ဘုရင်ရောက်ရှိလာခြင်း
Vol. 83 Ch. 1279
ကျောက်စိမ်းပြားက လွင့်မျောလာသော်လည်း ရွှီချင်း၏ အမူအရာက အေးစက်နေဆဲပင်။ သူက ယင်းကို လက်မခံခဲ့ပေ။ ယင်းအစား သူက ဝိညာဉ်ချည်မျှင်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး ကျောက်စိမ်းပြားကို ချက်ချင်း ထိုးဖောက်လိုက်ကာ အက်ကွဲစေသည်။
အကယ်၍ တစ်စုံတစ်ယောက်က ထိုမြင်ကွင်းကို မြင်သွားမည်ဆိုလျှင် ရွှီချင်း၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးအားကောင်းလာခြင်းဖြစ်မည်ဟု သူတို့တွေးထင်သွားကြလိမ့်မည်။
သို့သော်လည်း မဟာကောင်းကင်အရွေးချယ်ခံတစ်ယောက်အနေဖြင့် ထျန်းမိုဇီသည် ရွှီချင်းမလှုပ်ရှားခင်ကတည်းက သဲလွန်စတချို့ကို သတိပြုမိပြီးသား ဖြစ်သည်။ သူ၏ အတွေးအမြင်က ကျယ်ပြောလေရာ သူက ရိုသေလေးစားစွာ ဆက်ပြောသည်။
“ အစက ဂျိဒုန်းဇီက ရှန်းချီခြင်္သေ့ကို သူ့ရဲ့ စီးတော်သားရဲအဖြစ် သတ်မှတ်ခဲ့တယ်… ဒါပေမဲ့ မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာခဲ့တယ်… အဲ့ဒါကြောင့် သူက လွန်ခဲ့တဲ့တစ်လတုန်းက တစ္ဆေရထားလုံးရဲ့ ဦးတည်ရာဆီ သွားခဲ့တယ် ”
“ ငါ့ရဲ့ စုံစမ်းမှုအရတော့ အခုချိန်မှာ တစ္ဆေရထားလုံးကို ရဖို့အတွက် ကျင့်ကြံသူအများအပြားက တိုက်ခိုက်နေကြတယ်… အဲ့ဒီထဲမှာ အဓိကကျင့်ကြံသူက ဟိုခွေးမသား ဖန်းရှီရွှမ်းပဲ… ဒါပေမဲ့ ခွေးမသား ဂျိဒုန်းဇီ ရောက်လာတဲ့အချိန်မှာ အခြေအနေက ပြောင်းလဲသွားတယ် ”
“ ဒါပေမဲ့ ဖန်းရှီရွှမ်းက ကောက်ကျစ်တဲ့လူဆိုတာ ထင်ရှားတယ်… သူက ဒီမဟာအမဲလိုက်ပွဲတော်အတွက် လျှို့ဝှက်ပြင်ဆင်မှုတချို့ကို ပြုလုပ်ခဲ့တယ်… အဲ့ဒါကြောင့် ခွေးမသား ဂျိဒုန်းဇီက တစ္ဆေရထားလုံးအမှောင်တောအုပ်ထဲကို ဝင်ရောက်သွားပြီးတဲ့နောက် ပြန်ထွက်မလာတော့ဘူး ”
“ အခု အဲ့ခွေးနှစ်ကောင်က ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှာ ရှိနေတယ် ”
ထျန်းမိုဇီသည် ရွှီချင်းကို မည်သည့်အရာမှ ဖုံးကွယ်မထားဘဲ သူသိထားသမျှအားလုံးကို ပြောပြခဲ့သည်။ သူက ရွှီချင်းနှင့်တိုက်ခိုက်ခဲ့ဖူးသော လူနှစ်ယောက်အပေါ် ရိုင်းစိုင်းသော စကားလုံးများဖြင့်ပင် ဆဲဆိုခဲ့သည်။
သူက ရွှီချင်း၏ ဘက်တော်သားဖြစ်ကြောင်း ဖော်ပြရန် အကောင်းဆုံး ကြိုးစားနေခြင်း ဖြစ်သည်။
သူက ထိုသို့အများကြီးပြောနေရခြင်းမှာ တစ္ဆေရထားလုံးအမှောင်တောအုပ်ထဲသို့ ဝင်ရောက်ရန် အစကတည်းက စီစဉ်ထားသောကြောင့် ဖြစ်သည်။
သူဝင်ရောက်မည့် အချိန်သည်တော့ ဂျိဒုန်းဇီနှင့် ဖန်းရှီရွှမ်းတို့နှစ်ယောက်စလုံး အပြင်းအထန် ဒဏ်ရာရနေမည့်အချိန် ဖြစ်သည်။
သူ့အတွက် ဘေးကင်းလုံခြုံမှုအတွက်တော့ ရွှီချင်းက မီးလျှံကြယ်ဘုရားကျောင်း၏ နတ်တမန်တော်ဖြစ်သည်ဟူသော ကောလဟာလကို ထျန်းမီုဇီ စဉ်းစားမိခဲ့သည်။ ထို့ကြောင့် သူက မီးလျှံကြယ်ဘုရားကျောင်း၏ အရှိန်အဝါတချို့ကိုပင် ထုတ်လွှတ်ခဲ့သည်။
ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ သူက ဝိညာဉ်ချည်မျှင်ကို ထုတ်လွှတ်ခဲ့ပြီး ကျောက်စိမ်းပြားကို ထိုးဖောက်ဖျက်ဆီးခဲ့သော်လည်း အထဲမှ သတင်းအချက်အလက်များကို ဝိညာဉ်ချည်မျှင်မှတဆင့် စစ်ဆေးကြည့်ခဲ့သည်။ ယင်းက အခြေခံအားဖြင့် ထျန်းမိုဇီပြောသော အရာနှင့် ကိုက်ညီသည်။
တစ်ဖက်လူ၏ စကားကို သုံးသပ်ခြင်းဖြင့်သော်လည်းကောင်း သို့မဟုတ် မီးလျှံကြယ်ဘုရားကျောင်း၏ အရှိန်အဝါကြောင့်သော်လည်းကောင်း ရွှီချင်းသည် ယင်း၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်နိုင်သည်။ တစ်ဖက်လူက သူ့ဘက်တွင် ရပ်တည်ရန် သဲလွန်စပေးနေခြင်း ဖြစ်သည်။
သို့ဖြစ်၍ ရွှီချင်းသည် ထျန်းမိုဇီကို လေးနက်စွာ ကြည့်လိုက်သည်။ တစ်ဖက်လူပေးသော သတင်းအချက်အလက်ကြောင့်ဖြစ်စေ သို့မဟုတ် မီးလျှံကြယ်ဘုရားကျောင်း၏ ကျင့်ကြံသူဟူသော သူ၏ သရုပ်ကြောင့်ဖြစ်စေ ရွှီချင်းသည် တစ်ဖက်လူကို တရားမျှတစွာ သတ်ရန် ခက်ခဲကြောင်း ရှာတွေ့သွားသည်။
အရေးကြီးဆုံးမှာ ထျန်းမိုဇီသည် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရသေးပေ။
ထို့ကြောင့် ရွှီချင်းသည် ဤကိစ္စကို အာရုံမစိုက်တော့ဘဲ အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူက ထျန်းမိုဇီကို ဖြတ်ကျော်သွားပြီး အဝေးသို့ တန်းမတ်စွာ ဦးတည်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူက မိုးကုပ်စက်ဝိုင်းဆီသို့ ရောက်ရှိသွားသည်။
ရွှီချင်းထွက်သွားပြီးနောက် ထျန်းမိုဇီသည် နောက်ဆုံးမှာတော့ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းထွက်သွားသော ဦးတည်ရာသို့ ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ သူက ကပ်ဘေးမှ လွတ်မြောက်သွားခြင်းကြောင့် စိတ်သက်သာရာရသွားပြီး စိတ်ရှုပ်ထွေးမှုကို ခံစားမိသွားသည်။
“ ရွှီချင်းက ဂျိဒုန်းဇီနဲ့တိုက်ပွဲမှာ စွမ်းအားကို ထိန်ချန်ထားခဲ့တာ မဖြစ်နိုင်ဘူး… အဲ့ဒီတုန်းက သူက ဂျိဒုန်းဇီထက် အမှန်တကယ် အားနည်းခဲ့တယ် ”
“ ဒါပေမဲ့ ဒီနှစ်လအတွင်းမှာ သူက ကျင့်ကြံခြင်းအဆင့် ချိုးဖြတ်သွားခဲ့တယ်… ကောင်းကင်အရွေးချယ်ခံတစ်ယောက် အဆင့်ချိုးဖြတ်တဲ့အခါတိုင်း ကြောက်စရာကောင်းတဲ့ ပြောင်းလဲမှုနဲ့ တွေ့ကြုံရလိမ့်မယ် ”
“ မီးခိုးရောင်မြူခိုးကတော့… လွန်ခဲ့တဲ့လတုန်းက ကျူးလီတားမြစ်ဇုန်က အပြောင်းအလဲတွေက သူနဲ့ ဆက်စပ်နေတာ ဖြစ်ရမယ် ”
“ သူက ကျူးလီမြူခိုးကို အပြင်ယူလာနိုင်ပြီး အဲ့ဒါကို အလွယ်တကူ ထိန်းချုပ်နိုင်တယ်… ”
ထျန်းမိုဇီသည် တည်ကြည်လေးနက်သွားသည်။ သူက ထိုကိစ္စ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သိသည်။ သို့ဖြစ်၍ မယုံကြည်နိုင်စရာကောင်းသော ခန့်မှန်းမှုတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ သူက ကျူးလီကို ထိန်းကျောင်းနိုင်ခဲ့တာလား ”
