← Chapters

မိစ္ဆာနှင့်တွေ့ဆုံခြင်း

Vol. 83 Ch. 1278

မိစ္ဆာနှင့်တွေ့ဆုံခြင်း

Vol. 83 Ch. 1278

အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး နောက်ထပ် သုံးရက် ကုန်ဆုံးသွားသည်။

ထိုသုံးရက်အတွင်းမှာ ရွှီချင်းကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းသည် တောင်တန်းပင်လယ်ဒေသကြီးတစ်လျှောက် ရိုက်ခတ်သွားသည်။ အထီးကျန်ဝံပုလွေများနှင့် အခြေအနေတချို့ကြောင့် အဆက်အသွယ်ပြတ်နေသော လူများမှလွဲ၍ ကျန်လူတိုင်းသည် ရွှီချင်းနှင့် ဂျိဒုန်းဇီအကြောင်းကို ကြားကြသည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နံပါတ်နှစ်ကောင်းကင်အရွေးချယ်ခံအဖြစ် သတ်မှတ်ခံထားရသော ဂျိဒုန်းဇီအနေဖြင့် သူ၏ တိုက်ပွဲစွမ်းအားက မည်မျှကြောက်စရာကောင်းကြောင်း မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူအားလုံးက တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း သိထားကြသည်။

သို့ဖြစ်၍ ရွှီချင်းက ထိုသို့နည်းလမ်းဖြင့် ဂျိဒုန်းဇီကို စိန်ခေါ်နေသည်ဟု သူတို့သိသွားကြပြီးနောက် ကျင့်ကြံသူအများစုက ရွှီချင်းအပေါ် မြင့်မြင့်မတွေးကြချေ။

ရွှီချင်း၏ ဤတစ်ကြိမ် ထွက်ပေါ်လာပုံက အလွန်မောက်မာထောင်လွှားသော်လည်း ယင်းက ထိုကျင့်ကြံသူများ၏ အခြေခံနားလည်မှုကို မပြောင်းလဲနိုင်ခဲ့ပေ။

မည်သို့ဖြစ်ပါစေ လွန်ခဲ့သော နှစ်လတုန်းက ဂျိဒုန်းဇီသည် ရွှီချင်းကို ရှာဖွေနေသည်ဟု သတင်းဖြန့်ခဲ့သည်။ ထို့နောက် သူက ရွှီချင်းသေဆုံးသွားပြီဟု ကြေညာခဲ့သည်။ ရွှီချင်းက မသေဆုံးခဲ့သော်လည်း ဤနှစ်လအတွင်းမှာ ရွှီချင်း၏ ပျောက်ဆုံးနေမှုက သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲရလဒ်ကို ဖော်ပြရန် လုံလောက်ပေသည်။

ယခု နှစ်လကုန်ဆုံးသွားပြီဖြစ်လေရာ မည်သို့ဆက်ဖြစ်လာမည်နည်း။

သို့သော်လည်း ထူးဆန်းသည့်အရာမှာ ဂျိဒုန်းဇီသည် ဤအတောအတွင်းမှာ ထွက်ပေါ်မလာသလို ရွှီချင်း၏ စိန်ခေါ်မှုကိုလည်း မည်သို့မှ မတုံ့ပြန်ခဲ့ပေ။ အမှန်မှာ ကျင့်ကြံသူအနည်းစုသာလျှင် ဂျိဒုန်းဇီ၏ တည်နေရာကို သိထားကြသည်။

ယင်းက လူတချို့ကို အတွေးနယ်လွန်သွားစေခဲ့သည်။

ရွှီချင်း၏ အနောက်မှာ ချည်နှောင်ခံထားရသော စီအဲမျိုးနွယ်ဝင်များနှင့် ပိုင်ဇီမျိုးနွယ်ဝင် တစ်ရာကျော်သည်တော့ တိုးညင်းစွာ ဆက်လက် ညည်းညူနေကြသည်။ မရေမတွက်နိုင်သော ခန့်မှန်းမှုများက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

သူတို့က အကောင်းဆုံး ကြိုးစားပေးခဲ့ပြီးပြီ ဖြစ်သည်။ ဤရက်များတွင် သူတို့က သူတို့နှင့်သိကျွမ်းသော လူတိုင်းထံသို့ အသံပို့လွှတ်ခဲ့သည်။

သို့သော်လည်း ဂျိဒုန်းဇီက ထွက်ပေါ်မလာခဲ့ပေ။ ထို့အတူ သူတို့အသံပို့လွှတ်ခဲ့သော လူများသည်လည်း ထွက်ပေါ်မလာကြချေ။

