ထျန်ဟွမ်ကုန်းမြေတိုက်၏ နတ်ဘုရား
Vol. 101 Ch. 1511
စိတ်လက်ပေါ့ပါးသော အမူအရာနှင့်ပင် ထောင်ထျဲသည် တောင်ကြား၏ ဝင်ပေါက်ဝကို စောင့်ကြပ်နေသော ခွန်လွင်မျိုးနွယ်ဝင်များကို ကြည့်ကာ အပြုံးတစ်ခုနှင့် သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။
“မင်းတို့တွေက ဘာအတွက် တောင့်ခံနေကြတာလဲ… အဲဒီတောကောင်က ရှင်သန်ဖို့အတွက် ရုန်းကန်နေရတာပဲ… သူက သိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”
“ထောင်ထျဲ..”
ဤခွန်လွင်ကလန်သားများကို ဦးဆောင်နေသည့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး တစ်ယောက်သည် အော်ဟစ်လိုက်ပြီး သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ရှေ့သို့ ဒရွတ်တိုက်ဆွဲကာ ခက်ထန်စွာဖြင့် ပြောလိုက်၏။
“မင်း ဘယ်လိုတောင် သတ္တိကောင်းနေတာလဲ… သခင်တို့ရဲ့ အလောင်းတွေက ဒီနေရာမှာ ရှိနေတယ်.. ဒါတောင် မင်းက ငါတို့ရဲ့ သခင်လေးကို မင်းရဲ့ လက်နက်နဲ့ ဘယ်လိုတောင် ချိန်ရွယ်ရဲတာလဲ.. မင်းက သူ့ကို တောကောင်တစ်ကောင်လို့ ဘယ်လိုတောင် ခေါ်ရဲတာလဲ… မင်းက ကောင်းကင်ဘုံက အပြစ်ဒဏ်ခတ်မှာကို မကြောက်ဘူးလား”
“ငါတို့ သခင်တို့ရဲ့ စိတ်ဝိညာဉ်တွေက ကောင်းကင်ဘုံမှာ ရှိနေတယ်.. သူတို့က ဒီမှာရှိတဲ့ မြင်ကွင်းကို အာရုံခံမိသွားရင် သူတို့က သူတို့ရဲ့ ဝိညာဉ်တစ်မျှင်နဲ့အတူ ဒီနေရာမှာ မင်းကို သတ်ဖြတ်နိုင်တယ်”
မလှမ်းမကမ်း တောင်ကြားထဲမှာ ပေတစ်ထောင်မြင့်မားသော သားရဲတောကောင်နှစ်ကောင်၏ အလောင်းများက မားမားမတ်မတ် ရပ်တည်နေ၏။
သူတို့ထဲမှ တစ်ယောက်သည် ရွှေရောင်အရိုးများ ရှိပြီး အခြားတစ်ယောက်ကတော့ ခရမ်းရောင် အရိုးများ ရှိလေသည်။ သူတို့သည် ဟိုအရင်တုန်းက ဂမ္ဘီရဟို့နှစ်ကောင် ဖြစ်လေသည်။
ဂမ္ဘီရဟို့နှစ်ကောင်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ကျောပေး၍ ဘေးချင်းယှဉ်ရပ်နေပြီး သက်တံရောင် လှိုဏ်ဂူ ရှိရာဘက်သို့ ငေးကြည့်နေကြ၏။ သူတို့သည် အလောင်းနှစ်လောင်းသာ ဖြစ်သော်လည်း သူတို့ထံမှ ချောက်ချားစရာကောင်းသော အော်ရာနှစ်ခုက ဖြာထွက်နေဆဲဖြစ်၏။
ထောင်တျဲ့က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ဂမ္ဘီရဟို့နှစ်ကောင်သည် လွန်ခဲ့သည့် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး သူတို့၏ ကြွင်းကျန်ရစ်သော မည်သည့်ဝိညာဉ်ကမှ ကျန်ရှိတော့မည် မဟုတ်ပေ။
ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ခတ်ခြင်းဟူသော စကားက သူ့ကို လှောင်ပြောင်ထေ့ငေါ့သလို ဖြစ်နေ၏။
သို့သော်လည်း သူက စိုးရိမ်ပူပန်နေဆဲဖြစ်၏။
အရင်တုန်းက ဂမ္ဘီရဟို့နှစ်ကောင်သည် အလွန်တရာ နာမည်ကြီးကျော်ကြားခဲ့လေသည်။