ထိုသို့တွေးမိသောအခါ ထျန်းမိုဇီသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ မဟာအမဲလိုက်ပွဲတော်၏ ဒုတိယပြိုင်ပွဲအတွက် ပထမနေရာသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်အတွက် မဟုတ်နိုင်တော့ကြောင်း ရေးတေးတေး သူခံစားမိလာသည်။
“ သူက ပထမပြိုင်ပွဲမှာ ပထမရခဲ့တယ်… အခု ဒုတိယပြိုင်ပွဲမှာလည်း ပထမရဖို့ ရာခိုင်နှုန်းအရမ်းများတယ်… တကယ်လို့ သူက တတိယပြိုင်ပွဲမှာပါ ပထမထပ်ရဦးမယ်ဆိုရင်… ”
“ မဟာရွှမ်ထျန်းစစ်သူကြီး ”
ထျန်းမိုဇီသည် နှလုံးတုန်သွားသည်။
မဟာရွှမ်ထျန်းစစ်သူကြီးတစ်ဦး နောက်ဆုံးပေါ်ထွန်းခဲ့သည်မှာ နှစ်ပေါင်းမြောက်များစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးအကြိမ်သည် လွန်ခဲ့သော နှစ်တစ်သောင်းတုန်းက ဖြစ်သည်။
“ မဟာရွှမ်ထျန်းစစ်သူကြီးက ဒီတစ်ကြိမ်မှာ တကယ်ပဲ ထွက်ပေါ်လာမယ်ဆိုရင်… ”
ထျန်းမိုဇီ၏ အတွေးများသည် ပရမ်းပတာ လှုပ်ခတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တခြားဧရိယာများဆီသို့ မပျံသန်းသွားဘဲ ရွှီချင်းထွက်သွားသော ဦးတည်ရာဆီသို့ ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာ သူက အော်ပြောလိုက်သည်။
“ အကိုရွှီချင်း… ဂျိဒုန်းဇီက ဖန်းရှီရွှမ်းလိုပဲ ကောက်ကျစ်စဉ်းလဲတယ်… နောက်ဆုံးမှာ သူက ဖန်းရှီရွှမ်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရွေးချယ်နိုင်တယ်… အကိုရွှီအတွက် မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်အောင် ကျွန်တော် အနောက်ကလိုက်ပြီး ကူညီပေးပါရစေ ”
သူက စကားပြောပြီးနောက် အရှိန်မြှင့်တင်လိုက်သည်။
ရွှီချင်းသည် မျက်ခုံးပင့်တင်လိုက်ပြီး ထျန်းမိုဇီကို နောက်တစ်ကြိမ် စစ်ဆေးကြည့်ရှုလိုက်သည်။ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ သတိပေးသော အသံသည်လည်း သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ သခင်… ဒီကောင်စုတ်လေးမှာ မရိုးသားတဲ့ အကြံအစည်တစ်ခု ရှိရမယ်… သူ့ရဲ့ အပြုအမူက မသင်္ကာစရာကောင်းပါတယ်… သခင်… ဒီကောင်စုတ်လေးကို ချက်ချင်း သတ်ပစ်ဖို့ ငါအကြံပေးပါတယ် ”
ရွှီချင်းသည် ကျင်းကန်းဂိုဏ်းဘိုးဘေးကို လျစ်လျူရှုထားသည်။ သူက ထျန်းမိုဇီကို ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ သူက ငြင်းဆန်ခြင်း မပြုသလို လက်ခံခြင်း မပြုပေ။ သူက အနောက်လှည့်လိုက်ပြီး တစ္ဆေရထားလုံး၏ တည်နေရာဆီသို့ ပျံသန်းသွားသည်။
ရွှီချင်းက မငြင်းဆန်သည်ကို မြင်သောအခါ ထျန်းမိုဇီသည် စိတ်ဓာတ်တတ်ကြွသွားသည်။ သူက အနောက်မှ လိုက်သွားရန် ရွေးချယ်လိုက်သည်။