မည်သို့ဖြစ်ပါစေ လူတိုင်းသည် ငတုံးမဟုတ်ကြချေ။ သူတို့က ယုံကြည်မှုမရှိဘဲ တခြားတစ်ယောက်ကို ကယ်တင်ရန် မည်သို့ကြောင့် ကိုယ့်အသက်ကို စတေးလိမ့်မည်နည်း။

ဥပမာ ယခုအချိန် ဖြစ်သည်။

အချိန်သည် နေမွန်းတည့်ချိန်ဖြစ်သည်။ ယင်းက တောင်တန်းပင်လယ်ဒေသကြီးထဲတွင် နေရောင်ခြည်က အပူပြင်းဆုံး အချိန်အခါလည်း ဖြစ်သည်။ ယန်ချီသည် တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။ ထိုအချိန်မှာ အမှောင်ထုနှင့် ထူးဆန်းသော သက်ရှိများက အနားယူကြလေ့ ရှိသည်။

ပူပြင်းသော နေရောင်ခြည်က အရာအားလုံးကို အလင်းရောင်ပေးလိုက်ပြီး ရှင်းလင်းထင်ရှားစေသည်။ နေရောင်ခြည်သည် တစ်လောကလုံးကို ထွန်းလင်းသွားစေသည်။ ရွှီချင်းသည် လေထဲမှာ ဖြတ်သန်းသွားနေစဉ် ရုတ်တရက် ရပ်တန့်လိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်လိုက်သည်။

သူက စိုက်ကြည့်လိုက်စဉ် သူ့အနောက်မှာ အော်ဟစ်နေသော ကျင့်ကြံသူတစ်ရာကျော်သည် ချက်ချင်း နှုတ်ဆိတ်သွားကြသည်။ သူတို့အားလုံးက စိုးရိမ်ကြောင့်ကြခြင်း၊ မျှော်လင့်ခြင်းနှင့်အတူ ကြည့်လိုက်ကြသည်။

သူတို့၏ မျက်လုံးထဲတွင် သက်တံ့လေးခုသည် ကောင်းကင်ကို ဖြတ်သန်း၍ ဤနေရာသို့ တစ်ဟုန်ထိုး ပျံသန်းလာနေကြသည်။

ထိုသက်တံ့လေးခုအတွင်းမှာ အံ့ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် ကျင့်ကြံသူတစ်ဦးစီ ပါရှိကြသည်။ သူတို့က ရှိန်လောက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေကြသည်။

သူတို့ထဲမှ သုံးယောက်သည် စီအဲမျိုးနွယ်မှ ဖြစ်ကြသည်။ သူတို့၏ အမူအရာသည် မည်းမှောင်နေပြီး သတ်ဖြတ်စိတ်ဆန္ဒ ကိန်းအောင်းနေသည်။

နောက်ဆုံးတစ်ယောက်သည် ပိုင်ဇီမျိုးနွယ်မှ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် တောင်အသေးလေးတစ်လုံးပမာ ထွားကြိုင်းသန်မာပြီး အလွန်ထူထဲသော သွေးနှင့်ချီကို ထုတ်လွှတ်နေသည်။ သူ၏ နှလုံးခုန်သံသည် မိုးခြိမ်းသံနှင့် ဆင်တူသည်။ ထို့ပြင် သူက ပြိုင်ဘက်ကင်းသည်ဟူသော ခံစားမှုကို ပေးသည်။

ပိုပြီးအံ့ဖွယ်ကောင်းသည့်အရာမှာ သူတို့လေးယောက်သည် အံ့ဖွယ်ကောင်းသော သားရဲများကို စီးတော်သားရဲအဖြစ် ထိန်းကျောင်းနိုင်ပြီးပြီ ဖြစ်သည်။

ပိုင်ဇီမျိုးနွယ်ဝင်ထံတွင် အတောင်ပံပါသော စပါးအုံးမြွေတစ်ကောင်ရှိသည်။ ၎င်းက ရက်စက်ကြမ်းကြုတ်ပြီး အန္တရာယ်အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ၎င်းက တိမ်တိုက်များကို ထိုးဖောက်ပျံသန်းနိုင်စွမ်းရှိဟန် ရ၏။

စီအဲမျိုးနွယ်ဝင်သုံးယောက်၏ စီးတော်သားရဲများသည်လည်း ထူးခြားကြသည်။ သားရဲတစ်ကောင်သည် ခြင်္သေ့ဦးခေါင်းနှင့် ဝံပုလွေခန္ဓာကိုယ်ရှိပြီး ဝိညာဉ်ဖမ်းစားနိုင်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ တခြားတစ်ကောင်သည် ကျောပေါ်တွင် လိပ်အခွံပါသော ဆင်တစ်ကောင်ဖြစ်ပြီး အကန့်အသတ်မဲ့သော ခွန်အားကို ထုတ်လွှတ်နေသည်။

