← Chapters

ဒူးထောက်.. ဒူးထောက်… ဒူးထောက်

Vol. 101 Ch. 1504

ဒူးထောက်.. ဒူးထောက်… ဒူးထောက်

Vol. 101 Ch. 1504

မီးခိုးရောင်ဆံပင်နှင့် အမျိုးသား၏ ဦးဆောင်မှုအောက်တွင် ဆူဇီမိုနှင့် အခြားနှစ်ယောက်က ရှေ့သို့ တက်လှမ်းလာကြ၏။

သူ့နောက်ကနေ လိုက်ပါလာကြသော ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်များသည် သိသာထင်ရှားသော ရန်လိုစိတ်နှင့်အတူ သူတို့သုံးယောက်ကို ကြည့်နေကြ၏။ သူတို့သည် သူတို့သုံးယောက် ထွက်ပြေးသွားမည်ကို စိုးရိမ်သည့်အလား သူတို့သုံးယောက်ကို ဝန်းရံပိတ်ဆို့ထား၏။

အတန်ကြာပြီးနောက်.. ကြီးမားသော နန်းတော်တစ်ခုက သူတို့ရှေ့မှာ ထွက်ပေါ်လာ၏။ ၎င်းသည် ကီလိုမီတာ ရာပေါင်းများစွာ ဖြန့်ကြက်ထားပြီး ခမ်းနားထည်ဝါ၍ ပစ္စည်းကောင်းများစွာကို အသုံးပြုထားလေသည်။ ကြွေပြားနှင့် အုတ်တစ်ချပ်ချင်းစီတိုင်းကို အကောင်းဆုံး ပစ္စည်းများဖြင့် ပြုလုပ်ထားလေသည်။

နန်းတော်၏ ပုံစံကလည်း အရမ်းကို ရှေးကျလေသည်။ ကင်းလှည့်နေသော ခွန်လွင်ကလန်သား အုပ်စုများက သူတို့၏ ဘေးကနေ ဖြတ်လာ၏။ သူတို့သည် မီးခိုးရောင်ဆံပင်နှင့် အမျိုးသားကို တွေ့မြင်သောအခါ မြေပြင်ပေါ်မှာ တရိုတသေ ဒူးထောက်ချလိုက်၏။

“နှုတ်ဆက်ပါတယ် ခေါင်းဆောင်တပ်မှူး”

“အင်း”

မီးခိုးရောင်ဆံပင်နှင့် အမျိုးသားက တည်ငြိမ်၍ ခံ့ညားထည်ဝါသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူက လက်ကို ဝှေ့ယမ်းပြပြီး ပြောလိုက်၏။

“ထကြ”

ထိုစကားကို ကြားမှသာ ကင်းလှည့်နေသော ခွန်လွင်ကလန်သားများက မတ်တတ်ထရပ်ပြီး ထွက်ခွာသွားကြ၏။

မီးခိုးရောင်ဆံပင်နှင့် အမျိုးသားက ဆူဖီမိုနှင့် အခြားနှစ်ယောက်ဘက်သို့ လှည့်ပြီး အေးစက်စွာဖြင့် ပြောလိုက်၏။

“မှတ်ထားကြ… မင်းတို့တွေက ခွန်လွင်အရှင်ကို ဒူးထောက်ပြီး နှုတ်ဆက်ရမယ်”

ထိုစကားကို​ ကြားသောအခါ အဆုံးစွန်မီးက အထင်အမြင်သေးသော အမူအရာတစ်ခု ထုတ်ဖော်ပြသလိုက်၏။

သူက ဘယ်သူပါလဲ။

သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ထိပ်တန်းမဟာနတ်ပန်းပဲဆရာတစ်ယောက် ဖြစ်ပြီး သူ့ထံမှ အကူအညီတောင်းခံနေကြသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ မရေမတွက်နိုင်အောင် ရှိလေသည်။

ဒါ့အပြင် သူသည် နယ်မြေဒေသတစ်ခုကို အုပ်စိုးသော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး သိပ်သည်းပြင်းထန်သော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားလေသည်။ သူက အခြားတစ်ယောက်ကို အလွယ်တကူ ဘယ်လိုလုပ် ဒူးထောက်နိုင်ပါ့မလဲ။

