ပဉ္စမမြောက် လျှို့ဝှက်ရတနာသိုက်… ဂမ္ဘီရမှော်ဝင်ရတနာသိုက်
Vol. 83 Ch. 1275
ခုနစ်ရက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်းမှာ ကုန်ဆုံးသွားသည်။
ကျူးလီတားမြစ်ဇုန်ထဲတွင် ပင့်ကူနတ်ဘုရား၏ နတ်စင်ကို ပြန်လည်ချိပ်ပိတ်လိုက်ပြီဖြစ်သောကြောင့် တောင်တန်းပင်လယ်ဒေသကြီးထဲမှ အားလှိုင်းအတတ်အကျများသည် ပြန်ငြိမ်သက်သွားသည်။
ဒေသကြီးထဲမှ သားရိုင်းများသည် ဆက်ပြီး မဟိန်းဟောက်ကြတော့ပေ။ ၎င်းတို့၏ ဝိညာဉ်နှင့် သွေးမျိုးဆက်ထဲမှ အမုန်းတရားသည် တဖြည်းဖြည်း လွင့်ပြယ်သွားပြီး ၎င်းတို့၏ သားရဲသဘာဝက အရာအားလုံးကို ပြန်လည်အစားထိုးသွားသည်။
သို့သော်လည်း မဟာအမဲလိုက်ပွဲတော်ထဲမှာ ပါဝင်ယှဉ်ပြိုင်ကြသည့် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများသည်တော့ စိတ်မအေးနိုင်ကြသေးပေ။ မတူညီသော ခန့်မှန်းမှုအမျိုးမျိုးက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
သူတို့ထဲမှ အများစုသည် မတူညီသော နည်းလမ်းအမျိုးမျိုးမှတဆင့် တောင်တန်းပင်လယ်ဒေသကြီးထဲမှ စွမ်းအင်လှိုင်းများ၏ ဇစ်မြစ်ကို အာရုံခံမိသွားကြသည်။ သို့ဖြစ်၍ သူတို့က ကျူးလီတားမြစ်ဇုန်အနားသို့ မချဉ်းကပ်ဝံ့ကြပေ။
ရွှီချင်းပုန်းအောင်းနေသော တောင်တန်းဒေသက ကျူးလီတားမြစ်ဇုန်နှင့် အနည်းငယ် ဝေးကွာနေသည့်တိုင် ဤတစ်ပတ်အတွင်းမှာ ဖြတ်သန်းသွားလာသူ အနည်းအကျဉ်းသာ ရှိခဲ့သည်။
ထို့ပြင် သူပုန်းအောင်းနေသော နေရာက အလွန်လျှို့ဝှက်ပြီး မီးခိုးရောင်မြူခိုးကို ခရမ်းသလင်းကျောက်က အပြည့်အဝ စုပ်ယူလိုက်ပြီဖြစ်သောကြောင့် မည်သူမှ ရွှီချင်းကို သတိမပြုမိကြချေ။
ထို့ကြောင့် ရွှီချင်းသည် ဤခုနစ်ရက်အတွင်းမှာ ကျူးလီဂမ္ဘီရမှော်ဝင်ရတနာသိုက်အား သန့်စင်ရန် အပြည့်အဝ အာရုံစိုက်ထားနိုင်ခဲ့သည်။
အကယ်၍ သူက ကျူးလီကို အပြည့်အဝ ထိန်းချုပ်ပြီး သူ့အပိုင်ဖြစ်စေချင်သည်ဆိုလျှင် ဦးခေါင်းခွံကိုးခုကို ဂမ္ဘီရမှော်ဝင်ရတနာသိုက်အဖြစ် သန့်စင်ပစ်ရလိမ့်မည်။
သို့သော်လည်း ထိုအဆင့်သည် လွယ်ကူသောအရာ မဟုတ်ပေ။
ပထမဆုံး သူလုပ်ဆောင်ရမည်မှာ သူ့ခန္ဓာကိုယ်၏ အပြင်ဘက်တွင် မျောလွင့်နေသော မီးအိမ်ကိုးခုကို သူ၏ ခန္ဓာကိုယ်ထဲသို့ တစ်ခုပြီးတစ်ခု ပေါင်းစပ်ရန် မဟုတ်ပေ။ ယင်းအစား သူက မီးအိမ်များအတွက် သင့်လျော်သော လျှို့ဝှက်ရတနာသိုက်တစ်ခု၏ အခြေခံအုတ်မြစ်ကို အရင်ဦးစွာ တည်ဆောက်ရလိမ့်မည်။
လျှို့ဝှက်ရတနာသိုက်၏ အခြေခံအုတ်မြစ်သည် အရေးကြီးသည်။ ယင်းက ကျူးလီ၏ ပေါင်းစပ်မှုကို ခံနိုင်ရည်ရှိရမည့်အပြင် ရွှီချင်းနှင့် ကျူးလီကြားမှ ပေါင်းစပ်မှုကို နောက်ဆုံးအထိ ကူညီပေးနိုင်ရမည်။
