← Chapters

ဂျိဒုန်းဇီကို ပစ်မှတ်ထားခြင်း

Vol. 83 Ch. 1276

ဂျိဒုန်းဇီကို ပစ်မှတ်ထားခြင်း

Vol. 83 Ch. 1276

တောင်တန်းဒေသသည် တုန်ယင်သွားပြီး အက်ကွဲရာများသည် ကျောက်တုံးများပေါ်မှာ ထွက်ပေါ်လာကြသည်။ မကြာမီ ရွှီချင်းကျင့်ကြံနေသော နေရာ၏ အပေါ်မှ တောင်တန်းဒေသသည် ပင့်ကူအိမ်ဖြင့် ဖုံးလွှမ်းခံလိုက်ရဟန် ရ၏။

အက်ကွဲကြောင်းများသည် များသထက် ပိုများပြားလာပြီး ထူထဲလာသည်။

အသက်သုံးခါရှူချိန်ကြာပြီးနောက် အလွန်ကျယ်ပြောလှသော တောင်တန်းဒေသက ဖုန်မှုန့်ဖြင့် အမြဲတမ်း ဖွဲ့စည်းထားဟန် ရ၏။ ယခု ၎င်းက အထောက်အပံ့စွမ်းအားကို ဆုံးရှုံးသွားသည့်အခါ ပြိုကွဲပျက်စီးသွားသည်။

လေကြမ်းသည် တိုက်ခတ်လာပြီး မုန်တိုင်းတစ်ခုကို လှုံ့ဆော်လိုက်သည်။ မုန်တိုင်းနှင့်အတူ ဖုန်မှုန့်သည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။

တစ်ချိန်တည်းမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် မြေအောက်၏ အနက်ပိုင်းထဲမှ ပေါ်လျှိုးလာသည်။

ထိုအရှိန်အဝါသည် လွှမ်းမိုးဖိနှိပ်ခြင်းနှင့် နတ်ဘုရားတစ်ပါး၏ အစွမ်းကို သယ်ဆောင်လျက် လှိုင်းဂယက်များပမာ ပျံ့နှံ့သွားသည်။

အက်ကွဲကြောင်းများသည် မြေပြင်ပေါ်မှာ ပျံ့နှံ့သွားပြီး လျှိုမြောင်များ ဖြစ်ပေါ်လာကြသည်။

တစ်ချိန်တည်းမှာ တောင်တန်းဒေသ၏ ဘေးပတ်ပတ်လည်မှ တောအုပ်များသည် အပြင်းအထန် တုန်ယင်သွားကြသည်။ နောက်အခိုက်အတန့်မှာ သစ်ပင်များနှင့် ပန်းပင်များသည် ညှိုးခြောက်သွားပြီး မုန်တိုင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြသည်။

တောအုပ်ထဲမှ သားရဲများသည်ပင် ချွင်းချက်မဟုတ်ပေ။ မုန်တိုင်း၏ သက်ရောက်မှုက ကီလိုမီတာရာပေါင်းများစွာအထိ ပျံ့နှံ့သွားပြီးမှသာ ရပ်တန့်သွားသည်။

မရေမတွက်နိုင်သော လျှိုမြောင်များနှင့် အချင်းချင်း ယှက်ထွေနေကြသော အက်ကွဲကြောင်းများ၏ အလယ်ဗဟိုတွင် မူလက တောင်တန်းဒေသတည်ရှိသော ဧရိယာသည် ယခု မြေအောက်ထဲသို့ အနက်ပေတစ်ထောင်ခန့် ကျွံဝင်သွားသည်။

အဝေးမှ လှမ်းကြည့်လျှင် ယင်းက ပုံစံမကျသော ဧရာမချိုင့်ကြီးတစ်ခုနှင့် ဆင်တူသည်။

ချိုင့်ကြီး၏ အောက်ခြေတွင် ပုံရိပ်တစ်ခုက လေထဲသို့ တဖြည်းဖြည်း မြှောက်တတ်လာနေသည်။

ထိုပုံရိပ်က အပေါ်သို့ မြှောက်တတ်သွားနေသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ၎င်းထံမှ ထွက်ပေါ်လာသည်။ အပြင်လောကမှ မုန်တိုင်းသည် ပိုပြီးကြမ်းတမ်းလာသည်။ မုန်တိုင်းက ပျံ့နှံ့သွားသည့်အခါ နားကွဲလုမတတ် ကျယ်လောင်သော လေခွင်းသံများက ပဲ့တင်ထပ်သွားသည်။

