သိုလှောင်လက်စွပ်
Vol. 101 Ch. 1502
“ကမ္ဘာဦးစစ်ပွဲရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ဘာဖြစ်မလဲ”
အဆုံးစွန်မီးသည် နံရံကိုကြည့်ပြီး ရုတ်တရက် မေးလိုက်၏။
ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။
“ခန့်မှန်းမနေပါနဲ့… ကျုပ်တို့က ခွန်လွင်အပျက်အစီးနယ်မြေကို ဝင်ရောက်ပြီးမှပဲ အဲဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်လိမ့်မယ်”
“သွားကြရအောင်”
အဆုံးစွန်မီးက ခေါင်းညိတ်၍ ထွက်ခွာဖို့ ပြင်ဆင်လိုက်၏။
ဆူဇီမိုက ရယ်မောလိုက်၏။
“ဆရာ.. ခင်ဗျားနဲ့ နန်းကြည်က အခုချိန်ထိ ဒဏ်ရာတွေ ပျောက်ကင်းသေးတာ မဟုတ်ဘူး… ခင်ဗျားတို့က ဒီနေရာမှာ ရက်အနည်းငယ်လောက် အရင်ဆုံး နားနေကြရင် ကောင်းလိမ့်မယ်… အလောတကြီး လုပ်စရာ မလိုပါဘူး”
“အဲဒါလည်း ဟုတ်သားပဲ”
အဆုံးစွန်မီးက ပြုံးလိုက်၏။
“ခွန်လွင်အပျက်အစီးနယ်မြေကို ဝင်ရောက်ပြီးရင် ဘယ်လို အခြေအနေတွေနဲ့ အန္တရာယ်တွေကို ငါတို့ ကြုံတွေ့ရမလဲ သိချင်မိတယ်… ငါတို့က ကြိုတင်ပြင်ဆင်မှုတချို့ ပြုလုပ်ထားရလိမ့်မယ်”
အဲဒီနောက်.. အဆုံးစွန်မီးနှင့် နန်းကြည်က ဤလျှို့ဝှက်ခန်းထဲမှာ အားအင်ပြန်လည်ဖြည့်တင်းလိုက်ကြ၏။
သူတို့နှစ်ယောက်သည် ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိပြီး စွမ်းအားကြီးမားသော မျိုးဆက်သွေးများကို ပိုင်ဆိုင်ထားကြ၏။
ဒါ့အပြင်.. နန်းကြည်သည် နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး သူမ၏ ပြန်လည်ကုသနိုင်စွမ်းက တုန်လှုပ်စရာကောင်းလေသည်။
သုံးရက် မကြာခင်မှာပင်.. သူမက သက်သာပျောက်ကင်းသွားခဲ့ပြီဖြစ်၏။
ငါးရက်မြောက်နေ့တွင် အဆုံးစွန်မီးကလည်း သက်သာပျောက်ကင်းသွားလေပြီ။
“သွားကြရအောင်”
အဆုံးစွန်မီးက အော်ပြောလိုက်၏။
ဆူဇီမိုသည် ခေါင်းညိတ်၍ နန်းကြည်ကို သိုလှောင်လက်စွပ်တစ်ကွင်း ကမ်းပေးလိုက်၏။
“ငါက နတ်ဘုရားမျိုးနွယ် အမျိုးသားရဲ့ လက်သူကြွယ်ကနေ ဒါကို ချွတ်ယူထားတာ… ငါ့ရဲ့ ဓမ္မစွမ်းအားကို သုံးပြီး အဲဒါနဲ့ ထိတွေ့ကြည့်တဲ့အခါ ဘာတုံ့ပြန်မှုမှ ရှိမလာဘူး… တစ်ချက်လောက် စမ်းကြည့်လိုက်”
နန်းကြည်က သိုလှောင်လက်စွပ်ကို လက်ခံယူပြီး စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုကာ သူမ၏ ဓမ္မစွမ်းအားများကို ထိုးသွင်းလိုက်၏။
အဲဒီ လက်စွပ်ကနေ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
ခဏမျှ စဉ်းစားတွေးတောပြီးနောက်.. နန်းကြည်သည် ရုတ်တရက် သူမ၏ လက်ချောင်းထိပ်ကို ကိုက်ကာ လက်စွပ်ပေါ်သို့ သွေးတစ်စက်ကို ညှစ်ချလိုက်၏။
သွေးစက်က လက်စွပ်နှင့် အလျင်အမြန် ပေါင်းစည်းသွား၏။
