ဂမ္ဘီရမှော်ဝင်ရတနာသိုက်ထဲမှာ ဖိနှိပ်ခြင်း
Vol. 83 Ch. 1282
“ ဘာကြောင့်လဲ ”
ဤအခိုက်အတန့်မှာ ဒေါသ၊ ခံပြင်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အကူအညီမဲ့ခြင်းနှင့် မကောင်းသော တခြားစိတ်ခံစားချက်များသည် ဂျိဒုန်းဇီ၏ နှလုံးသားထဲမှာ ဆက်ပြီး မဖိနှိပ်နိုင်တော့ဘဲ ပေါ်လျှိုးထွက်လာကြသည်။
သူက နားမလည်နိုင်ပေ။ သူ၏ ကြီးမားသော ယဇ်ပူဇော်မှုအောက်မှာ ရှေးဟောင်းကောင်းကင်ဘုံတာအိုကို ချုပ်နှောင်ထားသော သံကြိုးများက ကမ္ဘာဖျက်ဆီးနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသင့်ပေသည်။
သူက ထိုသံကြိုးများကို အသုံးပြုခဲ့သော မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ပထမဆုံး ကျင့်ကြံသူမဟုတ်ပေ။ အမှန်မှာ ယဇ်ပူဇော်ခြင်းဖြင့် သံကြိုးများ၏ စွမ်းအားကို ငှားယူခြင်းသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ပြိုင်ဘက်ကင်းသော နတ်ဘုရားအတတ်ပညာတစ်မျိုး ဖြစ်သည်။
သို့သော်လည်း ထိုသို့အသုံးပြုနိုင်ရန် စတေးရသော တန်ဖိုးက အလွန်ကြီးမားသောကြောင့် သေခြင်းရှင်ခြင်းအခြေအနေမျိုးမှသာ အသုံးပြုကြလေ့ရှိသည်။
ထို့ပြင် ယဇ်ပူဇော်မှုကြောင့် ထွက်ပေါ်လာမည့် သံကြိုးသည် အစစ်အမှန်ဖြစ်သည်။ ပုံရိပ်ယောင်မဟုတ်ပေ။
မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူတစ်ဦးက ထိုနတ်ဘုရားအတတ်ပညာကို အသုံးပြုလိုက်သည့်အခါ သေကြေပျက်စီးမှုသည် ဤလောကထဲမှာ သေချာပေါက် ဖြစ်ပေါ်လာလိမ့်မည်။
လူအနည်းစုသာလျှင် ယင်းကို ခုခံကာကွယ်နိုင်လိမ့်မည်။
သို့သော်လည်း ယနေ့မှာတော့ သူ၏ ယဇ်ပူဇော်မှုကြောင့် ထွက်ပေါ်လာသော သံကြိုးများသည် ရွှီချင်းကို မသတ်နိုင်ခဲ့ရုံသာမက သူ့ကို ကြီးကြီးမားမား အကျိုးအမြတ် ရှိစေခဲ့သည်။
ယင်းက ဂျိဒုန်းဇီကို အလွန်ဒေါသထွက်စေသည်။
အထူးသဖြင့် ရွှီချင်း၏ လက်ရှိအသွင်ပုံစံကို သူမြင်လိုက်ရသောအခါ ဖြစ်သည်။ အစောနက ရွှီချင်းက သူ့အရှိန်အဝါကို တမင်ဖိနှိပ်ထားခဲ့ဖြစ်ကြောင်း သူသဘောပေါက်သွားသည်။
ထိုကိစ္စ၏ ထူးဆန်းမှုသည် သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ထို့ကြောင့် သူက မယုံကြည်နိုင်ဖြစ်သွားပြီး အသိစိတ်ဟာလာဟင်းလင်း ဖြစ်သွားသည်။
မည်သို့ကြောင့် ထိုသို့ဖြစ်ရသလဲ သူနားမလည်နိုင်ပေ။
သူယဇ်ပူဇော်ခဲ့သော ကောင်းကင်ဘုံတာအို၊ သက်စောင့်စွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံက တစ်ဖက်လူကို အကျိုးအမြတ်ရှိစေခဲ့ကြောင်း ဂျိဒုန်းဇီနားလည်သွားသည့်အခါ သူက ရင်ဘက်အောင့်သွားပြီး သွေးတစ်ပွက်အန်လိုက်ရသည်။
