ပန်းချီကားများ
Vol. 101 Ch. 1507
“ဘာများဖြစ်လို့လဲ”
အဆုံးစွန်မီးနှင့် နန်းကြည်သည် ဆူဇီမို၏ အမူအရာပြောင်းလဲသွားခြင်းကို သတိထားမိသွားပြီး မေးမြန်းလိုက်၏။
ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ညဝိညာဥ်...”
“ဘယ်လို...”
အဆုံးစွန်မီးနှင့် နန်းကြည်သည် တုန်လှုပ်စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
အဲ့ဒါက အတော်လေးကို ရဲတင်းသော ခန့်မှန်းချက်တစ်ခုဖြစ်၏။ သို့သော်လည်း သေချာစဥ်းစားကြည့်လျှင် အဲ့ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပေ။
ညဝိညာဥ်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အသက်ရှင်နေဦးမည်ဆိုလျှင် သူက ဆူဇီမိုကို လာရှာခဲ့ပေလိမ့်မည်။
သူ့အနေဖြင့် ခွန်လွင်အပျက်အစီးနယ်မြေမှာ ပေါ်ထွက်လာဖို့ ဖြစ်နိုင်ခြေများလေသည်။
အကြောင်းမှာ ဤကုန်းမြေသည် ညဝိညာဥ်နှင့် အတော်လေးနီးကပ်စွာ ဆက်စပ်နေသောကြောင့်ဖြစ်၏။
ဤနေရာက သူ၏ ဇာတိဖြစ်၏။
ညဝိညာဥ်၏ ဘိုးဘေးကို ဤကုန်းမြေမှာ မြှုပ်နှံထားလေသည်။ ဒါ့အပြင် ညဝိညာဥ်၏ တိုက်ခိုက်ရည်ခွန်အားအရ သူသည် ဤနေရာသို့ ပြန်ရောက်လာလျှင် ဤနေရာမှာ သေချာပေါက် လူမသိသူမသိဖြစ်နေလိမ့်မည် မဟုတ်ပေ။
ညဝိညာဥ်သည် အရှင်သခင်တစ်ပါးဖြစ်လာပြီး ခွန်လွင်အရှင်နှင့် ယှဥ်ပြိုင်တိုက်ခိုက်နိုင်ဖို့ ဖြစ်နိုင်ခြေများလေသည်။
“အဲ့ဒါဆို... ကျွန်မတို့က ဘာကိုစောင့်နေရဦးမှာလဲ”
နန်းကြည်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ကျွန်မတို့က အခုပဲ သတ်ဖြတ်မှုကို စတင်ပြီး ညဝိညာဥ်ကို သွားရှာရအောင်”
“အလောတကြီးမလုပ်နဲ့”
ဆူဇီမိုက တည်ငြိမ်သောအမူအရာရှိနေ၏။
“ပထမတစ်ချက်... ဒါက ငါ့ရဲ့ ထင်မြင်ယူဆချက်ပဲရှိသေးတယ် အဲ့ဒါကို အတည်မပြုရသေးဘူး”
“ဒုတိယတစ်ချက်... ပုန်ကန်သူခေါင်းဆောင်က တကယ်ပဲ ညဝိညာဥ်ဖြစ်နေတယ်ဆိုရင်တောင် ငါတို့က အလောတကြီးပြုမူစရာမလိုဘူး”
အဆုံးစွန်မီးကလည်း ခေါင်းညိတ်ပြလိုက်၏။
“ခွန်လွင်အရှင်က မနက်ဖြန်မှာ စစ်တပ်တစ်တပ်ကို ဦးဆောင်ပြီး ကိုယ်တိုင်တိုက်ခိုက်လိမ့်မယ်...ဆိုလိုတာကတော့... အခြေအနေက အခုချိန်ထိ လွန်ဆွဲနေတုန်းပဲ...ညဝိညာဥ်က တောင့်ခံနိုင်နေသေးတယ်”
“ကျုပ်တို့ ဒီနေရာမှာ နေမယ်ဆိုရင် ကျုပ်တို့က ခွန်လွင်အရှင်ရဲ့ လှုပ်ရှားမှုတိုင်းကို သိနိုင်တယ်... အဲ့ဒါက အလောတကြီးတိုက်ခိုက်တာထက် ပိုပြီးတော့ အသုံးဝင်တယ်”
“အလောတကြီးလုပ်နေစရာမလိုဘူး...မနက်ဖြန်ကျရင် ကျုပ်တို့က အမှန်တရားကို သိရမှာပဲ”
ဆူဇီမိုက ပြောလိုက်လေသည်။
သူတို့သုံးယောက်သည် တစ်ညလုံး အိပ်စက်ခဲ့ခြင်း မရှိပေ။
နောက်မနက်တွင် ဆူဇီမိုနှင့် အခြားနှစ်ယောက်သည် ယစ်ပူဇော်စင်မြင့်သို့ စောစီးစွာရောက်ရှိလာကြ၏။
ခွန်လွင်စစ်တပ်သည် ဤနေရာကနေ ထွက်ခွာသွားခြင်းမရှိပဲ တစ်ညလုံး စောင့်ကြပ်နေကြ၏။
တစ်နာရီခန့်ကြာပြီးနောက် ခွန်လွင်အရှင်နှင့် အဖြူရောင်ဝတ် နတ်ဘုရားမျိုးနွယ် သက်ရှိသုံးယောက်က ယစ်ပူဇော်စင်မြင့်ပေါ်သို့ ဆင်းသက်လာကြ၏။
“အားလုံးပဲ...”