ဒါ့အပြင်.. သူ၏ ဘိုးဘေးများသည် ထိုဂမ္ဘီရဟို့နှစ်ကောင်၏ လက်အောက်ငယ်သားများ ဖြစ်ခဲ့လေသည်။ သူ၏ မျိုးဆက်သွေးထဲမှာ ဂမ္ဘီရဟို့မျိုးနွယ်အပေါ် အကြောက်တရားတစ်ခုက ကိန်းဝပ်နေ၏။
ဤတစ်ခေါက်မှာ သူသည် နတ်ဘုရားမျိုးနွယ်နှင့် ပူးပေါင်းထားခြင်းကြောင့်သာ မဟုတ်လျှင် သူသည် ဂမ္ဘီရဟို့မျိုးနွယ်ကို စိန်ခေါ်ရဲလိမ့်မည် မဟုတ်ပေ။
“ဟမ်”
ထောင်တျဲ့က လှောင်ရယ်လိုက်၏။
“အဲဒီဘက်မှာ ရှိတဲ့ ခွန်လွင်ကလန်သားတွေ နားထောင်ကြ.. ငါက မင်းတို့တွေကို အခွင့်အရေးတစ်ခု ကမ်းလှမ်းနိုင်တယ်.. မင်းတို့က အခုချိန်မှာ အညံ့ခံပြီး ငါ့ကို ဦးညွှတ်မယ်ဆိုရင်.. ငါက မင်းတို့တွေကို ခွင့်လွှတ်ပေးပြီး အနာဂတ်မှာ လူတိုင်းနဲ့ တူညီစွာ ဆက်ဆံပေးနိုင်တယ်.. မင်းတို့တွေက အညံ့ခံဖို့ ငြင်းဆန်မယ် ဆိုရင်တော့ ငါက မင်းတို့တွေကို သစ္စာဖောက်တွေအဖြစ် သတ်မှတ်ပြီး သနားညှာတာမှုမရှိ သတ်ဖြတ်ရလိမ့်မယ်”
“ဟားဟားဟားဟား”
ဆန့်ကျင်ဘက်အနေဖြင့် ခွန်လွင်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် မချိတင်ကဲ ဝမ်းနည်းသော အမူအရာတစ်ခုနှင့်အတူ အော်ဟစ်ရယ်မောလိုက်၏။
“သစ္စာဖောက်တွေတဲ့လား.. တကယ့်ဟာသပဲ.. ဘယ်လောက်တောင် ဇောက်တိဇောက်ထိုးနိုင်လိုက်သလဲ”
“သခင်လေးက ဂမ္ဘီရဟို့ပဲ.. သူက အစစ်အမှန် ခွန်လွင်အရှင်ပဲ.. မင်းရဲ့ ဘိုးဘေးတွေတောင်မှ ငါတို့သခင်ရဲ့ လက်အောက်ငယ်သားဖြစ်ခဲ့တာပဲ.. မင်းက အခု ဘယ်လိုတောင် အရှက်မရှိ ကိုယ်ရည်သွေးပြီး မင်းရဲ့ သခင်ကို သတ်ဖို့ ကြိုးစားရဲတာလဲ… ထောင်တျဲ.. မင်းကမှ အစစ်အမှန် သစ္စာဖောက်ပဲ”
“ဟန်ချွမ်.. မင်း တော်တော်ခေါင်းမာတာပဲ”
ထောင်တျဲက လှောင်ရယ်လိုက်၏။
“ဒီလောက်နှစ်တွေ ကြာမြင့်ခဲ့တာတောင် မင်းက အတိတ်ကာလကို ဖက်တွယ်နေတုန်းပဲလား.. ငါ မင်းကို ပြောလိုက်မယ်.. ငါက အစစ်အမှန်ခွန်လွင်အရှင်ပဲ”
“ဒီကောင်လေးက ငါ့ကို ဘယ်လိုတောင် ဆန့်ကျင်တိုက်ခိုက်ရဲတာလဲ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဟန်ချွမ်က လှောင်ရယ်လိုက်၏။
“ထောင်တျဲ.. နှစ်တွေ ဘယ်လောက်ကြာကြာ ငါတို့ ကလန်သားတွေက သခင့်ရဲ့ သွန်သင်ဆုံးမမှုတွေကို အမြဲတမ်း မှတ်ထားတယ်”
“သူတို့က အဲဒီတိုက်ပွဲမှာ သေရမယ်ဆိုရင်တောင် ငါတို့ရဲ့ သခင်တွေက နတ်ဘုရားမျိုးနွယ်တွေကို ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ခြေချခွင့်မပေးခဲ့ဘူး.. ဒါတောင် မင်းက ဘာလုပ်ခဲ့တာလဲ… မင်းက ဘာတွေလုပ်နေတာလဲ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဟန်ချွမ်ဘက်မှာ ခွန်လွင်ကလန်သားပေါင်း သိန်းဂဏန်းသာ ရှိလေသည်။
ထောင်တျဲ၏ ဘက်မှာတော့ ခွန်လွင်စစ်သည်တော်ပေါင်း သန်းဆယ်ချီ ရှိလေသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဟန်ချွမ်က ထောင်တျဲနှင့် သူ၏ ရှေ့တည့်တည့်ရှိ ခွန်လွင်စစ်တပ်ကို လက်ညိုးထိုး၍ အော်ပြောနေသော်လည်း သန်းနှင့်ချီသော ခွန်လွင်စစ်သည်တော်များက တိတ်ဆိတ်ငြိမ်သက်နေကြ၏။