ထိုပုံရိပ်၏ ထွက်ပေါ်လာမှုကြောင့် ကောင်းကင်သည် လှုပ်ရှားထကြွသွားပြီး အရောင်ပြောင်းလဲသွားသည်။

ထို့ပြင် မဟူရာမီးတောက်များက ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ ပျံ့နှံ့ထွက်လာသည်။ ထို့နောက် မီးတောက်များက လျှိုမြောင်များအတွင်းသို့ ပျံ့နှံ့သွားပြီး ငရဲမြစ်တစ်စင်းနှယ် စီးဆင်းသွားသည်။ ယင်းက သေခြင်းတရားနှင့် သတ်ဖြတ်ခြင်းကို ကိုယ်စားပြုသည်။

မရေမတွက်နိုင်သော ဝိညာဉ်ချည်မျှင်များက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားကာ မြန်ဆန်သော အလျင်ဖြင့် လှည့်ပတ်သွားကြသည်။

မဟူရာမီးတောက်များနှင့် ဝိညာဉ်ချည်မျှင်များကြားမှ လေဟာနယ်ထဲတွင် ထိုပုံရိပ်က အရှေ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားနေသည်။ ထိုသူသည် လူငယ်တစ်ယောက် ဖြစ်သည်။

သူ၏ မျက်နှာအသွင်အပြင်ကို ရှင်းလင်းစွာ မမြင်နိုင်သော်လည်း ပြိုင်စံရှားသော ချောမောခန့်ညားမှုကို ခံစားနိုင်ပေသည်။ သူ၏ ဆံပင်ရှည်သည် မဟူရာမီးတောက်များ၏ အလင်းရောင်ကြားထဲမှာ ခရမ်းရောင်တလက်လက် တောက်ပနေသည်။

သေးသွယ်သော ထိုပုံရိပ်သည် အနက်ပေတစ်သောင်းရှိသော ချိုင့်ကြီးထဲမှ ဖြည်းညင်းစွာ ထွက်လျှောက်လာပြီး ကောင်းကင်နှင့် မြေပြင်ကြားထဲမှ မုန်တိုင်း၏ ထိပ်ဖျားပေါ်မှာ ရပ်လိုက်သည်။

လေသည် သူ၏ အနက်ရောင်ဝတ်စုံကို တိုက်ခတ်သွားပြီး အေးစက်မှုနှင့် ထက်ရှမှုကို ဆောင်ကြဉ်းလာသည်။

သူက ခေါင်းမော့လိုက်သည်။

ပြိုင်စံရှား‌အောင် ချောမောခန့်ညားသော သူ၏ မျက်နှာသည် မွန်မြတ်သန့်စင်မှုကို ပေးသည်။ ဤသည်မှာ သူက နတ်ဘုရားတစ်ပါးဖြစ်သည့်အလားပင်။

သူ၏ အမူအရာသည် အေးစက်နေသည်။ သူ၏ နဖူးပေါ်တွင် လှည့်ပတ်နေသော စက်ဝိုင်းအမှတ်သင်္ကေတသည် နတ်ဆိုးဆန်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ယင်းက သူ၏ ဂမ္ဘီရမှော်ဝင်အမှတ်သင်္ကေတ ဖြစ်သည်။

သူက ရွှီချင်းဖြစ်သည်။

“ ပြီးပြည့်စုံတဲ့ ဝိညာဉ်သိုက်အဆင့် ”

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး မြေပြင်ပေါ်မှ လျှိုမြောင်များနှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်ချည်မျှင်များကို ကြည့်လိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

သူက ဝိညာဉ်သိုက်အဆင့်မှာ အချိန်အများကြီး အသုံးပြုခဲ့ရသည်။ ဤသည်မှာ ဝိညာဉ်သိုက်အဆင့်က အလွန်ခက်ခဲသောကြောင့် မဟုတ်ပေ။ ယင်းအစား သူ၏ လျှို့ဝှက်ရတနာသိုက်များက တခြားလူများနှင့် ခြားနားသောကြောင့် ဖြစ်သည်။

