ဂမ္ဘီရမှော်ဝင်မျိုးနွယ်၏ ပိုင်နက်သည် နတ်ဘုရားများအတွက် တားမြစ်နယ်မြေဖြစ်လာသည်။
ထိုအချိန်အတွင်းမှာ မဟာဂမ္ဘီရမှော်သခင်သည် ပိုပြီးရင့်ကျက်လာသည်။ သူက မရေမတွက်နိုင်သော မျိုးနွယ်ဝင်များကို ဦးဆောင်ပြီး ဘိုးဘေးယဇ်ပလ္လင်ပေါ်သို့ နောက်တစ်ကြိမ် တတ်သွားခဲ့သည်။ သူက ယဇ်ပလ္လင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ကောင်းကင်ကို ထပ်မံ အရိုအသေပေးလိုက်သည်။
သူက ဘိုးဘေးမှော်သခင်ကြီးကို အိမ်ပြန်လာရန် ဖိတ်ခေါ်သည်။
မရေမတွက်နိုင်သော မျိုးနွယ်ဝင်များသည်လည်း ဘိုးဘေးမှော်သခင်ကြီးကို အိမ်ပြန်လာရန် ဖိတ်ခေါ်ကြသည်။
ဤသည်မှာ မျိုးနွယ်၏ ဖိတ်ခေါ်မှုဖြစ်ပြီး မျိုးနွယ်၏ စိတ်ဆန္ဒဖြစ်သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်၏ အပြင်ဘက်တွင် တရားထိုင်နေကြသော ဂမ္ဘီရမှော်ဆရာများသည် မျက်လုံးဖွင့်လိုက်ကြပြီး အစီအရင်ထဲမှ သူတို့၏ ဇာတိမြေကို စိုက်ကြည့်လိုက်ကြသည်။
သူတို့က ဇာတိမြေထဲတွင် ဆောက်လုပ်ထားသော ဧရာမရုပ်တုများကို မြင်သွားသည်။ ယင်းတို့က သူတို့၏ ရုပ်တုများ ဖြစ်ကြသည်။
သူတို့က ဇာတိမြေနှင့် ဝေးကွာနေခဲ့သည်မှာ နှစ်ပေါင်းငါးထောင်ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးမှာတော့ သူတို့၏ အကြည့်က ခေါင်းဆောင်ဖြစ်သော ကျူးလီပေါ်သို့ ကျရောက်သွားသည်။
ကျူးလီသည် အချိန်အတော်ကြာ နှုတ်ဆိတ်သွားသည်။ သူက မျက်လုံးပြန်ဖွင့်လိုက်ပြီး ငြင်းပယ်ရန် ပြင်လိုက်သည်။ သို့သော်လည်း သူ့ဘေးမှ ရဲဘော်ရဲဘက်များ၏ ပင်ပန်းနွမ်းနယ်နေသော အသွင်ပုံစံနှင့် သူတို့၏ အတွေးများကို သတိပြုမိသောအခါ ငြင်းပယ်မည့်စကားကို သူမပြောနိုင်တော့ပေ။
သူက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး မတ်တတ်ရပ်လိုက်ကာ ခေါင်းညိတ်ပြသည်။
သူက ဂမ္ဘီရမှော်ဆရာအများအပြားကို ဇာတိမြေဆီသို့ ခေါ်ဆောင်သွားသည်။
ဤသည်မှာ သူက နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်မှ ပထမဆုံးအကြိမ် ထွက်ခွာခြင်းဖြစ်ပြီး သူ့ခမည်းတော်သေဆုံးပြီးနောက် မျိုးနွယ်စုဆီသို့ ပထမဆုံးအကြိမ် ပြန်သွားခြင်းဖြစ်သည်။
သူတို့က ဂမ္ဘီရမှော်ဝင်မျိုးနွယ်၏ ပိုင်နက်နယ်မြေထဲသို့ ဆင်းသက်လိုက်သည့်အခိုက် အော်ဟစ်ချီးမြှောက်သံများသည် လောကထဲမှာ ပဲ့တင်ထပ်သွားသည်။ မရေမတွက်နိုင်သော လူများသည် စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်ကြသည်။
