← Chapters

နောက်ထပ် ကြာပွတ်တစ်ချက်ဆိုရင် ငါသေလိမ့်မယ်

Vol. 83 Ch. 1281

နောက်ထပ် ကြာပွတ်တစ်ချက်ဆိုရင် ငါသေလိမ့်မယ်

Vol. 83 Ch. 1281

သွေးရောင်အလင်းသည် ကောင်းကင်ကို ထွန်းလင်းသွားစေပြီး အနီရောင်အဖြစ် ပြောင်းလဲသွားစေသည်။ သွေးအမှတ်အသားများသည် မြန်ဆန်စွာ ပျံ့နှံ့သွားကြပြီး ဟင်းလင်းပြင်ကို အနီရောင်ကန့်လန့်ကာတစ်ခုပမာ ဖုံးလွှမ်းသွားသည်။

မြေပြင်သည်လည်း ထို့အတူပင်။ ဤသည်မှာ ငရဲပြည်မှ ကြေးချွတ်သန့်စင်ဘုံက ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့်အလားပင်။ ထိုအရာအားလုံး၏ ဇစ်မြစ်သည် ရွှီချင်း၏ ဖိနှိပ်ခံထားရသော သွေးဝဲကတော့ဖြစ်သည်။

သွေးဝဲကတော့သည် မတည်မငြိမ်ဖြစ်နေပြီး ကြမ်းတမ်းမှုနှင့် အန္တရာယ်ကပ်ဘေးကို ထုတ်လွှတ်နေသည်။ ယင်းထဲမှာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ဟန်ရသော စိတ်ဆန္ဒလည်း ပါရှိသည်။

ထိုမြင်ကွင်းကို မြင်သွားသော မီးလျှံလကျင့်ကြံသူအားလုံးသည် အမြန်အနောက်ဆုတ်သွားကြသည်။ သူတို့က နှလုံးခုန်မြန်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ သွေးက သူတို့၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားတော့မည့်အလား ခံစားရလာသည်။

ဖန်းရှီရွှမ်းသည် တည်ကြည်လေးနက်စွာ မျက်မှောင်ကြုတ်လိုက်သည်။ ရွှီချင်းနှင့် ဂျိဒုန်းဇီကြားမှ တိုက်ပွဲသည် တစ်ဖက်သတ်ဆန်လွန်းသည်။ လက်ချောင်းများ၏ ပြိုကွဲမှုသော်လည်းကောင်း သို့မဟုတ် ရွှီချင်း၏ သွေးအခွင့်အာဏာသော်လည်းကောင်း ထိုအရာအားလုံးက သူဟာ ရွှီချင်း၏ ပြိုင်ဘက်မဟုတ်ကြောင်း ရှင်းလင်းစွာ နားလည်သွားစေသည်။

“ သူက နတ်ဘုရားစွမ်းရည်တွေကိုတောင် မသုံးရသေးဘူး… ”

ထိုသို့တွေးမိသောအခါ ဖန်းရှီရွှမ်းသည် ပိုပြီးမြန်ဆန်စွာ အနောက်ဆုတ်သွားသည်။

သွေးဝဲကတော့၏ အဓိကပစ်မှတ်ဖြစ်သော ဂျိဒုန်းဇီသည် သိသာစွာ အမူအရာပျက်ယွင်းသွားသည်။ သူ၏ နတ်ဘုရားစွမ်းရည်နှင့် စွမ်းအားကို ကောင်းမွန်စွာ သိသည်။ ထို့ကြောင့် သူ့ဆီသို့ ဦးတည်လာနေသော သွေးဝဲကတော့က မည်မျှအန္တရာယ်များကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။

အမှန်မှာ လောကကြီးသည် ဤအခိုက်အတန့်မှာ လှောင်ချိုင့်သဖွယ် ဖြစ်လာသည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် လွှမ်းခြုံထားသော အနီရောင်အလင်းက သူ့အား ထိုသွေးဝဲကတော့ကို မရှောင်တိမ်းနိုင်အောင် သို့မဟုတ် မခုခံနိုင်အောင် ကန့်သတ်ထားသည်။

သေခြင်းရှင်ခြင်းအန္တရာယ်ဖြင့် ရင်ဆိုင်ရလာသောအခါ ဂျိဒုန်းဇီ၏ တိုက်ပွဲအတွေ့အကြုံများနှင့် ပင်ကိုယ်ဗီဇတုံ့ပြန်မှုသည် တုံ့ဆိုင်းမနေဘဲ ထွက်ပေါ်လာသည်။ သူက ပါးစပ်ဟလိုက်ပြီး သူ့ဆီသို့ ချဉ်းကပ်လာနေသော သွေးဝဲကတော့ဆီသို့ မှုတ်ထုတ်လိုက်သည်။