ခွန်လွင်အရှင်တဲ့လား..။ မင်းက တော်တော်စောင်းကြွနေတာပဲ။

အဆုံးစွန်မီးက စိတ်ထဲကနေ လှောင်ရယ်လိုက်သော်လည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

နန်းကြည်က အမူအရာကင်းမဲ့နေ၏။

သူမက ဆူဇီမို၏ စကားကိုသာ နားထောင်လေသည်။ သူက သူမကို ဒူးထောက်စေချင်လျှင် သူမက ဒူးထောက်ပေလိမ့်မည်။ ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး မည်သူကမှ သူ၏ စိတ်ခံစားချက်ကို မဖတ်နိုင်ပေ။

မီးခိုးရောင်ဆံပင်နှင့် အမျိုးသားက မျက်ခုံး အနည်းငယ်ပင့်ပြီး လှောင်ရယ်လိုက်၏။

“မင်းတို့တွေကို သတိမပေးလို့ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့.. ဒါက ခွန်လွင်အပျက်အစီးနယ်မြေပဲ.. ဒီနေရာမှာ ခွန်လွင်အပျက်အစီးနယ်မြေရဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်”

“မင်းတို့တွေက ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဘယ်လောက်ထိ သန်မာသလဲ ငါ ဂရုမစိုက်ဘူး… ခွန်လွင်အပျက်အစီးနယ်မြေမှာ မင်းက နဂါးတစ်ကောင် ဆိုရင်တောင်မှ နာခံရိုကျိုးစွာနဲ့ ဝပ်တွားနေရလိမ့်မယ်”

“ခွန်လွင်အပျက်အစီးနယ်မြေရဲ့ စည်းမျဉ်းစည်းကမ်းကို မလိုက်နာတဲ့ ဘယ်သူမဆို သနားညှာတာမှု မရှိ သတ်ဖြတ်ခံရလိမ့်မယ်”

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေပြီး မီးခိုးရောင်ဆံပင် အမျိုးသား၏ ခြိမ်းခြောက်မှုမှာ မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။ သူက ဒေါသထွက်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း အလျှင်းမရှိပေ။

သူ၏ အတွေးက ရိုးရှင်းလေသည်။

ခွန်လွင်အရှင်က ညဝိညာဉ်သာဆိုလျှင် အရာရာတိုင်းက အဆင်ပြေသွားပေလိမ့်မည်။

ညဝိညာဉ်သည် သေချာပေါက် သူ့ကို ဒူးထောက်ခိုင်းလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ခွန်လွင်အရှင်က ညဝိညာဉ် မဟုတ်ဘူးဆိုလျှင်တော့… ။

ဤလောကမှာ သူ့ကို ဒူးထောက်စေဖို့ ဖိအားပေးနိုင်သည့်သူ တစ်ယောက်မှ မရှိပေ။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် အဲဒါကို မလုပ်နိုင်ပေ။

မီးခိုးရောင်ဆံပင်နှင့် အမျိုးသားက ဆူဇီမိုနှင့် အခြားသူများကို ရှေ့ကနေ ဦးဆောင်သွား၏။

များစွာသော နန်းတော်များကို ဖြတ်ကျော်ပြီးနောက် သူတို့၏ ရှေ့တွင် ကြီးမားသော ယဇ်ပူဇော်စင်မြင့်တစ်ခု ပေါ်ထွက်လာ၏။

ယဇ်ပူဇော်စင်မြင့်၏ ဘေးပတ်လည်တွင် မရေမတွက်နိုင်သော သက်ရှိများက မတ်တတ်ရပ်နေကြ၏။ သို့သော်လည်း သက်ရှိတစ်ယောက်ချင်းစီတိုင်းတွင် သူတို့၏ ခါးများမှာ ချည်နှောင်ထားသော မီးခိုးရောင် ဖဲကြိုးများ ရှိကြလေသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်က ကွဲပြားကြပြီး သူတို့က သိပ်သည်းများပြားစွာ ပြွတ်သိပ်နေကြ၏။ သူတို့က အနည်းဆုံး ဆယ်သန်းလောက် ရှိပေလိမ့်မည်။

သူတို့ကြားတွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များစွာ ရှိပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်များလည်း ပါဝင်လေသည်။