ထိုလူများကို ကြည့်နေရင်း ကျူးလီသည် စိတ်ခံစားချက် ပြင်းထန်လာသည်။ နှစ်ပေါင်းငါးထောင်ကြာပြီးနောက် ဇာတိမြေပေါ်သို့ ပြန်ဆင်းသက်လာသည့်အခိုက် သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်က နွေးထွေးမှုကို ခံစားမိသွားသည်။
သို့သော်လည်း သူမမျှော်လင့်ထားခဲ့သည်မှာ အမြဲတမ်း သူယုံကြည်ထားခဲ့ပြီး နှစ်ပေါင်းငါးထောင်ကြာအောင် ကာကွယ်ပေးခဲ့သော မျိုးနွယ်ဝင်များနှင့် သူ၏ တန်ဖိုးထားခံရသော အမွေဆက်ခံသူက သူ့အတွက် သွေးလွှမ်းမည့် ပွဲအခမ်းအနားတစ်ခုကို ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
သူက ထိုနေရာမှ မည်သည့်အခါမှ ပြန်ထွက်မလာနိုင်တော့ပေ။
အဘယ့်ကြောင့်ဆိုသော် ထိုနေရာတွင် သူနှင့် ဂမ္ဘီရမှော်ဆရာများအတွက် အထူးပြင်ဆင်ထားသော ထောက်ချောက်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ ယင်းကို နှစ်ထောင်ပေါင်းများစွာကြာအောင် စနစ်တကျ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
သူ့ကို ဝမ်းပန်းတသာ ကြိုဆိုသည့် နေရာသည် သူနှင့် သူ့ရဲဘော်ရဲဘက်များအတွက် သင်္ချိုင်းမြေဖြစ်လာသည်။
သူအယုံကြည်ရဆုံး ပုဂ္ဂိုလ်သည် နတ်ဘုရားများနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ပြီး မျိုးနွယ်အတွင်းမှာ နတ်ဘုရားအစီအရင်တစ်ခုကို နှစ်ထောင်ပေါင်းများစွာကြာအောင် တိတ်တဆိတ် ပြင်ဆင်ခဲ့သည်။
ယင်းက သတ်ဖြတ်ခြင်းအစီအရင်ဖြစ်ရုံသာမက ချိပ်ပိတ်ခြင်းအစီအရင်ဖြစ်ပြီး နတ်ဘုရားဆင့်ခေါ်ခြင်းအစီအရင်လည်း ဖြစ်သည်။
ကျူးလီနှင့် သူ၏ ရဲဘော်ရဲဘက်များက ကုန်းမြေပေါ်သို့ ဆင်းသက်လာသည့်အခိုက် နတ်ဘုရားစည်းချအစီအရင်သည် အသက်ဝင်လာခဲ့သည်။
ထိုနေ့တွင် ကုန်းမြေတစ်ခုလုံး သွေးလွှမ်းသွားခဲ့သည်။
ထိုနေ့တွင် ဂမ္ဘီရမှော်ဝင်မျိုးနွယ်ကို နှစ်ပေါင်းငါးထောင်ကြာအောင် ကာကွယ်ပေးခဲ့သော ဘိုးဘေးမှော်သခင်ကြီး၏ နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်သည် ပြိုကွဲပျက်စီးသွားခဲ့သည်။
ထိုနေ့တွင် အနည်းငယ် ဒဏ်ရာပြန်သက်သာလာသော ပင့်ကူနတ်ဘုရားသည် နောက်တစ်ကြိမ် ရောက်ရှိလာသည်။ တစ်ချိန်တည်းမှာ ၎င်း၏ လက်အောက်မှ နတ်ဘုရားများသည် ဂမ္ဘီရမှော်ဝင်မျိုးနွယ်ဆီသို့ ဆင်းသက်လာကြသည်။