ချက်ချင်းဆိုသလို ရွှေရောင်အလင်းတန်းတစ်ခုသည် သူ၏ ပါးစပ်ထဲမှ ပျံသန်းထွက်လာပြီး သွေးဝဲကတော့ဆီသို့ ဦးတည်သွားသည်။

တစ်ချိန်တည်းမှာ ဂျိဒုန်းဇီသည် သူ့ကိုယ်သူ အပိုင်းပိုင်းအစစ ဖြိုခွဲပစ်လိုက်သည်။ ချက်ချင်းပင် သူက မရေမတွက်နိုင်သော သွေးပုံရိပ်များအဖြစ်သို့ ကွဲထွက်သွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပြေးထွက်သွားကြသည်။

သူမှုတ်ထုတ်လိုက်သော ရွှေရောင်အလင်းတန်းသည်တော့ ထွန်းလင်းတောက်ပလာပြီး စူးရှသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။

ထိုအလင်း၏ ဇစ်မြစ်သည် စက်ကွင်းတစ်ခု ဖြစ်သည်။

ထိုစက်ကွင်းကို ရွှေရောင်အရိုးများဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး အသွေးအသား အနည်းငယ်သာ ရှိသည်။ ဤသည်မှာ အသွေးအသားများက လှီးထုတ်ခံထားရသည့်အလား မျက်နှာတစ်ခုသာ ကျန်ရှိတော့သည်။

ထိုမျက်နှာသည် ယခု ကြောက်လန့်ခြင်းဖြင့် ပြည့်နှက်နေပြီး နာကျင်စွာ အော်ငိုနေသည်။

“ သခင်… ငါပါ… ငါးကလေးလေ… သခင့်ရဲ့ အစေခံတစ်ယောက်ပါ… သခင်… ငါမင်းကို အရမ်းသတိရတာပဲ… အဲ့ဒါအားလုံးက ဂျိဒုန်းဇီရဲ့ အမှားကြောင့်ပါ… ”

ထိုစက်ကွင်းသည် (ဃ၁၃၂)ပြိုကွဲသွားပြီးနောက် ဂျိဒုန်းဇီ၏ အရှင်ဖမ်းဆီးခံခဲ့ရသော နတ်ဘုရားလက်ချောင်းမှလွဲ၍ တခြားမဟုတ်ပေ။

ထို့နောက် ၎င်းက ရတနာစက်ကွင်းတစ်ခုအဖြစ် ဂျိဒုန်းဇီ၏ သန့်စင်ခံခဲ့ရသည်။ ယခု ၎င်းသည် ကြောက်စရာကောင်းသော သွေးဝဲကတော့ကို တားဆီးရန် အတင်းအဓမ္မ စေလွှတ်ခံခဲ့ရသည်။

ရွှီချင်းက အတိတ်ကို သတိရသွားခြင်းလော သို့မဟုတ် နတ်ဘုရားလက်ချောင်း၏ စကားက သူ့ကို စိတ်လှုပ်ရှားသွားစေခြင်းလော မသိရသော်လည်း နောက်အခိုက်အတန့်မှာ သွေးဝဲကတော့က ရတနာစက်ကွင်းကို ဖြတ်ကျော်သွားသည်။ ယင်းက စက်ကွင်းကို မည်သည့်ထိခိုက်ဒဏ်ရာမှ မပေးခဲ့ချေ။

အမှန်မှာ သွေးဝဲကတော့က စက်ကွင်းကို ဖြတ်ကျော်သွားသည့်အခိုက် ယင်းပေါ်မှ ဂျိဒုန်းဇီ၏ အမှတ်အသားကိုပင် ဖျက်ဆီးပစ်ခဲ့သည်။

သေခြင်းရှင်ခြင်းအန္တရာယ်ကို တွေ့ကြုံပြီးနောက် နတ်ဘုရားလက်ချောင်းသည် တုန်ယင်သွားပြီး ရွှီချင်းဆီသို့ မြန်ဆန်စွာ ရွေ့လျားသွားသည်။ ၎င်းက တစ်စုံတစ်ရာ ပြောချင်သော်လည်း နောက်အခိုက်အတန့်မှာ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ ပုံရိပ်က ၎င်းအရှေ့မှာ ထွက်ပေါ်လာသည်။

“ ပါးစပ်ပိတ်ထားစမ်း ”

