← Chapters

သူတို့အားလုံးကိုသတ်

Vol. 100 Ch. 1500

သူတို့အားလုံးကိုသတ်

Vol. 100 Ch. 1500

“မင်း...”

တွင်းထဲကနေ ခုန်ထွက်လာပြီးနောက် နတ်ဘုရားမျိုးနွယ် အမျိုးသား၏ ကိုယ်ကျပ်ချပ်ဝတ်က ကြေမွသွားပြီး သူက ဆိုးဆိုးဝါးဝါး အခြေအနေသို့ ရောက်ရှိနေလေသည်။ သူ့မှာ စောစောကလို သူ၏ ယုံကြည်မှုနှင့် ကြော့ရှင်းမှုတို့ ဆက်လက်၍ မရှိတော့ပေ။

သူ၏ မျက်လုံးထဲမှာ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့သာလျှင် ရှိတော့လေသည်။

ရွှစ်...

နတ်ဘုရားမျိုးနွယ် အမျိုးသားသည် မည်သည့်လှုပ်ရှားမှုမှ ပြုလုပ်ခြင်းမရှိဟု ထင်ရသော်လည်း ဧရာမရွှေရောင်ဒိုင်းကာတစ်ခုက သူ၏ လက်ထဲမှာ ရုတ်တရက်ပေါ်ထွက်လာပြီး သူ့ရှေ့မှာ ထောင်မတ်လာခဲ့၏။

ဆူဇီမိုက အာရုံစိုက်၍ ကြည့်လိုက်၏။

နတ်ဘုရားမျိုးနွယ် အမျိုးသားမှာ သိုလှောင်အိတ်တစ်အိတ်မှ မရှိပေ။

ထိုဧရာမရွှေရောင်ဒိုင်းကာသည် နတ်ဘုရားမျိုးအမျိုးသား၏ လက်ချောင်းပေါ်ရှိ လက်စွပ်တစ်ကွင်းထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သူက ရှင်းလင်းစွာမြင်လိုက်ရ၏။

ထိုလက်စွပ်၏ လုပ်ဆောင်ပုံက သူ့ခါးပေါ်ရှိ သိုလှောင်အိတ်နှင့် ဆင်တူရပေမည်။

ဆူဇီမိုသည် ထိုအကြောင်းနှင့် ပတ်သက်၍ များစွာစဥ်းစားခြင်း မရှိဘဲ ဆက်လက်၍ ပစ်ရိုက်ချလိုက်၏။

ဘုန်း...

ဆူဇီမို၏ လက်ဖဝါးသည် ရွှေရောင်ဒိုင်းကာပေါ်သို့ ကျဆင်းသွားကာ ကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။

ရွှေရောင်ဒိုင်းကာသည် အကောင်းတိုင်း ကျန်ရှိနေသော်လည်း ဆူဇီမို၏ လက်ဖဝါးရိုက်ချက်က ဒိုင်းကာနှင့် နတ်ဘုရားမျိုးနွယ် အမျိုးသားကို ဖိနှိမ်လိုက်ပြီဖြစ်၏။ နတ်ဘုရားမျိုးနွယ် အမျိုးသားသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ကျသွား၏။

ဤတစ်​ကြိမ်မှာတော့ ရွှေရောင်ကိုယ်ကျပ်ချပ်ဝတ်၏ ကာကွယ်မှု မရှိသည့်အတွက် နတ်ဘုရားမျိုးနွယ် အမျိုးသား၏ ကိုယ်တွင်းအင်္ဂါများက ပြင်းထန်စွာ လှုပ်ခါသွားကာ ပါးစပ်အပြည့် သွေးများကို ထွေးထုတ်လိုက်ရ၏။

“ကောင်းပြီလေ”

ဆူဇီမိုက မသိမသာခေါင်းညိတ်လိုက်၏။

“မင်းက ငါ့ရဲ့လက်ဝါးရိုက်ချက်နှစ်ချက်ကို ခံယူနိုင်တယ်ဆိုတော့ မဆိုးဘူးပဲ”

ထိုစကားလုံးများက နတ်ဘုရားမျိုးနွယ် အမျိုးသားအတွက် အလွန်တရာ နားကြားပြင်းကတ်စရာကောင်းလေသည်။

နတ်ဘုရားမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး တစ်​ယောက်အနေဖြင့် သူသည် ဤကဲ့သို့သော အရှက်ခွဲခံရမှုနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။