ထိုနေ့တွင် ဂမ္ဘီရမှော်ဆရာများ၏ အော်ဟစ်သံများနှင့် ငိုကြွေးသံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
သူတို့၏ အစုလိုက်အပြုံလိုက် သေဆုံးမှုသည် ဤနေရာ၏ အဓိကတေးသွားတစ်ခု ဖြစ်လာသည်။
ကျူးလီ၏ နှလုံးသားထဲတွင် ခံပြင်းဒေါသထွက်ခြင်း၊ နာကျည်းမုန်းတီးခြင်းနှင့် ရူးသွပ်ခြင်းဖြင့် ပြည့်နှက်သွားသည်။ အယုံကြည်ရဆုံးလူထံမှ နောက်ကျောကို ဓားဖြင့် အထိုးခံရခြင်းသည် သူ့ကို အကြီးအကျယ် ဒေါသထွက်စေပြီး ပြင်းထန်သော ခါးသီးမှုကို ခံစားရစေသည်။
သို့သော်လည်း ရလဒ်သည် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်၏ ပြိုကွဲပျက်စီးသွားမှုနှင့် သစ္စာဖောက်မျိုးနွယ်ဝင်များ၏ လုပ်ဆောင်မှုကြောင့် ကျူးလီ၏ လက်အောက်မှ အစွမ်းထက် ဂမ္ဘီရမှော်ဆရာများသည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ကြသည်။ ကျူးလီသည် အသက်စတေး၍ တိုက်ခိုက်ခဲ့သည့်တိုင် ပင့်ကူနတ်ဘုရားကို နောက်တစ်ကြိမ် အပြင်းအထန် ဒဏ်ရာရရှိစေရုံသာ စွမ်းဆောင်နိုင်ခဲ့သည်။
သူက မျိုးနွယ်၏ သစ္စာဖောက်မှုကြောင့် နောင်တရစွာ သေဆုံးသွားခဲ့သည်။
သူ၏ အလောင်းသည် မြေပြင်၏ အနက်ပိုင်းထဲမှာ ချိပ်ပိတ်ခံလိုက်ရပြီး ပင့်ကူနတ်ဘုရား၏ ဖိနှိပ်ခံလိုက်ရသည်။ ပင့်ကူနတ်ဘုရားသည်တော့ ဒဏ်ရာပြန်ကုသရန် ကျူးလီ၏ အသွေးအသားများကို စုပ်ယူလိုက်သည်။
ကျူးလီနှင့်အတူ သေဆုံးသွားခဲ့ကြသော ရဲဘော်ရဲဘက်များ၏ အသွေးအသားများနှင့် ပျက်စီးသွားသော ဝိညာဉ်များသည် ဤနယ်မြေထဲမှာ ပြည့်နှက်သွားပြီး ကုန်းမြေနှင့် တစ်သားတည်း ပေါင်းစပ်သွားသည်။
ထို့ပြင် ဤနေရာမှ နတ်ဘုရားစည်းချအစီအရင်သည် မပျောက်ကွယ်သွားဘဲ ထာဝရ တည်ရှိလာသည်။
ရှေးဟောင်းလေသည် တဖြည်းဖြည်း လွင့်ပြယ်သွားသည်။ လွမ်းချင်းတေးသွားသည်လည်း ပျောက်ကွယ်သွားသည်။
ရွှီချင်းသည် မျက်လုံးပြန်ဖွင့်လိုက်သည်။
အယုံကြည်ရဆုံးလူထံမှ သစ္စာဖောက်ခံရခြင်း၏ ပြင်းထန်သော နာကျင်မှုနှင့် နာကျည်းမုန်းတီးမှုသည် သူ၏ စိတ်ထဲရှိ မှတ်ဉာဏ်အပိုင်းအစများထဲမှ ထွက်ပေါ်လာသည်။
ယင်းက သူ၏ စိတ်ခံစားမှု မဟုတ်ပေ။ သို့သော်လည်း ထိုစိတ်ခံစားမှုသည် အလွန်ပြင်းထန်သည်။
ထိုစိတ်ခံစားမှုက ကျူးလီထံမှဖြစ်ကြောင်း သူသိသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ကျူးလီ၏ စိတ်ခံစားမှုများကို ဖိနှိပ်နိုင်သွားသည်။ သို့သော်လည်း သူ၏ အမူအရာက အနည်းငယ် စိတ်ရှုပ်ထွေးနေပုံပေါ်သည်။
