ငါမင်းကို စောင့်နေတယ်
Vol. 83 Ch. 1277
မဟာအမဲလိုက်ပွဲတော်၏ ဒုတိယပြိုင်ပွဲသည် သွေးထွက်သံယိုဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာ ယင်းက အတိတ်တုန်းကနှင့် ခြားနားသည်။
ဥပမာ ယခင်က တစ်ခါမှ မထွက်ပေါ်ခဲ့ဖူးသော အားလှိုင်းအတတ်အကျများက ဒေသကြီးထဲမှာ ထွက်ပေါ်လာသည်။
နတ်စင်သုံးခုက ဆင်းသက်လာပြီး ကျူးလီ၏ အရင်းအမြစ်ကို ဖိနှိပ်ခဲ့သည့်တိုင် ပင့်ကူနတ်ဘုရားထံမှ အားလှိုင်းအတတ်အကျများသည် တောင်တန်းပင်လယ်ဒေသကြီးထဲမှာရှိသော သားရဲအများအပြား၏ သွေးမျိုးဆက်ကို လှုံ့ဆော်ပေးခဲ့သည်။
တောင်တန်းပင်လယ်ဒေသကြီးထဲမှ သားရဲများ၏ ရက်စက်ကြမ်းကြုတ်မှုသည် အဆပေါင်းများစွာ ပိုအားကောင်းလာသည်။ အမှန်မှာ တချို့ဧရိယာများတွင် သေးငယ်သော သားရဲဒီရေလှိုင်းများပင် ဖြစ်ပေါ်လာကြသည်။
ထို့ကြောင့် ပြိုင်ပွဲဝင်သူများအတွက် အန္တရာယ်သည် သိသိသာသာ မြင့်တတ်သွားသည်။
နေ့တိုင်းနီးပါးတွင် ပြိုင်ပွဲဝင်သူများသည် တောင်တန်းပင်လယ်ဒေသကြီးထဲမှာ ဆိုးဆိုးဝါးဝါး သေဆုံးသွားခဲ့ကြသည်။ သူတို့၏ အသွေးအသားများသည် ဤနေရာအတွက် အာဟာရဓာတ်ဖြစ်လာသည်။
ထိုသို့ပရမ်းပတာဖြစ်နေစဉ်မှာ တချို့လူများသည် ယခင်က မဖြစ်နိုင်သော အကျိုးအမြတ်များကို ရရှိသွားကြသည်။ တချို့သည် တန်ဖိုးကြီးမားသော စီးတော်သားရဲများကို ရရှိသွားကြသည်။
သို့သော်လည်း အလုံးစုံခြုံငုံကြည့်မည်ဆိုလျှင် တောင်တန်းပင်လယ်ဒေသကြီးထဲ၌ ဖရိုဖရဲဖြစ်နေသော လက္ခဏာများက ပိုပြီးများသည်။
ရွှီချင်းက တံခါးပိတ်ကျင့်ကြံနေခြင်းမှ ထွက်လာပြီး ကောင်းကင်ပေါ်မှာ ပျံသန်းနေစဉ် ထိုအချက်ကို ရှင်းလင်းစွာ အာရုံခံမိသွားသည်။
သားရဲအုပ်စုတစ်ခုက မြေပြင်ပေါ်မှာ ပရမ်းပတာ ပြေးလွှားနေကြောင်း သူမြင်သွားသည်။
ထိုသားရဲသည် မြင်းနှင့်တူညီသော်လည်း ခြေသုံးချောင်းနှင့် မြွေဦးခေါင်းရှိသည်။
၎င်း၏ နာမည်သည် မီးလျှံလျှောက်လှမ်းသူ ဖြစ်သည်။
၎င်းကို ထိုသို့ခေါ်ရခြင်းမှာ ၎င်းက ဒုန်းစိုင်းပြေးလွှားသည့်အခါတိုင်း အစိမ်းရောင်မီးတောက်များက ၎င်း၏ ခြေဖဝါးအောက်မှာ ထွက်ပေါ်လာလေ့ရှိသောကြောင့် ဖြစ်သည်။ ၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်တွင် အစိမ်းရောင်မီးတောက်များဖြင့် ပြည့်နှက်သွားလိမ့်မည်။ ထိုမီးတောက်သည် ဝိညာဉ်ကို လောင်ကျွမ်းပစ်နိုင်စွမ်း ရှိသည်။
၎င်းတို့က ဒုန်းစိုင်းပြေးလွှားလိုက်သည်နှင့် မီးတောက်များက ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာလိမ့်မည်။ ထိုမီးတောက်များကြားထဲမှာ မရေမတွက်နိုင်သော သားရဲဝိညာဉ်များနှင့် ကျင့်ကြံသူများ၏ ဝိညာဉ်များက ချုပ်နှောင်ခံထားရပြီး နာကျင်စွာ ငိုကြွေးနေကြသည်။