နတ်ဘုရားမျိုးနွယ် အမျိုးသားက ဖြည်းဖြည်းချင်း ထရပ်ပြီး သူ့ဘေးတွင်ရှိသော ဧရာမရွှေရောင်ဒိုင်းကာကို ကောက်ယူချင်လေသည်။ သို့သော်လည်း ဧရာမဒိုင်းကာက အရောင်အဝါ မှေးမှိန်နေပြီဖြစ်ကြောင်း သူက သိရှိလိုက်ရ၏။

၎င်းပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များက ဆူဇီမို၏ လက်ချက်ဖြင့် လုံးဝပျက်စီးသွားခဲ့လေပြီ။

ဧရာမဒိုင်းကာ၏ အလယ်တွင် အင်းကွက်များအားလုံးကို ဖိချေထားသည့် ရှင်းလင်းသော လက်ဝါးရာတစ်ခုရှိနေသောကြောင့်ပင်။

“မင်းဘယ်သူလဲ”

နတ်ဘုရားမျိုးနွယ် အမျိုးသား၏ အမူအရာက သုန်မှုန်လာပြီး အံကိုတင်းတင်းကြိတ်လိုက်၏။

“မင်းက... ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ တဗူးတစ်မျိုးလား”

“ငါက တဗူးမဟုတ်ဘူး... ငါက လူသားပဲ”

ဆူဇီမိုက ဂရုမထားဟန်ဖြင့် ပြောလိုက်၏။

“မဖြစ်နိုင်တာ...”

နတ်ဘုရားမျိုးနွယ် အမျိုးသားက အော်ပြောလိုက်၏။

“လူသားတွေက အစာကွင်းဆက်ရဲ့ အောက်ဆုံးမှာရှိတဲ့ အားအနည်းဆုံး မျိုးနွယ်ပဲ... မင်းက ဘယ်လိုလုပ် လူသားတစ်ယောက် ဖြစ်နိုင်ပါ့မလဲ”

“ငါက အထီးကျန်သိုင်းသခင်ပဲ”

ဆူဇီမိုက ဆက်ပြောလိုက်၏။

“မဖြစ်နိုင်ဘူး....ဘယ်လိုမှ မဖြစ်နိုင်ဘူး”

နတ်ဘုရားမျိုးနွယ် အမျိုးသားသည် အထီးကျန်သိုင်းသခင်ဟူသော စကားကိုကြားရချိန်မှာ တုံ့ပြန်မှုများစွာ ရှိမလာခဲ့ပဲ သူ၏ ခေါင်းကိုသာ သွင်သွင်ခါယမ်းနေ၏။

​ဆူဇီမိုက သူ၏ မျက်လုံးကို မှေးကျဥ်းပြီး ရှေ့သို့ တစ်လှမ်းတိုးကာ နတ်ဘုရားမျိုးနွယ် အမျိုးသား၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်၏။

ခွန်လွင်အပျက်အစီးနယ်မြေတွင် နတ်ဘုရားမျိုးနွယ်၏ အရိပ်အယောင်ပေါ်ထွက်လာသည်မှာ အရမ်းကို ထူးဆန်းလေသည်။

ဒါ့အပြင် နတ်ဘုရားမျိုးသက်ရှိက သူ၏ အမည်ကို မသိဘူးဆိုလျှင် သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကနေလာခြင်း သေချာပေါက် မဟုတ်ပေ။

ဆူဇီမိုသည် နတ်ဘုရားမျိုးနွယ်သက်ရှိ၏ အမြုတေစိတ်ဝိညာဥ်ကို ချုပ်နှောင်ပြီး သူ၏ ဝိညာဥ်ကို ရှာဖွေချင်လေသည်။

နတ်ဘုရားမျိုးနွယ် အမျိုးသားက အန္တရာယ်ကို အာရုံခံမိသွားပြီး ရုတ်တရက်အော်ပြောလိုက်၏။

“မင်းတို့တွေက ဘာကိုစောင့်နေတာလဲ... မင်းတို့တွေ အတူပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် အသက်ရှင်လျက်ထွက်ခွာနိုင်သေးတယ်

ထိုအခါမှသာလျှင် ခေါင်းကိုးလုံးနတ်သူငယ်နှင့် အခြားခွန်လွင်ကလန်သားများက တုံ့ပြန်လာကြ၏။