သူက ယင်းကို အစကတည်းက ခန့်မှန်းထားခဲ့သော်လည်း ထိုမှတ်ဉာဏ်အပိုင်းအစများမှတဆင့် သမိုင်းကြောင်းအမှန်ကို အာရုံခံမိသွားသောအခါ သူ့မှာ ကျူးလီအပေါ် ပိုပြီးလေးနက်သော အမြင်ရှိလာသည်။ ဤကုန်းမြေအတွက်လည်း အတူတူဖြစ်သည်။
ကျူးလီသေဆုံးသွားပြီးနောက် မှတ်ဉာဏ်များက အဆုံးသတ်သွားခဲ့သော်လည်း နောက်ဆက်ဖြစ်လာမည့်အရာကိုတော့ ရွှီချင်း ခန့်မှန်းကြည့်နိုင်သည်။
ကျူးလီသေဆုံးသွားပြီး နှစ်ပေါင်းများစွာကြာပြီးနောက် ကျူးလီနှင့် သူ့ရဲဘော်ရဲဘက်များ၏ အသွေးအသားများနှင့် ဝိညာဉ်၏ အားဖြည့်ပေးမှုအောက်မှာ ရက်စက်ကြမ်းကြုတ်သော သားရိုင်းကောင်များသည် ဤနေရာမှာ မွေးဖွားလာကြသည်။
၎င်းတို့က ပုံသဏ္ဍာန်အမျိုးမျိုးရှိပြီး ရက်စက်ကြမ်းကြုတ်ခြင်းနှင့် အမုန်တရားဖြင့် ပြည့်နှက်နေကြသည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့က ကျူးလီနှင့် ဂမ္ဘီရမှော်ဆရာများ၏ နာကျည်းမုန်းတီးမှုနှင့် သူတို့၏ မကျေမချမ်းစိတ်ဆန္ဒမှ ဖြစ်တည်လာသောကြောင့် ဖြစ်သည်။
၎င်းတို့၏ အသွင်သဏ္ဍာန်သည် ဂမ္ဘီရမှော်ဆရာများ၏ ဂမ္ဘီရမှော်အသွင်သဏ္ဍာန်နှင့် ဇစ်မြစ်တူညီသည်။
မည်သို့ဖြစ်ပါစေ ဂမ္ဘီရမှော်ဆရာများ၏ ဂမ္ဘီရမှော်အသွင်သဏ္ဍာန်သည် ရက်စက်ကြမ်းကြုတ်သော ဧရာမသားရဲများ ဖြစ်ကြသည်။
နောက်ပိုင်းတွင် ဤနေရာကို တောင်တန်းပင်လယ်ဒေသကြီးအဖြစ် ခေါ်ဝေါ်ခဲ့ကြသည်။
ရွှီချင်းသည် နောက်ဆုံးမှာတော့ တောင်တန်းပင်လယ်ဒေသကြီးထဲမှ သားရဲများ၏ ဇစ်မြစ်ကို နားလည်သွားသည်။
ဤအခိုက်အတန့်မှာ သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ နှလုံးသားထဲမှ ကျူးလီ၏ နောက်ဆုံးစိတ်ဆန္ဒကို ဖျက်ဆီးပစ်လိုက်သည်။
သူက ရွှီချင်းဖြစ်သည်။ ကျူးလီမဟုတ်ပေ။
ကျူးလီ၏ နောက်ဆုံးစိတ်ဆန္ဒကို ဖျက်ဆီးပစ်ပြီးနောက် ရွှီချင်း၏ အမူအရာသည် ပြန်လည်တည်ငြိမ်သွားသည်။ သို့သော်လည်း သူက သံသယရှိနေဆဲပင်။
သူ၏ နောက်ဆုံးမှတ်ဉာဏ်ထဲမှာ ပင့်ကူနတ်ဘုရားသည် ကျူးလီ၏ အလောင်းကို ချိပ်ပိတ်ပြီး ဒဏ်ရာပြန်ကုသရန် ကျူးလီ၏ အစွမ်းကို စုပ်ယူနေခဲ့သည်။
သို့သော်လည်း စိမ့်တောမြေအောက်မှ လှိုင်ဂူထဲတွင် ရွှီချင်းမြင်လိုက်ရသည်မှာ ပင့်ကူနတ်ဘုရားသည် နေ၊ လ၊ ကြယ် နတ်ဘုရားသုံးပါး၏ ချိပ်ပိတ်ခံထားရသည်။