ရွှီချင်းက ကောင်းကင်ပေါ်မှ ဖြတ်သန်းသွားစဉ် မီးလျှံလျှောက်လှမ်းသူ သားရဲအုပ်စုသည် အစိမ်းရောင်မီးခိုးကို အသက်ရှူထုတ်လိုက်ကြပြီး ရွှီချင်းထံသို့ ဟိန်းဟောက်လိုက်ကြသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ကျူးလီ၏ အရှိန်အဝါသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ အနည်းငယ် ပျံ့လွင့်လာသည်။
ထိုအရှိန်အဝါကြောင့် မူလက အရိုင်းဆန်နေသော မီးလျှံလျှောက်လှမ်းသူများသည် တုန်ယင်သွားကြပြီး ရပ်တန့်လိုက်ကြသည်။ ထို့နောက် ၎င်းတို့က မြေပြင်ပေါ်မှာ ဝမ်းလျားမှောက်လိုက်ကြပြီး ဝမ်းနည်းစွာ ငိုကြွေးလိုက်ကြသည်။
ထိုသို့ငိုကြွေးရခြင်းမှာ ၎င်းတို့က ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိထားသောကြောင့် မဟုတ်ပေ။ ယင်းအစား ၎င်းတို့၏ ဝိညာဉ်ထံမှ နာကျင်မှုနှင့် ဝမ်းနည်းမှုကို ခံစားမိသွားသောကြောင့် ဖြစ်သည်။
ယင်းက ၎င်းတို့၏ သွေမျိုးဆက်မှ ပင်ကိုယ်ဗီဇတုံ့ပြန်မှုဖြစ်သည်။
ကျူးလီသည် ဘိုးဘေးမှော်သခင်ကြီးဖြစ်သည်။ သူ၏ သွေးမျိုးဆက်နှင့် အရှိန်အဝါသည် တောင်တန်းပင်လယ်ဒေသကြီးထဲတွင် အထွတ်အမြတ် တည်ရှိမှုဖြစ်သည်။
တောင်တန်းပင်လယ်ဒေသကြီးထဲမှ သားရဲအားလုံး၏ ဇစ်မြစ်သည် အတိတ်တုန်းက ကျူးလီ၏ လက်အောက်မှ အစွမ်းထက် ဂမ္ဘီရမှော်ဆရာများ ဖြစ်ကြသည်။
ထို့ကြောင့် ကျူးလီ၏ အရှိန်အဝါကို အာရုံခံမိသွားသောအခါ အတိတ်တုန်းက ဂမ္ဘီရမှော်ဆရာများ၏ သေဆုံးမှုမြင်ကွင်းများသည် ၎င်းတို့၏ မှတ်ဉာဏ်များထဲမှာ ပြန်ပေါ်လာကြသည်။
ရွှီချင်းသည် လေထဲမှာ ရပ်လိုက်ပြီး ဝမ်းလျားမှောက်နေကြသော မီးလျှံလျှောက်လှမ်းသူများကို ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက အဝေးသို့ ပျံသန်းသွားသည်။
ထိုသို့မြင်ကွင်းများသည် လမ်းတစ်လျှောက်တွင် ဆက်လက် ဖြစ်ပေါ်ခဲ့သည်။
ကောင်းကင်ပေါ်တွင်လည်း ထို့အတူပင်။ ငှက်အုပ်စုများသည် ကျင့်ကြံသူများကို ဒုက္ခပေးရန် မုန်တိုင်းတစ်ခုကို လှုံ့ဆော်နေကြသည်။ သို့သော်လည်း ရွှီချင်းရောက်ရှိလာသည့်အခိုက် ၎င်းတို့က တစ်ညီတစ်ညာတည်း ရပ်တန့်လိုက်ကြသည်။ ၎င်းတို့က တုန်ယင်သွားကြပြီး ငိုကြွေးလျက် ရွှီချင်းကို အရိုအသေပေးလိုက်ကြသည်။
ထို့ကြောင့် ရွှီချင်းသည် ထိုသားရဲအုပ်စုများထံမှ ဝမ်းနည်းကြေကွဲမှုကို နက်ရှိုင်းစွာ အာရုံခံမိသွားသည်။ ထို့ပြင် သူက ဤနေရာမှ ကျူးလီ၏ အဆင့်အတန်းကိုလည်း အာရုံခံမိသွားသည်။