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် နတ်ဘုရားလက်ချောင်းကို အထင်သေးရှုံ့ချစွာ ပြောသည်။ ဤအခိုက်အတန့်က သူ့ဘဝတစ်လျှောက်မှာ အကြီးမြတ်ဆုံး အချိန်အခါဖြစ်သည်ဟု သူခံစားမိသွားသည်။ မည်သို့ဖြစ်ပါစေ နတ်ဘုရားတစ်ပါးကို ယခုကဲ့သို့ အော်ငေါက်နိုင်ခြင်းသည် လက်နက်ဝိညာဉ်အများစု စွမ်းဆောင်နိုင်သောအရာ မဟုတ်ပေ။

နတ်ဘုရားလက်ချောင်းသည် ဒေါသထွက်သွားသော်လည်း ဤအခိုက်အတန့်မှာ မဆင်မခြင် မလုပ်ဝံ့ချေ။ ၎င်းက မျက်နှာချိုသွေးသော အမူအရာကိုသာ ထုတ်ဖော်လိုက်သည်။

ရွှီချင်းသည် သူတို့နှစ်ယောက်ကို လျစ်လျူရှုထားသည်။ သူ၏ အကြည့်က ကောင်းကင်ပေါ်သို့ ကျရောက်နေသည်။

နတ်ဘုရားလက်ချောင်း၏ နှောင့်နှေးမှုကြောင့် ဂျိဒုန်းဇီ၏ သွေးပုံရိပ်များသည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားကြသည်။ ၎င်းတို့ထဲမှ တစ်ဝက်ကျော်သည် မိုးကုပ်စက်ဝိုင်းဆီသို့ ထွက်ပြေးသွားကြသည်။ သို့သော်လည်း ၎င်းတို့က သွေးကန့်လန့်ကာထဲမှ မဆင်မခြင် မထွက်သွားကြချေ။ ယင်းအစား ၎င်းတို့က ဂျိဒုန်းဇီ၏ ပုံရိပ်များကို ဖွဲ့စည်းလိုက်ကြသည်။

၎င်းတို့က အရေအတွက်တစ်ထောင်ကျော်သည်။ ၎င်းတို့အားလုံးသည် ဂျိဒုန်းဇီများ ဖြစ်ကြသည်။

ဂျိဒုန်းဇီတိုင်းသည် တည်ကြည်လေးနက်သော အမူအရာကို ထုတ်ဖော်ထားကြသည်။ သူတို့၏ မျက်လုံးထဲမှာ ရူးသွပ်မှုနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသည်။ သူတို့က ရွှီချင်းကို အရပ်မျက်နှာအဘက်ဘက်မှ စိုက်ကြည့်နေကြပြီး တစ်ချိန်တည်းမှာ ပြောသည်။ သူတို့၏ အသံသည် ကောင်းကင်ဘုံတာအို၏ အသံနှင့် ဆင်တူသည်။

“ ယဇ်ပူဇော် ”

“ ယဇ်ပူဇော် ”

“ ယဇ်ပူဇော် ”

‘ ယဇ်ပူဇော် ’ဟူသော စကားသံသည် ဤလောကထဲမှာ ပဲ့တင်ထပ်သွားသည်။ ဟင်းလင်းပြင်က တုန်ယင်သွားသည့်အခါ သွေးနီရောင်လျှို့ဝှက်ရတနာသိုက်ငါးခုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က ဧရာမမီးတောင်ကြီးငါးခုပမာ ဝုန်းခနဲ မြည်သံများကို ထုတ်လွှတ်နေသည်။

ယင်းတို့က ဝိညာဉ်သိုက်အဆင့်တွင် ဂျိဒုန်းဇီရှိနေခဲ့စဉ်က သူဖွဲ့စည်းခဲ့သော လျှို့ဝှက်ရတနာသိုက်များ ဖြစ်ကြသည်။

ယခု သူ၏ ကျင့်ကြံခြင်းအခြေခံက ဗလာနတ္ထိအဆင့်မှာဖြစ်သော်လည်း ထိုလျှို့ဝှက်ရတနာသိုက်ငါးခုသည် သူ၏ ဗလာနတ္ထိကို ထောက်ပံ့ပေးထားသော အခြေခံအုတ်မြစ် ဖြစ်နေဆဲပင်။ ယခု သူက သေခြင်းရှင်ခြင်းအန္တရာယ်ဖြင့် ရင်ဆိုင်ရလာသည့်အခါ ယင်းတို့ကို အသုံးပြုရန် လုံးဝတုံ့ဆိုင်းမနေပေ။