အဲဒီနောက်… နန်းကြည်သည် ငေးမောမှင်တက်သွားပြီး သူမ၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြည့်နှက်လာ၏။
“ဘာများဖြစ်လို့လဲ”
ဆူဇီမိုက မေးလိုက်၏။
နန်းကြည်က သူမကိုယ်သူမ ဣန္ဒြေဆည်ပြီးနောက် လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဒီလက်စွပ်ထဲမှာ အရမ်းကို ကြီးမားတဲ့ နေရာလွတ်တစ်ခု ရှိနေတယ်… အထဲမှာလည်း ပစ္စည်းတွေ အများကြီးကို သိုလှောင်ထားတယ်.. အဲဒါက ကျွန်မတို့ရဲ့ သိုလှောင်အိတ်တွေထက် မနိမ့်ကျဘူး”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“ငါ့ရဲ့ ခန့်မှန်းချက်က မှန်နေတာပဲ.. အဲဒါက သိုလှောင်လက်စွပ် ဖြစ်လိမ့်မယ်.. ဒါပေမဲ့ နတ်ဘုရားမျိုးနွယ်ကပဲ အဲဒါကို အသုံးပြုနိုင်တယ်”
“သခင်လေး.. အဲဒီထဲမှာ စာအုပ်တွေနဲ့ လက်နက်တချို့ ရှိနေတယ်”
နန်းကြည်က စိတ်ဖြင့် စေညွှန်ပြီး စာအုပ်များနှင့် လက်နက်များကို ထွက်ကျလာစေ၏။
အဆုံးစွန်မီးက စာအုပ်တစ်အုပ်ကို ဒီတိုင်းကောက်ယူပြီး လှန်ကြည့်လိုက်လေသည်။
“ဘာတွေ ရေးထားတာလဲ… ငါက အဲဒါကို တစ်ခါမှ မမြင်ဖူးဘူး”
အဆုံးစွန်မီးက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
စာအုပ်ထဲရှိ စကားလုံးများက အလွန်တရာ စိမ်းသက်လေသည်။ သူတို့သည် သားရဲမျိုးနွယ်နှင့် လူသားများ၏ ဘာသာစကားနှင့် မတူဘဲ ကောင်းကင်ဘုံကျမ်းစာများကဲ့သို့ ကောက်ကောက်ကွေးကွေးနှင့် ခွဲခြား၍ မရနိုင်ပေ။
ထိုလက်နက်များ၏ ပုံသွင်းပုံကလည်း ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှ လက်နက်များနှင့် လုံးဝ ကွဲပြားခြားနားနေ၏။
ဆူဇီမိုကလည်း ခေါင်းခါလိုက်၏။
“ကျုပ်လည်း နားမလည်နိုင်ဘူး.. ဒီပစ္စည်းတွေကို အရင်ဆုံး သိမ်းထားလိုက်ဦး”
နန်းကြည်က နာခံပြီး စာအုပ်များနှင့် လက်နက်များကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်၏။
ခဏမျှ စဉ်းစားပြီးနောက်.. .ဆူဇီမိုက ပြောလိုက်၏။
“နန်းကြည်.. ဒီသိုလှောင်လက်စွပ်ကိုလည်း သိမ်းထားလိုက်.. အဲဒါကို မဖော်ပြမိစေနဲ့”
သူတို့သည် ခွန်လွင်အပျက်အစီးနယ်မြေသို့ ဝင်ရောက်တော့မည်ဖြစ်ပြီး သူတို့ အထဲသို့ ရောက်လျှင် မည်သူတွေနှင့် ရင်ဆိုင်ရမလဲ သို့မဟုတ် ဘယ်လိုအခြေအနေနှင့် ကြုံတွေ့ရမလဲ မသိရပေ။
ခွန်လွင်အပျက်အစီးနယ်မြေမှာ အခြားသော နတ်ဘုရားမျိုးနွယ် သက်ရှိများ ရှိနေပြီး ဤသိုလှောင်လက်စွပ်ကို တွေ့မြင်သွားမည်ဆိုလျှင် နတ်ဘုရားမျိုးနွယ် အမျိုးသားက သူတို့လက်ထဲမှာ သေဆုံးခဲ့ရသည်ကို သူတို့က သေချာပေါက် ခန့်မှန်းမိပေလိမ့်မည်။