သူက သူ့ကိုယ်ပိုင်နယ်မြေထဲမှာ လမ်းလျှောက်နေသည့်အလား ခံစားမိသွားသည်။
သို့သော်လည်း ထိုခံစားမှု၏ အနောက်တွင် ကျူးလီ၏ ခါးသီးသော စိတ်ခံစားချက်များက ရွှီချင်း၏ နှလုံးသားထဲမှာ စုပုံသွားသည်။
ရွှီချင်းသည် ထိုသို့သက်ရောက်ခံရသည်ကို သဘောမကျပေ။ ထို့ကြောင့် သူက ကျူးလီပိုင်ဆိုင်သော စိတ်ခံစားချက်များကို ပယ်ဖျက်လိုက်သည်။
သူက ရွေ့လျားသွားနေစဉ် ပိုပြီးမြန်လာသည်။ နာရီအနည်းငယ်ကြာပြီးနောက် အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူရှာဖွေနေသော သဲလွန်စကို ရှာတွေ့သွားပြီ ဖြစ်သည်။
ယင်းက တောင်စာကလေးအုပ်စု၏ လိုက်ဖမ်းခံနေရသော စီအဲမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။
ထိုကျင့်ကြံသူသည် သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ သူ့မှာ နည်းလမ်းတချို့ရှိကြောင်း ရှင်းလင်းသည်။ သူက တောင်စာကလေးအုပ်စု၏ လိုက်ဖမ်းခံနေရသော်လည်း ထွက်ပြေးလွတ်မြောက်နိုင်သည့် အခြေအနေမှာ ရှိသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ တည်ငြိမ်သော အသံသည် သူ့အနောက်မှ ပဲ့တင်ထပ်လာသည်။ ထိုအသံက စီအဲမျိုးနွယ်ဝင်၏ စိတ်ထဲသို့ ဝင်ရောက်သွားသည့်အခါ မိုးကြိုးတစ်ခုပမာ ပေါက်ကွဲထွက်သွားသည်။
“ ချိပ်ပိတ်စမ်း ”
စကားလုံးတစ်လုံးသည် ဤလောကထဲမှာ ပျံ့နှံ့သွားသည်။
ယင်းက ပီအန်ဖြင့် အစွမ်းမြှင့်တင်ခံထားရသော ချိပ်ပိတ်မှုဖြစ်သည်။ ထိုစကားသံက ပဲ့တင်ထပ်သွားသည့်အခိုက် လှိုင်းဂယက်များသည် စီအဲမျိုးနွယ်ဝင်၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာပြီး သူ့ကို ချိပ်ပိတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး ရပ်တန့်သွားသည်။ သူက လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် သူရှိနေသော လေဟာနယ်သည်ပင် ချက်ချင်း အေးခဲသွားသည်။
သူ့နောက်သို့ လိုက်ဖမ်းနေသော တောင်စာကလေးများသည်တော့ တုန်ယင်သွားကြသည်။ ထို့နောက် ၎င်းတို့က အမိန့်တစ်ခု ရရှိသွားသည့်အလား သို့မဟုတ် ကြောက်လန့်သွားကြသည့်အလား ချက်ချင်း ထွက်ပြေးသွားကြသည်။
စီအဲမျိုးနွယ်ဝင်တစ်ယောက်သာ လေထဲတွင် ရပ်တန့်နေသည်။ သူ၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုသည် အလွန်အားကောင်းလာသည်။
ယင်းက အဝေးမှ ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာနေသော ပုံရိပ်တစ်ခုကို သူမမြင်လိုက်ခင်အထိ ကြာမြင့်ခဲ့သည်။ ထိုပုံရိပ်သည် တစ်လှမ်းချင်း လျှောက်လှမ်းလာနေသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း မဟူရာမီးတောက်များက လောကတစ်ခွင် ပျံ့နှံ့သွားလိမ့်မည်။
ထိုသူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့သွားသည့်အခိုက် စီအဲမျိုးနွယ်ဝင်၏ စိတ်ထဲမှာ မုန်တိုင်းတစ်ခု ပေါ်လျှိုးလာသည်။ သူက ရွှီချင်းကို မှတ်မိသည်။
သို့သော်လည်း သူရရှိထားသော သတင်းအချက်အလက်များအရ ရွှီချင်းသည် ဂျိဒုန်းဇီ၏ အသတ်ခံရပြီးပြီ ဖြစ်သည်။
သို့သော်လည်း ယခု ရွှီချင်းက သူ့အရှေ့မှာ အမှန်တကယ် ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းသည် စီအဲမျိုးနွယ်ဝင်၏ စိတ်ထဲမှ မုန်တိုင်းကို အဆုံးစွန်ထိ ရောက်ရှိသွားစေသည်။ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း ရုန်းကန်လိုက်သည်။ သို့သော်လည်း ချိပ်ပိတ်မှုသည် အတော်လေး အားကောင်းသည်။ ထို့ကြောင့် သူက လုံးဝ မလှုပ်ရှားနိုင်ပေ။
ထို့ကြောင့် သူ၏ မျက်လုံးထဲတွင် ကြောက်လန့်မှုနှင့် စိတ်ပျက်မှုက အထင်အရှား ထွက်ပေါ်လာသည်။
အထူးသဖြင့် ရွှီချင်းက သူ့ဆီသို့ တန်းမတ်စွာ လျှောက်လှမ်းလာနေသည့်အခါ ဖြစ်သည်။ ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှ မဟူရာမီးတောက်များသည် သူ၏ ခန္ဓာကိုယ်ကို အပြင်းအထန် လောင်ကျွမ်းပစ်နေသည်။ သူ့ကို ပိုပြီးကြောက်လန့်စေသည်မှာ ရွှီချင်းထံမှ ဖိအားဖြစ်သည်။
ထိုဖိအားကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်မှာ အက်ကွဲရာများပင် ထွက်ပေါ်လာကြသည်။ ဤသည်မှာ သူက ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်ဖြင့် ရင်ဆိုင်နေရသည့်အလားပင်။
“ ဂျိဒုန်းဇီ ဘယ်မှာလဲ မင်းသိလား ”
ရွှီချင်းသည် သူ့အရှေ့မှ စီအဲမျိုးနွယ်ဝင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
သူ၏ စကားသံက ပဲ့တင်ထပ်သွားသည့်အခါ စီအဲမျိုးနွယ်ဝင်ကို ချုပ်နှောင်ထားသော ချိပ်ပိတ်မှုသည် အနည်းငယ် လျော့ကျသွားသည်။ စီအဲမျိုးနွယ်ဝင်သည် အမောတကော အသက်ရှူလိုက်ရသည်။ သူ၏ စိတ်ထဲမှ ပြင်းထန်သော သေခြင်းရှင်ခြင်းကပ်ဘေးက သူ့အား အပြင်းအထန် တုန်ရီစေသည်။
သို့သော်လည်း မည်သို့ကြိုးစားပါစေ သူက သေခြင်းအငွေ့အသက်ကို မဖျောက်ဖျက်ပစ်နိုင်ပေ။ သူက အမြန်ခေါင်းခါလိုက်သည်။ သူက ဂျိဒုန်းဇီ၏ နေရာကို အမှန်တကယ် မသိပေ။
“ မင်းမသိဘူးလား ”
ရွှီချင်းသည် တည်ငြိမ်သည်။ ထိုလူနှင့်ပတ်သက်သော အရာအားလုံးက သူ၏ မျက်လုံးထဲမှာ ရှင်းလင်းလာသည်။ ဤအခိုက်အတန့်မှာ သူက လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ဝိညာဉ်ချည်မျှင်တစ်ခုသည် စီအဲမျိုးနွယ်ဝင်၏ ဘေးပတ်ပတ်လည်တွင် လှည့်ပတ်သွားပြီး သူ့ကို ချည်နှောင်လိုက်သည်။