မရေမတွက်နိုင်သော ခွန်လွင်ကလန်သားများသည် သူတို့၏ ခေါင်းကို ငုံ့ထားပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဟန်ချွမ်၏ အကြည့်နှင့် မဆုံရဲကြပေ။
ထောင်တျဲ၏ အမူအရာက ညိုမည်းလာပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဲဒါ အမှန်ပဲ.. ငါတို့ရဲ့ သခင်တွေက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ကျောပေးပြီး ခွန်လွင်ဒေသကို ကာကွယ်ခဲ့ကြတယ်.. ဒါပေမဲ့ သူတို့က ဘာဖြစ်ခဲ့လဲ.. သူတို့ သေသွားတာပဲမလား”
“ငါက သေဖို့ ဆန္ဒမရှိသလို ငါ့နောက်ကို လိုက်မယ့် ဒီခွန်လွင်ကလန်သားတွေကိုလည်း မသေစေချင်ဘူး”
“နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်.. နတ်ဘုရားမျိုးနွယ်က ပြန်လည်အားဖြည့်ပြီးတော့ ကမ္ဘာဦးခေတ်ကထက်တောင် ပိုပြီးသန်မာလာခဲ့ပြီ.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာတော့ ဂမ္ဘီရဟို့နှစ်ကောင်က မရှိတော့ဘူး… သူတို့မှာ တဗူးတစ်ကောင်တောင်မှ မရှိတော့ဘူး”
“မင်းတို့တွေက အရွယ်မရောက်သေးတဲ့ ပေါင်းစည်းခန္ဓာတစ်ယောက်ကို အားကိုးပြီး နတ်ဘုရားမျိုးနွယ်ကို တားဆီးနိုင်မယ်လို့ ထင်နေရင်တော့ တကယ့်ကို ရိုးအလွန်းတာပဲ”
တောင်ကြား၏ ဝင်ပေါက်ဝရှိ ခွန်လွင်ကလန်သားများ၏ အမူအရာက ညိုးငယ်သွားပြီး သူတို့၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုကို ပြသလာကြ၏။
ထောင်တျဲပြောသည်မှာ မှန်ကန်ကြောင်း သူတို့၏ရင်ထဲမှာ သိထားကြ၏။
နတ်ဘုရားမျိုးနွယ်သည် တစ်ကျော့ပြန်လာခဲ့ပြီဖြစ်၏။ သို့သော်လည်း သူတို့က အဲဒါကို မတားဆီးနိုင်တော့ပေ။
ထောင်တျဲက မှင်သေသေဖြင့် ပြောလိုက်၏။
“ဟန်ချွမ်.. လက်ရှိအခြေအနေက ရှင်းနေပြီပဲ… တလိပ်လိပ်တက်လာတဲ့ ဒီရေလှိုင်းကို ဆန့်ကျင်တားဆီးချင်တဲ့ ဘယ်သူမဆို နစ်မြုပ်ခံရလိမ့်မယ်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဟန်ချွမ်က လှောင်ရယ်လိုက်၏။
“ခွန်လွင်အပျက်အစီးနယ်မြေမှာ နယ်မြေဒေသတစ်ခုကို ပိုင်းခြားတားမြစ်နိုင်တဲ့ နတ်ဘုရားစွမ်းအားတွေ ရှိတယ်.. နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေတောင် အတင်းဝင်ရောက်မလာရဲဘူး”
“ဟီးဟီး”
ထိုစဉ်မှာပင်.. ထောင်တျဲ၏ ဘေးကနေ လှောင်ပြောင်ရယ်မောသံက ထွက်ပေါ်လာ၏။
ကိစ္စများက ဤအခြေအနေထိ ရောက်လာမှတော့ အဖြူရောင်ဝတ် နတ်ဘုရားမျိုးနွယ်ဝင် သုံးယောက်သည် သူတို့၏ သရုပ်သကန်နှင့် အော်ရာများကို ဆက်လက်၍ ဖုံးကွယ်မနေကြတော့ပေ။ သူတို့၏ အဖြူရောင်ဝတ်ရုံများက ပေါက်ကွဲထွက်သွားပြီး အောက်ဘက်တွင် ရွှေရောင်ချပ်ဝတ်များက ပေါ်ထွက်လာ၏။