တခြားလူများထံမှာ လျှို့ဝှက်ရတနာသိုက်များသာ ရှိကြသည်။ သို့သော်လည်း သူ့မှာ နတ်ဘုရားရတနာသိုက်သုံးခု၊ ဧကရာဇ်ရတနာသိုက်တစ်ခုနှင့် ဂမ္ဘီရမှော်ဝင်ရတနာသိုက်တစ်ခု ရှိသည်။

သို့ဖြစ်၍ သူ့အတွက် အဆင့်ချိုးဖြတ်ရန် လိုအပ်ချက်သည် တခြားလူများထက် ပိုပြီးမြင့်မားသည်။ ထို့ကြောင့် သူက ဝိညာဉ်သိုက်အဆင့်မှာ အချိန်အကြာကြီး ကြန့်ကြာနေခဲ့ရခြင်း ဖြစ်သည်။

ယနေ့မှသာ သူက ဝိညာဉ်သိုက်အဆင့်၏ ပြီးပြည့်စုံသော မဟာစက်ဝန်းဆီသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

သို့သော်လည်း ဗလာနတ္ထိအဆင့်သို့ တိုက်ရိုက် တတ်လှမ်းရန် သူ့အတွက် လိုအပ်ချက်တချို့ ရှိနေသေးသည်။

“ ကောင်းကင်ဘုံတာအို… ”

ရွှီချင်း၏ အကြည့်သည် နက်ရှိုင်းသည်။

စီနီယာအကိုကြီးပြောခဲ့သော ကောင်းကင်ဘုံတာအိုကို ရရှိနိုင်မည့် နည်းလမ်းကို သူပြန်မှတ်မိသွားသည်။

“ မဟာအမဲလိုက်ပွဲတော်ရဲ့ တတိယပြိုင်ပွဲကို နတ်ဘုရားနယ်မြေထဲမှာ ကျင်းပလိမ့်မယ် ”

“ ဒါဆိုရင် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က ဖွင့်လှစ်မယ့် နတ်ဘုရားနယ်မြေထဲမှာ ဗလာနတ္ထိအဆင့်ကို ငါတတ်လှမ်းမယ် ”

“ ကောင်းကင်ဘုံတာအိုလေးခု လိုနေသေးတယ်ဆိုပေမဲ့ ငါ့တိုက်ပွဲစွမ်းအားက အရင်ကနဲ့ လုံးဝခြားနားသွားပြီ ”

တစ်ခဏကြာ စဉ်းစားပြီးနောက် ရွှီချင်းသည် အနာဂတ်အတွက် သူ၏ မျှော်လင့်မှုကို ချုပ်ထိန်းလိုက်သည်။ အတွေးတစ်ချက်နှင့်အတူ ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်ချည်မျှင်များသည် လှုပ်ရှားထကြွလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ မြန်ဆန်စွာ စုဝေးသွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ပထမနတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းသွားသည်။

ယင်းက ဗလာနတ္ထိပထမအဆင့်၏ တိုက်ပွဲစွမ်းအား ရှိသည်။

ထို့နောက် ပိုမိုများပြားသော ဝိညာဉ်ချည်မျှင်များက တစ်ဟုန်ထိုး စုဝေးသွားကြသည်။ ချက်ချင်းပင် ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းသွားသည်။

ဗလာနတ္ထိဒုတိယအဆင့် တိုက်ပွဲစွမ်းအား၏ အားလှိုင်းအတတ်အကျများက ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။

ချက်ချင်းဆိုသလို ပိုမိုများပြားသော ဝိညာဉ်ချည်မျှင်များက စုစည်းသွားသည့်အခါ တတိယနတ်ဘုရားအသွင်သဏ္ဍာန်က ထွက်ပေါ်လာသည်။ ဗလာနတ္ထိတတိယအဆင့်၏ တိုက်ပွဲစွမ်းအားက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ယင်းက ကမ္ဘာတုန်ဟီးစေလုနီးပါး အံ့ဖွယ်ကောင်းသည်။

ထို့ပြင် ယင်းက အဆုံးသတ်မဟုတ်သေးပေ။ နောက်ဆုံးဝိညာဉ်ချည်မျှင်များက ပြန်ရောက်လာသည့်အခါ စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်သည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

ယင်းက နီလာနတ်သမီး၏ အသွင်သဏ္ဍာန်ဖြစ်ပြီး သူ၏ အစွမ်းထက်ဆုံး နတ်ဘုရားအသွင်သဏ္ဍာန်ဖြစ်သည်။