သူက တစ်ဖက်လူ၏ ကျင့်ကြံခြင်းကိုသာ ကန့်သတ်ခဲ့ခြင်းဖြစ်ပြီး အသံပို့လွှတ်ခြင်းကို မကန့်သတ်ခဲ့ပေ။ အမှန်မှာ ချိပ်တံဆိပ်၏ ကန့်သတ်မှုအောက်မှာ သူက တစ်ဖက်လူ၏ သိုလှောင်အိတ်ကို ဖွင့်နိုင်သည်။ သို့သော်လည်း သူက အသံပို့လွှတ်ကျောက်စိမ်းပြားကိုသာ ထုတ်ယူခဲ့သည်။
ရွှီချင်းသည် လောလောဆယ် ထိုလူကို မသတ်သေးပေ။ ဂျိဒုန်းဇီကို အကျိုးမရှိစွာ လိုက်ရှာနေမည့်အစား ဂျိဒုန်းဇီကို သူ့အား လိုက်ရှာစေခြင်းသည် ပိုပြီးကောင်းလိမ့်မည်ဟု ရွှီချင်း ခံစားမိသည်။
သို့သော်လည်း ထိုသို့လုပ်ဆောင်ရန် စီအဲမျိုးနွယ်ဝင်၏ ပူးပေါင်းကူညီပေးမှုကို လိုအပ်သည်။
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ပျံသန်းထွက်လာပြီး စီအဲမျိုးနွယ်ဝင်၏ ဘေးတွင် လှည့်ပတ်လိုက်သည်။ ၎င်း၏ ချွန်ထက်သော ထိပ်ဖျားသည် စီအဲမျိုးနွယ်ဝင်၏ အရေပြားပေါ်သို့ ဖြတ်သန်းသွားပြီး သေးငယ်သော အမှတ်အသားတစ်ခုကို ကျန်ရစ်စေသည်။
သံချောင်းထံမှ အေးစက်မှုနှင့် အန္တရာယ်သည် စီအဲမျိုးနွယ်ဝင်ကို ပိုပြီးတုန်ယင်သွားစေသည်။
“ မင်းဘာသာမင်း အကူအညီခေါ်မလား ဒါမှမဟုတ် ငါမင်းကို ကူညီပေးရမလား ”
ကျင်းကန်းဂိုဏ်းဘိုးဘေး၏ ပုံရိပ်သည် လေထဲမှာ ထွက်ပေါ်လာပြီး သံချောင်းပေါ်မှာ ထိုင်လိုက်သည်။ သူက စီအဲမျိုးနွယ်ဝင်ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
“ မင်းရဲ့ ခန္ဓာကိုယ်ပေါ်က ဘယ်နေရာကို ငါအပေါက်ဖောက်ပေးရမလဲ… မင်းမှာ အဆက်အသွယ်ကောင်းကောင်းရှိဖို့ ငါမျှော်လင့်တယ်… မဟုတ်ရင်တော့… ဟဲ ဟဲ ”
ကျင်းကန်းဂိုဏ်းဘေး၏ အကြည့်အောက်မှာ စီအဲမျိုးနွယ်ဝင်သည် လုံးဝတုံ့ဆိုင်းမနေပေ။ သူက တစ်ဖက်လူ၏ တောင်းဆိုမှုအတိုင်း သူ၏ မျိုးနွယ်ဝင်များဆီသို့ အကူအညီတောင်းရန် အသံပို့လွှတ်လိုက်သည်။
ထိုသို့ဖြင့် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ တိုက်တွန်းမှုအောက်မှာ ရွှီချင်းက ကောင်းကင်ပေါ်တွင် အရှေ့သို့ ဆက်လက် ရွေ့လျားသွားနေစဉ် သူ့အနောက်မှာ ဝိညာဉ်ချည်မျှင်ဖြင့် ချည်နှောင်ခံထားရသော စီအဲမျိုးနွယ်ဝင်သည် ဆက်လက် အသံပို့လွှတ်နေသည်။
သူက စကားဝှက်ဖြင့် အသံပို့လွှတ်နိုင်ခြေရှိသည်ကိုတော့ ရွှီချင်းက ဂရုမစိုက်ပေ။ လူအများအပြား ရောက်ရှိလာရန် သူက မျှော်လင့်နေခြင်း ဖြစ်သည်။