နောက်ဆုံးသားရဲသည် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေတစ်ကောင်ဖြစ်သည်။ အမှောင်ထုက ၎င်းကို ရစ်သုံးခြုံထားပြီး ချောက်ချားဖွယ်ကောင်းသော အသွင်ပုံသဏ္ဍာန် ရှိသည်။

ထိုစီးတော်သားရဲလေးကောင်သည် သူတို့၏ တိုက်ပွဲစွမ်းအားကို အတော်အသင့် တိုးမြှင့်ပေးနိုင်သည်။ သူတို့၏ အရှိန်အဝါက ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည့်အခါ ကောင်းကင်သည် မည်းမှောင်သွားသည်။ အမှောင်တိမ်တိုက်များသည် လှည့်ပတ်သွားပြီး မြူခိုးသဖွယ် ပျံ့ပွားသွားသည်။

သူတို့ကို ရှင်းလင်းစွာ မြင်သွားသည့်အခိုက် ရွှီချင်း၏ အနောက်မှာ တွဲလောင်းချည်နှောင်ခံထားရသော ကျင့်ကြံသူတစ်ရာကျော်သည် ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။ ထုံးစံအားဖြင့် သူတို့သည် သူတို့မျိုးနွယ်၏ ကောင်းကင်အရွေးချယ်ခံများကို ယခင်က မြင်ဖူးကြသည်။

ထိုစီအဲမျိုးနွယ်ဝင်သုံးယောက်သည် မဟာအမဲလိုက်ပွဲတော်၏ ဒုတိယပြိုင်ပွဲတွင် စီအဲမျိုးနွယ်မှ အစွမ်းထက်ဆုံး ကောင်းကင်အရွေးချယ်ခံများ ဖြစ်ကြသည်။ သူတို့သည် ဗလာနတ္ထိဒုတိယအဆင့်မှာသာ ရှိသေးသော်လည်း သူတို့၏ တိုက်ပွဲစွမ်းအားသည် ဗလာနတ္ထိစတုတ္ထအဆင့်နှင့် ယှဉ်ပြိုင်နိုင်ကြသည်။

သူတို့က ဂျိဒုန်းဇီကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကို မယှဉ်ပြိုင်နိုင်သော်လည်း တခြားမျိုးနွယ်စုများထဲမှာတော့ သူတို့ကို ကောင်းကင်အရွေးချယ်ခံအဖြစ် သတ်မှတ်နိုင်ပေသည်။

ပိုင်ဇီမျိုးနွယ်မှ ထွားကြိုင်းသန်မာသော လူငယ်သည်တော့ သူ၏ ရုပ်ခန္ဓာကိုယ်သည် ဗလာနတ္ထိစတုတ္ထအဆင့်နှင့် နှိုင်းယှဉ်နိုင်သည်။ သူ၏ အဆင့်အတန်းသည် တခြားသုံးယောက်ထက် ပိုပြီးမြင့်မြတ်သည်။ အဘယ့်ကြောင့်ဆိုသော် သူက ပိုင်ဇီမျိုးနွယ်စုခေါင်းဆောင်၏ ဒုတိယမြောက်သား ဖြစ်သည်။

သူတို့လေးယောက်သည် မျိုးနွယ်ဝင်များထံမှ အကူအညီတောင်းခံမှုကို ရရှိပြီး ရွှီချင်းလှုံ့ဆော်ခဲ့သော မုန်တိုင်းအကြောင်းကို သိရှိပြီးနောက် အတူတကွ ပူးပေါင်းတိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသည်။ သို့ဖြစ်၍ ယခုမှသာ သူတို့က ရောက်ရှိလာကြခြင်း ဖြစ်သည်။

သူတို့က ထိုသို့ထွက်ပေါ်လာရန် အချိန်အတော်ကြာ ယူခဲ့ရသဖြင့် ပြင်ဆင်မှုတချို့ကို ပြုလုပ်ခဲ့ပြီး အလွန်ယုံကြည်မှုရှိထားကြောင်း ထင်ရှားပေသည်။