ရွှီချင်း၏ စကားသည် ဂျိဒုန်းဇီ၏ မျက်လုံးကို နီရဲသွားစေသည်။ ဤအခိုက်အတန့်မှာ ရွှီချင်းကို သတ်ဖြတ်ချင်စိတ်သည် သူ၏ အသက်ရှင်ချင်စိတ်ထက် ကျော်လွန်သွားသည်။
ယနေ့ သူက ဤကပ်ဘေးကို မကျော်လွှားနိုင်တော့ကြောင်း ကောင်းမွန်စွာ သိသည်။ အကယ်၍ နတ်ဘုရားတစ်ပါးသာ ရောက်မလာလျှင် ဤတိုက်ပွဲမှ သူ၏ အသက်ရှင်နိုင်ခြေသည် အလွန်အမင်း နည်းပါးသည်။
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ကောင်းကင်အရွေးချယ်ခံတစ်ယောက်အနေဖြင့် နတ်ဘုရားများကို ကောင်းမွန်စွာ သူနားလည်သည်။ သို့ဖြစ်၍ ထိုကိစ္စက လုံးဝမဖြစ်နိုင်ကြောင်း သူသိသည်။
မဟာအမဲလိုက်ပွဲတော်သည် ဂူကောင်များကို ပျိုးထောင်ခြင်းနှင့် တူညီသည်။ သို့ဖြစ်၍ အဘယ့်ကြောင့် နတ်ဘုရားများက သူ့ကို ကယ်ဆယ်လိမ့်မည်နည်း။
နတ်ဘုရားများသည် အဆင့်မြင့်ပြီး အစွမ်းကြီးမားကြသည်။ ၎င်းတို့မှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။
ထို့ကြောင့် ဤအမဲလိုက်ပွဲတော်အတွင်းမှာ သူ၏ သေခြင်းရှင်ခြင်းသည် သူ့ဘာသာ ကြိုးစားတိုက်ခိုက်ရမည့်အရာ ဖြစ်သည်။
“ ဒီလိုဆိုမှတော့… ”
ဂျိဒုန်းဇီသည် ခါးသီးစွာ ရယ်မောလိုက်ပြီး ထပ်ပြီး မထွက်ပြေးတော့ရန် ဆုံးဖြတ်လိုက်သည်။ ယင်းအစား သူက ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။ သူက အံတင်းတင်းကြိတ်လိုက်သည့်အခါ ရူးသွပ်မှုက သူ၏ အမူအရာပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်သွားသည့်အခါ အန္တရာယ်အရှိန်အဝါသည် ဂျိဒုန်းဇီ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာသည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများသည် သူ့ကို ဗဟိုထား၍ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကြသည်။
ထိုအားလှိုင်းအတတ်အကျများ၏ ဇစ်မြစ်သည် သူ၏ အသိစိတ်ပင်လယ်ထံမှ ဖြစ်သည်။
သူ၏ အသိစိတ်ပင်လယ်ထဲတွင် နတ်ဘုရားကျောက်တိုင်(၉၆)ခုသည် တစ်ပြိုင်နက် တုန်ယင်သွားကြသည်။ သေဆုံးသွားခဲ့သော နတ်ဘုရားများ၏ မျက်နှာများသည် နတ်ဘုရားကျောက်တိုင်များပေါ်မှာ ထွက်ပေါ်လာကြပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။
ထိုအသံက လူသားလောကထဲမှာ ပဲ့တင်ထပ်သွားသည့်အခါ ဧရာမဝဲကတော့တစ်ခုသည် ဂျိဒုန်းဇီ၏ ဘေးပတ်ပတ်လည်တွင် မြန်ဆန်စွာ ဖွဲ့စည်းသွားသည်။
အသံသည် ပိုပြီးကျယ်လောင်လာသည်။
ဝဲကတော့ထဲမှလည်း ဆွဲငင်အားတစ်ခု ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလို ကောင်းကင်သည် အနီရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားပြီး မြေပြင်သည် ဝေဝါးလာသည်။ ဤသည်မှာ ဤလောကကြီးက အမှောင်ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားနေဟန် ရသည်။