ဗလာနတ္ထိစတုတ္ထအဆင့်၏ တိုက်ပွဲစွမ်းအားသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး ကောင်းကင်အထိ ပျံတတ်သွားသည်။ ယင်းက ဟင်းလင်းပြင်ကို ဝေဝါးသွားစေပြီး မြေပြင်ကို တုန်ယင်သွားစေသည်။ ပမာဏများပြားသော ဒြပ်နှောများက သူ၏ ဘေးပတ်ဝန်းကျင်မှာ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။

ဤသည်မှာ အတိတ်၌ ရွှီချင်း၏ အစွမ်းထက်ဆုံး တိုက်ပွဲပုံစံ ဖြစ်သည်။ ထိုထဲမှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် နတ်ဘုရားအခွင့်အာဏာအားလုံး ပါဝင်သည်။ သူ၏ ဘဝတစ်လျှောက်တွင် ကျင့်ကြံခဲ့သော အရာအားလုံးလည်း ထိုထဲမှာ ပါဝင်သည်။

နေနာရီသော်လည်းကောင်း သို့မဟုတ် ခရမ်းလသော်လည်းကောင်း ယင်းတို့အားလုံးက စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြသည်။

“ ဒီအသွင်သဏ္ဍာန်က ကျူးလီတားမြစ်ဇုန်ထဲ ငါမဝင်ရောက်ခင်က ငါ့ရဲ့ အကန့်အသတ်ပဲ ”

“ ဒါပေမဲ့ အခုတော့… ”

ရွှီချင်းသည် မျက်လုံးမှိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ပဉ္စမမြောက် ဂမ္ဘီရမှော်ဝင်ရတနာသိုက်သည် ကျယ်ပြောသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သားရဲဟိန်းသံများသည် ကျူးလီ၏ ဦးခေါင်းခွံကိုးခုထံမှ ပေါ်လျှိုးထွက်လာသည်။

ကောင်းကင်သည် တုန်ယင်သွားပြီး တိမ်တိုက်များသည် ပေါက်ကွဲထွက်သွားသည်။ အဆုံးမဲ့သော အားလှိုင်းများသည် ဟင်းလင်းပြင်ထဲမှ ပေါ်လျှိုးထွက်လာကြသည်။ ကျူးလီ၏ ဦးခေါင်းခွံကိုးခုသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို ဝန်းရံလိုက်ကြသည်။ ထို့နောက် ဦးခေါင်းခွံကိုးခုသည် မြန်ဆန်စွာ လှည့်ပတ်သွားပြီး ဝဲကတော့တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။

၎င်းတို့က ပိုပြီးမြန်ဆန်စွာ လှည့်ပတ်သွားသည့်အခါ ဘေးပတ်ဝန်းကျင်ကို ဖိနှိပ်မည့် အင်အားတစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ဝုန်းခနဲ မြည်သံများနှင့်အတူ ချိုးညိုသည် ဝဲကတော့ထဲမှ ပထမဆုံး ခုန်ထွက်လာပြီး ပုံရိပ်ယောင်နဂါးတိုတမ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။ နဂါးတိုတမ်သည် ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားပြီး သူ၏ လည်ပင်းမှာ တွယ်ကပ်သွားသည်။ ထို့နောက် နဂါးတိုတမ်သည် နဂါးစစ်ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

၎င်းက ရွှီချင်းကို အသံနှင့်ပတ်သက်သော တာအိုအားလုံးကို အပ်နှင်းပေးလိုက်သည်။ စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်ဖြင့်ဆိုလျှင် ရွှီချင်း၏ ပါးစပ်မှ ထွက်ပေါ်လာသော စကားများသည် နတ်ဘုရားတစ်ပါး၏ ရေရွတ်သံများနှင့် မခြားနားပေ။ ချိုးညို၏ အစွမ်းမြှင့်တင်ပေးမှုအောက်မှာ ထိုရေရွတ်သံများသည် ယခင်ထက် ပိုပြီးအားကောင်းလာလိမ့်မည်။

ထို့နောက် ချောင်ဖုန်းသည် ဝဲကတော့ထဲမှ ထွက်ပေါ်လာပြီး ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။ ၎င်းက ရွှီချင်း၏ နောက်ကျောတွင် အနက်ရောင်အတောင်ပံတစ်စုံကို ဒြပ်ထည်ဖွဲ့စည်းပေးလိုက်သည်။ အတောင်ပံများက တဖျပ်ဖျပ်လှုပ်ခတ်သွားသည့်အခါ ကြမ်းတမ်းသော လေပြင်းက တိုက်ခတ်လာပြီး လောက၏ အရောင်က ပြောင်းလဲသွားသည်။