‘ ယဇ်ပူဇော် ’ဟူသော စကားသံက ဆက်လက် ပဲ့တင်ထပ်သွားသည့်အခါ ကောင်းကင်ဘုံတာအို၏ ဟိန်းသံများသည် လျှို့ဝှက်ရတနာသိုက်ငါးခုထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်ငါးခုသည် လျှို့ဝှက်ရတနာသိုက်ငါးခုထဲမှ ပျံသန်းထွက်လာကြသည်။

ပုံရိပ်တစ်ခုသည် လက်ရှစ်ဖက်ရှိသော သွေးမိစ္ဆာတစ်ကောင်ဖြစ်ပြီး တခြားတစ်ကောင်သည် သွေးနီရောင်အကြေးခွံရှိသော ပုတ်သင်တစ်ကောင်ဖြစ်သည်။ အနီရောင်အလင်းကို ထုတ်လွှတ်နေသော သွေးမျက်လုံးတစ်လုံးလည်း ရှိသည်။

၎င်းတို့က ဝိညာဉ်သိုက်အဆင့်တွင် ဂျိဒုန်းဇီရှိနေခဲ့စဉ်က သူဖိနှိပ်ခဲ့သော ကောင်းကင်ဘုံတာအိုများ ဖြစ်ကြသည်။

၎င်းတို့သည် ထွက်ပေါ်လာပြီးနောက် ရွှီချင်းထံသို့ မချဉ်းကပ်သွားကြချေ။ ယင်းအစား ၎င်းတို့က မာန်ဖီဟိန်းဟောက်လိုက်ပြီး လေထဲသို့ တိုက်ရိုက် ပျံတတ်သွားကာ သွေးကန့်လန့်ကာကို ချိုးဖောက်သွားကြသည်။ ထိုသို့ဖြင့် ၎င်းတို့က ကောင်းကင်၏ အဆုံးသို့ ရောက်ရှိသွားကြသည်။

ကောင်းကင်တစ်ခုလုံး တုန်ယင်သွားသည်။ မတည်မငြိမ်ဖြစ်နေသော ဝဲကတော့တစ်ခုသည် ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာသို့ ပျံ့ပွားသွားသည်။ အနီရောင်မိုးကြိုးများသည် ကောင်းကင်ပေါ်တွင် တဖန်ထွက်ပေါ်လာပြီး အံ့ဖွယ်ကောင်းသော အရှိန်အဝါနှင့်အတူ ရွေ့လျားသွားကြသည်။

ဝဲကတော့၏ အလယ်တွင် အံ့ဖွယ်မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းထဲတွင် ဗလာနတ္ထိနယ်မြေတစ်ခု ရှိသည်။ ထိုနယ်မြေထဲတွင် မရေမတွက်နိုင်သော သံကြိုးများဖြင့် ချည်နှောင်ခံထားရသည့် ဧရာမခွန်ပန်တစ်ကောင် ရှိသည်။

အလွန်သိပ်သည်းသော ကောင်းကင်ဘုံတာအိုအရှိန်အဝါကို ဧရာမခွန်ပန်ထံမှ ထုတ်လွှတ်နေသည်။

ဤသည်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ဖမ်းဆီးချုပ်နှောင်ခံထားရသော ဝမ်ကူးကုန်းမြေ၏ ရှေးဟောင်းကောင်းကင်ဘုံတာအိုတစ်ခု ဖြစ်သည်။

မရေမတွက်နိုင်သော သံကြိုးများက ၎င်း၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသည်။ သံကြိုးတစ်ခုစီသည် ၎င်း၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲထိ ထိုးဖောက်နေသည်။ ထို့ပြင် ဧရာမခွန်ပန်၏ အပေါ်တွင် ၎င်း၏ ခန္ဓာကိုယ်ကို အစဉ်အမြဲ ရိုက်နှက်နေသော ဧရာမကြာပွတ်တစ်ချောင်းလည်း ရှိသည်။

၎င်း၏ ခန္ဓာကိုယ်သည် ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိထားသည်။

ကြာပွတ်ပေါ်တွင် မရေမတွက်နိုင်သော တာအိုအမှတ်အသားများရှိပြီး ယင်းတို့က အရောင်တောက်ပနေသည်။ ကြာပွတ်ရိုက်ချက်တိုင်းက ကျယ်လောင်သော မိုးခြိမ်းသံကို ထုတ်လွှတ်နေသည်။ ထိုသို့အရိုက်ခံရသည့်အခါ ရှေးဟောင်းကောင်းကင်ဘုံတာအို၏ အော်ဟစ်ညည်းညူသံများက ဤလောကပေါ်သို့ ကျရောက်လာလိမ့်မည်။