သို့ဖြစ်၍ တစ်ခဏ တွေးတောပြီးနောက် ရွှီချင်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
အသွေးအသားများကို အခြေခံအုတ်မြစ်အဖြစ် သဘောထားပြီး အရိုးများကို တောင်အဖြစ် သဘောထားမည်။
ထိုခုနစ်ရက်အတွင်းမှာ သူက သူ့ကိုယ်ပိုင် အသွေးအသားများကို လှီးထုတ်၍ သူ၏ အသိစိတ်ပင်လယ်ထဲမှာ စုပုံစေပြီး လျှို့ဝှက်ရတနာသိုက်အတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်လိုက်သည်။
ထိုလုပ်ငန်းစဉ်အတွင်းမှာ အသွေးအသားအများအပြားကို လိုအပ်လိမ့်မည်။ ပုံမှန်အခြေအနေမှာဆိုလျှင် အကယ်၍ ရွှီချင်းက သူ၏ အသွေးအသားအားလုံးကို အသုံးပြုမည်ဆိုလျှင်ပင် ယင်းက လုံလောက်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူက လပူဇော်ဒေသကြီးထဲမှ အစိမ်းရောင်သဲကန္တာရထဲမှာ တိုက်ခတ်သော အဖြူရောင်လေကို စဉ်းစားမိသွားသည်။
ထိုလေသည် အသွေးအသားများနှင့် အရိုးများကို အစီအစဉ်မကျစွာ ကြီးထွားစေနိုင်သည်။ အတိတ်တွင် အစိမ်းရောင်သဲကန္တာရထဲမှာ အဖြူရောင်လေဖြင့် ထိတွေ့သွားသော မည်သူမဆို သူတို့၏ အသွေးအသားများက အစီအစဉ်မကျစွာ ကြီးထွားလာပြီး နောက်ဆုံးမှာ အသွေးအသားတောင်ကြီးအဖြစ် ပြောင်းလဲသွားကာ သေဆုံးသွားလိမ့်မည်။
သူက ထိုသဘာဝလွန်ဖြစ်စဉ်ကို လေ့လာခဲ့ဖူးပြီး တခြားလူများအပေါ်မှာလည်း စမ်းသပ်မှုများ ပြုလုပ်ခဲ့ဖူးသည်။ ကျိန်စာဖယ်ရှားဆေးလုံးများကို ဖန်တီးရာတွင် ယင်းက အရေးပါသော ဆေးဖော်စပ်နည်းတစ်ခု ဖြစ်ခဲ့သည်။
တစ်ချိန်တည်းမှာ ထိုကြီးထွားလာသော အသွေးအသားများက သူ့ကိုယ်ပိုင်အသွေးအသားများသာ ဖြစ်ကြောင်း သူရှာတွေ့ခဲ့သည်။
ထို့ကြောင့် တစ်ခဏကြာ စဉ်းစားပြီးနောက် ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ အဖြူရောင်လေဖြင့် ဖန်တီးထားသော ဆေးလုံးများကို စတင်ဝါးမျိုလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း အစီအစဉ်မကျစွာ ကြီးထွားလာသည်။
သူ၏ လက်သည် ရှစ်ချောင်းဖြစ်လာပြီး သူ၏ ခြေထောက်သည် ဒါဇင်ခန့် တိုးပွားလာကြသည်။ ဦးခေါင်းအများအပြားသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ အရူးအမူး ထွက်ပေါ်လာကြသည်။ သူ၏ ခန္ဓာကိုယ်သည် ပုံဆိုးပန်းဆိုးဖြစ်လာပြီး ဖောင်းကားလာသည်။
အသစ်ထွက်ပေါ်လာသော အသွေးအသားများ၏ အကူအညီနှင့်အတူ ရွှီချင်းက ဆေးလုံးများကို ဆက်လက် စားသုံးလိုက်သည့်အခါ သူ၏ အသိစိတ်ပင်လယ်ထဲမှ လျှို့ဝှက်ရတနာသိုက်၏ အခြေခံအုတ်မြစ်သည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။