ထိုသက်ရှိများ အားလုံးသည် ခွန်လွင်မျိုးနွယ်မှ ဖြစ်ကြ၏။

ဤမျှ စွမ်းအားကြီးမားသော စစ်တပ်ကြီးသည် စည်းကမ်းတကျ၊ စနစ်တကျနှင့် ကြမ်းကြုတ်ခက်ထန်မှု ရှိကြလေသည်။

သူတို့၏ ပုံစံက အလွန်တရာ တုန်လှုပ်စရာကောင်းလေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာပင်.. ဤကဲ့သို့သော မြင်ကွင်းမျိုးကို မတွေ့မြင်ရနိုင်ပေ။

ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်း၏ ကျင့်ကြံသူများသည် ချီစုဖွဲ့စစ်သည်တော်များ အပါအဝင် အလွန်ဆုံး တစ်သန်းလောက်သာ ရှိပေလိမ့်မည်။

ဤမျှ များပြားလှသော ခွန်လွင်ကလန်သားများသည် ကြီးမားသော အဖွဲ့ငါးဖွဲ့ ခွဲ၍ ရပ်နေကြ၏။ သူတို့သည် မတူညီသော နေရာများမှာ နေရာယူထားကြပြီး ယဇ်ပူဇော်စင်မြင့်ကို ဝန်းရံထားကြ၏။

သူတို့ကြားတွင် ကြောက်စရာကောင်းသော အော်ရာနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး တစ်ယောက်သည် အဖွဲ့လေးဖွဲ့၏ ရှေ့မှာ မတ်တတ်ရပ်နေပြီး မြင့်မြတ်ထည်ဝါသည့် အဆင့်အတန်း ရှိပုံရလေသည်။

“ဒီတစ်ခေါက် ခွန်လွင်အပျက်အစီးနယ်မြေမှာ ပုန်ကန်သူတွေကို ရှင်းထုတ်ဖို့အတွက် ဆရာက စစ်တပ် ၁၀ တပ်ကို စုစည်းထားတယ်.. သူတို့ထဲက ၅တပ်ကတော့ ဒီနေရာမှာ ရှိပြီး တခြား ၅တပ်က ရှေ့တန်းမှာ သစ္စာဖောက်တွေနဲ့ တိုက်ခိုက်နေတယ်”

“မင်း မြင်နေရတဲ့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၄ယောက်က စစ်တပ် ၄တပ်ရဲ့ ခေါင်းဆောင်တပ်မှူးတွေပဲ”

ဆူဇီမိုက တစ်ချက်ဝေ့ကြည့်လိုက်၏။

ပဉ္စမမြောက် စစ်တပ်၏ ခေါင်းဆောင်တပ်မှူးနေရာက လစ်လပ်နေ၏။ သူထင်တာ မမှားဘူးဆိုလျှင် သူ့ဘေးရှိ မီးခိုးရောင်ဆံပင်နှင့် အမျိုးသားက ပဉ္စမမြောက် စစ်တပ်၏ ခေါင်းဆောင်တပ်မှူး ဖြစ်ပေလိမ့်မည်။

ဤမျှ စွမ်းအားကြီးမားသော သက်ရှိများကို အတူတကွ စုစည်းထားခြင်းနှင့်အတူ မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားသော အော်ရာတစ်ခုက နန်းတော်၏ ဘေးပတ်လည်မှာ တရုန်းရုန်းထကြွနေ၏။

သန်းနှင့်ချီသော ခွန်လွင်ကလန်သားများက တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြမည်ဆိုလျှင် သူတို့သည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ သို့မဟုတ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်များကိုပင်လျှင် အပိုင်းပိုင်း ချေမွဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

အဆုံးစွန်မီးနှင့် နန်းကြည်ပင်လျှင် တိတ်တဆိတ် တုန်လှုပ်သွားပြီး သူတို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြ၏။