ထိုအော်ဟစ်ညည်းညူသံထဲမှာ အဆုံးမဲ့သော နာကျင်မှုနှင့် ဖော်မပြနိုင်သော သေချင်စိတ် ပါရှိသည်။ ယင်းက ဤကမ္ဘာမြေပေါ်မှာ ပဲ့တင်ထပ်သွားသည့်အခါ ဥပဒေသများနှင့် နိယာမများထက် သာလွန်သော အသံတစ်သံကို ဖွဲ့စည်းသွားသည်။ ထိုအသံသည် လေထဲမှ ရွှီချင်း၏ သွေးဝဲကတော့ကို ရပ်တန့်ပစ်လိုက်သည်။

ဤသည်မှာ ရွှီချင်းက ထိုရှေးဟောင်းကောင်းကင်ဘုံတာအိုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်ပေ။ သို့သော်လည်း ယင်းက အတိတ်တွင် သူတွေ့ကြုံခဲ့သောအရာနှင့် ခြားနားသည်။ ဤတစ်ကြိမ်တွင် ဂျိဒုန်းဇီက ဖိနှိပ်မှုကို ဖန်တီးရန်အတွက် ရှေးဟောင်းကောင်းကင်ဘုံတာအို၏ အသံကိုသာ ငှားယူခဲ့ခြင်း မဟုတ်ပေ။

သူက သူ့ကိုယ်ပိုင်ကောင်းကင်ဘုံတာအိုများကို ယဇ်ပူဇော်နေခြင်း ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ကောင်းကင်ဘုံတာအိုငါးခုသည် ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ပျံသန်းသွားကြသည်။ ထိုနေရာတွင် ၎င်းတို့က ပြိုကွဲသွားကြပြီး ဧရာမကြာပွတ်ဖြင့် ပေါင်းစည်းသွားကြသည်။ ထိုအခါ ကြာပွတ်ပေါ်တွင် နောက်ထပ် တာအိုအမှတ်အသားငါးခု ထွက်ပေါ်လာပြီး ယင်း၏ အစွမ်းကို အနည်းငယ် တိုးမြှင့်သွားစေသည်။

ကောင်းကင်ဘုံတာအို၏ ပျက်စီးမှုသည် ပြန်မပြောင်းလဲနိုင်သော အရာဖြစ်သည်။ တစ်နည်းဆိုရလျှင် ဂျိဒုန်းဇီက သူ့ကိုယ်ပိုင် ကောင်းကင်ဘုံတာအိုငါးခုကို ထာဝရ ဆုံးရှုံးသွားလိမ့်မည်။ ယင်းက သူ၏ ကျင့်ကြံခြင်းအပေါ် ကြီးမားသော သက်ရောက်မှုရှိလိမ့်မည်။ အကယ်၍ သူက ပြန်ကောင်းချင်သည်ဆိုလျှင် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးချေရလိမ့်မည်။

ထို့ကြောင့် သူက ဤတိုက်ကွက်ကို ယခင်တစ်ခေါက်က ရွှီချင်းနှင့်တိုက်ပွဲမှာ အသုံးမပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ယဇ်ပူဇော်မှုသည် ကြီးမားသော ခွန်အားကို လဲလှယ်ရန် ဖြစ်သည်။ ချက်ချင်းဆိုသလို ရှေးဟောင်းကောင်းကင်ဘုံတာအိုကို ချည်နှောင်ထားသော သံကြိုးတစ်ချောင်းသည် လျော့တိလျော့ရဲဖြစ်လာပြီး ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းပေါ်တွင် တန်းလန်းတည်ရှိနေသည်။ ထို့နောက် ဝှစ်ဟူသော မြည်သံနှင့်အတူ သံကြိုးသည် တစ္ဆေရထားလုံးအမှောင်တောအုပ်ရှိသော လောကပေါ်သို့ ဆင်းသက်လာသည်။

ယင်းက ကြာပွတ်သဖွယ် ရွှီချင်းဆီသို့ တန်းမတ်စွာ ကျဆင်းလာသည်။ ထို့ပြင် ယင်းထဲမှာ မခုခံနိုင်ခြင်းနှင့် မရှောင်တိမ်းနိုင်သော နိယာမတစ်ခုလည်း ပါရှိသည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

ရွှီချင်း၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားသည်။ သံကြိုးက သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ဆင်းသက်လာလေရာ သူက ပေတစ်သောင်းအကွာအဝေးသို့ လွင့်စင်သွားသည်။