လောကကြီးသည် အမှောင်ထုထဲသို့ ကျရောက်သွားသည်။ ရှေးဟောင်းတီးတိုးရေရွတ်သံများသည် အမှောင်ထုထဲမှ ပဲ့တင်ထပ်လာသည်။
ထိုဝဲကတော့၏ အလယ်မှ ဂျိဒုန်းဇီသည်တော့ သူ၏ ခန္ဓာကိုယ်ပေါ်မှ အန္တရာယ်အရှိန်အဝါသည် ပိုပြီးအားကောင်းသထက် အားကောင်းလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အက်ကွဲသံများက သူ၏ ခန္ဓာကိုယ်ထဲမှ မြည်ထွက်လာသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်က စတင်ပြိုကွဲသွားသည်။
ဤသည်မှာ သူ၏ ခန္ဓာကိုယ်က ထိုပေါက်ကွဲမှုကို လက်မခံနိုင်သည့်အလားပင်။
သို့သော်လည်း သူက ဂရုမစိုက်ချေ။
ကောင်းကင်ဘုံတာအို၊ သက်စောင့်စွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံကို ယဇ်ပူဇော်ပြီးနောက် သူ့မှာ ဝိညာဉ်တစ်ခုသာလျှင် ကျန်ရှိတော့သည်။
နတ်ဘုရားကျောက်တိုင်(၉၆)ခုထဲတွင် ပုန်းကွယ်နေသော ဂျိဒုန်းဇီ၏ ဝိညာဉ်သည် ရုတ်တရက် လင်းလက်လာသည်။ ဂျိဒုန်းဇီ၏ အော်သံနှင့်အတူ သူ၏ အစစ်အမှန်ဝိညာဉ်သည် သူ့ဘာသာ ပြိုကွဲသွားပြီး နတ်ဘုရားကျောက်တိုင်အားလုံးအပေါ် လှုံ့ဆော်မည့် ကြမ်းတမ်းသော စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။
သူ၏ အစစ်အမှန်ဝိညာဉ်သည် သူ့အသိစိတ်ပင်လယ်၏ အဓိကအမြူတေဖြစ်သည်။ သူ့ဝိညာဉ်၏ ပျက်စီးမှုက အရာအားလုံးအပေါ် သက်ရောက်သွားသည်။
သို့ဖြစ်၍ ထိုလှုံ့ဆော်မှုအောက်တွင် မတည်မငြိမ်ဖြစ်နေသော နတ်ဘုရားကျောက်တိုင်များသည် ပိုပြီးပြင်းထန်စွာ တုန်ယင်လာကြသည်။
နောက်အခိုက်အတန့်မှာ ယင်းတို့အားလုံးက ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်ကြသည်။ ရွှေရောင်အလင်းတန်းများသည် ပျက်စီးနေသော ဂျိဒုန်းဇီ၏ ခန္ဓာကိုယ်အတွင်းမှ ထိုးဖောက်ထွက်လာကြသည်။
ရွှေရောင်အလင်းတန်းများသည် ကောင်းကင်ကို ထွန်းလင်းသွားစေသည်။
အဝေးမှကြည့်လျှင် ဤမည်းမှောင်နေသော လောကကြီးထဲမှာ ရွှေရောင်အလင်းတန်း(၉၅)ခုက ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြပြီး နတ်ဘုရားကျောက်တိုင်(၉၅)ခုအဖြစ် အသွင်ပြောင်းလဲသွားကြောင်း မြင်နိုင်လိမ့်မည်။
ယင်းတို့က အရပ်မျက်နှာအဘက်ဘက်တွင် လွင့်မျောနေကြပြီး အမြစ်ဖြတ်သုတ်သင်ခြင်းစွမ်းအားကို ထုတ်လွှတ်နေကြသည်။ ထို့နောက် ယင်းတို့က အတူတကွ စုဝေးသွားကြပြီး မျက်လုံးမှိတ်ထားသော ဧရာမမျက်နှာပုံရိပ်တစ်ခုကို ဖွဲ့စည်းသွားသည်။
မျက်နှာသည် ပုံဆိုးပန်းဆိုးဖြစ်ပြီး လူသားတစ်ဦး၏ မျက်နှာအသွင်အပြင်မျိုး မရှိပေ။ ယင်းက အင်းဆက်ပိုးကောင်တစ်ကောင်၏ မျက်နှာနှင့် ပိုပြီးဆင်တူသည်။ တစ်စုံတစ်ယောက်က ထိုမျက်နှာကို ပထမဆုံးအကြိမ် မြင်သွားလျှင် ကျောချမ်းသွားလိမ့်မည်။