သူတို့ သုံးယောက်ထဲတွင် ဆူဇီမိုကသာ တစ်ချိန်လုံး တည်ငြိမ်စွာ ရှိနေဆဲဖြစ်၏။

တကယ်တော့ ထင်ရှားပေါ်လွင်ဆုံးအရာမှာ ခွန်လွင်စစ်တပ် မဟုတ်ပေ။

အလယ်တွင်ရှိသော ယဇ်ပူဇော်ပလ္လင်ထက်မှာ လူတချို့ ရှိနေ၏။

ယဇ်ပူဇော်ပလ္လင်၏ အလယ်တွင် ဧရာမ အရိုးများဖြင့် ပြုလုပ်ထားသော ပလ္လင်တစ်ခု ရှိနေ၏။ အရိုးတစ်ခုချင်းစီသည် နဂါးအရိုးများဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်ပြီးတာတောင် သူတို့က စွမ်းအားကြီးမားသော နဂါးချီကို ထုတ်ဖော်ပေးနိုင်ဆဲဖြစ်၏။

အဲဒါက အစစ်အမှန် နဂါးပလ္လင်တစ်ခု ဖြစ်၏။

တစ်စုံတစ်ယောက်က ပလ္လင်ပေါ်မှာ ထိုင်နေ၏။

အဲဒါက စွမ်းအားကြီးမားသော အော်ရာတစ်ခုနှင့်အတူ ဗလတောင့်တောင့် ကတုံးပြောင် အမျိုးသားတစ်ယောက်ဖြစ်၏။ ထိုနေရာမှာ သာမန်ကာလျှံကာ ထိုင်နေရုံဖြင့် သူသည် လောကကို အုပ်စိုးသော အရှင်သခင်တစ်ပါးကဲ့သို့ ဖြစ်နေ၏။

စစ်သည်တော် ၁၀သန်းက လူတစ်ယောက်တည်း၏ အမိန့်ကို နာခံကြပေလိမ့်မည်။

“သူက ခွန်လွင်အရှင်ပဲ”

မီးခိုးရောင်ဆံပင်နှင့် အမျိုးသားက ဝင့်ကြွားစွာဖြင့် ပြောလိုက်၏။

ဆူဇီမို၏ မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် အရိပ်အယောင်က ထင်ဟပ်လာ၏။

အစကတော့ ခွန်လွင်အရှင်သည် ညဝိညာဉ်ဖြစ်နိုင်သည်ဟု သူက တွေးထင်ခဲ့၏။ ယခုတော့​ အဲဒါက သူစိမ်းတစ်ယောက် ဖြစ်နေ၏။

စင်မြင့်၏ ဘေးပတ်လည်မှာ သက်ရှိပေါင်းများစွာ ရှိသော်လည်း သူသည် ညဝိညာဉ်ကို ရှာမတွေ့ပေ။

ဆူဇီမိုသည် သူ၏ မျက်လုံးကို မှေးကျဉ်းပြီး ခွန်လွင်အရှင်ကို ကြည့်လိုက်၏။

ခွန်လွင်အရှင်သည် အရာရာတိုင်းကို ဝါးမျိုနိုင်သည့်အလား အလွန်တရာ နတ်ဆိုးဆန်သော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

ခွန်လွင်အရှင်သည် လူသားတစ်ယောက် မဟုတ်သော်လည်း သူက သူ၏ အစစ်အမှန်ပုံစံကို မပြောနိုင်ပေ။

ခွန်လွင်အရှင်၏ နောက်ဘက်တွင် အဖြူရောင်ဝတ်ရုံများနှင့် ရုပ်ရည်ချောမောသော အမျိုးသားသုံးယောက်က မတ်တတ်ရပ်နေ၏။

သူတို့သည် ရုပ်ဖျက်ထားကြသော်လည်း ဆူဇီမိုက သူတို့ကို ချက်ချင်းပင် မှတ်မိလိုက်၏။

နတ်ဘုရားမျိုးနွယ်…

သူတို့ သုံးယောက်သည် လင်းလုံလျှို့ဝှက်ကုန်းမြေမှာတုန်းက သူ့လက်ထဲတွင် သေဆုံးခဲ့သော နတ်ဘုရားမျိုးနွယ်သက်ရှိနှင့် အတိအကျ တူညီစွာ ဝတ်ဆင်ထား၏။

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေ၏။

ထိုအခိုက်အတန့်တွင် မီးခိုးရောင်ဆံပင်နှင့် အမျိုးသားက ဆူဇီမိုနှင့် အခြားနှစ်ယောက်နှင့်အတူ ယဇ်ပူဇော်စင်မြင့်ပေါ်သို့ ဆင်းသက်လိုက်ပြီဖြစ်၏။