ထိုအတောအတွင်းတွင် ရွှီချင်းက သူ့အပေါ် အမြင်ကောင်းရှိလာရန် ထျန်းမိုဇီက သူသိထားသမျှ တောင်တန်းပင်လယ်ဒေသကြီးအကြောင်း အသေးစိတ် ပြောပြသည်။ သူက အပြင်လူများမသိထားသော သတင်းအချက်အလက်များကိုပင် ပြောကြားခဲ့သည်။ ယင်းတို့ကို ရွှီချင်းက ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ဥပမာ ထူးဆန်းသော သားရဲတချို့၏ အလေ့အကျင့်နှင့် တောအုပ်ထဲမှာ ပုန်းကွယ်နေသော အန္တရာယ်ဇုန်တချို့ ဖြစ်သည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်က မြန်ဆန်စွာ ပျံသန်းနေလေရာ တစ္ဆေရထားလုံး၏ တည်နေရာနှင့် နီးသထက် နီးကပ်လာသည်။
တစ်ချိန်တည်းမှာ တောင်တန်းပင်လယ်ဒေသကြီးထဲ၌ အပေါ်ပိုင်းစက်ဝန်းထဲမှ ရှန်းချီခြင်္သေ့နေထိုင်သော တောအုပ်ထဲတွင် လိုက်ဖမ်းမှုသည် နှစ်လကြာသွားသည့်တိုင် ဆက်လက် ဖြစ်ပွားနေဆဲပင်။
သို့သော်လည်း ရွှီချင်းနောက်သို့ လိုက်ဖမ်းခဲ့သော ဂျိဒုန်းဇီနှင့် ခြားနားသည်မှာ ဤလိုက်ဖမ်းမှုသည် ရှန်းချီခြင်္သေ့ရှိသော နယ်မြေအတွင်းမှာသာ ဖြစ်ပွားခဲ့သည်။
လိုက်ဖမ်းခံနေရသူသည် အားညိုဖြစ်သည်။
အားညိုကို လိုက်ဖမ်းနေသူသည် ရွှမ်မီးလျှံဖြစ်သည်။
အားညိုသည် မယုံကြည်နိုင်စရာကောင်းသော နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ရှန်းချီခြင်္သေ့နယ်မြေထဲမှာ လှည့်ပတ်ထွက်ပြေးနေသည်။ ရံဖန်ရံခါ သူက ညစ်ညမ်းသော စကားများဖြင့် ဆဲဆိုတိုက်ခိုက်လေ့ ရှိသည်။
“ မင်းမပြီးနိုင်သေးဘူးလား… ရှန်းချီခြင်္သေ့ကို မင်းဖိနှိပ်နေတာကို ငါက ဝင်နှောင့်ယှက်မိပြီး မင်းက ယောင်္ကျားမဟုတ် မိန်းမမဟုတ်တဲ့ ဒွိလိင်ဆိုတာကို သိသွားရုံလေးပါ… မင်းအဲ့လောက် ဒေါသထွက်နေစရာ မလိုပါဘူး ”
“ ဖြစ်ပြီးတာတွေ ထားလိုက်ပါတော့… မင်းငါ့နောက်ကို ဆက်မလိုက်လို့ မရဘူးလား… ငါမင်းကို တာအိုလက်တွဲဖော်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လေ ”
“ ငါမင်းကို ပြောပြမယ်… ငါ့မှာ အရမ်းချောတဲ့ ဂျူနီယာညီလေးတစ်ယောက် ရှိတယ်… ”
ခေါင်းဆောင်က စကားပြောလိုက်သည့်အခါ သူ့အနောက်မှ လိုက်ဖမ်းနေသော ရွှမ်မီးလျှံသည် ရုတ်တရက် လက်မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို ဝိညာဉ်စုစည်းခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော ဖိအားတစ်ခုသည် နက်ရှိုင်းသော အမုန်းတရားကို သယ်ဆောင်လျက် သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ ယင်းက ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းသွားပြီး သူ့အရှေ့မှ အားညိုကို ဖိနှိပ်လိုက်သည်။
ဝုန်းခနဲမြည်သံနှင့်အတူ လောကကြီးသည် ပြိုကွဲသွားပြီး အားညို၏ ခန္ဓာကိုယ်သည် ဖျက်ဆီးခံလိုက်ရသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ အပြာရောင်ပိုးကောင်တစ်ကောင်သည် အဝေးမှ မြေကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး အားညို၏ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းသွားသည်။ ထို့နောက် သူက ဆက်လက် ထွက်ပြေးသည်။