ဘာပဲပြောပြော ဆူဇီမိုသည် စောစောက နှစ်ကြိမ်သာတိုက်ခိုက်ခဲ့ပြီး နတ်ဘုရားမျိုးနွယ် အမျိုးသားသည် ခုခံဖို့ပင် အခွင့်အရေးမရပဲ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံလိုက်ရပြီဖြစ်၏။

“အထီးကျန်သိုင်းသခင်”

နတ်ဘုရားမျိုးနွယ် အမျိုးသားက ဟိန်းဟောက်၍ သူ၏ သွေးချီကို တလိပ်လိပ်တက်လာစေကာ အော်ပြောလိုက်၏။

“မင်းက ငါ့ကိုဖိနှိမ်ချင်တယ်ဆိုရင် မဖြစ်နိုင်ဘူး”

ရွှစ်...

နတ်ဘုရားမျိုးနွယ် အမျိုးသား၏ နောက်ဘက်တွင် အလွန်ကြီးမား၍ ခံ့ညားထည်ဝါသော ရှေးဟောင်းအဆောက်အအုံတစ်ခုက ပေါ်ထွက်လာ၏။ ၎င်းသည် ရွှေရောင်ရှိပြီး လျှို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။ အဲ့ဒါက နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးနယ်မြေဖြစ်၏။

ပိရမစ်၏ အောက်ဘက်တွင် မရေမတွက်နိုင်သော သက်ရှိများသည် ရိုကျိုးခယသော အမူအရာများနှင့်အတူ ဒူးထောက်၍ ဝတ်ပြုဆုတောင်းနေကြ၏။

နတ်ဘုရားမျိုးနွယ် အမျိုးသားက ပိရမစ်၏ ထိပ်ဆုံးမှာရပ်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ အဆုံးမဲ့သောစွမ်းအင်များ တိုးဝင်လာနေသကဲ့သို့ သူ၏ လက်နှစ်ထက်ကို ဖြန့်လိုက်၏။

သူ၏ ဒဏ်ရာများက အလျင်အမြန်သက်သာလာပြီး သူ၏ အော်ရာကလည်း ဆက်တိုက်မြင့်တက်လာနေ၏။

တစ်ချိန်တည်းမှာပင် ခေါင်းကိုးလုံးနတ်သူငယ်နှင့် ကျန်ရှိနေသော ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ် ခြောက်ယောက်သည် ချဥ်းကပ်လာကြပြီဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။

ခေါင်းကိုးလုံးနတ်သူငယ်နှင့် အခြားသူများသည် ဆူဇီမိုဘယ်လောက်သန်မာကြောင်း နားလည်ထားကြပြီဖြစ်ပြီး လုံးဝထိန်ချန်ရဲခြင်း မရှိပေ။

ဓမ္မပညာရပ်များ ၊ လျှို့ဝှက်အတတ်များနှင့် ဓမ္မလက်နက်များက လေထဲမှာ ပြည့်နှက်သွား၏။

“ပိုးစုန်းကြူးတစ်ကောင်ရဲ့ ကမြောက်ကခြောက် အလင်းရောင်ပဲ”

ဆူဇီမိုက အန္တိမစိတ်စွမ်းအားတစ်ခုနှင့်အတူ ထွက်ပေါ်လာ၏။

“မင်းတို့တွေက တောက်ပတဲ့ လပြည့်ဝန်းကို ဘယ်လိုတောင် ယှဥ်ပြိုင်ရဲတာလဲ”

ထိုစကားကို ပြောပြီးနောက် ဆူဇီမို၏ ပုံရိပ်က လုံးဝပျောက်ကွယ်သွားပြီဖြစ်၏။

သူ၏ နေရာတွင် ကျောက်စိမ်းရောင်ကြာပန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ မြင့်တက်လာ၏။ ၎င်းသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေပြီး ၎င်း၏ ပွင့်ချပ်များက ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း ဖူးပွင့်လာကြ၏။

“ဒါက...”