ထိုအတောအတွင်းမှာ သူက အဖြူရောင်လေ ဆေးလုံးအများအပြားကို စားသုံးခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ပုံဆိုးပန်းဆိုး အသွေးအသားများသည် အလွန်အမင်း ကြီးမားလာပြီး အံ့ဖွယ်ကောင်းသော အဆင့်ထိ ရောက်ရှိသွားသည်။ သူက အသွေးအသားတောင်ကြီးအဖြစ်သို့ မကြာခဏ ပြောင်းလဲသွားခဲ့သည်။
သူက အားနည်းမှုကို မကြာခဏ ခံစားမိခဲ့သည်။
ကံကောင်းစွာဖြင့် သူ့မှာ ခရမ်းသလင်းကျောက်၏ ပြန်လည်ကုသနိုင်စွမ်း ရှိသည်။ ထို့ကြောင့် သူက ဆက်ပြီး လုပ်ဆောင်နိုင်ခဲ့သည်။
နောက်ဆုံးမှာတော့ သူ၏ အသွေးအသားများသည် ပေတစ်သိန်းအရွယ်အစားရှိသော ကုန်းမြေတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ယင်းက သူ၏ အကန့်အသတ်ဖြစ်သည်။
ပေတစ်သိန်းကျယ်ဝန်းသော အသွေးအသားသည် သူ့ကိုယ်ပိုင်ဖြစ်သည်။ သူက ထိုအသွေးအသားကုန်းမြေကို လျှို့ဝှက်ရတနာသိုက်၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုလိမ့်မည်။
ထို့ပြင် ပေတစ်သိန်းကျယ်ဝန်းသော အသွေးအသားကုန်းမြေပေါ်မှာ ရွှီချင်း၏ အရိုးများက ဆက်လက် စုပုံသွားကြသည်။ ထို့နောက် သူ၏ အရိုးများသည် တောင်ကိုးလုံးအဖြစ် ဖွဲ့စည်းသွားကြသည်။
ထိုအရိုးတောင်ကိုးလုံးသည် ဦးခေါင်းခွံများနှင့် ဆင်တူကြသည်။
စိမ့်တောမြေ၏ ပေတစ်သောင်းအောက်မှ ကျူးလီ၏ အသွင်ပုံစံအတိုင်း ရွှီချင်းက ယင်းကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ကုန်းမြေသည် သူ၏ အသွေးအသားဖြစ်ပြီး တောင်များသည် သူ၏ အရိုးများဖြစ်သည်။
လျှို့ဝှက်ရတနာသိုက်အတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ပြီးနောက် တောင်တန်းဒေသအောက်မှ ရွှီချင်းသည် မျက်လုံးပြန်ဖွင့်လိုက်သည်။
သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး သူ၏ ခန္ဓာကိုယ်သည် အားနည်းနေသည်။ သူ၏ မျက်လုံးထဲမှ စိတ်ဝိညာဉ်သည် အများကြီး မှေးမှိန်သွားသည်။ သူက ထိုအတွက် စွမ်းအင်အများကြီး ကုန်ဆုံးခဲ့သည်။
သို့သော်လည်း သူ၏ မျက်လုံးထဲမှာ အလင်းရောင်က ဆက်ရှိနေဆဲပင်။
“ အခြေခံအုတ်မြစ်ကို ငါ့ရဲ့ အသွေးအသားတွေနဲ့ အရိုးတွေနဲ့ ဖွဲ့စည်းပြီးသွားပြီ… နောက်တစ်ဆင့်က အဲ့ဒါကို ဦးခေါင်းခွံကိုးခုနဲ့ ပေါင်းစပ်ရမယ် ”
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်မှာ လွင့်မျောနေသော မီးအိမ်ကိုးခုကို စိုက်ကြည့်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး မီးအိမ်တစ်ခုထံသို့ လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ လက်ညှိုးညွှန်ခံလိုက်ရသော မီးအိမ်သည် တုန်ယင်လာပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