“ အနာဂတ်မှာ တခြားအဖြစ်အပျက်တွေ ဖြစ်ခဲ့တာလား… နတ်ဘုရားသုံးပါးက ဘယ်တုန်းက ရောက်လာတာလဲ ”
တစ်ခဏကြာပြီးနောက် ရွှီချင်းသည် ထိုအကြောင်းကို ဆက်မတွေးတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးသည် နောက်ဆုံးဦးခေါင်းခွံကို ဆည်ယူရန်ဖြစ်သည်။
ဦးခေါင်းခွံရှစ်ခုကြောင့် သူက မီးခိုးရောင်မြူခိုးကို သိမ်းဆည်းပြီး ဤနေရာမှ ထွက်သွားနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း သူက ဦးခေါင်းခွံရှစ်ခုကို ဆည်ယူပြီးပြီဖြစ်လေရာ မည်သို့ကြောင့် နောက်ဆုံးတစ်ခုကို ချန်ထားနိုင်မည်နည်း။
သူက ကိစ္စတစ်ခုကို ဆောင်ရွက်ရန် စိတ်ဆုံးဖြတ်ထားပြီးလျှင် အဆုံးထိ ဆောင်ရွက်လိမ့်မည်။
အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလို ခရမ်းသလင်းကျောက်သည် ပြင်းထန်စွာ တုန်ယင်လာပြီး ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ခရမ်းရောင်အလင်းထဲမှ ဦးခေါင်းခွံရှစ်ခုသည် ချန်းအားညို၏ အစီအရင်အတိုင်း ၎င်းတို့ဘာသာ ဖွဲ့စည်းသွားကြသည်။
ဤတစ်ကြိမ်တွင် သူက ဦးခေါင်းခွံငါးခုတည်းကို အသုံးမပြုတော့ပေ။ ယင်းအစား သူက ဦးခေါင်းခွံရှစ်ခုစလုံးကို အသုံးပြု၍ နောက်ဆုံးဦးခေါင်းခွံကို ခြေရာကောက်လိုက်သည်။
မကြာမီ အားလှိုင်းစက်ကွင်းများသည် ဦးခေါင်းခွံရှစ်ခုစလုံးမှ ထွက်ပေါ်လာကြပြီး အချင်းချင်း ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ထို့နောက် အနက်ရောင်ဝဲကတော့တစ်ခုသည် ဦးခေါင်းခွံရှစ်ခု၏ အလယ်မှာ ထွက်ပေါ်လာပြီး နဝမမြောက်ဦးခေါင်းခွံကို ပုံရိပ်ပြန်လာသည်။
ရွှီချင်းသည် နောက်ထပ် ချိပ်တံဆိပ်လက်ဟန်များကို ချက်ချင်း ဖွဲ့စည်းလိုက်သည်။ ရေတွင်းထဲမှ လကို မျှားခြင်း၏ နတ်ဘုရားအစွမ်းသည် ပျံ့နှံ့ထွက်လာသည်။ လောကကြီးက ရေတွင်းအဖြစ် ပြောင်းလဲသွားသည့်အခိုက် သူက လက်မြှောက်လိုက်ပြီး ရေပြင်ထဲမှ ဦးခေါင်းခွံကို ဆည်ယူလိုက်သည်။
သို့သော်လည်း သူ၏ လက်က နဝမမြောက်ဦးခေါင်းခွံဖြင့် ထိတွေ့သွားသည့်အခိုက် အံ့ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျတစ်ခုသည် စိမ့်တောမြေ၏ ပေတစ်သောင်းအောက်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသည်။