ခွန်လွင်အရှင်က သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး ကြေညာလိုက်၏။
“သစ္စာဖောက်တွေက ရှုံးနိမ့်နေပြီလို့ အခုပဲ ငါသတင်းရထားတယ်... ငါတို့ရဲ့ ခွန်လွင်စစ်တပ်က သူတို့ရဲ့ စခန်းချရာနေရာထိ ဝင်ရောက်တိုက်ခိုက်နေပြီ”
“အခုဆိုရင်... သစ္စာဖောက်တွေ များများစားစားမကျန်တော့ဘူး... ကျန်တဲ့သူတွေက နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားကို သူတို့အသက်နဲ့ရင်းပြီး ကာကွယ်နေကြတယ်”
ခွန်လွင်အရှင်က သူ၏ လက်ကို ဝေ့ယမ်းပြီး အော်ပြောလိုက်၏။
“အားလုံးပဲ... ငါ့နောက်က လိုက်ခဲ့ကြ... အဲ့ဒီသစ္စာဖောက်တွေကို သတ်ဖြတ်ပြီး တောင်ကြားကို ဖျက်ဆီးပစ်မယ်”
“သစ္စာဖောက်တွေကို သတ်... တောင်ကြားကိုဖျက်ဆီး”
“သစ္စာဖောက်တွေကိုသတ်... တောင်ကြားကိုဖျက်ဆီး”
အောက်ဘက်ရှိ ခွန်လွင်မျိုးနွယ်ဝင်များသည် ကြောက်စရာကောင်းသော ပုံစံဖြင့် ဟိန်းဟောက်လိုက်ပြ၏။
ခွန်လွင်အရှင်က တိတ်တိတ်နေဖို့ လက်ဟန်ဖြင့် အချက်ပြပြီးပြောလိုက်၏။
“ကလန်သားတို့... ငါဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေကလည်း ဒီနေ့ ခွန်လွင်အပျက်အစီးနယ်မြေကို ရောက်လာကြလိမ့်မယ်...အဲ့ဒီအချိန်ကျရင် ငါတို့က သူတို့နဲ့ပူးပေါင်းပြီး ရှေ့နဲ့နောက်... နှစ်ဘက်ညှပ်တိုက်ကြမယ်... ငါတို့က နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားမှာ သစ္စာဖောက်တွေအားလုံးကို သေချာပေါက်သုတ်သင်ပစ်မယ်”
“သတ်... သတ်... သတ်...”