မီးအိမ်က သူ၏ လက်ညှိုးနှင့် ထိတွေ့သွားသည့်အခိုက် ယင်းက ရွှီချင်း၏ အရှေ့မှာ မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။ မီးအိမ်က ပြန်ပေါ်လာသည့်အခါ ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲသို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်သည်။ မီးအိမ်သည် ပေတစ်သိန်းကျယ်ဝန်းသော အသွေးအသားကုန်းမြေပေါ်မှ အရိုးတောင်တစ်လုံးဆီသို့ ပျံသန်းသွားပြီး ယင်းနှင့် ပေါင်းစပ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ မီးအိမ်သည် အရိုးတောင်နှင့် တွေ့ဆုံသွားသည်။ မီးခိုးရောင်မြူခိုးသည် မီးအိမ်ထဲမှ ပေါ်လျှိုးထွက်လာပြီး အရိုးတောင်ထဲသို့ ပေါင်းစပ်သွားသည်။
ထိုသို့ပေါင်းစပ်သွားသည့်အခိုက် ဦးခေါင်းခွံတောင်သည် တုန်ယင်သွားသည်။ မီးခိုးရောင်မြူခိုး၏ ဖုံးလွှမ်းမှုအောက်မှာ အသွေးအသားများက တောင်ပေါ်မှာ ထွက်ပေါ်လာသည်။ အနက်ရောင်မီးတောက်ဘောလုံးနှစ်လုံးသည် မူလက ဟောင်းလောင်းပေါက်ဖြစ်နေသော ဦးခေါင်းခွံ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ထို့နောက် နွားသိုးတစ်ကောင်၏ ဟိန်းသံသည် ဦးခေါင်းခွံထဲမှ မြည်ဟိန်းထွက်လာသည်။
ချက်ချင်းဆိုသလို ထူးဆန်းသော သားရဲတစ်ကောင်က ထွက်ပေါ်လာသည်။ ၎င်းက နွားသိုးနှင့်ဆင်တူပြီး ရွှေရောင်ခန္ဓာကိုယ်နှင့် ရွှေရောင်စစ်ချပ်ဝတ်ရှိသည်။ ၎င်း၏ ဦးခေါင်းသည်တော့ နဂါးဦးခေါင်း ဖြစ်သည်။ ၎င်းသည် ကောင်းကင်ကို မော့ကြည့်၍ ဟိန်းဟောက်လိုက်ပြီး နတ်ဘုရားတစ်ပါး၏ ရေရွတ်သံတစ်သံကို ထုတ်လွှတ်လိုက်သည်။
“ ဂမ္ဘီရမှော်ဝင်သားရဲ ချိုးညို ”
၎င်းက အလွန်အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်လေရာ ယင်းက ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ အဆုံးမဲ့စွာ လှုပ်ခတ်သွားသည်။
၎င်းနှင့် ရွှီချင်းကြားမှ ဆက်နွယ်မှုသည် တစ်သားတည်း ဖြစ်သွားသည်။
သို့ဖြစ်၍ ထိုသားရဲ၏ နာမည်က ချိုးညိုဖြစ်ပြီး အတိတ်တွင် ၎င်းက ကျူးလီ၏ ဂမ္ဘီရမှော်အသွင်သဏ္ဍာန်များထဲမှ တစ်ခုဖြစ်ကြောင်း ရွှီချင်း နားလည်သွားသည်။
“ ဦးခေါင်းခွံကိုးခုမှာ မတူညီတဲ့ ဂမ္ဘီရမှော်အသွင်သဏ္ဍာန်ကိုးခု ရှိတယ် ”
ယင်းက အမှန်တကယ် အကျိုးသက်ရောက်မှုရှိကြောင်း မြင်သွားသောအခါ ရွှီချင်းသည် စိတ်လှုပ်ရှားသွားသည်။ ထို့ကြောင့် သူက ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး ဒုတိယမြောက်မီးအိမ်ကို သူ၏ လျှို့ဝှက်ရတနာသိုက်ထဲသို့ ပေါင်းစပ်သွားစေသည်။ မကြာမီ ဒုတိယသားရဲသည် တခြားအရိုးတောင်ပေါ်မှာ ထွက်ပေါ်လာသည်။
၎င်းသည် မြေခွေးခန္ဓာကိုယ်နှင့် နဂါးဦးခေါင်းရှိသော သားရဲတစ်ကောင်ဖြစ်သည်။ ၎င်းက ရက်စက်ကြမ်းကြုတ်ခြင်းနှင့် သွေးဆာသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်းက တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို အလွန်နှစ်ချိုက်ဟန် ရသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အန္တရာယ်အငွေ့အသက်သည် အလွန်ပြင်းထန်သည်။