လှိုင်ဂူထဲမှ နတ်စင်သည် ရုတ်တရက် တုန်ယင်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ထိုအရှိန်အဝါသည် ကမ္ဘာဖျက်ဆီးနိုင်လုနီးပါး အံ့ဖွယ်ကောင်းသည်။ ထိုအရှိန်အဝါထွက်ပေါ်လာသည့်အခိုက် ကျူးလီတားမြစ်ဇုန်တစ်ခုလုံး တုန်ယင်သွားသည်။ ယင်းက အပြင်လောကထိပင် ပျံ့နှံ့သွားပြီး တောင်တန်းပင်လယ်ဒေသကြီးတစ်ခုလုံးပေါ် သက်ရောက်သွားသည်။
ချက်ချင်းဆိုသလို တောင်တန်းပင်လယ်ဒေသကြီးသည် တုန်ယင်သွားသည်။ လောက၏ အရောင်သည် ပြောင်းလဲသွားပြီး ဒြပ်နှောများက ပေါ်လျှိုးလာသည်။ ဒေသကြီးထဲမှ အရာအားလုံးသည် ဝေဝါးလာပြီး ပုံပျက်တွန့်လိမ်လာသည်။
ဤသည်မှာ နတ်ဘုရားမျက်နှာပျက်ကြီးက မျက်လုံးဖွင့်လိုက်သည့်အလားပင်။
တောင်တန်းပင်လယ်ဒေသကြီးထဲမှ မရေမတွက်နိုင်သော သားရဲများသည် တုန်ယင်သွားကြသည်။ ၎င်းတို့က မျက်လုံးနီရဲလာပြီး နာကျည်းမုန်းတီးမှုဖြင့် ပြည့်နှက်နေသော ဟိန်းသံများကို ထုတ်ဖော်လိုက်ကြသည်။
ဤနေရာတွင် အမဲလိုက်နေကြသော ကျင့်ကြံသူများသည် ကြောက်ရွံ့သွားကြသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်က မည်မျှမြင့်မားပါစေ မရေမတွက်နိုင်သော သားရဲများ၏ ဟိန်းသံများနှင့် တောင်တန်းပင်လယ်ဒေသကြီး၏ မူမမှန်မှုကို အာရုံခံမိသွားသောအခါ အမူအရာပျက်ယွင်းသွားကြသည်။ သို့သော်လည်း ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းကို သူတို့မသိကြပေ။
ဂျိဒုန်းဇီသည် သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက လေထဲမှာ ပျံသန်းနေသည်။ တောင်တန်းပင်လယ်ဒေသကြီး၏ ရုတ်တရက် အပြောင်းအလဲကို အာရုံခံမိသွားသောအခါ ပျံသန်းနေသော သူ၏ ပုံရိပ်က ချက်ချင်း ရပ်တန့်သွားသည်။ သူ၏ အသက်ရှူသံက မြန်ဆန်လာပြီး သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ ထို့နောက် သူက ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ကျူးလီတားမြစ်ဇုန်၏ ဦးတည်ရာကို ကြည့်လိုက်သည်။
ထိုစွမ်းအင်လှိုင်းအတတ်အကျ၏ ဇစ်မြစ်က ကျူးလီတားမြစ်ဇုန်မှ ဖြစ်ကြောင်း သူအာရုံခံနိုင်သည်။
အကယ်၍ တခြားအချိန်မှာသာဆိုလျှင် သူက ယင်းကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ကျူးလီတားမြစ်ဇုန်ထဲသို့ ဝင်ရောက်သွားခဲ့သော ရွှီချင်း၏ ပုံရိပ်က ယခု သူ၏ စိတ်ထဲမှာ ပြန်ထွက်ပေါ်လာသည်။
စိတ်မသက်မသာဖြစ်သော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။