ခွန်လွင်စစ်တပ်က ဟိန်းဟောက်လိုက်ကြ၏။
ခွန်လွင်အရှင်က ဆက်ပြောလိုက်၏။
“အဲ့ဒီအချိန်ကျရင် ဒီဧည့်သည်တွေက ငါတို့ကို ကူညီပြီး ခွန်လွင်အဟန့်အတားကို ချေဖျက်ပေးလိမ့်မယ်... ပြီးရင် ငါတို့က ဒီနေရာကနေ ထွက်ခွာပြီး ထျန်ဟွမ်းကုန်းမြေတိုက်ကြီးကို ပြန်ရောက်နိုင်မယ်”
“အဲ့ဒီအချိန်ကျရင်... ငါတို့က မဟာယာနအဆင့်ကို တက်လှမ်းပြီး နတ်ဘုရားစွမ်းအားတွေကို နားလည်ဆင်ခြင်လာနိုင်လိမ့်မယ်”
“အဲ့ဒီအချိန်ကျရင်... ငါတို့က ကောင်းကင်နဲ့မြေကြီးရဲ့ အချုပ်အနှောင်ကနေ ဖောက်ထွက်ပြီး ငါတို့ရဲ့ ဘဝသက်တမ်းက တိုးမြင့်လာလိမ့်မယ်”
“အဲ့ဒီအချိန်ကျရင် ငါတို့က ဘာနာမည်ဂုဏ်သတင်းမှ မရှိဘဲ ဒီအပျက်အစီးနယ်မြေမှာ ပိတ်လှောင်ခံနေရမဲ့အစား ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ တစ်စိတ်တစ်ဒေသကို အုပ်စိုးနိုင်လိမ့်မယ်”
အောက်ဘက်ရှိ ခွန်လွင်မျိုးနွယ်များက စိတ်လှုပ်ရှားတက်ကြွစွာဖြင့် အော်ဟစ်အားပေးလိုက်ကြ၏။
ခွန်လွင်အရှင်၏ စကားလုံးများက လူတိုင်း၏ကြားမှာ ကူးစက်ပျံ့နှံ့သွားလေသည်။ သို့သော်လည်း အစကနေ ယခုအချိန်ထိ ဆူဇီမိုက အမူအရာကင်းမဲ့နေ၏။
ခွန်လွင်အရှင်ပြောသော ဧည့်သည်များက ဘယ်သူတွေဖြစ်မလဲ သူက သ်ိချင်နေ၏။ နတ်ဘုရားမျိုးနွယ်လား။
နတ်ဘုရားမျိုးနွယ်က ခွန်လွင်အပျက်အစီးနယ်မြေကို ရောက်လာမှာလား။
“သွားကြရအောင်”
ခွန်လွင်အရှင်က သူ၏လက်ကို ဝေ့ယမ်းပြလိုက်၏။
ခွန်လွင်စစ်သည်တော်များသည် တစ်ယောက်ပြီးတစ်ယောက် ထရပ်လာပြီး ဧရာမစိတ်ဝိညာဥ်ယာဥ်ပျံများနှင့် စစ်သင်္ဘောများကို စီးနင်းကာ ကြမ်းကြုတ်ခက်ထန်သော စိတ်ဆန္ဒများနှင့်အတူ အနောက်ဘက်အရပ်သို့ ဦးတည်လိုက်ကြ၏။
ခွန်လွင်အရှင် ၊ နတ်ဘုရားမျိုးနွယ် သက်ရှိသုံးယောက် ၊ ဆူဇီမိုနှင့် အခြားတပ်ဖွဲ့ခေါင်းဆောင် လေးယောက်သည် ကြီးမားသော စစ်သင်္ဘောတစ်စင်းပေါ်ကနေ လိုက်ပါလာကြ၏။
လူတိုင်းသည် လေကိုဆန်၍ ယာဥ်ဦးစွန်းမှာ မတ်တတ်ရပ်နေကြ၏။
“ကျုပ်တို့က ခွန်လွင်စစ်သားတွေနဲ့ သစ္စာဖောက်တွေကို ဘယ်လိုခွဲခြားနိုင်မလဲ”
ဆူဇီမိုက ရုတ်တရက်မေးလိုက်၏။
“အဲ့ဒါက အရမ်းလွယ်တယ်”
ခွန်လွင်အရှင်က ရယ်မောလိုက်၏။
“ငါ့လက်အောက်မှာရှိတဲ့ ခွန်လွင်မျိုးနွယ်ဝင်တွေက သူတို့ရဲ့ ခါးမှာမီးခိုးရောင်ဖဲကြိုးတွေကို စီးနှောင်ထားလိမ့်မယ်... သစ္စာဖောက်တွေကတော့ ခရမ်းရွှေရောင်ဖဲကြိုးကို စီးနှောင်ထားလိမ့်မယ်”