ထို့ကြောင့် သူတို့က ရောက်လာသည်နှင့်ချက်ချင်း ရွှီချင်းကို တိုက်ခိုက်လိုက်ကြသည်။

သူတို့ထဲမှာ အမြန်ဆုံးသည် ပိုင်ဇီမျိုးနွယ်မှ လူငယ်ဖြစ်သည်။ ထွားကြိုင်းသန်မာသော လူငယ်သည် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ သက်စောင့်အားသည် သူ၏ ခန္ဓာကိုယ်ထဲမှ တိုက်ရိုက် ပေါက်ကွဲထွက်လာသည်။ ထိုသက်စောင့်အားထဲမှာ ဖိနှိပ်မှုစိတ်ဆန္ဒလည်း ပါရှိသည်။

သူက အနားကပ်လာသည်နှင့်ချက်ချင်း လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး အကြမ်းပတမ်း ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို အက်ကွဲသံများသည် ရွှီချင်း၏ ဘေးပတ်ပတ်လည်မှ ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။ ဤသည်မှာ ဟင်းလင်းပြင်က အပိုင်းပိုင်းအစစ အက်ကွဲသွားနေသည့်အလားပင်။

ဤအခိုက်အတန့်မှာ နိယာမများနှင့် ဥပဒေသများက ပြိုကွဲပျက်စီးသွားပြီး ပိုင်ဇီမျိုးနွယ်ဝင်ပိုင်ဆိုင်သော တာအိုတစ်ခုတည်းသာ ကျန်ရှိတော့ဟန် ရသည်။

တစ်ချိန်တည်းမှာ သူ၏ နဖူးပေါ်မှ တတိယမျက်လုံးသည် ပွင့်သွားပြီး အနီရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်ကာ သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားစေသည်။ ထို့နောက် သွေးနီရောင်ဧရာမပုံရိပ်တစ်ခုက သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။

ဧရာမပုံရိပ်သည် ကြီးမားသော တူနှစ်လက်ကို အကြမ်းပတမ်း လွှဲယမ်းလိုက်သည်။ ထိုအခါ ကောင်းကင်နှင့် မြေပြင်သည် တုန်ယင်သွားပြီး လေသည် အကြမ်းပတမ်း တိုက်ခတ်လာသည်။ ကြီးမားသော အင်အားနှင့်အတူ တူနှစ်လက်သည် ရွှီချင်းအပေါ်သို့ ဆင်းသက်လာသည်။

တစ်ချိန်တည်းမှာ ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူ၏ စီတော်သားရဲသည် ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး ရွှီချင်းကို ကိုက်လိုက်သည်။

အဝေးတွင် တစ္ဆေသားရဲကို စီးနင်းထားသော စီအဲမျိုးနွယ်ဝင်သည် ရွှီချင်း၏ အနောက်မှာ ချက်ချင်း ထွက်ပေါ်လာသည်။ သူက ရွှီချင်း၏ လွတ်မြောက်နိုင်သော လမ်းကြောင်းများကို ပိတ်ဆို့လိုက်သည်။ သူက လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး ပါးစပ်မှလည်း ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။

ထိုအခါ မရေမတွက်နိုင်သော သရဲတစ္ဆေများသည် သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ပြေးထွက်လာကြပြီး တစ္ဆေပင်လယ်အဖြစ် ဖွဲ့စည်းသွားသည်။ သရဲတစ္ဆေများသည် ရွှီချင်း၏ လွတ်မြောက်နိုင်သော လမ်းကြောင်းကို ပိတ်ဆို့ထားရုံသာမက သူ၏ ဘေးပတ်ဝန်းကျင်ကိုလည်း ချိပ်ပိတ်ထားသည်။

တခြားစီအဲမျိုးနွယ်ဝင်နှစ်ယောက်တွင် တစ်ယောက်သည် ရွှီချင်း၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာပြီး တခြားတစ်ယောက်သည် ရွှီချင်း၏ အောက်မှာ ထွက်ပေါ်လာသည်။

အပေါ်တွင် ထွက်ပေါ်လာသော စီအဲမျိုးနွယ်ဝင်သည် မည်သည့်နတ်ဘုရားစွမ်းရည်ကိုမှ အသုံးမပြုပေ။ ယင်းအစား သူက အနီရောင်ဖယောင်းတိုင်တစ်ခုကို မီးညှိလိုက်သည်။

“ နတ်ဘုရားချည်နှောင်ခြင်း ”

ချက်ချင်းဆိုသလို ရွှီချင်း၏ ပုံရိပ်သည် လောင်ကျွမ်းနေသော မီးစာထဲမှာ ထွက်ပေါ်လာသည်။