တစ်ချိန်တည်းမှာ ဂျိဒုန်းဇီ၏ ခန္ဓာကိုယ်သည် ကြိုးအဆုံးသို့ ရောက်ရှိသွားသည်။ သူက ပြာအဖြစ်သို့ မပြောင်းလဲသွားခင် ရွှီချင်းကို နောက်ဆုံးအကြိမ် ကြည့်လိုက်လေရာ သူ၏ မျက်နှာပေါ်တွင် သရော်လှောင်ပြောင်သော အပြုံး ထွက်ပေါ်လာသည်။
“ ငရဲပြည်ကနေ ငါမင်းကို စောင့်နေမယ် ”
ထို့နောက် သူက ဤလောကထဲမှ လွင့်ပြယ်သွားသည်။
ဧရာမမျက်နှာကြီးသာလျှင် ကောင်းကင်ပေါ်မှာ ကျန်ရှိနေသည်။
၎င်း၏ မျက်လုံးက အနည်းငယ် လှုပ်ရှားသွားသည်။ ထို့နောက် မျက်လုံးက ရုတ်တရက် ပွင့်သွားသည်။
ထိုအခါ ဟင်းလင်းပြင်သည် ပရမ်းပတာ တုန်လှုပ်သွားသည်။ ရှေးဟောင်းလေသည် ယိုယွင်းပျက်စီးခြင်းနှင့် သေခြင်းအငွေ့အသက်ကို သယ်ဆောင်လျက် ဤလောကထဲမှာ တိုက်ခတ်သွားသည်။
ထိုရှေးဟောင်းလေက ရွှီချင်းအပေါ်သို့ ကျရောက်လာသည်။
လောက၏ အရောင်သည် ပြောင်းလဲသွားပြီး သန္ဓေပြောင်းလဲခြင်းက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ချက်ချင်း ထွက်ပေါ်လာသည်။
သို့သော်လည်း ရွှီချင်းသည် အတိတ်တုန်းက ရွှီချင်း မဟုတ်တော့ပေ။ သူက နတ်ဘုရားများစွာဖြင့် တွေ့ဆုံဖူးလေရာ နတ်ဘုရားဖိအားကို အတိုင်းအတာတစ်ခုထိ တောင့်ခံနိုင်စွမ်းရှိသည်။ တစ်ချိန်တည်းမှာ သူ၏ စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်သည် နတ်ဘုရားတစ်ပါး၏ တည်ရှိမှုနှင့် နှိုင်းယှဉ်နိုင်သည်။
သန္ဓေပြောင်းလဲခြင်းကို ခုခံတားဆီးရန် တစ်စုံတစ်ယောက်သည် သန္ဓေပြောင်းလဲနေသော အစိတ်အပိုင်းများကို ဖယ်ထုတ်ပစ်ရလိမ့်မည်။ နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ သန္ဓေပြောင်းလဲနေသော အစိတ်အပိုင်းများက သူတို့ဘာသာ လောင်ကျွမ်းသွားကြသည်။ နောက်ဆုံးမှာတော့ ယင်းတို့က ဝိညာဉ်ချည်မျှင်များအဖြစ် ပြိုကွဲသွားသည်။
ထို့နောက် သူက ကောင်းကင်ပေါ်မှ ဧရာမမျက်နှာကို ကြည့်လိုက်သည်။ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူ၏ အကြည့်က နတ်ဘုရားအပေါ် အပြစ်တော်တစ်ခုကို ကျူးလွန်လိုက်ဟန် ရ၏။ ယင်းက နတ်ဘုရားကို အမျက်ဒေါသထွက်သွားစေသည်။ နောက်ဆက်တွဲအနေနှင့် ဧရာမမျက်နှာသည် ပါးစပ်ဟလိုက်ပြီး ရွှီချင်းကို ရုတ်တရက် စုပ်သွင်းလိုက်သည်။
လောကကြီးသည် ပြိုကွဲသွားပြီး ဟင်းလင်းပြင်သည် ပေါက်ကွဲသွားသည်။ ကြီးမားသော ဆွဲငင်အားသည် နေရာတိုင်းထံမှ ပေါ်လျှိုးထွက်လာပြီး ရွှီချင်းကို လွှမ်းခြုံသွားသည်။
ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။ ထိုဆွဲငင်အားအောက်မှာ သူက ဧရာမမျက်နှာဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားနေသည်။ ဤသည်မှာ သူက ဝါးမျိုခံရတော့မည့်အလားပင်။