သို့သော်လည်း အားညိုသည် စိတ်ထဲမှာ ညည်းညူလိုက်သည်။ သူက ရွှမ်မီးလျှံကို စကားဖြင့် ကြမ်းတမ်းစွာ ပြောဆိုတိုက်ခိုက်ခဲ့သော်လည်း ဤနှစ်လအတွင်းမှာ ကြီးမားသော ဆုံးရှုံးမှုများကို တွေ့ကြုံခဲ့ရသည်။ အကယ်၍ ထိုအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူက အမှန်တကယ် ကိစ္စတုံးသွားလိမ့်မည်ဖြစ်ကြောင်း ခံစားနေမိသည်။
“ ဂျူနီယာညီလေးက ဘာလို့ ရောက်မလာသေးတာလဲ ”
အားညိုက စိုးရိမ်ကြောင့်ကြနေစဉ် တောင်တန်းပင်လယ်ဒေသကြီး၏ အောက်ပိုင်းစက်ဝန်းထဲမှ အနက်ရောင်တောအုပ်တစ်ခု၏ အပြင်ဘက်တွင် ပုံရိပ်နှစ်ခုက ကောင်းကင်ပေါ်မှာ ပျံသန်းနေကြသည်။
“ အကိုရွှီ… အဲ့ဒါက တစ္ဆေရထားလုံးအမှောင်တောအုပ်ပဲ ”
“ ဒီနေရာမှာ ထူးထူးဆန်းဆန်း သက်ရှိတွေ အရမ်းများတယ်… သူတို့က အရမ်းအရိုင်းဆန်ပြီး ရက်စက်ကြမ်းကြုတ်တယ်… သူတို့ကို ဆန့်ကျင်ဖို့ဆိုတာ မလွယ်ကူဘူး ”
“ တစ္ဆေရထားလုံးတွေက ဒီတောအုပ်ထဲမှာ နေထိုင်ကြတယ်… သူတို့က ထူးထူးဆန်းဆန်း သက်ရှိတွေကို စားသောက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြတယ်… သူတို့မျိုးနွယ်ထဲက တချို့ဘိုးဘေးတွေဆိုရင် ဝိညာဉ်စုစည်းခြင်းအဆင့်မှာ ရှိကြတယ်… အဲ့ဒါကြောင့် ဒီနေရာမှာ တစ္ဆေရထားလုံးသားပေါက်တစ်ကောင်ကို ထိန်းကျောင်းမယ်ဆိုရင်တောင် အရမ်းအန္တရာယ်များတယ် ”
ထျန်းမိုဇီသည် ရွှီချင်းကို မြန်ဆန်စွာ ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ ထူထဲသော အမှောင်တောအုပ်ကို ကြည့်လိုက်သည်။ ယင်းက တခြားနေရာများနှင့် အနည်းငယ် ခြားနားသည်။ ဤနေရာမှ သစ်ပင်အားလုံးသည် အနက်ရောင်ဖြစ်သည်။ ကောင်းကင်သည်ပင် မည်းမှောင်နေသည်။ ဤသည်မှာ ကောင်းကင်ပေါ်တွင် အနက်ရောင်တိမ်တိုက်များဖြင့် ပြည့်နှက်နေသည့်အလားပင်။ အနီရောင်မိုးကြိုးသွားများသည် ထိုတိမ်တိုက်များကြားထဲမှာ ရွေ့လျားနေကြသည်။ ရံဖန်ရံခါ ၎င်းတို့က မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး ကျယ်လောင်သော မိုးခြိမ်းသံကို ဖြစ်ပေါ်စေလိမ့်မည်။
ထိုအမှောင်တောအုပ်ထဲတွင် အေးစက်မှုနှင့် အမင်္ဂလာနိမိတ်က ပြင်းထန်စွာ တည်ရှိနေသည်။ ယင်းက အလွန်ပြင်းထန်လေရာ တောအုပ်၏ အပြင်ဘက်မှပင် အာရုံခံနိုင်ပေသည်။ တောအုပ်ထဲ၌ ဝိညာဉ်စားသုံးခံနေရသော ခံစားမှုက အလွန်အမင်း အားကောင်းကြောင်း မည်သူမဆို အာရုံခံနိုင်လိမ့်မည်။
ဤသည်မှာ အမှောင်တောအုပ်က ဝဲကတော့တစ်ခုဖြစ်ပြီး ဝိညာဉ်အားလုံးကို ဝါးမျိုနေသည့်အလားပင်။