ရွှီချင်း၏ အောက်မှ စီအဲမျိုးနွယ်ဝင်သည်တော့ တင်ပျဉ်ခွေထိုင်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။ သူက ထူးဆန်းသော ကျိန်စာတစ်ခုကို အသက်သွင်းလိုက်သည့်အလား သူ၏ ခန္ဓာကိုယ်က ပုပ်သိုးဆွေးမြေ့လာသည်။ ဝိညာဉ်ကို ယိုယွင်းပျက်စီးစေနိုင်သော မီးခိုးရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ရွှီချင်းဆီသို့ ပျံသန်းသွားသည်။

ဤအခိုက်အတန့်မှာ သူတို့လေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုသည် ကြီးမားသော လွှမ်းမိုးဖိနှိပ်မှုကို ဖြစ်ပေါ်စေသည်။ ပိုင်ဇီမျိုးနွယ်ဝင်သည် အရှေ့မှ ထိပ်တိုက် တိုက်ခိုက်ပြီး စီအဲမျိုးနွယ်ဝင်တစ်ယောက်သည် ရွှီချင်း၏ ထွက်ပြေးနိုင်‌သော လမ်းကြောင်းအားလုံးကို တားဆီးပိတ်ဆို့ထားသည်။ တခြားစီအဲမျိုးနွယ်ဝင်တစ်ယောက်သည် အထူးရတနာတစ်ခုကို အသုံးပြု၍ ရွှီချင်း၏ ရုပ်ခန္ဓာကိုယ်ကို ဖိနှိပ်လိုက်သည်။ ယင်းက ရွှီချင်းကို ခုခံရန် ခက်ခဲစေသည်။ နောက်ဆုံးတစ်ယောက်သည်တော့ ကျိန်စာကို အသုံးပြု၍ ရွှီချင်း၏ ဝိညာဉ်ကို တိုက်ခိုက်လိုက်သည်။

ထို့ပြင် စီအဲမျိုးနွယ်ဝင်သုံးယောက်၏ စီးတော်သားရဲများသည်လည်း ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

တစ်ချိန်တည်းမှာ အဝေးမှ မိုးကုပ်စက်ဝိုင်းထဲ၌ တလိပ်လိပ် ရွေ့လျားနေသော တိမ်တိုက်များကြားထဲတွင် ဝေဝါးစွာ ထွက်ပေါ်နေသော ပုံရိပ်တစ်ခုရှိသည်။ ထိုသူက တည်ငြိမ်စွာ လမ်းလျှောက်နေသည်။

သူ၏ အရှိန်အဝါသည် ဂျိဒုန်းဇီကဲ့သို့ အားမကောင်းသော်လည်း သူတို့ကြားမှ ကွာခြားမှုသည် သိပ်မကြီးမားချေ။

သူ၏ ဘေးပတ်ဝန်းကျင်တွင် ရစ်ဝဲနေသော မြူခိုးနှင့် တိမ်တိုက်များကြောင့် သူ၏ အသွင်အပြင်ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့သော်လည်း သူ့ထံမှ လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါသည် အလွန်အမင်း အားကောင်းသည်။

သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် လျှို့ဝှက်ဆန်းကြယ်သော ထိုကျင့်ကြံသူသည် တိမ်တိုက်ထဲမှာ လမ်းလျှောက်နေရင်း ရုတ်ချည်း ရပ်တန့်သွားသည်။ ဤသည်မှာ သူက ထိုနေရာဆီသို့ ခြေမချချင်သည့်အလားပင်။

တိမ်တိုက်များနှင့် မြူခိုး၏ ရစ်သိုင်းမှုကြောင့် ဝေဝါးနေသော သူ၏ မျက်နှာပေါ်မှာ ထိတ်လန့်သော အရိပ်အယောင်နှင့် ချောက်ချားမှုတို့ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါက ပျောက်ကွယ်သွားသည်။

လျှို့ဝှက်ဆန်းကြယ်သော ထိုကျင့်ကြံသူက ရပ်တန့်သွားစဉ် ရွှီချင်း၏ မျက်လုံးထဲမှာ မီးခိုးရောင်မြူခိုး ထွက်‌ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ ပမာဏများပြားသော မီးခိုးရောင်မြူခိုးသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ယင်းက ပေတစ်သောင်းကျယ်ဝန်းသော ဧရိယာကို ချက်ချင်း သက်ရောက်သွားပြီး သူ့အနောက်မှ ကျင့်ကြံသူတစ်ရာနှင့် လာရောက်ကယ်ဆယ်သော ကျင့်ကြံသူလေးယောက်ကို လွှမ်းခြုံသွားသည်။

သူ့ဆီသို့ ကျဆင်းလာနေသည့် ဧရာမတူများသည် မီးခိုးရောင်မြူခိုးဖြင့် တိုက်ရိုက် သက်ရောက်ခံလိုက်ရပြီး ဘေးပတ်ဝန်းကျင်မှ ချိပ်ပိတ်မှုများသည်လည်း ထို့အတူပင်။