“မင်းတို့မှတ်ထားရမှာက ခရမ်းရွှေရောင်ဖဲကြိုးတွေစီးနှောင်ထားတဲ့ သစ္စာဖောက်အားလုံးကို သတ်ပစ်ရမယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ခဏမှရပ်တန့်ပြီးနောက် ဆူဇီမိုက ထပ်မေးလိုက်၏။
“အဲ့ဒီသစ္စာဖောက်ခေါင်းဆောင်ရဲ့ နောက်ခံက ဘာလဲ... သူက ဩဇာတိက္ကမအတော်အတန်ရှိတဲ့ပုံပဲ... သူက ခင်ဗျားကိုတိုက်ခိုက်ဖို့အတွက် စစ်တပ်တစ်တပ်တောင် စုစည်းနိုင်တယ်ဆိုတော့”
“ဟဲဟဲ... “
ခွန်လွင်အရှင်က လှောင်ရယ်လိုက်၏။
“သူက အပြင်လောကကနေ ပြန်ရောက်လာတဲ့ တောကောင်တစ်ကောင်ပါပဲ”
“သူက သူ့ရဲ့မျိုးဆက်သွေးနဲ့ သူ့ဘိုးဘေးတွေ ချန်ထားရစ်ခဲ့တဲ့ ဂုဏ်သတင်းအပေါ်ကို မှီခိုနေရုံပဲ”
“သူ့နောက်ကို လိုက်သွားတဲ့ လူတွေအားလုံးကလည်း ခေါင်းမာတဲ့အဖိုးကြီးတွေပဲ”
ဆူဇီမို၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖျတ်ခနဲလက်သွား၏။
သစ္စာဖောက်ခေါင်းဆောင်ဆိုသူမှာ ညဝိညာဥ်ဖြစ်ဖို့ သေချာသလောက်ဖြစ်သွားလေပြီ။
ညဝိညာဥ်နှင့် တွေ့ဆုံရတော့မည်ဆိုသော အတွေးနှင့် ဆူဇီမို၏ ရင်ထဲမှာ တောက်လောင်ပြင်းပြလာ၏။
သူ့အတွက် ညဝိညာဥ်အသက်ရှင်ဖို့ထက် ပို၍အရေးကြီးတာ ဘာမှမရှိပေ။
ခွန်လွင်စစ်တပ်က သူတို့၏ အစွမ်းကုန်ရှိသမျှနှင့် ရှေ့သို့ခရီးနှင်နေကြ၏။
နှစ်နာရီခန့်ကြာပြီးနောက် သူတို့ရှေ့တည့်တည့် အပျက်အစီးပုံများပေါ်တွင် မရေမတွက်နိုင်သော အလောင်းများက ပုံထပ်နေသည်ကို တွေ့မြင်လိုက်ရ၏။ မကြာသေးခင်ကမှ ဖြစ်ပေါ်လာသော သွေးမြစ်များကိုလည်း တွေ့မြင်လိုက်ရ၏။
အလောင်းအချို့၏ ခါးများတွင် ခရမ်းရွှေရောင်ဖဲကြိုးများကို စီးနှောင်ထား၏။
သူတို့ထဲမှ အချို့ကိုတော့ မီးခိုးရောင်ဖဲကြိုးများ စီးနှောင်ထား၏။
အဲ့ဒါသည် ပထမဆုံး စစ်မြေပြင်ဖြစ်သည်ဟု ကောက်ချတ်ချနိုင်လေသည်။
စစ်မြေပြင်က အတော်လှမ်းလှမ်းထိ ဖြန့်ကြက်သွား၏။
အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေပြီး တဖြည်းဖြည်းနှင့် ပို၍ပင်သိပ်သည်းများပြားလာ၏။ တိုက်ပွဲက ဘယ်လောက်တောင် ကြောက်စရာကောင်းခဲ့သလဲ သိသာလေသည်။
သိပ်မကြာခင် ရှေ့မလှမ်းမကမ်းမှာ ဧရာမနန်းတော်တစ်ခုကို တွေ့မြင်လိုက်ရ၏။ ခန်းမ၏ အပေါ်ပိုင်းက ပြိုကျသွားပြီဖြစ်ပြီး နံရံလေးဖက်သာလျှင် ကျန်ရစ်တော့လေသည်။
“အဲ့ဒါက အဲ့ဒီသစ္စာဖောက်တွေရဲ့ စခန်းချရာနေရာပဲ”
ခွန်လွင်အရှင်က ယိုယွင်းပျက်စီးနေသော နန်းတော်ကို လက်ညိုးထိုးပြီး ရယ်မောလိုက်၏။
“ဒါပေမဲ့... အဲ့ဒါကို ငါ့ရဲ့စစ်တပ်တွေက လုံးဝသိမ်းပိုက်ခဲ့ပြီးပြီ”