သံကြိုးထဲမှာ ကိန်းအောင်းနေသော အနီရောင်မိုးကြိုးများသည် သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ကျူးလီ၏ ဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်သည် အနီရောင်မိုးကြိုးများ၏ အဖျက်စွမ်းအားကို အကောင်းဆုံးကြိုးစား၍ ခုခံလိုက်သည်။ ကျူးလီ၏ ဦးခေါင်းကိုးလုံးသည် ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာပြီး ဟိန်းဟောက်လိုက်ကြသည်။ သို့သော်လည်း ၎င်းတို့က အက်ကွဲနေသည့် လက္ခဏာများ ပြလာသည်။

ရွှီချင်း၏ ဝိညာဉ်သည် တုန်လှုပ်သွားပြီး သူ၏ မျက်လုံးထဲမှာ ထိတ်လန့်မှု ထွက်ပေါ်လာသည်။ သို့သော်လည်း သူ့မျက်လုံး၏ အနက်ပိုင်းထဲတွင် အံ့ဩသော အရိပ်အယောင် တစ်စွန်းတစ်စ ရှိ၏။

ထိုသံကြိုးက မည်မျှကြောက်စရာကောင်းကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။ သို့သော်လည်း ဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်သည် ထိုအင်အားကို သူ့ကိုယ်စား တောင့်ခံပေးခဲ့သည်။

ကျူးလီ၏ ဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်သည် ထိုအင်အားကို တောင့်ခံပြီးနောက် ပြိုကွဲပျက်စီးသွားတော့မည့်ဟန် ရသည်။ သို့သော်လည်း တကယ့်လက်တွေ့မှာ ကျူးလီ၏ ဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်က ထိုအင်အားဖြင့် ပေါင်းစပ်သွားပြီး အဆင့်မြှင့်သွားသော လက္ခဏာများ ပြလာသည်။

ဤသည်မှာ ထိုသံကြိုးထဲတွင် ဂမ္ဘီရမှော်အစွမ်း၏ ဇစ်မြစ်တချို့ ပါရှိနေဟန် ရ၏။ သံကြိုး၏ ရိုက်ချက်က ထိုဇစ်မြစ်ကို သူ၏ ဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်ဖြင့် ပေါင်းစပ်သွားစေခဲ့ပုံပေါ်သည်။

ရွှီချင်း၏ ယခင်ဆုံးဖြတ်ချက်အရ ကျူးလီ၏ ဦးခေါင်းကိုးလုံးသည် စစ်မှန်သော ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန် မဟုတ်သေးပေ။ သူက စစ်မှန်သော ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်ကို ထုတ်ဖော်ချင်လျှင် ဦးခေါင်းကိုးလုံးနှင့် မပေါင်းစပ်ခင်မှာ ဗလာနတ္ထိအဆင့်သို့ ချိုးဖြတ်ရလိမ့်မည်။

‘ ရှေးဟောင်းကောင်းကင်ဘုံတာအိုကို ချည်နှောင်ထားတဲ့ သံကြိုးမှာ တကယ်ပဲ ဒီလိုအကျိုးသက်ရောက်မှုရှိတယ်… ’

ရွှီချင်းသည် သွေးဆောင်ခံလိုက်ရသည်။ သူက ရှေးဟောင်းကောင်းကင်ဘုံတာအို ချုပ်နှောင်ခံထားရသော ဗလာနတ္ထိနယ်မြေကို ကြည့်လိုက်သည်။ ခန့်မှန်းမှုတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ အတိတ်မှာ နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်က… ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ဆက်ပြီး မတွေးတော့ပေ။

သူ့ကို လွှဲရိုက်ခဲ့သော သံကြိုးက ပျောက်ကွယ်သွားတော့မည်ကို မြင်လိုက်ရသောအခါ ရွှီချင်းသည် လျှာကိုက်လိုက်ပြီး သွေးတစ်ပွက် အန်လိုက်သည်။

သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်က ပြိုကွဲသွားတော့မည့် လက္ခဏာများ ပြလာသည်။ ဤသည်မှာ သူက သံကြိုး၏ ရိုက်နှက်မှုကို ကံကောင်းထောက်မ၍ ခုခံနိုင်ခဲ့ပုံပေါ်သည်။ သူက နောက်တစ်ကြိမ် ဆက်ပြီး မတောင့်ခံနိုင်တော့သည့်အလားပင်။

သတင်းအချက်အလက် နည်းပါးမှုကြောင့် ဂျိဒုန်းဇီသည် ထိုသံကြိုးက ကျူးလီအပေါ်မှာ ထူးခြားသော သက်ရောက်မှုရှိကြောင်း မခန့်မှန်းနိုင်ခဲ့ပေ။ ထို့ကြောင့် ရွှီချင်း၏ ဖရိုဖရဲပုံစံကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးထဲတွင် စိတ်ဆုံးဖြတ်ထားသော အရိပ်အယောင် ထွက်ပေါ်လာသည်။ ဂျိဒုန်းဇီ၏ ပုံရိပ်အားလုံးသည် ရူးသွပ်မှုကို ထုတ်ဖော်လိုက်ကြသည်။