အထူးသဖြင့် ၎င်း၏ တစ်ကိုယ်လုံးက မည်းနက်နေပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။ ၎င်းထွက်ပေါ်လာသည့်အခိုက် သူ့စိတ်ထဲမှာ ပြိုင်ဘက်ကင်း လူသတ်လက်နက်တစ်ခုက ဤလောကပေါ်သို့ ဆင်းသက်လာသည့်အလား ရွှီချင်း ခံစားမိသွားသည်။
အတိတ်တွင် ရွှီချင်းသည် ဂျိဒုန်းဇီထံမှ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အာရုံခံမိခဲ့သည်။
သို့သော်လည်း ဤသားရဲနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့ကြားမှ ကွားခြားမှုသည် အလွန်ကြီးမားသည်။
ဤအခိုက်အတန့်မှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပျံ့လွင့်သွားသည့်အခါ ၎င်းက နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်သည်။
“ ဂမ္ဘီရမှော်ဝင်သားရဲ ရာဇီ ”
“ ဘယ်လောက်ပြင်းထန်လိုက်တဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒလဲ… ”
ရွှီချင်းသည် နှလုံးတုန်သွားပြီး ခြိမ်းခြောက်မှုကို ခံစားမိသွားသည်။
အချိန်အတန်ကြာပြီးနောက် သူ၏ အသိစိတ်ပင်လယ်ထဲမှ လှိုင်းအတတ်အကျများက ငြိမ်သက်သွားသည့်အခါ ရွှီချင်းသည် ညာလက်ကို မြှောက်လိုက်ပြီး မီးအိမ်သုံးခုထံသို့ လက်ညှိုးညွှန်လိုက်သည်။
မီးအိမ်သုံးခုက ရွှီချင်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည့်အခါ ယင်းတို့က တတိယမြောက်အရိုးတောင်၊ စတုတ္ထမြောက်အရိုးတောင်နှင့် ပဉ္စမမြောက်အရိုးတောင်ပေါ်သို့ အသီးသီး ကျဆင်းသွားကြသည်။
ယခုလေးတင် ငြိမ်သက်သွားခဲ့သော သူ၏ အသိစိတ်ပင်လယ်ထဲ၌ အလွန်ကျယ်ပြောသော မုန်တိုင်းတစ်ခု ပေါ်လျှိုးလာသည်။
မီးအိမ်သုံးခုက အရိုးတောင်များဖြင့် ပေါင်းစပ်သွားသည့်အခိုက် မတူညီသော အသွင်သဏ္ဍာန်၊ မတူညီသော အရွယ်အစားဖြင့် သားရဲသုံးကောင်က တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။ ၎င်းတို့၏ အရှိန်အဝါသည် အလွန်အံ့ဖွယ်ကောင်းသည်။
ရွှီချင်း၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်သွားသည်။ သူက ထိုသက်ရောက်မှုဒဏ်ကို မတောင့်ခံနိုင်လုနီးပါး ဖြစ်သွားသည်။ သူက ခရမ်းသလင်းကျောက်ဖြင့် သူ့ကိုယ်သူ ပြန်ကုသလိုက်ရသည်။ ထို့နောက် သူက ဝိညာဉ်ချည်မျှင်များကို ထုတ်လွှတ်လိုက်ပြီး တတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းလိုက်သည်။ သို့မှသာ သူက ဆက်ပြီး တောင့်ခံနိုင်သွားသည်။
ထို့နောက် သူက သူ၏ အသိစိတ်ပင်လယ်ထဲမှ သားရဲသုံးကောင်ကို ကြည့်လိုက်သည်။