“ မကြာသေးခင်တုန်းက ဒီနေရာမှာ ကျင့်ကြံသူအများအပြား သေဆုံးခဲ့ကြတယ်… သူတို့ရဲ့ ဝိညာဉ်က ဝါးမျိုခံခဲ့ရပြီး သူတို့ရဲ့ ခန္ဓာကိုယ်က အမှောင်တောအုပ်ကြောင့် ပြန်ရှင်သန်လာတယ်… သူတို့က ဖုတ်ကောင်အဖြစ်နဲ့ သူတို့ရဲ့ ဝိညာဉ်ကို ဆက်ပြီး ရှာဖွေနေလိမ့်မယ်… နောက်ဆုံးမှာ သူတို့က အမှောင်တောအုပ်ထဲက သစ်ပင်တွေရဲ့ တိုက်စားခံရပြီး မြေဩဇာဖြစ်လာလိမ့်မယ် ”
ထျန်းမိုဇီ၏ အသံထဲမှာ တည်ကြည်လေးနက်မှုဖြင့် ပြည့်နှက်နေသည်။ ထိုထဲမှာ ကြောက်ရွံ့သော အရိပ်အယောင် တစ်စွန်းတစ်စလည်း ရှိသည်။
“ ပြီးတော့ ဒီနေရာက အရမ်းကျယ်ပြောတယ်… ဟိုခွေးမသားနှစ်ကောင် ဂျိဒုန်းဇီနဲ့ ဖန်းရှီရွှမ်းက အမှောင်တောအုပ်ထဲ ဝင်သွားတာ အချိန်အတော်ကြာပြီ… တကယ်လို့ ငါတို့က သူတို့ကို လိုက်ရှာမယ်ဆိုရင် ငါတို့က အလင်းထဲမှာရှိပြီး သူတို့က အမှောင်ထဲမှာ ရှိနေလိမ့်မယ်… အဲ့ဒါက ငါတို့အတွက် အခြေအနေသိပ်မကောင်းဘူး ”
ထိုသို့ပြောပြီးနောက် ထျန်းမိုဇီသည် ရွှီချင်းကို အမြန်ကြည့်လိုက်သည်။ ရွှီချင်းက မလှုပ်ရှားသေးကြောင်း မြင်လိုက်ရသောအခါ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ထို့နောက် သူက အမွှေးတိုင်တစ်ချောင်းကို ထုတ်လိုက်ပြီး မီးထွန်းညှိလိုက်သည်။
“ ဒါပေမဲ့ ကံကောင်းစွာပဲ ငါကြိုပြင်ဆင်ထားခဲ့တယ်… တစ္ဆေရထားလုံးကို ထိန်းကျောင်းချင်တဲ့ လူတိုင်းက သူတို့ရဲ့ သက်ဆိုင်ရာ ဘုရားကျောင်းတွေဆီကနေ ဝိညာဉ်ကို ကာကွယ်ပေးတဲ့ ဒီနတ်ဘုရားအမွှေးတိုင်ကို ဝယ်ယူရလိမ့်မယ်… ဒါမှပဲ သူတို့က အမှောင်တောအုပ်ထဲကို ဘေးကင်းကင်းနဲ့ ဝင်ရောက်နိုင်လိမ့်မယ် ”
“ ငါ့မှာ အမွှေးတိုင်ခုနစ်ချောင်း ရှစ်ချောင်းလောက် ကျန်နေသေးတယ်… အဲ့ဒါက လုံလောက်ပါတယ် ”
ရွှီချင်းသည် အမှောင်တောအုပ်ထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး ထျန်းမိုဇီကို ကြည့်လိုက်သည်။
“ မင်းငါ့ကို စူးစမ်းနေဖို့ မလိုဘူး ”
ထျန်းမိုဇီသည် ကိုးရိုးကားရား ပြုံးလိုက်သည်။ အစောနက သူ၏ စကားများက အမှောင်တောအုပ်အကြောင်း ရွှီချင်းကို မိတ်ဆက်ပေးနေဟန် ထင်ရသော်လည်း အမှန်မှာ သူက စူးစမ်းနေခြင်း ဖြစ်သည်။ ရွှီချင်းက ဤနေရာမှ ထူးဆန်းသော သားရဲများကို ထိန်းကျောင်းနိုင်ခြင်းရှိမရှိ သူသိချင်သည်။
ရွှီချင်းသည် ထျန်းမိုဇီကို လျစ်လျူရှုထားလိုက်သည်။ ကျူးလီအား သူထိန်းကျောင်းနိုင်ခဲ့သည့် ကိစ္စကို ဖုံးကွယ်ထားနိုင်လိမ့်မည်မဟုတ်ကြောင်း ရွှီချင်း သိသည်။ ထိုကိစ္စကို အနှေးနှင့်အမြန် တခြားလူများက သိသွားကြလိမ့်မည်။ ထို့ကြောင့် သူ၏ စွမ်းရည်ကို တမင်ဖုံးကွယ်နေရန် မလိုအပ်ပေ။
တစ်ချိန်တည်းမှာ သူက တောင်တန်းပင်လယ်ဒေသကြီးထဲ၌ ကျူးလီ၏ လုပ်နိုင်စွမ်းကို သိချင်သည်။
ထို့ကြောင့် ရွှီချင်းသည် ကြောက်စရာကောင်းသော အမှောင်တောအုပ်ကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ တစ္ဆေရထားလုံးတွေ ထွက်လာစမ်း ”