ချောင်ဖုန်းသည် ရွှီချင်းကို အလျင်နှင့်ပတ်သက်သော အရာမှန်သမျှမှာ အစွမ်းမြှင့်တင်ပေးလိုက်သည်။

ထို့နောက် ပုလောင်၊ ပီအန်နှင့် ချီဝမ်တို့ ဖြစ်ကြသည်။

ပုလောင်သည် လက်မောင်းစစ်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားပြီး နတ်ဘုရားစွမ်းရည်အားလုံးကို အစွမ်းတိုးမြှင့်ပေးလိုက်သည်။ ထို့ကြောင့် ပုလောင်ဖြင့် အစွမ်းမြှင့်တင်ခံထားရသော ရွှီချင်း၏ ဤအခြေအနေတွင် သူအသုံးပြုမည့် မန္တန်များနှင့် နတ်ဘုရားစွမ်းရည်များသည် ကြီးကြီးမားမား ပိုအားကောင်းလာလိမ့်မည်။

ပီအန်သည် ရင်ဘက်စစ်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားပြီး ချိပ်ပိတ်ခြင်းတာအိုကို အစွမ်းမြှင့်တင်ပေးလိုက်သည်။ (ဃ၁၃၂)သော်လည်းကောင်း သို့မဟုတ် ရွှီချင်း၏ တခြားချိပ်ပိတ်ခြင်းအတတ်ပညာများသော်လည်းကောင်း ပီအန်၏ အစွမ်းမြှင့်တင်ပေးမှုအောက်မှာ ပိုပြီးအံ့ဖွယ်ကောင်းလာလိမ့်မည်။

ချီဝမ်သည်တော့ နောက်ကျောစစ်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။ ၎င်း၏ လုပ်ဆောင်မှုသည် ရိုးရှင်းသည်။ ၎င်းက မကောင်းသောအရာများနှင့် အညံ့များကို ဖယ်ရှားပေးလိမ့်မည်။

ထို့နောက် ပါ့ရှားနှင့် ဖူရှီက ထွက်ပေါ်လာကြသည်။

ပါ့ရှားသည် ရွှီချင်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းအများစုအတွက် စစ်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းက သူ့ခန္ဓာကိုယ်၏ ထက်ဝက်နီးပါးကို လွှမ်းခြုံသွားပြီး ရွှီချင်း၏ ရုပ်ခန္ဓာကိုယ်စွမ်းအားကို မြှင့်တင်ပေးလိုက်သည်။

ယခုအချိန်မှစ၍ ရွှီချင်း၏ ခုခံမှုစွမ်းအားသည် မမျှော်လင့်ထားသော အမြင့်ထိ ရောက်ရှိသွားလိမ့်မည်။

ဖူရှီသည် ပါ့ရှားနှင့်ဆင်တူသည်။ သို့သော်လည်း ၎င်းက ရုပ်ခန္ဓာကိုယ်အစား ဝိညာဉ်ကို အစွမ်းမြှင့်တင်ပေးလိမ့်မည်။

ဤအခြေအနေတွင် ဖူရှီက မသေဆုံးသရွေ့ ရွှီချင်း၏ ဝိညာဉ်က ပျက်စီးသွားလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်၏ ခုခံနိုင်စွမ်းသည် ယခင်ထက် သိသိသာသာ တိုးမြှင့်သွားသည်။

အထူးခြားဆုံးသည် စွမ်းနီဖြစ်သည်။

ရွှီချင်းသည်ပင် ၎င်း၏ အကျိုးသက်ရောက်မှုကြောင့် အလွန်အံ့ဩသွားခဲ့သည်။ စွမ်းနီသည် စစ်ချပ်ဝတ်အဖြစ် မပြောင်းလဲသွားခဲ့ပေ။ ယင်းအစား ၎င်းက အစိမ်းရောင်မြူခိုးအဖြစ် ပြောင်းလဲသွားပြီး ရွှီချင်း၏ အနောက်တွင် ရစ်ဝဲသွားကာ ကောင်းကင်နှင့် ဆက်သွယ်သွားသည်။ ၎င်းက ရွှီချင်း၏ နတ်ဘုရားအရင်းအမြစ်ကို အမှန်တကယ် အားဖြည့်ပေးလိုက်သည်။