အကြီးမားဆုံး အပြောင်းအလဲသည် စီးတော်သားရဲလေးကောင် ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး ချက်ချင်း ဘက်ပြောင်းသွားကြသည်။ ၎င်းတို့က ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ပြီး ၎င်းတို့၏ သက်ဆိုင်ရာသခင်များကို အကြင်နာမဲ့စွာ ခုန်အုပ်လိုက်ကြသည်။

ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ သူက ခေါင်းမော့လိုက်ပြီး အနီရောင်ဖယောင်းတိုင်ကို ကိုင်ထားသော စီအဲမျိုးနွယ်ဝင်ကို ကြည့်လိုက်သည်။

သူတို့၏ အကြည့်ချင်း တွေ့ဆုံသွားသည့်အခိုက် ရွှီချင်းက သူ့ဆီသို့ လျှောက်သွားသည်။

ထိုစီအဲမျိုးနွယ်ဝင်၏ စိတ်သည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ သူ၏ လက်ထဲမှ ဖယောင်းတိုင်သည် မူလက နှေးကွေးစွာ လောင်ကျွမ်းနေသော်လည်း ယခု မြန်ဆန်စွာ လောင်ကျွမ်းသွားသည်။ ဤသည်မှာ ယင်းက ကြီးမားသော လှုံ့ဆော်မှုကို ရရှိသွားသည့်အလားပင်။ ဖယောင်းတိုင်၏ လောင်ကျွမ်းမှုသည် ပိုပြီးပြင်းထန်လာသည်။ ဖယောင်းတိုင်တစ်ခုလုံး အရည်ပျော်သွားရန် အသက်နှစ်ခါရှူချိန်သာ ကြာမြင့်ခဲ့သည်။

ဖယောင်းတိုင်က ငြိမ်းသတ်သွားသည့်အခိုက် စီအဲမျိုးနွယ်ဝင်သည် အနောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အလွန်နောက်ကျသွားချေ၏။

ရွှီချင်း၏ ပုံရိပ်သည် သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ထိုကျင့်ကြံသူ၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။ အော်ဟစ်ညည်းညူသံများကြားမှာ မရေမတွက်နိုင်သော မီးခိုးရောင်မြူခိုးက သူ၏ ဒွရခုနစ်ပေါက်နှင့် မွေးညင်းပေါက်များထဲမှ စိမ့်ထွက်လာပြီး စီအဲမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး တိုးဝင်သွားသည်။

စီအဲမျိုးနွယ်ဝင်သည် ခန္ဓာကိုယ်တုန်ယင်သွားပြီး နှလုံးကွဲကြေသော အော်ဟစ်သံများကို ထုတ်ဖော်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက မီးခိုးရောင်မြူခိုးကြောင့် ငြင်းပယ်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်။

ရွှီချင်းသည် ထိုလူကို လွှတ်ပေးလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။

သူပြန်ပေါ်လာသည့်အခါ ချိပ်ပိတ်ခြင်းအတတ်ပညာကို အသုံးပြုနေသော စီအဲမျိုးနွယ်ဝင်၏ အရှေ့သို့ ရောက်ရှိသွားသည်။ ထိုကျင့်ကြံသူသည် ထိတ်လန့်ချောက်ချားနေသော အမူအရာနှင့်အတူ အနောက်ဆုတ်သွားနေသည်။ ရွှီချင်းက ဗလာနတ္ထိစွမ်းအားကို ထုတ်ဖော်နေခြင်းမဟုတ်ကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။

ယင်းက ဝိညာဉ်စုစည်းခြင်းအဆင့်နှင့် အလွန်နီးကပ်နေသော စွမ်းအားဖြစ်သည်။

ထိုသို့နားလည်သွားခြင်းက သူ၏ နှလုံးသားထဲမှ ကြောက်ရွံ့စိတ်ကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေသည်။

ထို့ကြောင့် သူက စိုးရိမ်ကြောင့်ကြစွာ အော်ပြောလိုက်သည်။

“ အကိုထျန်းမို… မင်း… ”

သို့သော်လည်း သူက စကားဆုံးအောင်ပြောရန် အခွင့်အရေး မရခဲ့ပေ။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ဝိညာဉ်ချည်မျှင်များက ပျံသန်းထွက်လာကြသည်။

ရွှီချင်းသည် နေရာမှ ထွက်သွားပြီး သူ့အောက်မှ နောက်ဆုံးစီအဲမျိုးနွယ်ဝင်ဆီသို့ လျှောက်သွားသည်။