ယင်းက ဂျိဒုန်းဇီ၏ နောက်ဆုံးဝှက်ဖဲဖြစ်သည်။
သူ၏ ဝိညာဉ်ကို ယဇ်ပူဇော်ပြီးနောက် နတ်ဘုရားကျောက်တိုင်များကို အတိုင်းအတာတစ်ခုထိ ပြန်ရှင်သန်လာစေသည်။ သူက ရွှီချင်းကို ငရဲပြည်သို့ အပါခေါ်သွားရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
ယင်းက ထိုအခိုက်အတန့်မှာ သူတွေးမိခဲ့သော တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။
နတ်ဘုရားများက သူ့ကို လာကယ်ရန် မည်သို့မှ မဖြစ်နိုင်ပေ။
သို့သော်လည်း အကယ်၍ သူက သေဆုံးရမည်ဆိုလျှင်ပင် နောက်ဆုံးအကြိမ် ကြိုးစားကြည့်ချင်သေးသည်။
ထို့ကြောင့် သူက သေဆုံးမည့်အခိုက်အတန့်မှာ သူ၏ တန်ဖိုးနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုကို ထင်ရှားစွာ ဖော်ပြခဲ့သည်။ အကယ်၍ နတ်ဘုရားများက သူ၏ ကြိုးစားမှုကို စိတ်ကျေနပ်ကြမည်ဆိုလျှင် အနာဂတ်မှာ သူ့ကို အသက်ပြန်သွင်းပေးနိုင်လောက်၏။
နတ်ဘုရားများက စိတ်ကျေနပ်ခြင်း စိတ်မကျေနပ်ခြင်းကိုတော့ မည်သူမှ မသိကြပေ။ သို့သော်လည်း ဤအခိုက်အတန့်မှာ ရွှီချင်း၏ မျက်လုံးက ဝင်းလက်တောက်ပနေပြီး သူက စိတ်ကျေနပ်မှုဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ သူလိုချင်နေသောအရာ ဖြစ်သည်။
လွန်ခဲ့သောလတုန်းက ဂျိဒုန်းဇီနှင့်တိုက်ပွဲမှာ တစ်ဖက်လူ၏ အသိစိတ်ပင်လယ်က တမူထူးခြားကြောင်း သူသိခဲ့သည်။ သေဆုံးသွားသော နတ်ဘုရားများ၏ ပုံရိပ်များကို နတ်ဘုရားကျောက်တိုင်(၉၀)ကျော်ပေါ်မှာ ရေးထွင်းထားကြောင်း ရေတွင်းထဲမှ လကို မျှားခြင်း၏ နတ်ဘုရားစွမ်းရည်မှတဆင့် ရှင်းလင်းစွာ သူမြင်တွေ့ခဲ့သည်။
ထိုအချိန်တုန်းက ယင်း၏ အဓိပ္ပာယ်ကို သူနားမလည်ခဲ့ပေ။
သို့သော်လည်း ကျူးလီ၏ မှတ်ဉာဏ်အပိုင်းအစများကို နားလည်သွားပြီး အတိတ်တုန်းက သမိုင်းကြောင်းကို မြင်သွားပြီးနောက် ထိုနတ်ဘုရားကျောက်တိုင်များ၏ မူလဇစ်မြစ်ကို ရှင်းလင်းစွာ သူသိသွားသည်။
၎င်းတို့က ဂမ္ဘီရမှော်ဆရာများနှင့် တိုက်ပွဲတွင် သေဆုံးသွားခဲ့ကြသူများ ဖြစ်ကြသည်။
၎င်းတို့က သေဆုံးသွားပြီး အသက်ရှင်ခဲ့စဉ်က ခွန်အားကို မပိုင်ဆိုင်တော့သော်လည်း ဂျိဒုန်းဇီ၏ အသိစိတ်ပင်လယ်ထဲမှာ ထွက်ပေါ်လာပြီး အားကောင်းသော အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့ဖြစ်၍ ၎င်းတို့ကို သူ၏ ဂမ္ဘီရမှော်ဝင်ရတနာသိုက်ထဲမှာ ထည့်သွင်းပြီး သူ၏ ရတနာသိုက်အတွက် အာဟာရဓာတ်စာ ဖြစ်စေနိုင်သည်ဟု ရွှီချင်း တွေးမိသည်။
ထိုအတွက် လိုအပ်ချက်သည် နတ်ဘုရားကျောက်တိုင်များကို လှုံ့ဆော်ပေးရန် ဖြစ်သည်။