ဆူဇီမိုက အာရုံစိုက်၍ ကြည့်လိုက်၏။ ယိုယွင်းပျက်စီးနေသော နန်းတော်၏ နံရံများပေါ်တွင် တစ်စုံတစ်ရာကို ဖော်ပြထားသည်ဟု ထင်ရသော ဝင်းလက်တောက်ပနေသည့် ပန်းချီများကို သူက တွေ့မြင်လိုက်ရ၏။
“အဲ့ဒါက ဘာတွေလဲ”
ဆူဇီမိုက နံရံပေါ်ရှိ ပန်းချီများကို လက်ညိုးထိုးပြီးမေးလိုက်၏။
ခွန်လွင်အရှင်က သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းစူလိုက်၏။
“အဲ့ဒါက ကမ္ဘာဦးစစ်ပွဲနဲ့ ဆက်စပ်နေတဲ့ သမိုင်းဟောင်းတချို့ပါပဲ... အဲ့ဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပြီ”
“ကမ္ဘာဦးစစ်ပွဲလား”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
“ကျုပ်အောက်ကိုဆင်းပြီး အဲ့ဒါကို တစ်ချက်သွားကြည့်လိုက်ဦးမယ်”
“မင်းသဘောပဲလေ... ဒါပေမဲ့ မင်းက စစ်တပ်တစ်တပ်ရဲ့ ခေါင်းဆောင်တပ်မှူးဖြစ်နေပြီ သိပ်ပြီး ကြန့်ကြာမနေနဲ့... ငါတို့က နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားမှာ မင်းကိုစောင့်နေမယ်”
ခွန်လွင်အရှင်က သတိပေးလိုက်၏။
ဆူဇီမိုနှင့်အခြားနှစ်ယောက်... ထွက်ပြေးလွတ်မြောက်သွားမှာကို သူက စိုးရိမ်ပူပန်နေခြင်းမရှိပေ။
ခွန်လွင်အပျက်အစီးနယ်မြေမှာ မည်သူကမှ သူ့လက်အောက်ကနေ မလွတ်မြောက်နိုင်ပေ။
လှစ်ခနဲဆို ဆူဇီမိုက စစ်သင်္ဘောပေါ်ကနေ ခုန်ဆင်းလိုက်၏။
အဆုံးစွန်မီးနှင့် နန်းကြည်ကလည်း နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါသွားကြ၏။
ခွန်လွင်စစ်တပ်၏ စိတ်ဝိညာဥ်ယာဥ်ပျံများသည် နန်းတော်ကိုဖြတ်၍ အနောက်ဘက်အရပ်သို့ ဆက်လက်ဦးတည်သွားကြ၏။
အလောင်းများနှင့် အပျက်အစီးပုံပေါ်သို့တက်လှမ်းရင်း ဆူဇီမိုသည် နန်းတော်၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာကာ ခဏမျှရပ်တန့်လိုက်၏။
သူ၏ စိတ်ထဲမှာ ထင်မြင်ချက်တစ်ခုကို အလိုလိုရရှိနေ၏။
ဤနန်းတော်သည် ကမ္ဘာဦးခေတ်စစ်ပွဲ၏ အစစ်အမှန်လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြသနိုင်တာ ဖြစ်နိုင်လေသည်။
အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် ဆူဇီမိုသည် နန်းတော်ထဲသို့ ဝင်ရောက်ကာ ဘယ်ဘက်တွင်ရှိသော ပထမဆုံးပန်းချီကားကို ကြည့်လိုက်၏။
ပထမဆုံး ပန်းချီကားက ရိုးရှင်းလေသည်။ အဲ့ဒါက ရှည်လျား၍ နက်ရှိုင်းသော တောင်ကြားတစ်ခုကို ဖော်ပြထားခြင်းဖြစ်၏။
တောင်ကြား၏ အစွန်းတစ်ဘက်၌ ဧရာမလိုဏ်ဂူတစ်ခုရှိနေ၏။ ထိုလိုဏ်ဂူသည် သက်တံ့အရောင်အဝါတစ်ခုဖြင့် ဝင်းလက်တောက်ပနေပြီး ကြည့်ရသည်မှာ လေးနက်သိမ်မွေ့နေ၏။
ပုံရိပ်တချို့သည် သက်တံ့ရောင်လိုဏ်ဂူထဲကနေ လျှောက်လှမ်းထွက်လာနေကြ၏။