သို့သော်လည်း ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်သော ဂုဏ်သတင်းကြောင့်လော သို့မဟုတ် ထိုစီအဲမျိုးနွယ်ဝင်က မျိုးနွယ်ထဲမှာ အလုံအလောက် နာမည်မကျော်ကြားခြင်းကြောင့်လော သို့မဟုတ် သူက မသင်္ကာစရာ ကိစ္စများကို လုပ်ဆောင်ခဲ့ခြင်းကြောင့်လော မသိရသော်လည်း နာရီအများအပြား ကုန်ဆုံးသွားသည့်တိုင် မည်သူတစ်ဦးတစ်ယောက်မှ သူ့ကို လာမကယ်ကြချေ။
ရွှီချင်းသည် အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။ ထို့ကြောင့် သူက အရှိန်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။
ထိုအတောအတွင်းမှာ စီအဲမျိုးနွယ်ဝင်၏ အကူအညီအော်တောင်းသံသည် တဖြည်းဖြည်း တိုးညင်းလာသည်။ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ ညှဉ်းပန်းနှိပ်စက်မှုများဖြင့် ရင်ဆိုင်ရသောအခါ ထိုကျင့်ကြံသူသည် အကူအညီမဲ့လာပြီး ညည်းညူရုံသာ တတ်စွမ်းတော့သည်။
ကံကောင်းစွာဖြင့် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ တိုက်ခိုက်မှုများကို စိတ်ပျံ့လွင့်စေရန် သူ့မှာ ရဲဘော်ရဲဘက်အများအပြား ရှိလာသည်။
လွန်ခဲ့သော ရက်များတွင် ရွှီချင်းသည် လမ်းမှာ သူတွေ့ဆုံခဲ့သော ပိုင်ဇီမျိုးနွယ်ဝင်များနှင့် စီအဲမျိုးနွယ်ဝင်များကို တိုက်ရိုက် တိုက်ခိုက်ခဲ့ပြီး ချည်နှောင်ကာ သူ့အနောက်တွင် တန်းလန်းချိတ်ဆွဲခဲ့သည်။
ယခု ဖမ်းဆီးခံထားရသော လူအရေအတွက်သည် ဒါဇင်ခန့် ရှိလာသည်။
ထိုကျင့်ကြံသူများသည် စိတ်ပျက်အားငယ်နေကြသည်။ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် ခြိမ်းခြောက်မှုအောက်မှာ သူတို့က ဆက်လက် အကူအညီတောင်းခံကြသည်။ တစ်ချိန်တည်းမှာ သူတို့၏ အော်ဟစ်သံများက ပိုပြီးအက်ရှလာသည်။
ပထမဆုံး အဖမ်းခံခဲ့ရသော စီအဲမျိုးနွယ်ဝင်သည် သူ၏ ဘေးမှာ တိုးပွားလာသော ရဲဘော်ရဲဘက်များကို ကြည့်နေရင်း ရွှီချင်းအပေါ် သူ၏ နှလုံးသားထဲမှ ကြောက်စိတ်သည် ပိုပြီးအားကောင်းလာသည်။
အဘယ့်ကြောင့်ဆိုသော် ဤရက်များတွင် သူက ရွှီချင်း၏ အကြင်နာမဲ့မှုတစ်ခုတည်းကိုသာ မြင်ခဲ့ခြင်း မဟုတ်ပေ။
တောင်တန်းပင်လယ်ဒေသကြီးထဲမှ သားရဲများ၏ မူမမှန်မှုများလည်း ရှိသေးသည်။
လမ်းတစ်လျှောက်တွင် သူက အစွမ်းထက်သော သားရဲများကို မြင်တွေ့ခဲ့သည်။ အကယ်၍ သူသာ ထိုသားရဲများဖြင့် တွေ့ဆုံမည်ဆိုလျှင် သေချာပေါက် ထွက်ပြေးရလိမ့်မည်။ သို့သော်လည်း ၎င်းတို့သည် ရွှီချင်းကို မြင်တွေ့သွားသည့်အခိုက် အရင်ဦးစွာ အရိုအသေပေးလိုက်ကြသည်။ သားရဲများက တစ်ကောင်တည်းဖြစ်စေ သို့မဟုတ် အုပ်စုလိုက်ဖြစ်စေ ထိုအတိုင်းသာ ဖြစ်သည်။
ဤသည်မှာ ၎င်းတို့က ဘုရင်တစ်ပါးကို မြင်လိုက်ရသည့်အလားပင်။