ဥပမာ ယခုအခြေအနေမျိုး ဖြစ်သည်။
“ ဒီနတ်ဘုရားကျောက်တိုင်တွေက သေဆုံးသွားတဲ့ နတ်ဘုရားတွေဆီကနေ ဆင်းသက်လာတာပဲ… ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက သေဆုံးပြီးသား နတ်ဘုရားတွေပဲ ”
အကယ်၍ ၎င်းတို့သာ အစစ်အမှန် နတ်ဘုရား(၉၅)ပါးဆိုလျှင် ရွှီချင်းသည် ၎င်းတို့ထံမှ အကြည့်တစ်ချက်ဖြင့် သေဆုံးသွားလိမ့်မည်။
သို့သော်လည်း သေဆုံးပြီးသား နတ်ဘုရားများထံမှ နတ်ဘုရားကျောက်တိုင်များကိုတော့ သူဖိနှိပ်နိုင်လောက်သည်ဟု ရွှီချင်း ခံစားမိသည်။
သူက ဧရာမမျက်နှာဆီသို့ ချဉ်းကပ်သွားသည့်အခါ သူ့အနောက်မှ ခရမ်းလသည် အံ့ဖွယ်ကောင်းသော ခရမ်းလရောင်ခြည်ကို ထုတ်လွှတ်လိုက်သည်။ မရေမတွက်နိုင်သော တီးတိုးရေရွတ်သံများသည် ခရမ်းလဂြိုလ်ထံမှ ပဲ့တင်ထပ်လာပြီး ဧရာမမျက်နှာကြီးကို ခုခံတားဆီးလိုက်သည်။
စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းထားသော ဝိညာဉ်ချည်မျှင်များသည် ရုတ်တရက် လူးလွန့်သွားပြီး ရွှီချင်း၏ ညာဘက်လက်တစ်လျှောက်သို့ ပျံ့နှံ့သွားသည်။
ဝိညာဉ်ချည်မျှင်များသည် ရွှီချင်းနှင့် ဧရာမမျက်နှာကြားတွင် ပင်လယ်ကြီးတစ်ခုပမာ ဖွဲ့စည်းသွားကြသည်။ ယင်း၏ အရွယ်အစားသည် ဧရာမမျက်နှာကြီးထက် သာလွန်သည်။
ဆွဲငင်အားက ရပ်တန့်သွားသည့်အခါ အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဧရာမမျက်နှာအား ပိတ်ဆို့ထားသော ဝိညာဉ်ချည်မျှင်ပင်လယ်ကို ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းဆိုသလို သန်းပေါင်းများစွာသော ဝိညာဉ်ချည်မျှင်များဖြင့် ဖွဲ့စည်းထားသည့် ဧရာမပင်လယ်သည် ဝုန်းခနဲ မြည်သွားသည်။ လှိုင်းလုံးများသည် အဆုံးမဲ့စွာ ပေါ်လျှိုးထွက်လာပြီး ဧရာမမျက်နှာကြီးဆီသို့ ကြောက်စရာကောင်းသော အရှိန်အဟုန်နှင့်အတူ ဦးတည်သွားသည်။
ဝိညာဉ်ချည်မျှင်များသည် ဧရာမမျက်နှာကြီး၏ ဘေးပတ်ပတ်လည်ကို လှည့်ပတ်သွားကြပြီး မြန်ဆန်စွာ ကျုံ့သွားသည်။ ယင်းတို့က ဧရာမမျက်နှာကြီးကို ဖိနှိပ်ရန် ကြိုးစားနေသည်။
ဧရာမမျက်နှာကြီးသည် အသက်မဲ့နေသည့်အလား တိတ်ဆိတ်နေသည်။ သို့သော်လည်း ၎င်းက ပါးစပ်ဟလိုက်သည့်အခါ ရွှီချင်းကို မစုပ်သွင်းတော့ဘဲ ရွှေရောင်မြူခိုးကို မှုတ်ထုတ်လိုက်သည်။ ရွှေရောင်မြူခိုးသည် ဝိညာဉ်ချည်မျှင်ပင်လယ်ဆီသို့ ဦးတည်ရွေ့လျားသွားသည်။
မြူခိုးသည် ဝိညာဉ်ချည်မျှင်ပင်လယ်နှင့် မြန်ဆန်စွာ တွေ့ဆုံသွားသည်။ ယင်းက ယိုယွင်းတိုက်စားသော စွမ်းအားကို ထုတ်လွှတ်နေလေရာ သူ၏ ဝိညာဉ်ချည်မျှင်များက မြန်ဆန်စွာ ပျောက်ကွယ်သွားနေကြောင်း ရွှီချင်း အာရုံခံမိသွားသည်။