“ ယဇ်ပူဇော်စေ ”

ဤတစ်ကြိမ်တွင် သူက သက်စောင့်စွမ်းအားကို စတေးလိုက်သည်။

နောက်အခိုက်အတန့်မှာ ဂျိဒုန်းဇီ၏ ခန္ဓာကိုယ်အားလုံးသည် မြန်ဆန်စွာ ညှိုးခြောက်သွားကြသည်။ သူ၏ ငယ်ရွယ်သော အသွင်ပုံစံက အဖိုးအိုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ အမှန်မှာ ကောင်းကင်ပေါ်မှ ပုံရိပ်အများစုသည် ပြာအဖြစ် ပြောင်းလဲသွားသည်။

အလွန်သိပ်သည်းသော သက်စောင့်စွမ်းအားက ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည့်အခါ ဒုတိယသံကြိုးသည် လျော့တိလျော့ရဲဖြစ်လာသည်။

နောက်အခိုက်အတန့်မှာ ဒုတိယသံကြိုးက ကြောက်စရာကောင်းသော အရှိန်အဟုန်နှင့်အတူ ဆင်းသက်လာပြီး ရွှီချင်းပေါ်သို့ အကြမ်းပတမ်း ရိုက်ချသွားသည်။

ဗုန်း…

ရွှီချင်းသည် ဆက်တိုက် သွေးသုံးပွက် အန်လိုက်ရသည်။ သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်သည် တိုက်ရိုက် ပြိုကွဲသွားသည်။ သူ၏ ခန္ဓာကိုယ်က အလွန်အခြေအနေဆိုးသွားပြီး အရိုးများကိုပင် မြင်နိုင်လာသည်။ သူ၏ ဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်သည်တော့ အများစုသည် အက်ကွဲသွားပြီး အစိတ်အပိုင်းတချို့သာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကျန်ရှိနေတော့သည်။

ဤသည်မှာ သူက တတိယရိုက်ချက်ဖြင့် ထိမှန်မည်ဆိုလျှင် သေဆုံးသွားမည့်ဟန် ရ၏။

သူက အဝေးသို့ အစွမ်းကုန်သုံး၍ ထွက်ပြေးသည်။

တစ်ချိန်တည်းမှာ သူက အန္တရာယ်အငွေ့အသက်ကို ထုတ်လွှတ်ထားသည်။ ဤသည်မှာ သူ့ထံတွင် မသုံးရသေးသော ဝှက်ဖဲကတ်တစ်ခု ရှိနေသေးသည့်အလားပင်။

ယင်းက ဂျိဒုန်းဇီကို အမှန်တကယ် ခြိမ်းခြောက်နိုင်ခဲ့သည်။ သူက ရွှီချင်းအနားသို့ မချဉ်းကပ်သွားဝံ့ချေ။ သို့သော်လည်း ဤတိုက်ပွဲမှာ သူက အများကြီး စတေးခဲ့ရသည်။ ယခုအချိန်မှာ သူက ရွှီချင်းကို အမြစ်ဖြတ်မသုတ်သင်နိုင်ဘူးဆိုလျှင် အနာဂတ်မှာ အဆုံးမသတ်နိုင်သော ပြဿနာများဖြင့် တွေ့ကြုံရလိမ့်မည်ဖြစ်ကြောင်း သိသည်။

သို့ဖြစ်၍ ဂျိဒုန်းဇီသည် အံတင်းတင်းကြိတ်လိုက်သည်။ သူ့မှာ အသက်တစ်ချောင်းသာ ရှိသည်။ ထို့ကြောင့် သူက အလောင်းအစား မလုပ်ဝံ့ချေ။ အကယ်၍ သူသာ ယနေ့ အသက်ရှင်သန်နိုင်မည်ဆိုလျှင် သက်စောင့်စွမ်းအားနှင့် ကောင်းကင်ဘုံတာအိုများကို ပြန်စုဆောင်းနိုင်လိမ့်မည်။

သို့ဖြစ်၍ သူ၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်သွားပြီး ထပ်မံ ပြောသည်။

“ ယဇ်ပူဇော်စေ ”

ဤတစ်ကြိမ်တွင် သူက ကျင့်ကြံခြင်းအခြေခံကို စတေးလိုက်သည်။

ဗလာနတ္ထိအဆင့် ကျင့်ကြံခြင်းအခြေခံသည် သူ၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ထွက်ပေါ်လာသည်။ သူသန့်စင်ထားခဲ့သော တာအိုအားလုံးနှင့် သူနားလည်ထားခဲ့သော နိယာမအားလုံးသည် ရှေးဟောင်းကောင်းကင်ဘုံတာအိုဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