သားရဲတစ်ကောင်သည် ပထမတစ်ကြိမ် သူကြည့်လိုက်သည့်အခါ ဝေဝါးနေပုံပေါ်သည်။ ထို့ကြောင့် ၎င်း၏ အသွင်ပုံသဏ္ဍာန်ကို အတိအကျ ပြောရန် သူ့အတွက် ခက်ခဲပေသည်။ သို့သော်လည်း ၎င်း၏ အလျင်က အလွန်အံ့ဖွယ်ကောင်းကြောင်း သူပြောနိုင်သည်။ ၎င်း၏ ကြိမ်ဖန်များစွာ တည်နေရာပြောင်းရွှေ့မှုမှ ကြွင်းကျန်ခဲ့သော ပုံရိပ်များမှတဆင့် ၎င်းက အတောင်ပံပါသော မြေပုတ်သင်တစ်ကောင်ဖြစ်ကြောင်း ရှင်းလင်းစွာ သူမြင်နိုင်သွားသည်။
စူးရှသော လေခွင်းသံသည် ၎င်း၏ အနောက်မှ အမြဲထွက်ပေါ်နေသည်။
“ ဂမ္ဘီရမှော်ဝင်သားရဲ ချောင်ဖုန်း ”
စတုတ္ထမြောက်သားရဲသည် နဂါးတစ်ကောင်နှင့် ဆင်တူသည်။ သို့သော်လည်း ၎င်း၏ အရွယ်အစားသည် တခြားသားရဲများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အတော်လေး သေးငယ်သည်။ ၎င်းက ထွက်ပေါ်လာသည့်အခိုက် နေရာမှာ တိတ်ဆိတ်စွာ လွင့်မျောနေသည်။ သို့သော်လည်း ရွှီချင်း၏ စိတ်အာရုံကို အာရုံခံမိသွားသည့်အခါ နဂါးပေါက်စလေးသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး ဟိန်းဟောက်လိုက်သည်။ ၎င်း၏ ဟိန်းသံသည် ကောင်းကင်နှင့်မြေပြင်၏ ဖန်တီးမှုအသံနှင့် ဆင်တူသည်။
“ ဂမ္ဘီရမှော်ဝင်သားရဲ ပုလောင် ”
ထိုဟိန်းသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ ခန္ဓာကိုယ်သည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ သူ၏ တတိယနတ်ဘုရားအသွင်သဏ္ဍာန်သည် မတည်မငြိမ်ဖြစ်လာပြီး ပြိုကွဲပျက်စီးတော့မည့် လက္ခဏာများ ပြလာသည်။ သူက ယင်းကို တောင့်ခံနိုင်ရန် စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်ကို ချက်ချင်း ဖွဲ့စည်းလိုက်ရသည်။
ပဉ္စမမြောက်သားရဲသည် ပိုပြီးအံ့ဖွယ်ကောင်းသည်။
၎င်းက ခြင်္သေ့တစ်ကောင်နှင့် ဆင်တူပြီး မီးခိုးနှင့် မီးတောက်ကို ထုတ်လွှတ်နေလျက် ပဉ္စမမြောက် ဦးခေါင်းခွံတောင်ထိပ်ပေါ်မှာ လွင့်မျောနေသည်။ ၎င်းက ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ၎င်းက ဤလောကထဲမှ သက်ရှိအားလုံးထက် သာလွန်မြင့်မြတ်သည့်အလားပင်။
ကောင်းချီးအမွှေးနံ့သာက ၎င်း၏ ခန္ဓာကိုယ်ကို ဝန်းရံထားလေရာ ၎င်းက အစစ်အမှန် နတ်ဘုရားတစ်ပါးအလား အောက်မေ့ရသည်။
၎င်းထံမှ နက်ရှိုင်းသော ဟိန်းသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
“ ဂမ္ဘီရမှော်ဝင်သားရဲ စွမ်းနီ ”
ရွှီချင်းသည် ထိုသားရဲငါးကောင်ကို အာရုံခံလိုက်လေရာ သူ၏ စိတ်ထဲမှာ မရေမတွက်နိုင်သော မိုးကြိုးများက တစ်ပြိုင်နက် ပေါက်ကွဲသွားသည့်အလား ခံစားမိသွားသည်။ သူ၏ နှလုံးသားထဲမှ လှိုင်းလုံးများသည် ပိုပြီးပြင်းထန်သည်။
“ အရမ်းသန်မာတယ် ”