ဆူဇီမိုက ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အလောင်းကို တွေးတွေးဆဆဖြင့် ငေးကြည့်နေ၏။
“ဇီမို ဘာများဖြစ်လို့လဲ”
အဆုံးစွန်မီးက မေးလိုက်၏။
ဆူဇီမိုက ပြောလိုက်၏။
“ဒီတစ်ခေါက် ဝင်ရောက်လာတဲ့ ခွန်လွင်ကလန်သားတွေနဲ့ ရှေးဟောင်းခေတ်က ခွန်လွင်ကလန်သားတွေမှာ မတူတာကို ခင်ဗျားတို့ သတိထားမိလား”
“မတူတာလား”
အဆုံးစွန်မီးက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
နန်းကြည်ကလည်း တွေဝေငေးမောသွား၏။
ရှေးဟောင်းခေတ်မှာ သေဆုံးခဲ့သော ခွန်လွင်ကလန်သားများသည် ပုပ်သိုးဆွေးရိနေပြီး အလောင်းများသာလျှင် ကျန်ရှိတော့၏။ သူတို့နှင့် ပတ်သက်၍ ကွဲပြားခြားနားသည့် အရာကို မတွေ့ရပေ။
ဆူဇီမိုက ဤတစ်ခေါက် ဝင်ရောက်လာသော ခွန်လွင်အလောင်းများ၏ အသားများကို လက်ညိုးထိုးပြလိုက်၏။
“အဲဒီ ခွန်လွင်ကလန်သားတွေကို ကြည့်လိုက်… သူတို့ရဲ့ ခါးမှာ မီးခိုးရောင် ဖဲကြိုးတွေကို စည်းနှောင်ထားတယ်.. ရှေးဟောင်းခေတ်က ခွန်လွင်ကလန်သားတွေရဲ့ ခါးမှာတော့ ခရမ်းရွှေရောင် ဖဲကြိုးတွေကို စည်းနှောင်ထားတယ်”
“ဟုတ်သားပဲ.. ဒါပေမဲ့ အဲဒါက ဘာကို သက်သေပြပေးနိုင်မှာလဲ”
အဆုံးစွန်မီးက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“ကျုပ်လည်း မသိဘူး”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“သွားကြရအောင်.. ခွန်လွင်အပျက်အစီးနယ်မြေကို ရောက်မှပဲ စစ်ဆေးကြည့်ကြတာပေါ့”
သိပ်မကြာခင်… သူတို့သည် လျှို့ဝှက်ကုန်းမြေ၏ အစပ်သို့ ရောက်ရှိလာကြ၏။
သို့သော်လည်း အဆုံးသတ်မှာ မည်သည့်လမ်းကြောင်းမှ မရှိဘဲ အေးစက်စက် နံရံပြင်တစ်ခုသာ ရှိနေ၏။
ဆူဇီမိုသည် လက်ဟန်ချိပ်စည်းများကို သူ၏ လက်နှစ်ဖက်ဖြင့် ထပ်တလဲလဲ လှုပ်ရှားပြီး တစ်ထောင့်တစ်နေရာဆီသို့ ဓမ္မစွမ်းအားများကို ပစ်လွှတ်ကာ ညင်သာစွာ အော်လိုက်၏။
“ပျက်ပြယ်စမ်း”
သူ့ရှေ့ရှိ နံရံက တဖြည်းဖြည်း ပျက်ပြယ်သွားပြီး အပြင်ဘက်သို့ ဦးတည်သော လမ်းကြောင်းတစ်ခု ပေါ်ထွက်လာ၏။
လျှို့ဝှက်ကုန်းမြေကို .. ခွန်လွင်အပျက်အစီးနယ်မြေနှင့် ဆက်သွယ်ထားသော ဝင်ပေါက်ဝတွင် နတ်မိမယ်လင်းလုံ ချင်းကျင်းခဲ့သော ဝင်္ကပါတစ်ခု ရှိနေ၏။ အချိန်ကာလကြာမြင့်ပြီးနောက်.. ဝင်္ကပါ မျက်လုံးအချို့က ပျက်စီးသွားပြီး နတ်ဘုရားမျိုးနွယ် အမျိုးသားက အားနည်းချက် တချို့ကို ရှာဖွေတွေ့ရှိကာ အဲဒါကို ချေဖျက်နိုင်ခဲ့၏။
ပြီးခဲ့သည့် ရက်အနည်းငယ်တွင် ဆူဇီမိုက ဤဝင်္ကပါကို တစ်ဖန်ပြန်၍ ပြင်ဆင်ခဲ့လေသည်။
ဝင်္ကပါ၏ အခြေခံအုတ်မြစ်က ကျန်ရှိနေဆဲဖြစ်ပြီး သူ့အနေဖြင့် ဝင်္ကပါအင်းကွက်များကို ထပ်မံ၍ ရေးဆွဲစရာ မလိုအပ်ခဲ့ပေ။ ဆူဇီမိုသည် ဝင်္ကပါမျက်လုံးများကို ပြင်ဆင်ပြီး အဲဒါကို တစ်ဖန်ပြန်၍ အသက်သွင်းလိုက်ရုံသာ ဖြစ်၏။