ယင်းတို့က ဟင်းလင်းပြင်ထဲမှာ ပြိုကွဲသွားသည့်အခါ တတိယသံကြိုးက ဆင်းသက်လာသည်။

“ သေလိုက်စမ်း ”

ဂျိဒုန်းဇီသည် အက်ရှရှအသံဖြင့် အော်ပြောလိုက်သည်။ သံကြိုးသည် တဝီဝီမြည်သံနှင့်အတူ ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။

သံကြိုးဖြင့် အရိုက်မခံရခင်မှာ ရွှီချင်းသည် အပြင်းအထန် ဒဏ်ရာရထားပုံပေါ်သည်။ ယခု သူက သံကြိုးဖြင့် ထပ်မံအရိုက်ခံလိုက်ရသည့်အခါ သွေးအများအပြားကို အန်လိုက်ရသည်။ အရိုးအများစုသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်သည် ပိုပြီးအက်ကွဲလာသည်။

သို့သော်လည်း သူက ဒဏ်ရာပြင်းထန်နေဆဲ အခြေအနေမှာသာ ရှိသေး၏။ ဤသည်မှာ သူက စတုတ္ထရိုက်ချက်မှသာလျှင် သေဆုံးမည့်သဘော ရှိ၏။

ဂျိဒုန်းဇီသည် တုန်ယင်သွားသည်။ သူ၏ အမူအရာပေါ်မှာ ခံပြင်းဒေါသထွက်ခြင်းဖြင့် ပြည့်နှက်နေသည်။ ရွှီချင်းက မည်သို့ကြောင့် မသေသွားခဲ့ကြောင်း သူမသိပေ။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူက အဖြေကို မသိသည့်တိုင် ခန့်မှန်းမှုတချို့ကို ပြုလုပ်နိုင်ခဲ့သည်။

ထို့ကြောင့် ကျန်ရှိသော သွေးပုံရိပ်များက တစ်ခုတည်းအဖြစ် ပြန်ပေါင်းစည်းသွားကြသည်။ ထို့နောက် သူက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသော စိတ်ခံစားချက်လှိုင်းလုံးများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး အဝေးသို့ ထွက်ပြေးသွားသည်။

သူထွက်ပြေးသွားသည်နှင့်ချက်ချင်း အခြေအနေ အလွန်ဆိုးဝါးနေသော ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဂျိဒုန်းဇီ၏ အကူအညီကြောင့် သူက ကျူးလီ၏ ဦးခေါင်းကိုးခုထဲမှ တစ်ဝက်ဖြင့် အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သည်။ သူက ဦးခေါင်းခွံများဖြင့် အပြည့်အဝ ပေါင်းစပ်နိုင်ရန် ခြေလှမ်းဝက်သာ လိုတော့ခြင်း ဖြစ်သည်။ အပြည့်အဝ ပေါင်းစပ်နိုင်သွားသည့်အခါကျလျှင် သူက ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်ကို ထုတ်ဖော်နိုင်လိမ့်မည်။

သို့သော်လည်း တစ်ဖက်လူက သူ့ကို ထပ်ပြီး မရိုက်တော့ပေ။

“ အမှိုက်ကောင် ”

ရွှီချင်း၏ အကြည့်သည် အေးစက်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည် ချက်ချင်း ပြန်ကောင်းမွန်သွားသည်။ သူ၏ အရှိန်အဝါသည် ကျူးလီ၏ ဦးခေါင်းကိုးခုထဲမှ တစ်ဝက်ဖြင့် မပေါင်းစပ်ခင်ကထက် ပိုပြီးကြောက်စရာကောင်းလာသည်။ ထို့နောက် သူက ဂျိဒုန်းဇီနောက်သို့ လိုက်သွားသည်။

“ ဒါဆို ကျန်တဲ့တစ်ဝက်ကို မင်းကို ဖိနှိပ်ပြီးတော့ ပေါင်းစပ်မယ် ”

အဝေးမှ ဂျိဒုန်းဇီသည် ထိုမြင်ကွင်းကို မြင်သွားသောအခါ သူ၏ နှလုံးသားထဲမှ စိတ်ခံစားချက်များက ထိန်းချုပ်မရအောင် ပေါက်ကွဲသွားသည်။ သူက ပမာဏများပြားသော သွေးကို အန်ထုတ်လိုက်ရသည်။

All Chapters