ထိုမြင်ကွင်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။ ထို့ကြောင့် သူက မကြာခဏ ဆွံ့အသွားခဲ့ရသည်။
ထိုအဖြစ်အပျက်ကို ယခင်က တစ်ခါမှ သူမကြားဖူးချေ။ ရှေးဟောင်းမှတ်တမ်းများထဲမှာလည်း သူမမြင်ဖူးချေ။
သူသိထားသည်မှာ တောင်တန်းပင်လယ်ဒေသကြီးထဲမှ သားရဲအားလုံးသည် ရက်စက်ကြမ်းကြုတ်ပြီး အရိုင်းဆန်ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က ၎င်းတို့ကို ထိန်းကျောင်းချင်သည်ဆိုလျှင် လုံလောက်သော ခွန်အားနှင့် အခွင့်အရေးများကို လိုအပ်လိမ့်မည်။
ထို့ပြင် သားရဲတစ်ကောင်ကို ထိန်းကျောင်းပြီးနောက် ဒုတိယတစ်ကောင်ကို ထိန်းကျောင်းရန် ပိုပြီးခက်ခဲလိမ့်မည်။
သို့သော်လည်း ယခုတော့ လမ်းတစ်လျှောက်မှာရှိသော သားရဲအားလုံးက ရွှီချင်းအား အရိုအသေပေးနေခြင်းကို သူမြင်တွေ့ခဲ့သည်။ တချို့သားရဲများဆိုလျှင် ကျင့်ကြံသူအများအပြားက စီးတော်သားရဲအဖြစ် ထိန်းကျောင်းချင်ကြသော အဆင့်ဝင် သားရဲများဖြစ်ကြသည်။
ရွှီချင်းက ခေါင်းညိတ်လိုက်ရုံဖြင့် ၎င်းတို့က ချက်ချင်း ပြေးလာပြီး ဆန္ဒရှိစွာ အမှုထမ်းကြလိမ့်မည်။
“ ဘာ… ဘာလဲ… ”
မယုံကြည်နိုင်စရာကောင်းသော ထိုမြင်ကွင်းက စီအဲမျိုးနွယ်ဝင်ကို ပိုပြီးနှလုံးတုန်သွားစေခဲ့သည်။
ခြောက်ရက်ကြာပြီးနောက် ရွှီချင်း၏ အနောက်တွင် ချည်နှောင်ခံထားရသော ကျင့်ကြံသူများသည် တစ်ရာခန့် ရှိလာသည်။ ယင်းက အလွန်ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းဖြစ်သည်။
သူတို့အားလုံးက အချိန်တိုင်း အသံပို့လွှတ်၍ အကူအညီတောင်းခံနေကြသည်။ နောက်ဆုံးမှာတော့ ယင်းက မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တောင်တန်းပင်လယ်ဒေသကြီးထဲမှာ ပျံ့နှံ့သွားသည်။
ရွှီချင်းမသေသေးသော သတင်းသည် မြန်ဆန်စွာ ပျံ့နှံ့သွားသည်။
ထိုမုန်တိုင်းနှင့်အတူ ရွှီချင်းက ဂျိဒုန်းဇီ၏ တည်နေရာကို စုံစမ်းနေသည်ဟူသော ကိစ္စသည်လည်း ပျံ့နှံ့သွားသည်။
သူ၏ အနောက်တွင် တွဲလောင်းချည်နှောင်ခံထားရသော ကျင့်ကြံသူတစ်ရာသည် ထိုမုန်တိုင်း၏ သက်ရောက်မှုကို ပိုပြီးကြီးမားသွားစေသည်။ တခြားကျင့်ကြံသူများက ယင်းကို မျက်မြင်တွေ့သွားလေရာ အံ့ဩထိတ်လန့်သွားကြသည်။
သို့ဖြစ်၍ ရွှီချင်း၏ နာမည်သည် ပြိုင်ပွဲဝင်သူအားလုံး၏ စိတ်ထဲမှာ ထပ်မံ ပေါ်ထွက်လာသည်။ ဤတစ်ကြိမ်တွင် ယင်းက ယခင်ထက် ပိုပြီးလေးနက်သည်။
ရွှီချင်းက သူ၏ လုပ်ရပ်များနှင့်အတူ ဂျိဒုန်းဇီကို အမှာစကားပါးနေခြင်း ဖြစ်သည်။
“ ငါမင်းကို စောင့်နေတယ် ”