သူက ထိုသားရဲများ၏ အထူးစွမ်းရည်ကို မသိရသေးသော်လည်း ၎င်းတို့တစ်ကောင်စီ၏ အရှိန်အဝါသည် ယခင်က သူမြင်တွေ့ခဲ့သော တစ္ဆေရထားလုံးထက် အများကြီး ပိုကြောက်စရာကောင်းသည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်း၏ မျက်လုံးထဲမှာ မျှော်လင့်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက သူ၏ အသိစိတ်ပင်လယ်ထဲမှ စွမ်းအင်လှိုင်းအတတ်အကျများ ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် ကျန်မီးအိမ်များကို လက်ညှိုးညွှန်လိုက်သည်။
ချက်ချင်းဆိုသလို တစ္ဆေမီးတောက်များသည် ဆဌမမြောက်၊ သတ္တမမြောက်နှင့် အဌမမြောက် ဦးခေါင်းခွံတောင်များပေါ်မှာ အသီးသီး ထွက်ပေါ်လာကြသည်။ ထို့နောက် တစ္ဆေမီးတောက်များသည် မတူညီသော သားရဲများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
သားရဲတစ်ကောင်သည် နဂါးဦးခေါင်းနှင့် ပင်လယ်လိပ်ခန္ဓာကိုယ်ရှိပြီး ကမ္ဘာမြေကို တုန်လှုပ်သွားစေမည့် လွှမ်းမိုးဖိနှိပ်မှုကို ထုတ်လွှတ်နေသည်။ ၎င်း၏ ခန္ဓာကိုယ်သည် အလွန်အံ့ဖွယ်ကောင်းစွာ ကြီးမားသည်။ ၎င်းထွက်ပေါ်လာသည့်အခိုက် ရွှီချင်း၏ အသိစိတ်ပင်လယ်သည် သိသာစွာ ကျယ်ပြောသွားသည်။
“ ဂမ္ဘီရမှော်ဝင်သားရဲ ပါ့ရှား ”
တခြားသားရဲတစ်ကောင်သည် ကျားခန္ဓာကိုယ်နှင့် ကြီးမားသော အစွယ်များ ရှိသည်။ ၎င်းက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ချိပ်ပိတ်ခြင်းအငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ ယင်းက ရွှီချင်း၏ အသိစိတ်နှင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အပြင်လောကထိပင် သက်ရောက်သွားသည်။
ထိုအခါ ဤတောင်တန်းဒေသက ချိပ်ပိတ်ခံလိုက်ရသဖြင့် တိုက်ရိုက် ဝေဝါးသွားသည်။
ချိပ်ပိတ်မှုအတွင်းမှာ တီးတိုးရေရွတ်သံများက ပဲ့တင်ထပ်လာသည်။
“ ဂမ္ဘီရမှော်ဝင်သားရဲ ပီအန် ”
အဌမမြောက်သားရဲသည် နဂါးအသွင်သဏ္ဍာန်ရှိပြီး သေးသွယ်ကာ ကြော့ရှင့်တင့်တယ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်းက တောင်ထိပ်ပေါ်မှာ ပျံသန်းနေစဉ် မရေမတွက်နိုင်သော အပြာရောင် အလင်းအစက်အပြောက်များကို ထုတ်လွှတ်ပေးနေပြီး ရွှီချင်း၏ အသိစိတ်ပင်လယ်ကို အားဖြည့်ပေးနေသည်။ ထိုအလင်းအစက်အပြောက်များကြောင့် သူ၏ ဝိညာဉ်သည်ပင် လန်းဆန်းတတ်ကြွသော စိတ်ခံစားမှုကို ထုတ်လွှတ်လာသည်။ ထို့နောက် လေးလံသော ခံစားမှုက ထွက်ပေါ်လာပြီး သူ၏ ဝိညာဉ်ကို ပြိုင်ဘက်ကင်း အကာအကွယ်အလွှာတစ်ခုပမာ ဝန်းရံပေးလိုက်သည်။
ယင်းက သူ၏ ဝိညာဉ်ကို ပိုပြီးကြံ့ခိုင်သွားစေသည်။