ထိုကျင့်ကြံသူသည် တုန်ယင်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မီးခိုးရောင်မြူခိုး၏ ကမ္မက သူ့ကို ဤနေရာမှ ထွက်မသွားနိုင်အောင် ချည်နှောင်ထားသည်။ ရွှီချင်းက သူ့ဆီသို့ လျှောက်လှမ်းလာနေကြောင်း မြင်သွားသောအခါ သူ၏ စိုးရိမ်ကြောက်လန့်သော မျက်နှာပေါ်မှာ ရူးသွပ်မှုဖြင့် ပြည့်နှက်သွားသည်။ သူက ကျိန်စာအတတ်ပညာများကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။

“ သေစမ်း… သေစမ်း… သေစမ်း ”

ကျိန်စာများသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကြသည်။ ထိုအတွက် သူက ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည် ညှိုးခြောက်သွားပြီး စတင်အရည်ပျော်သွားသည်။

သို့သော်လည်း ထိုကျိန်စာများက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ ပင်လယ်ထဲ ကျသွားသော ကျောက်ခဲတုံးပမာ မည်သည့်လှိုင်းဂယက်မှ ဖြစ်ပေါ်မလာပေ။ နောက်အခိုက်အတန့်မှာ ရွှီချင်းသည် စီအဲမျိုးနွယ်ဝင်၏ အရှေ့သို့ ရောက်ရှိသွားသည်။

ထိုကျင့်ကြံသူက ခါးသီးမှုနှင့် စိတ်ပျက်အားလျော့မှုကို ခံစားနေရစဉ် သူ၏ အသက်က ရိတ်သိမ်းခံလိုက်ရသည်။

နောက်ဆုံးမှာတော့ ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး မြန်ဆန်စွာ အနောက်ဆုတ်သွားနေသော ပိုင်ဇီမျိုးနွယ်ဝင်ကို ကြည့်လိုက်သည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူက ခြေလှမ်းလိုက်သည်နှင့်ချက်ချင်း ပိုင်ဇီမျိုးနွယ်ဝင်က ဖွဲ့စည်းထားသော သွေးနီရောင်ဧရာမပုံရိပ်၏ အရှေ့သို့ ရောက်ရှိသွားသည်။ သူက ဧရာမတူနှစ်လက်ကို လျစ်လျူရှုထားပြီး ၎င်းတို့ကို ဖြတ်ကျော်သွားလေရာ အမူအရာပျက်ယွင်းနေသော ပိုင်ဇီမျိုးနွယ်ဝင်၏ အရှေ့သို့ တိုက်ရိုက် ရောက်ရှိသွားသည်။

ပိုင်ဇီမျိုးနွယ်ဝင်သည် ကြောက်လန့်စိတ်ကြောင့် နှလုံးတုန်နေသည်။ မီးခိုးရောင်မြူခိုး၏ ထွက်ပေါ်လာမှုက သူ့ကို ထိတ်လန့်သွားစေပြီး သူတို့၏ ပြင်ဆင်မှုအားလုံးကို နှောင့်ယှက်ခဲ့သည်။ သူတို့၏ အရံအစီအစဉ်ဖြစ်သော ထိုပုဂ္ဂိုလ်သည်ပင် ထွက်ပေါ်မလာခဲ့ပေ။

စီအဲမျိုးနွယ်မှ ကောင်းကင်အရွေးချယ်ခံသုံးယောက်သည် ကြက်ကလေး ငှက်ကလေးများသဖွယ် ရိုးရှင်းစွာ သေဆုံးသွားခဲ့ကြသည်။ သူတို့ကြားမှ စွမ်းအားကွာခြားမှုသည် သူ့ကို ထိတ်လန့်သွားစေသည်။

“ သေစမ်း… သေစမ်း… သေစမ်း ”

“ ဂျိဒုန်းဇီနဲ့ တိုက်ပွဲမှာ ရွှီချင်းက ထွက်ပြေးခဲ့ရတယ်လို့ သူတို့ပြောခဲ့တယ် မဟုတ်ဘူးလား… ဘာဖြစ်လို့ အခု သူ့ရဲ့ တိုက်ပွဲစွမ်းအားက ဂျိဒုန်းဇီထက် ပိုပြီးကြောက်စရာကောင်းနေတာလဲ ”

“ ပြီးတော့ အဲ့ဒီမီးခိုးရောင်မြူခိုးက… ကျူးလီမြူခိုးမလား… ဘာလို့ သူက အဲ့ဒါကို ထုတ်လွှတ်နိုင်တာလဲ… ကျူးလီတားမြစ်ဇုန်ရဲ့ အပြောင်းအလဲက သူနဲ့ ဆက်စပ်နေတာလား ”