ထိုသို့ဖြင့် ဤလျှို့ဝှက်ကုန်းမြေကို တခြားမည်သူကမှ ထပ်မံ၍ ရှာဖွေတွေ့ရှိတော့မည် မဟုတ်ပေ။
ဆူဇီမိုသည် လျှို့ဝှက်ကုန်းမြေကနေ အဆုံးစွန်မီးနှင့် နန်းကြည်နှင့်အတူ ထွက်ခွာပြီး ခွန်လွင်အပျက်အစီးနယ်မြေသို့ ဝင်ရောက်လိုက်၏။
သူတို့သုံးယောက် ခွန်လွင်အပျက်အစီးနယ်မြေသို့ ဝင်ရောက်လာသည့် အချိန်မှာပင် သူတို့က တုန်လှုပ်သွားကြ၏။
ရှေးကျသော အော်ရာတစ်ခုက ထွက်ပေါ်လာပြီး သူတို့သုံးယောက်သည် ကမ္ဘာဦးခေတ်ဆီသို့ ပြန်လည်ပို့ဆောင်ခံလိုက်ရသည့်အလားပင်။
ခွန်လွင်အဟန့်အတား၏ တည်ရှိမှုကြောင့် ဤနေရာသည် အပြင်လောကနှင့် အမှန်တကယ်ပင် ပိုင်းခြားခံထားရ၏။
သမိုင်းတစ်လျှောက်တွင် နတ်မိမယ်လင်းလုံကသာ ခွန်လွင်အပျက်အစီးနယ်မြေသို့ ဝင်ရောက်ပြီး အသက်ရှင်လျက် ပြန်ထွက်နိုင်ခဲ့၏။
အဲဒီမှာ ကမ္ဘာဦးခေတ်၏ ရှေးကျသော အရာများနှင့် အငွေ့အသက်များ ရှိနေ၏။
ဤနေရာမှာ ရှိသော အဆောက်အုံများ အားလုံးသည် လက်ရှိခေတ် အဆောက်အုံများနှင့် အရမ်းကို ကွာခြားလေသည်။
တကယ်တော့ သူတို့ထဲမှ အများစုက အပျက်အစီးပုံဘဝသို့ ရောက်ရှိနေခဲ့လေပြီ။
ဆူဇီမိုနှင့် အခြားသူများသည် အရပ်တစ်ဖက်သို့ ဦးတည်ပြီး သူတို့၏ ဘေးပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း ထောက်လှမ်းကြည့်ရှုနေကြ၏။
နေရာတိုင်းသည် အပျက်အစီးပုံများနှင့် အလောင်းများဖြင့် ပြည့်နှက်နေ၏။
အဆောက်အုံများ အားလုံးကို အပျက်အစီးပုံများပေါ်မှာ တည်ဆောက်ထား၏။
သစ်ပင်၊ ဝါးပင်များကပင်လျှင် အပျက်အစီးပုံများကြားမှာ အမြစ်တွယ်နေ၏။
သိပ်မကြာခင်.. သူတို့၏ အမူအရာက ပြောင်းလဲသွားပြီး မလှမ်းမကမ်းတွင် နောက်ထပ် ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီး တစ်လုံးကို တွေ့မြင်လိုက်ရ၏။
နန်းကြည်သည် သူမ၏ ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး မည်သည့် အန္တရာယ်ကိုမှ မတွေ့ရပေ။ သူမသည် ရှေ့သို့ အလောတကြီး တက်ပြီး ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကို ခူးယူကာ ဆူဇီမိုကို ကမ်းပေးလိုက်၏။
အရင်တုန်းက ခွန်လွင်အပျက်အစီးနယ်မြေ၏ အစပ်မှာ ပထမဆုံး တွေ့ရှိခဲ့သော ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကို သူမက အဆုံးစွန်မီးကို ပေးခဲ့လေသည်။
ယခု ဤတစ်ခုကို သူမက ဆူဇီမိုကို ပေးလိုက်လေသည်။
“ယူထားလိုက်ပါ”
ဆူဇီမိုက ညင်သာစွာ ပြုံးပြလိုက်၏။
နန်းကြည်က အလျှော့မပေးဘဲ ခေါင်းမာစွာဖြင့် သူမ၏ ခေါင်းကို ခါယမ်းပြနေ၏။
ဆူဇီမိုက မတတ်နိုင်ဘဲ ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကို လက်ခံယူလိုက်ရ၏။