ထူးဆန်းသော အလင်းရောင်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထိုအားဖြည့်ပေးမှုကို ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။ အကျိုးသက်ရောက်မှုသည် အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
“ အဲ့ဒါက နတ်ဘုရားတစ်ပါးရဲ့ ကောင်းချီးပေးမှုနဲ့ ဆင်တူတယ် ”
ရွှီချင်းက ထိုသို့နားလည်သွားစဉ်မှာ ထိုသားရဲ၏ ဟိန်းသံက ပဲ့တင်ထပ်သွားသည်။
“ ဂမ္ဘီရမှော်ဝင်သားရဲ ဖူရှီ ”
ထို့နောက် နောက်ဆုံးမီးအိမ်သာ ကျန်ရှိတော့သည်။
ရွှီချင်း၏ ပေါင်းစပ်မှုအောက်မှာ ထိုမီးအိမ်သည် နဝမမြောက် ဦးခေါင်းခွံတောင်ပေါ်မှာ ထွက်ပေါ်လာသည်။ တောင်က တုန်ယင်သွားသည့်အခါ တစ္ဆေမီးတောက်သည် ဦးခေါင်းခွံ၏ မျက်လုံးပေါက်များထဲမှာ ထွက်ပေါ်လာသည်။ တောင်ပေါ်တွင် ခြင်္သေ့ခန္ဓာကိုယ်နှင့် နဂါးဦးခေါင်းရှိသော သားရဲတစ်ကောင်က ထွက်ပေါ်လာသည်။ ၎င်း၏ အမြှီးသည် ငါးတစ်ကောင်၏ အမြှီးဖြစ်သည်။
၎င်း၏ ထွက်ပေါ်လာမှုသည် မည်သည့်အံ့ဖွယ်အပြောင်းအလဲမှ မဖြစ်ပေါ်စေပေ။ ကမ္ဘာတုန်ဟီးစေမည့် အရှိန်အဝါမျိုးလည်း ထွက်ပေါ်မလာပေ။ သို့သော်လည်း ထိုသားရဲ၏ အကြည့်က ရွှီချင်း၏ အသိစိတ်ဖြင့် တွေ့ဆုံသွားသည့်အခိုက် သူ၏ ခန္ဓာကိုယ်သည် မသိမသာ တုန်ယင်သွားသည်။
ထိုအခါ ဖြည်းဖြည်းမှန်မှန် ပြန်ကောင်းမွန်နေသော သူ၏ ဒဏ်ရာများက ရုတ်တရက် အပြည့်အဝ ပြန်ကောင်းမွန်သွားသည်။ သူ၏ ရုပ်ခန္ဓာကိုယ်သာမက သူ၏ ဝိညာဉ်ချည်မျှင်များသည်လည်း ပြန်ကောင်းမွန်သွားသည်။ ဤသည်မှာ သူက ကောင်းချီးပေးခံလိုက်ရသည့်အလားပင်။
အထူးဆန်းဆုံးအရာမှာ ကျူးလီ၏ ဦးခေါင်းခွံကိုးခုဖြင့် ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာသော သူ၏ အသိစိတ်ပင်လယ်ထဲမှ လှိုင်းအတတ်အကျများသည် ထိုသားရဲ၏ အကြည့်အောက်မှာ ချက်ချင်း ငြိမ်သက်သွားသည်။
ဤသည်မှာ မကောင်းသော အခြေအနေအားလုံးက ထိုသားရဲ၏ အကြည့်အောက်မှာ လွင့်ပြယ်သွားဟန် ရ၏။
“ ဂမ္ဘီရမှော်ဝင်သားရဲ ချီဝမ် ”
ကျူးလီ၏ ဦးခေါင်းခွံကိုးခုသည် ရွှီချင်း၏ အသွေးအသားဖြင့် ပေါင်းစပ်သွားသည်။ ရွှီချင်း၏ အရိုးများကို ကြားခံနယ်အဖြစ် သဘောထား၍ ကျူးလီ၏ ဂမ္ဘီရမှော်အသွင်သဏ္ဍာန်အားလုံးက ထွက်ပေါ်လာကြသည်။
နောက်အခိုက်အတန့်မှာ အသွေးအသားကုန်းမြေသည် ရုတ်တရက် ကျွံဝင်သွားသည်။ ဝုန်းခနဲ မြည်သံများနှင့် သားရဲကိုးကောင်၏ ဟိန်းသံများသည် အတူတကွ ပေါင်းစည်းသွားသည်။ ဤသည်မှာ ၎င်းတို့၏ ဟိန်းသံက ဧရာမဆေးမီးဖိုတစ်ခုကို မီးညှိလိုက်ဟန် ရသည်။
ဗုန်း…
ပဉ္စမမြောက်လျှို့ဝှက်ရတနာသိုက်က အပြည့်အဝ ဖွဲ့စည်းသွားသည်။
ယင်းက ဂမ္ဘီရမှော်ဝင်ရတနာသိုက်ဖြစ်သည်။
တစ်ချိန်တည်းမှာ ပြီးပြည့်စုံသော ဝိညာဉ်သိုက်အဆင့် အရှိန်အဝါသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။