မရေမတွက်နိုင်သော အတွေးများသည် ပိုင်ဇီမျိုးနွယ်ဝင်၏ စိတ်ထဲမှာ ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။ ရွှီချင်းက သူ့ဆီသို့ လျှောက်သွားနေစဉ် ဘေးပတ်ဝန်းကျင်မှ မီးခိုးရောင်မြူခိုးသည် ပိုင်ဇီမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ သွေးပျက်ဖွယ်ကောင်းသော အော်ဟစ်သံများနှင့်အတူ ပိုင်ဇီမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် တစ်ချိန်တည်းမှာ ဖျက်ဆီးခံလိုက်ရသည်။

မီးခိုးရောင်မြူခိုးသည် လွင့်ပြယ်သွားသည်။

တစ်ချိန်တည်းမှာ ဝိညာဉ်ချည်မျှင်များဖြင့် ချည်နှောင်ခံထားရသော ကျင့်ကြံသူတစ်ရာကျော်သည် ပျောက်ကွယ်သွားကြသည်။ သူတို့သည် အသုံးမဝင်တော့ပေ။ သို့ဖြစ်၍ သူတို့အားလုံး သေဆုံးသွားကြသည်။

ကောင်းကင်ပေါ်၌ အစောနက မီးခိုးရောင်မြူခိုးဖြင့် လွှမ်းခြုံခံထားရသော နေရာတွင် ယခု ရွှီချင်းတစ်ယောက်တည်းသာ ပြင်းထန်သော နေရောင်ခြည်၏ လွှမ်းခြုံခံထားရသည်။

သူက အဝေးမှ တိမ်တိုက်များကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ထျန်းမိုဇီ ”

တိမ်တိုက်များနှင့် မြူခိုးသည် တုန်ယင်သွားပြီး မြန်ဆန်စွာ လွင့်ပြယ်သွားသည်။ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ လူငယ်ကျင့်ကြံသူတစ်ယောက်သည် တိမ်တိုက်များကြားထဲမှ ချက်ချင်း ထွက်လျှောက်လာသည်။

သူက ထျန်းမိုဇီမှလွဲ၍ တခြားလူမဟုတ်ပေ။ သူက ဗလာနတ္ထိတတိယအဆင့်မှာသာ ရှိသေးသော်လည်း ပြီးပြည့်စုံသော ဗလာနတ္ထိတိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ လက်ရှိမျိုးဆက်ထဲမှာ နံပါတ်လေးချိတ်ပြီး အဆင့်မြင့်နတ်ဘုရားမီးလျှံကြယ်၏ လက်အောက်မှ ထိပ်တန်းအဆင့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

သူက ထုန်ရှီရှန်းနှင့် တိုက်ခိုက်ခဲ့ဖူးပြီး သူ့ကို အနိုင်ရခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ တိုက်ပွဲစွမ်းအားက မည်မျှထူးချွန်ကြောင်း မြင်နိုင်ပေသည်။

သို့သော်လည်း ယခုအချိန်မှာ ထျန်းမိုဇီ၏ အမူအရာသည် အလွန်အမင်း ရိုသေလေးစားနေသည်။ သူက ရွှီချင်းထံသို့ လက်သီးဆုပ်လိုက်ပြီး ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည်။

“ ထျန်းမိုဇီက အကိုရွှီကို နှုတ်ဆက်ပါတယ် ”

“ ထျန်းမိုက ဒီနေ့ အကိုရွှီကို လာတွေ့တာ လက်ဆောင်နှစ်ခု ပေးချင်လို့ပါ ”

“ ပထမလက်ဆောင်ကတော့ အကိုရွှီရဲ့ ဒေါသကို ဖြေဖျောက်နိုင်စေဖို့ ဒီကျွန်လေးကောင်ကို ပြင်ဆင်ခဲ့ပါတယ် ”

“ ဒုတိယလက်ဆောင်ကတော့ ဂျိဒုန်းဇီရဲ့ တည်နေရာပါ… ကျွန်တော့်ရဲ့ စုံစမ်းမှုအောက်မှာ အကိုရွှီအတွက် ဂျိဒုန်းဇီရဲ့ တည်နေရာကို ရှာတွေ့ခဲ့ပါပြီ ”

ထျန်းမိုဇီသည် စကားပြောပြီးနောက် အစောနကမှ သူပြုလုပ်ထားသော ကျောက်စိမ်းပြားကို ရွှီချင်းထံသို့ တရိုတသေ ကမ်းပေးလိုက်သည်။

All Chapters