တစ်ချိန်တည်းမှာ ဧရာမမျက်နှာ၏ အသွင်ပုံစံသည် ဝေဝါးသွားပြီး ထပ်ဆင့်ပုံရိပ်လွှာများက ၎င်းပေါ်မှာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ ၎င်းက ဝိညာဉ်ချည်မျှင်ပင်လယ်၏ ချုပ်နှောင်မှုမှ ရုန်းထွက်ချင်နေဟန် ရသည်။
၎င်းက ရွှေရောင်အလင်းတန်း(၉၅)ခုကိုလည်း ထုတ်လွှတ်လိုက်သည်။ ယင်းတို့က လေထဲမှာ ရွှေရောင်လှံ(၉၅)ချောင်းအဖြစ်သို့ အသွင်ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံသန်းသွားကြသည်။ ၎င်းတို့ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက ဖျက်ဆီးခံရလိမ့်မည်။ ဝိညာဉ်ချည်မျှင်များသည်ပင် ထိုရွှေရောင်လှံများကို မတားဆီးနိုင်ပေ။
သို့သော်လည်း ရွှီချင်းက မည်သို့ကြောင့် ဧရာမမျက်နှာကို လွှတ်ပေးနိုင်မည်နည်း။ ဤအခိုက်အတန့်မှာ သူက လက်မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ထိုအခါ ရှေးဟောင်းကောင်းကင်ဘုံတာအို၏ ထွက်ပေါ်လာမှုကြောင့် လေထဲမှာ ရပ်တန့်နေသော သွေးဝဲကတော့သည် ဧရာမမျက်နှာကြီးဆီသို့ ရောက်ရှိလာသည်။ သွေးဝဲကတော့က မြန်ဆန်စွာ ကျယ်ပြောလာပြီး သွေးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားကာ ဝိညာဉ်ချည်မျှင်ပင်လယ်ကို အပေါ်မှ ထပ်ဆင့်လွှမ်းခြုံသွားသည်။
သွေးပင်လယ်သည် ဝိညာဉ်ချည်မျှင်များဖြင့် အတူပူးပေါင်းလိုက်ပြီး မြန်ဆန်စွာ ကျုံ့သွားကာ ဧရာမမျက်နှာကြီးကို ဖိနှိပ်လိုက်သည်။
တစ်ချိန်တည်းမှာ ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေထဲသို့ ခုန်လိုက်သည်။ ထို့နောက် သူက လေထဲမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ဒူးအရှေ့တွင် ထားလိုက်သည်။ သူက ခေါင်းငုံ့လိုက်သည့်အခါ သူ၏ နဖူးပေါ်မှ စက်ဝိုင်းသဏ္ဍာန် ဂမ္ဘီရမှော်သင်္ကေတသည် လင်းလက်တောက်ပလာသည်။
သူက တိုးညင်းစွာ ပြောလိုက်သည်။
“ ဘိုးဘေးမှော်သခင်ကြီး ”
ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်ပေါ်မှ ကျူးလီဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်သည် တုန်ယင်သွားသည်။ အဆုံးမဲ့သော မီးခိုးရောင်မြူခိုးသည် သူ၏ ခန္ဓာကိုယ်ထဲမှ ရူးသွပ်စွာ ပျံ့နှံ့ထွက်လာပြီး ဘေးပတ်ဝန်းကျင်သို့ ပျံ့ပွားသွားသည်။ ယင်းက မျက်စိတစ်မှိတ်အတွင်းမှာ ကျယ်ပြောသော ဧရိယာကို လွှမ်းခြုံသွားသည်။
ရွှီချင်း၏ ခန္ဓာကိုယ်သည်တော့ မီးခိုးရောင်မြူခိုး၏ လွှမ်းခြုံခံလိုက်ရသည်။ မီးခိုးရောင်မြူခိုးက ပရမ်းပတာ လှုပ်ရှားထကြွသွားသည့်အခါ ကြီးကျယ်ခမ်းနားသော ဧရာမပုံရိပ်တစ်ခုက မြူခိုးအတွင်းမှာ ထွက်ပေါ်လာသည်။