“ဂိုရွှမ်.. မင်း ပြန်ရောက်လာပြီပဲ”

ခွန်လွင်အရှင်က ပြုံး၍ ပြောလိုက်၏။

ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်လေသည်။

ခွန်လွင်အရှင်၏ ပါးစပ်သည် ပြုံးလိုက်သောအခါ သူ၏ နားရွက်ကို ချိတ်လုနီးပါး ဖြစ်လေသည်။ အဲဒါက အရမ်းကို ကြီးမားပြီး ချောက်ချားစရာကောင်းသော ခံစားချက်တစ်ခုကို ထုတ်ပေးနေ၏။

“နှုတ်ဆက်ပါတယ် ဆရာ”

ဂိုရွှမ်ဟု ခေါ်သော မီးခိုးရောင်ဆံပင်နှင့် အမျိုးသားက မြေပြင်ပေါ်မှာ အလောတကြီး ဒူးထောက်ချပြီး တရိုတသေ ဦးညွှတ်လိုက်၏။

ဆူဇီမိုနှင့် အခြားနှစ်ယောက်က လှုပ်ရှားခြင်း မရှိကြပေ။

“ဟမ်”

ခွန်လွင်အရှင်၏ တစ်ချက်ဝေ့ကြည့်ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွား၏။

“ကျူးကျော်သူတွေ… မင်းတို့က ခွန်လွင်အရှင်ကို တွေ့တာတောင် ဘာလို့ ဒူးမထောက်တာလဲ”

ဂိုရွှမ်က ကြမ်းကြုတ်ခက်ထန်သော အကြည့်နှင့်အတူ မေးလိုက်၏။

“ဒူးထောက်.. ဒူးထောက်… ဒူးထောက်”

သန်းနှင့်ချီသော စစ်သည်များက ဒေါသတကြီး ဟိန်းဟောက်လိုက်ကြပြီး စွမ်းအားကြီးမားသော အော်ရာနှင့်အတူ နတ်ဆိုးချီများက လေထဲမှာ တလိပ်လိပ်တက်ကာ လောကကို လှုပ်ခါသွားစေ၏။

အဆုံးစွန်မီး၏ စွမ်းအားကြီးမားသော ဇွဲသတ္တိနှင့်ပင်လျှင် သူက ထိုအခိုက်အတန့်မှာ ဖိအားကို ခံစားလိုက်ရ၏။

“ငါ့မှာ အဲဒီ အလေ့အကျင့် မရှိဘူး”

ဆူဇီမိုက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်၏။

ဂိုရွှမ်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က တဖျတ်ဖျတ်လက်သွားပြီး သူက နဂါးပလ္လင်ပေါ်မှာ ထိုင်နေသော ခွန်လွင်အရှင်ကို အလိုလိုလှမ်းကြည့်လိုက်၏။

ခွန်လွင်အရှင်က အမူအရာကင်းမဲ့နေပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်း မှိတ်ချလိုက်၏။

ဂိုရွှမ်က နားလည်သဘောပေါက်သွားပြီး ကြောက်စရာကောင်းသော အမူအရာတစ်ခုကို ထုတ်ဖော်ပြသကာ မြေပြင်ထက်ကနေ ခုန်တက်လိုက်၏။ သူ၏ သွေးချီက တလိပ်လိပ်တက်လာပြီး ဆူဇီမိုထံသို့ တိုးဝင်လာလေသည်။

“မင်းက ဒူးမထောက်ချင်ဘူးဆိုမှတော့ သေလိုက်တော့”

ဂိုရွှမ်၏ ဆံပင်ရှည်များက ရုတ်တရက် လူးလွန့်လာပြီး သေးငယ်သော မီးခိုးရောင် မြွေများအဖြစ် ပြောင်းလဲသွားလေသည်။ သူတို့သည် ညှီစို့၍ အဆိပ်ရှိသော သွားစွယ်များကို ဖြဲပြပြီး သူတို့၏ လျှာနှစ်ခွကို တစ်လစ်ထုတ်ကာ ဆူဇီမိုထံသို့ ကိုက်ချလိုက်၏။

All Chapters