သူတို့သုံးယောက် လျှောက်လှမ်းလာပြီး သိပ်မကြာခင် နောက်ထပ် ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးတစ်လုံးကို တွေ့မြင်လိုက်ရ၏။
သူတို့သုံးယောက်သည် ခွန်လွင်အပျက်အစီးနယ်မြေ၏ အပြင်ဘက်အစပ်မှာ အတန်ကြာအောင် လှည့်လည်သွားလာခဲ့ပြီး မရေမတွက်နိုင်သော အငြိုးအတေးကြီး စိတ်ဝိညာဉ်များ၊ ဆိုးယုတ်တစ္ဆေများနှင့် တိုက်ခိုက်ခဲ့ရသော်လည်း သူတို့သည် ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီး တစ်လုံးကိုသာလျှင် ရရှိခဲ့လေသည်။
သို့သော်လည်း သူတို့သည် ခွန်လွင်အပျက်အစီးနယ်မြေမှာ သိပ်ဝေးဝေး မသွားရသေးခင်မှာပင်.. ထိုသစ်သီးနှစ်လုံးကို တွေ့မြင်ခဲ့ရပြီဖြစ်၏။
ထိုသို့နှင့် သူတို့သုံးယောက်သည် ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးများကို အသီးသီးရရှိသွားကြ၏။
ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကို ရရှိထားသည့်အတွက် သူတို့သည် မဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းသည့်အခါ နတ်ဘုရားစွမ်းအား မီးကပ်ဘေးကို ဖြတ်ကျော်နိုင်မည့် အခွင့်အရေး ၃၀ ရာခိုင်နှုန်း တိုးလာပေလိမ့်မည်။
ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးများက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့လေပြီ။
ပုံပြောအဘိုးအို ပြောသည်မှာ မှန်လေသည်။ ခွန်လွင်အပျက်အစီးနယ်မြေသည် ဘာမှန်းမသိရသော နေရာတစ်ခုဖြစ်ပြီး ကြီးမားသည့် အန္တရယ်များဖြင့် ပြည့်နှက်နေသော်လည်း အဲဒီမှာ အံ့မခန်း အခွင့်အလမ်းများကလည်း ရှိနေ၏။
ဤနေရာမှာ မရေမတွက်နိုင်သော ရတနာများ ရှိနေပြီး ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးက သူတို့ထဲမှ တစ်ခုသာလျှင် ဖြစ်၏။
ဆူဇီမို၏ နှလုံးသားသည်လည်း မျှော်မှန်းတမ်းတစိတ်များဖြင့် ပြည့်နှက်လာ၏။
ဤနေရာမှာသာလျှင်.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အလျင်အမြန် ကြီးထွားလာပေလိမ့်မည်။
ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးများကို ခွန်လွင်အပျက်အစီးနယ်မြေတွင် အလွယ်တကူ တွေ့မြင်ရတတ်သည်မှာ ဤနေရာရှိ ထူးခြားသော ပတ်ဝန်းကျင် အနေအထားကြောင့်သာလျှင် မဟုတ်ဘဲ ခွန်လွင်အပျက်အစီးနယ်မြေရှိ လူများက အဲဒါတွေကို လုံးဝ မလိုအပ်သောကြောင့်လည်း ဖြစ်၏။
အကြောင်းမှာ သူတို့သည် မဟာယာနအဆင့်သို့ မတက်လှမ်းနိုင်သောကြောင့်ပင်။
ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးက ရတနာတစ်ခုဖြစ်သော်လည်း အဲဒါက သူတို့အတွက် သုံးစားမရနိုင်ပေ။