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ကျူးလီ၏ အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။
ကောင်းကင်ပေါ်မှ တိမ်တိုက်များနှင့် မြူခိုးသည် ချက်ချင်း ပေါက်ကွဲသွားပြီး ပြိုကွဲသွားသည်။ အနက်ရောင်တိမ်တိုက်များကြားထဲမှ အနီရောင်မိုးကြိုးများသည်လည်း ပြိုကွဲသွားကြသည်။ တိမ်တိုက်များက အနောက်သို့ တလိပ်လိပ် ရွေ့လျားသွားနေစဉ် အနီရောင်မိုးကြိုးများက ကွန်ရက်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
မိုးကြိုးကွန်ရက်က ပျံ့ပွားသွားသည့်အခါ အမှောင်တောအုပ်ထဲမှ သစ်ပင်များသည် အပြင်းထန် လှုပ်ယမ်းသွားကြသည်။ ဤသည်မှာ ၎င်းတို့က အရိုအသေပေးနေသည့်အလားပင်။
တစ်ချိန်တည်းမှာ အမှောင်တောအုပ်ထဲမှ ထူးဆန်းသော သက်ရှိများသည် အော်ဟစ်ငိုကြွေးလိုက်ကြသည်။ မြေကြီးပေါ်တွင် လမ်းလျှောက်နေသော ဖုတ်ကောင်များသည် လဲကျသွားပြီး မလှုပ်ရှားနိုင်ကြတော့ချေ။
ထို့နောက် ဝုန်းခနဲ မြည်သံများသည် တောအုပ်ထဲမှာ ပဲ့တင်ထပ်သွားပြီး မြေပြင်သည် တုန်ခါလာသည်။ အသံများသည် တဖြည်းဖြည်း ပိုပြီးကျယ်လောင်လာသည်။ နောက်ဆုံးမှာတော့ တစ္ဆေရထားလုံးအမှောင်တောအုပ်သည် ပြန်လည်ရှင်သန်နေသည့် လက္ခဏာများ ပြလာပြီး အံ့ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ချက်ချင်းဆိုသလို ကမ္ဘာတုန်ဟီးစေမည့် အရှိန်အဝါသည် တုန်ယင်နေသော အမှောင်တောအုပ်ထဲမှ ပေါ်လျှိုးထွက်လာပြီး ကောင်းကင်အထိ ပျံတတ်သွားသည်။
နောက်အခိုက်အတန့်မှာ ရက်စက်ကြမ်းကြုတ်သော အသွင်ပုံသဏ္ဍာန်ရှိသည့် တစ္ဆေရထားလုံးများသည် တစ်ကောင်ပြီးတစ်ကောင် အမှောင်တောအုပ်ထဲမှ ပျံသန်းထွက်လာကြသည်။
၎င်းတို့က အရွယ်အစားစုံလင်ပြီး အရေအတွက်တစ်ရာခန့် ရှိသည်။ ၎င်းတို့က ဝိညာဉ်သိုက်အဆင့်နှင့် ဗလာနတ္ထိအဆင့် အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း မာန်ဖီဟိန်းဟောက်လိုက်ပြီး ရွှီချင်းထံသို့ ဦးတည်သွားကြသည်။ ဤသည်မှာ ရွှီချင်း၏ ဆင့်ခေါ်မှုကို ၎င်းတို့က တုံ့ပြန်နေသည့်အလားပင်။
၎င်းတို့ဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်နှင့်မြေပြင်က ပြိုကွဲသွားတော့မည့်ဟန် ရသည်။ လွှမ်းမိုးဖိနှိပ်သော အရှိန်အဟုန်သည် မယုံကြည်နိုင်စရာကောင်းသော အမြင့်ထိ ရောက်ရှိသွားသည်။ ၎င်းတို့က ရွှီချင်း၏ အနားသို့ ချဉ်းကပ်သွားသည်နှင့်ချက်ချင်း တစ္ဆေရထားလုံးများ၏ မျက်လုံးထဲမှာ အနက်ရောင်အလင်း ထွက်ပေါ်လာသည်။ ၎င်းတို့အားလုံးက ရွှီချင်းကို ဦးညွတ်လိုက်ကြသည်။
ဤသည်မှာ ၎င်းတို့က ဘုရင်ကို မြင်တွေ့သွားသည့်အလားပင်။
တစ္ဆေရထားလုံးများ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ ယင်းက စွမ်းအင်မုန်တိုင်းတစ်ခုကို လှုံ့ဆော်လိုက်သည်။