ထိုအားဖြည့်ပေးမှုကြောင့် ရွှီချင်း၏ စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်သည် ပိုပြီးသန်မာလာသည်။

စွမ်းနီနှင့်ပတ်သက်ပြီး ရွှီချင်းက လေးနက်စွာ တွေးတောလိုက်သည်။ စွမ်းနီ၏ မူလအကျိုးသက်ရောက်မှုသည် ထိုသို့မဖြစ်နိုင်ကြောင်း သူခံစားမိသည်။ ဖြစ်နိုင်သည်မှာ ကျူးလီက ပင့်ကူနတ်ဘုရား၏ ဖိနှိပ်ခံရပြီး ဝါးမျိုခံရပြီးနောက် တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲသွားကာ ထိုသို့အကျိုးသက်ရောက်မှုရှိလာခြင်း ဖြစ်နိုင်ပေသည်။

ထိုအဖြေကသာလျှင် ကျူးလီ၏ စွမ်းနီဂမ္ဘီရမှော်အသွင်သဏ္ဍာန်က နတ်ဘုရားစွမ်းအင်များဖြင့် သဟဇာတဖြစ်နေရသည့် အကြောင်းအရင်းကို ရှင်းပြပေးနိုင်လိမ့်မည်။

ရွှီချင်းသည် ထိုခန့်မှန်းမှုကို သူ၏ စိတ်ထဲမှာ မြှုပ်နှံလိုက်သည်။ ထို့နောက် သူက နောက်ဆုံးသားရဲ၏ ဟိန်းသံကို ကြားလိုက်ရလေသည်။

၎င်းက ရာဇီဖြစ်သည်။

ရာဇီသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာဖုံးတစ်ခုသို့ အသွင်ပြောင်းလဲသွားသည်။ ရွှီချင်းက လှမ်းကြည့်လိုက်သည့်အခိုက် မျက်နှာဖုံးသည် ပျံသန်းလာပြီး ရွှီချင်း၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။

ယင်းက သတ်ဖြတ်ခြင်းကို အစွမ်းမြှင့်တင်ပေးလိုက်သည်။ ယခုအချိန်မှစ၍ ဓမ္မရတနာများနှင့် လက်နက်များသည် ရာဇီ၏ ပြိုင်ဘက်ကင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒအောက်မှာ ပိုပြီးကြောက်စရာကောင်းလာလိမ့်မည်။

ရွှီချင်းက မျက်နှာဖုံးဝတ်လိုက်သည့်အခိုက် ကောင်းကင်သည် မည်းမှောင်သွားပြီး ဝုန်းခနဲမြည်သံများက အရပ်မျက်နှာအဘက်ဘက်မှ ပဲ့တင်ထပ်လာသည်။ ကောင်းကင်ပေါ်တွင် မရေမတွက်နိုင်သော မိုးကြိုးသွားများက ငွေရောင်မြွေများအလား ရွေ့လျားနေကြသည်။

ဤအခိုက်အတန့်မှာ မုန်တိုင်းသည် ပိုပြီးကြမ်းတမ်းလာသည်။ ပြင်းထန်သော လေကြမ်း၏ တိုက်ခတ်မှုအောက်မှာ ကောင်းကင်ပေါ်တွင် မတ်တတ်ရပ်နေသော ရွှီချင်းသည် သိသာသော ပြောင်းလဲမှုဖြင့် တွေ့ကြုံသွားသည်။

၎င်းက နတ်ဘုရားအသွင်သဏ္ဍာန်နှင့် ဂမ္ဘီရမှော်အသွင်သဏ္ဍာန်ကို ပေါင်းစပ်ထားသော ထူးထူးဆန်းဆန်း ပုံရိပ်တစ်ခု ဖြစ်သည်။

မဟူရာနဂါးစစ်ချပ်ဝတ်သည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ကျူးလီ၏ ဦးခေါင်းခွံကိုးခုတိုတမ်များသည် ရှေးဟောင်းအငွေ့အသက်ကို သယ်ဆောင်ထားသည်။