အတိတ်တွင် ထိုပုံရိပ်သည် နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်၏ အပြင်ဘက်မှာ မျိုးနွယ်စုကို နှစ်ထောင်ပေါင်းများစွာကြာအောင် စောင့်ကြပ်ပေးခဲ့သည်။ နောက်ပိုင်းတွင် ၎င်းက သမိုင်းထဲမှာ ဖုန်မှုန့်တစ်ခုအဖြစ်သာ ကျန်ရှိတော့သည်။ ယခုခေတ်မှာ ၎င်းကို မှတ်မိသူများသည် မရှိသလောက် ရှားပါးသွားသည်။
သို့သော်လည်း ယခု ၎င်းက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
၎င်းက ဂမ္ဘီရမှော်ဝင်မျိုးနွယ်၏ ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန် ဖြစ်သည်။
၎င်းထံမှ အထွတ်အမြတ် အရှိန်အဝါသည် လောကကြီးကို တုန်လှုပ်သွားစေသည်။
တောင်တန်းပင်လယ်ဒေသကြီးသည် တုန်ယင်သွားသည်။ မရေမတွက်နိုင်သော သားရဲများသည် အော်ဟစ်ငိုကြွေးလိုက်ကြသည်။ မရေမတွက်နိုင်သော မီးလျှံလကျင့်ကြံသူများသည် သူတို့၏ သွေးမျိုးဆက်လှုံ့ဆော်မှုကြောင့် ၎င်းကို အရိုအသေပေးချင်စိတ် ဖြစ်ပေါ်လာကြသည်။
သို့သော်လည်း စိတ်မကောင်းစရာမှာ ကြီးမြတ်သော ထိုပုံရိပ်က ဝေဝါးနေသည်။ ၎င်းက တစ်ဝက်သာ အစစ်အမှန် ဒြပ်ထည်ဖြစ်တည်သေးပုံပေါ်သည်။
သို့သော်လည်း ၎င်း၏ စွမ်းအားသည် ပြိုင်ဘက်ကင်းသည်။ ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ အနောက်မှာ ချုပ်နှောင်ခံထားရသော ဧရာမမျက်နှာကို အကြမ်းပတမ်း ဖိချလိုက်သည်။
ဗုန်းဟူသော မြည်သံနှင့်အတူ ဧရာမမျက်နှာသည် လွင့်ပြယ်သွားပြီး နတ်ဘုရားကျောက်တိုင်(၉၅)ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းတို့က ပြန်လည်စုစည်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အလွန်နောက်ကျသွားချေ၏။
သန်းပေါင်းများစွာသော ဝိညာဉ်ချည်မျှင်များ၊ ကီလိုမီတာငါးသောင်းကျယ်ဝန်းသော သွေးပင်လယ်နှင့် တစ်ဝက်သာ ဒြပ်ထည်ဖွဲ့စည်းရသေးသော ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်၏ စုပေါင်းစွမ်းအားသည် အကြွင်းမဲ့သော ဖိနှိပ်မှုကို ဖြစ်ပေါ်စေသည်။
ဝုန်းခနဲမြည်သံများနှင့်အတူ မီးခိုးရောင်မြူခိုးသည် နတ်ဘုရားကျောက်တိုင်များကို ဖိနှိပ်လိုက်သည်။ အဝေးမှကြည့်လျှင် ယင်းတို့က မီးခိုးရောင်မြူခိုးနှင့် တစ်သားတည်း ဖြစ်လာဟန် ရ၏။
တစ်ခဏကြာပြီးနောက် ရွှီချင်း၏ တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်က လေထဲမှာ ပြန်ထွက်ပေါ်လာသည်။
ဧရာမမျက်နှာသည် ပျောက်ကွယ်သွားသည်။
၎င်းက ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ ထွက်ပေါ်လာပြီး ဂမ္ဘီရမှော်ဝင်ရတနာသိုက်ထဲမှ ကုန်းမြေအောက်မှာ ဖိနှိပ်ခံလိုက်ရသည်။
၎င်းက ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန် အပြည့်အဝ ဒြပ်ထည်ဖွဲ့စည်းနိုင်ရန်အတွက် အာဟာရဓာတ်စာ ဖြစ်လာလိမ့်မည်။