ရွှီချင်းတစ်ယောက်တည်းသာ ၎င်းတို့၏ အရှေ့တွင် အမူအရာကင်းမဲ့စွာ ရပ်နေနိုင်သည်။
ထိုမြင်ကွင်းသည် ထျန်းမိုဇီကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
သို့သော်လည်း သူ၏ ထိတ်လန့်မှုသည် မပြီးဆုံးသေးပေ။
မြေပြင်သည် ရုတ်တရက် ပိုပြီးပြင်းထန်စွာ တုန်ယင်လာသည်။ တောအုပ်က ပရမ်းပတာ လှုပ်ခါသွားသည့်အခါ ဝိညာဉ်စုစည်းခြင်းအဆင့်နှင့်ညီမျှသော ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းသုံးခုက အမှောင်တောအုပ်အတွင်းမှ ပျံ့နှံ့ထွက်လာကြသည်။
ထိုအရှိန်အဝါသည် အလွန်အံ့ဖွယ်ကောင်းပြီး အရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေသော ဧရာမတစ္ဆေရထားလုံးသုံးကောင်သည် ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာကြပြီး ရွှီချင်းကို စိုက်ကြည့်လိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်သွားသောအခါ ထျန်းမိုဇီသည် အသက်ရှူရန် မေ့လျော့သွားသည်။ သူ၏ ဆံပင်မွှေးများက ထောင်မတ်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာသည်။
ထို့နောက် ရွှီချင်း၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
“ အပြင်လူတွေ ထွက်ပေါ်လာစမ်း ”
ရွှီချင်း၏ စကားဆုံးသွားသည်နှင့်ချက်ချင်း မြေပြင်သည် ဝုန်းခနဲ တုန်လှုပ်သွားသည်။ အမှောင်တောအုပ်ထဲမှ သစ်ပင်အားလုံးသည် မြေကြီးထဲမှ ချက်ချင်း မြှောက်တတ်သွားကြပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့ပွားသွားကြသည်။
၎င်းတို့က အမှောင်တောအုပ်ထဲမှာ ပုန်းအောင်းနေကြသော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများကို အရင်ဦးစွာ ဖော်ထုတ်ပေးလိုက်ကြသည်။ ထိုလူများသည် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ တစ္ဆေရထားလုံးကို စီးတော်သားရဲအဖြစ် ထိန်းကျောင်းရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ ထိုလူများသည် မယုံကြည်နိုင်ဖြစ်နေကြပြီး တုန်ယင်နေကြသည်။ သူတို့၏ အသိစိတ်သည် ဟာလာဟင်းလင်းဖြစ်သွားသည်။
ထိုအဖြစ်အပျက်သည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီး ဒဏ္ဍာရီလာအဆင့်သို့ ရောက်ရှိနေသည်။
အဝေးတစ်နေရာတွင် ကျင့်ကြံသူနှစ်ယောက်သည် အပြန်အလှန် တိုက်ခိုက်နေကြပြီး ပေတစ်ထောင်အကွာအဝေးသို့ ဆုတ်ခွာသွားကြသည်။
သူတို့သည် ဂျိဒုန်းဇီနှင့် ဖန်းရှီရွှမ်းဖြစ်သည်။
ယခုအချိန်မှာ သူတို့နှစ်ယောက်စလုံးသည် အမူအရာပျက်ယွင်းနေကြသည်။ တစ်ခါမှ မခံစားခဲ့ဖူးသော စိတ်ခံစားချက်လှိုင်းများက သူတို့၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သူတို့က တစ်ပြိုင်နက် ခေါင်းလှည့်လိုက်ကြပြီး အဝေးမှ ရွှီချင်း၏ တည်နေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။