နဂါးအတောင်ပံများက သူ၏ အနောက်မှာ တဖျပ်ဖျပ်လှုပ်ခတ်နေစဉ် ခရမ်းလသည် သူ၏ ဦးခေါင်းပေါ်သို့ မြှောက်တတ်သွားသည်။ နတ်ဘုရားခန္ဓာကိုယ်၏ အောက်တွင် နဂါးစစ်ချပ်ဝတ်ရှိပြီး ဂမ္ဘီရမှော်အသွင်သဏ္ဍာန်နှင့် နတ်ဘုရားအသွင်သဏ္ဍာန်က တစ်သားတည်း ပေါင်းစည်းနေသည်။

ပိုပြီးသိပ်သည်းသော မီးခိုးရောင်မြူခိုးသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာသည်။ မြူခိုးသည် ကောင်းကင်နှင့် မြေပြင်ကြားမှာ ပျံ့နှံ့သွားပြီး အရှေ့သို့ ဆက်လက် ပျံ့ပွားသွားသည်။ နက်နဲသိမ်မွေ့သော စိတ်ခံစားမှုသည် မြူခိုးထဲမှ ပေါ်ထွက်လာသည်။

ဤတိုက်ပွဲပုံစံနှင့်အတူ ရွှီချင်းက သန်မာမှုကို ခံစားမိသွားသည်။

ဤသည်မှာ သူက ကောင်းကင်ကို သူ၏ အတွေးတစ်ချက်ဖြင့် မည်းမှောင်သွားအောင် လုပ်ပစ်နိုင်သည်။

သူက မြေပြင်ကို အကြည့်တစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်သည်။

သူက သက်ရှိအားလုံးကို သူ၏ အတွေးများဖြင့် ဖျက်ဆီးပစ်နိုင်သည်။

သူက ဥပဒေသများနှင့် နိယာမများကို လက်တစ်ဖက်မြှောက်ရုံဖြင့် လျစ်လျူရှုနိုင်သည်။

“ ဒီတော့… ဒီဟာက ပြီးပြည့်စုံတဲ့ ဗလာနတ္ထိအဆင့်ရဲ့ တိုက်ပွဲစွမ်းအားပေါ့… ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူနှင့်တိုက်ခိုက်ဖူးသော မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မဟာကောင်းကင်အရွေးချယ်ခံများကို ပြန်တွေးတောလိုက်သည့်အခါ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။

ကျူးလီ၏ အဖက်ဖက်မှ အစွမ်းမြှင့်တင်ပေးမှုကြောင့် သူ၏ တိုက်ပွဲစွမ်းအားက ဗလာနတ္ထိစတုတ္ထအဆင့်ကို ကျော်လွန်သွားပြီး ပြီးပြည့်စုံသော မဟာစက်ဝန်းဆီသို့ ရောက်ရှိသွားကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။

ယခု သူက ထုန်ရှီရှန်း၊ ဖန်းရှီရွှမ်း၊ ဂျိဒုန်းဇီနှင့် တူညီသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်သွားသည်။ ထို့ပြင် သူက အထွတ်အထိပ်မှာ ရှိသည်။

ဤသည်မှာ ရွှီချင်း၏ အသန်မာဆုံး တိုက်ပွဲပုံစံဖြစ်သည်။

“ ဒါ့အပြင် ဒီဟာက ဂမ္ဘီရမှော်ဝင်ရတနာသိုက်ရဲ့ အစွမ်းထက်ဆုံး အခြေအနေမဟုတ်သေးဘူး ”

“ ကျူးလီရဲ့ ဦးခေါင်းခွံတွေထဲက မှတ်ဉာဏ်အရဆိုရင် သူ့ရဲ့ ဂမ္ဘီရမှော်အသွင်သဏ္ဍာန်က ဒီလိုပုံစံမဟုတ်ဘူး ”

ရွှီချင်းသည် မှတ်ဉာဏ်အပိုင်းအစများထဲမှ ကျူးလီ၏ ဂမ္ဘီရမှော်အသွင်သဏ္ဍာန်ကို ပြန်တွေးတောလိုက်သည်။ ထိုအချိန်တုန်းက နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်၏ အပြင်ဘက်၌ ကျူးလီက တင်ပျဉ်ခွေထိုင်နေစဉ် ကျယ်ပြောလှသော မီးခိုးရောင်မြူခိုးက သူ့အနောက်မှာ ပျံ့ဝဲနေသည်။