ခေါင်းကိုးလုံးနတ်သူငယ်နှင့် အခြားသော ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်များက အံ့အားသင့်တုန်လှုပ်သွားကြ၏။

အစိမ်းရေယင်ကြာပန်းက ညင်သာစွာ ယိမ်းနွဲ့သွား၏။

တည်ငြိမ်နေသော ရေကန်ထဲသို့ ကျောက်တုံးတစ်တုံးပြုတ်ကျလာသည့်အလား မြင်နိုင်သော ဝဲဂယက်များက လေဟာနယ်တစ်ခုလုံးကို ဖြတ်ကျော်၍ ပေါ်ထွက်လာ၏။

လေထဲရှိ ဓမ္မပညာရပ်များစွာက ပျက်ပြယ်သွား၏။

ဝင်ရောက်လာသော မူလအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်အချို့သည် လျင်မြန်စွာ အရောင်အဝါမှေးမှိန်သွားပြီး လေထဲကနေ ပြုတ်ကျကာ အစိမ်းရောင်ကြာပန်းအနားသို့ မချဥ်းကပ်နိုင်ကြတော့ပေ။

ဘုန်း...

ပကတိအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်များနှင့် ထိုထက်အဆင့်နိမ့်သော လက်နက်များကတော့ သူတို့သည် နေရာမှာပင် ကြေမွပျက်စီးသွား၏။

အစိမ်းရောင်ကြာပန်းက နောက်တစ်ဖန် ယိမ်းနွဲ့သွား၏။

နောက်ထပ် ဝဲဂယက်တစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာ၏။

ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ယောက်သည် လုံးဝမရှောင်တိမ်းနိုင်ကြပေ။ သူတို့သည် လေထဲမှာပင် ကျောက်ရုပ်ဖြစ်သွားသည့်အလား ဝဲဂယက်၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။

ဖောင်း... ဖောင်း.... ဖောင်း....

ဝဲဂယက်များ ဖြတ်သန်းသွားရာနေရာတိုင်း ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ခန္ဓာကိုယ်များက သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွား၏။

ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ယောက်၏ အမြုတေစိတ်ဝိညာဥ်များသည် ဖန်တီးခြင်းကြာပဒုမ္မာကနေ ထွက်ပေါ်လာသော ဝဲဂယက်များဖြင့် တိတ်တဆိတ်ဝါးမျိုခံလိုက်ရပြီး ဘာမှမကျန်ရှိတော့ပေ။

ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ယောက်စလုံးသည် အလောင်းပင် မကျန်ရှိပဲ သေဆုံးသွားကြပြီဖြစ်၏။

ခေါင်းကိုးလုံးနတ်သူငယ်သည် တစ်စုံတစ်ရာလွဲမှားနေသည်ကို နားလည်သဘောပေါက်သွားပြီး အရင်ဆုံး နောက်သို့ဆုတ်လိုက်၏။

ထိုသို့ဆိုလျှင်တောင် သူ၏ ခေါင်းကိုးလုံးထဲမှ ရှစ်လုံးက ကြေမွသွားပြီး သူက သေလုမတတ်ဖြစ်ခဲ့ရ၏။

ခေါင်းကိုးလုံးနတ်သူငယ်သည် အလျင်အမြန်နောက်ဆုတ်၍ အဝေးသို့ ပြေးထွက်လိုက်၏။

ထိုစဥ်မှာပင် ဖန်တီးခြင်းကြာပဒုမ္မာက တတိယအကြိမ် ယိမ်းနွဲ့သွား၏။

ဘုန်း... ဘုန်း.... ဘုန်း...

နတ်ဘုရားမျိုးနွယ် အမျိုးသား၏ အောက်ဘက်ရှိ ပိရမစ်သည် ချက်ချင်းပင် ပြိုလဲသွားပြီး မရေမတွက်နိုင်သော ကျောက်ခဲမြေခဲများက လိမ့်ဆင်းလာကာ အောက်ဘက်တွင် ဒူးထောက်၍ ဝပ်တွားနေသည့် သက်ရှိများအားလုံးကို မြှုပ်နှံပေးလိုက်၏။

နတ်ဘုရားမျိုးနွယ် အမျိုးသား၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာ၏။

အဲ့ဒါသည် မျိုးဆက်သွေးနယ်မြေများကြား တိုက်ခိုက်မှုတစ်ရပ်ဖြစ်၏။

သူ၏ မျိုးဆက်သွေးနယ်မြေသည် အပြတ်အသတ်ရှုံးနိမ့်သွားရလေပြီ။

ဆူဇီမို၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီး တစ်ခဏချင်းမှာပင် နတ်ဘုရားမျိုးနွယ် အမျိုးသား၏ ဘေးသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူက ထိုသူ၏ ဦးခေါင်းကို ပစ်ရိုက်ပြီး ထိုသူ၏ အမြုတေစိတ်ဝိညာဥ်ကို ဖမ်းဆီးလိုက်လေသည်။

အဲ့ဒီနောက် ဆူဇီမိုသည် လှစ်ခနဲဆို ခေါင်းကိုးလုံးနတ်သူငယ်ထွက်ပြေးရာနောက်သို့ ပြေးလိုက်သွား၏။

“သခင်လေး...သတိထား ခေါင်းကိုးလုံးနတ်သူငယ်မှာ ဦးခေါင်းကိုးလုံးရှိတယ်... သူ့ရဲ့ ခေါင်းကိုးလုံးကို တစ်ပြိုင်နက်တည်းဖျက်ဆီးနိုင်မှပဲ အဲ့ဒီကြမ်းကြုတ်တောကောင်က သေလိမ့်မယ်”

နန်းကြည်က အလောတကြီးသတိပေးလိုက်၏။

“အို...”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး အံ့အားသင့်သွားခြင်းမရှိပဲ သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။

“အဲ့ဒါက ဘာမှ မဟုတ်ဘူး”

နတ်ဘုရားမျိုးနွယ် အမျိုးသား၏ အမြုတေစိတ်ဝိညာဥ်ကို သူ၏ လက်တစ်ဖက်ထဲမှာ ဖမ်းဆုပ်ထားပြီး ဆူဇီမိုသည် သူ၏အခြားလက်တစ်ဖက်ဖြင့် သူ၏ ဓားလက်ချောင်းများကို ပူးကပ်ကာ ခေါင်းကိုးလုံးနတ်သူငယ်ရှိရာဘက်သို့ ညင်သာစွာ ခုတ်ပိုင်းချလိုက်၏။

ထိုခုတ်ချက်ကို ထုတ်ဖော်ပြီးနောက် ဆူဇီမိုသည် တစ်ဘက်သို့ ပြန်လှည့်ပြီး ခေါင်းကိုးလုံးနတ်သူငယ်ကို လှည့်ပင်ကြည့်ခြင်းမရှိပဲ ပြန်လျှောက်လာခဲ့၏။

ဇီ.... ဇီ.... ဇီ.....

အန္တရာယ်ကို အာရုံခံမိသွားပြီး ထွက်ပြေးနေသော ခေါင်းကိုးလုံးနတ်သူငယ်သည် နောက်သို့လှည့်ကြည့်မိလိုက်၏။

ထိုအကြည့်တစ်ချက်သည် မနှိုင်းယှဥ်သာအောင် ကျိန်းစပ်နေသော ဓားအလင်းတန်းတစ်ခုဖြင့် ပြည့်နှက်သွား၏။

နေရာတိုင်းမှာ အဖြူရောင်အလင်းများက ပြည့်နှက်နေ၏။ ဘက်ပေါင်းစုံကနေ သူ့ထံသို့ ဓားချီဘယ်လောက်များများ ဝင်ရောက်လာသလဲ မသိရပေ။

ခေါင်းကိုးလုံးနတ်သူငယ်က စိတ်ပျက်အားငယ်၍ မျှော်လင့်ချက်ပျက်သုန်းသွားသည့်ပုံပေါ်ထွက်လာ၏။

သူ့မှာ ပြေးစရာနေရာ မရှိတော့ပေ။

သူ့မှာ ခေါင်းအလုံးကိုးဆယ်ရှိသည်ဆိုလျှင်တောင် သူက သေရပေတော့မည်။

ဖောင်း... ​ဖောင်း... ဖောင်း...

အသွေးအသားကို ဓားချီများ ဆုတ်ဖြဲနေသည့်အသံက ထွက်ပေါ်လာပြိး သွေးမြူများက ပြန့်ကျဲသွား၏။

တစ်ခဏချင်းမှာပင် ခေါင်းကိုးလုံးနတ်သူငယ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ သူသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီဖြင့် နုတ်နုတ်စင်းခံရပြီးနောက် နေရာတွင် အသားပျော့ဖတ်တစ်ပုံသာလျှင် ကျန်ရစ်တော့လေသည်။

All Chapters