မီးခိုးရောင်မြူခိုး၏ အနက်ပိုင်းထဲတွင် ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခါပစ်နိုင်သော ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်နေသည့် ဧရာမသက်ရှိတစ်ကောင် ရှိသည်။ ထို့ပြင် ၎င်းက နဂါးတစ်ကောင်၏ အသွင်သဏ္ဍာန်မျိုး မဟုတ်ပေ။

ယင်းအစား ၎င်းက လူသားခန္ဓာကိုယ်နှင့် ပိုပြီးဆင်တူသည်။

“ အဲ့ဒါက ကျူးလီရဲ့ အစစ်အမှန် ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်ပဲ ”

ရွှီချင်းသည် ၎င်း၏ သွေးဆောင်ခံလိုက်ရသည်။ ထို့ကြောင့် သူက ဂမ္ဘီရမှော်ဝင်ရတနာသိုက်ကို အသက်သွင်းလိုက်ပြီး ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်ကို ထုတ်ဖော်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူက မည်မျှအသက်သွင်းပါစေ ဂမ္ဘီရမှော်ဝင်ရတနာသိုက်ထဲမှာ အားလှိုင်းဂယက်များသာ ထွက်ပေါ်လာလိမ့်မည်။ ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်သည်တော့ ဖြစ်ပေါ်မလာပေ။

တစ်ချိန်တည်းမှာ လျှို့ဝှက်ဆန်းကြယ်သော ကန့်သတ်ချုပ်နှောင်မှုတစ်ခုက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ယင်းက ချိုးဖြတ်ရန် မဖြစ်နိုင်သော အကာအကွယ်အလွှာတစ်ခုနှင့် ဆင်တူသည်။

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး စိတ်ထဲမှာ သုံးသပ်လိုက်သည်။

“ ငါ့ရဲ့ လက်ရှိစွမ်းအားကြောင့် အဲ့ဒါကို မထုတ်ဖော်နိုင်သေးဘူး… ”

“ ကောင်းကင်ဘုံတာအိုလေးခုကို ငါရရှိပြီး ဗလာနတ္ထိအဆင့်ကို ချိုးဖြတ်နိုင်တဲ့အခါကျမှ အဲ့ဒီအတားအဆီးကို ချိုးဖြတ်နိုင်လောက်မယ်… အဲ့ဒီအချိန်ကျရင် ကျူးလီရဲ့ ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်က ဒီလောကထဲမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာလိမ့်မယ် ”

ထိုသို့တွေးမိသောအခါ ရွှီချင်းသည် သူ၏ အတွေးများကို ပြန်ရုပ်သိမ်းလိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။

တောင်တန်းပင်လယ်ဒေသကြီးထဲသို့ ရောက်ရှိလာပြီးနောက် သူတွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကို ရွှီချင်း ပြန်စဉ်းစားလိုက်သည်။ ဂျိဒုန်းဇီနှင့် သူတွေ့ဆုံခဲ့ပြီး ကျူးလီတားမြစ်ဇုန်သို့ ရောက်သည်အထိ လိုက်ဖမ်းခံခဲ့ရသည်။ ထိုအချိန်တုန်းက သူသည် ကြီးမားသော သေခြင်းရှင်ခြင်းကပ်ဘေးဖြင့် တွေ့ကြုံခဲ့ရသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူက ကြီးမားသော ရိတ်သိမ်းမှုကို ပြုလုပ်နိုင်ခဲ့သည်။

ထိုအတောအတွင်းမှာ ကိစ္စအများအပြားကို တွေ့ကြုံခဲ့ရသည်။ ထိုထဲမှာ သမိုင်းကြောင်းအမှန်လည်း ပါဝင်သည်။ ယင်းက သူ့အား ဖော်မပြနိုင်သော စိတ်ခံစားမှုကို ဖြစ်ပေါ်စေသည်။

အချိန်အတော်ကြာပြီးနောက် အေးစက်စက် အလင်းတန်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ကျူးလီတားမြစ်ဇုန်ကနေ ငါထွက်လာနိုင်ပြီဆိုမှတော့… ဂျိဒုန်းဇီ ”

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ရွှီချင်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်လေရာ ကောင်းကင်ပေါ်တွင် ကျယ်လောင်သော မိုးခြိမ်းသံက ထွက်ပေါ်လာသည်။ ထို့နောက် ရွှီချင်း၏ ပုံရိပ်က လေကို တိုက်ရိုက် ဖြတ်သန်းသွားသည်။

All Chapters