နတ်ဘုရားမျိုးနွယ်ဝင် သုံးယောက်၏ အနက်ရောင်ဆံပင်များက ရွှေရောင်ဆံပင်များအဖြစ် အလျင်အမြန် ပြောင်းလဲသွား၏။
သူတို့၏ ရုပ်ဖျက်ထားမှုကို ပယ်ဖျက်လိုက်လေပြီ။
“မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေ မရှိရင်တောင်.. ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ စစ်တပ်နှစ်တပ်က ခွန်လွင်အပျက်အစီးနယ်မြေကို မှောက်လှန်ပစ်နိုင်တယ်.. သူတို့က ငါတို့ နတ်ဘုရားကုန်းမြေရဲ့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေရဲ့ စစ်တပ်နှစ်တပ်ပဲ.. နတ်ဘုရားရဲ့ ဓား စေညွှန်ခံရတဲ့ ဘယ်နေရာမဆို.. လူတိုင်းက အဲဒါကို အညံ့ခံရလိမ့်မယ်”
နတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက်က ခပ်ယဲ့ယဲ့ပြုံး၍ ဝင့်ကြွားစွာဖြင့် ထုတ်ဖော်ကြေညာလိုက်၏။
“အခုတစ်ခေါက် ဝင်ရောက်လာတာက ရှေ့ပြေးစစ်သည်တော်တွေပဲ ရှိသေးတယ်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဟန်ချွမ်က ထောင်တျဲကို စိုက်ကြည့်ပြီး အံကို တင်းတင်းကြိတ်လိုက်၏။
“ထောင်တျဲ… မင်းက မင်းရဲ့ မူလဇစ်မြစ်ကို မေ့လျော့သွားပြီပဲ.. မင်းက နတ်ဘုရားမျိုးနွယ်နဲ့ ဘယ်လိုတောင် ပူးပေါင်းရဲတာလဲ.. မင်းက ခွန်လွင်အရှင်ဖြစ်ဖို့ ထိုက်တန်မှု ရှိရဲ့လား”
“ငါက ထိုက်တန်သည်ဖြစ်စေ.. မထိုက်တန်သည်ဖြစ်စေ.. အဲဒါက မင်းတို့ ဆုံးဖြတ်ရမယ့်အရာ မဟုတ်ဘူး”
တဖြည်းဖြည်းနှင့် ထောင်တျဲ၏ မျက်နှာပေါ်တွင် စိတ်မရှည်နိုင်မှုက ပေါ်ထွက်လာပြီး သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
“နောက်ဆုံး ဒီနေ့ ဒီအချိန်ထိ အနိုင်ရရှိသူတွေကပဲ သမိုင်းကို ရေးထိုးရတာ.. မင်းတို့တွေက ဒီတိုက်ပွဲမှာ သေချာပေါက် သေရလိမ့်မယ်.. အဲဒီတော့ နောင်အနာဂတ်မှာ မင်းတို့တွေကို ဘယ်သူက မှတ်မိဦးမှာလဲ.. နောက်ပိုင်းမျိုးဆက်တွေက ငါ့ကိုပဲ မှတ်မိကြလိမ့်မယ်.. ငါက အစစ်အမှန်ခွန်လွင်အရှင်ပဲ”
“မင်းတို့တွေက အညံ့ခံဖို့ ငြင်းဆန်မယ်ဆိုရင်.. သနားညှာတာမှု မရှိတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့”
ထောင်တျဲက သူ၏လက်ကို ဝှေ့ယမ်းပြီး အေးစက်စွာဖြင့် အမိန့်ပေးလိုက်၏။
“သတ်”
“အား…………..”
ထိုစဉ်မှာပင်.. သံရှည်ဆွဲ၍ အော်ဟစ်လိုက်သော ဟိန်းဟောက်သံက မိုးခြိမ်းသံကဲ့သို့ အဝေးတစ်နေရာကနေ ထွက်ပေါ်လာ၏။
ထိုအသံက တလိပ်လိပ်တက်သွားပြီး ကောင်းကင်ထက်ရှိ တိမ်စိုင်များကို ပျက်ပြယ်သွားစေ၏။
ထိုဟိန်းဟောက်သံသည် အဝေးမှာပင် ရှိနေသေးသော်လည်း များစွာသော ခွန်လွင်ကလန်သားများသည် သူတို့၏ နားထဲမှာ တဝီဝီမြည်လာ၏။ ထိုဟိန်းဟောက်သံက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သိသာ၏။ ထောင်တျဲက ညင်သာစွာ ပြုံး၍ အူမြူးအားရစွာဖြင့် ပြောလိုက်၏။
“ဟန်ချွမ်.. အဲဒါက မကြာသေးခင်ကမှ ငါစုဆောင်းထားတဲ့ ခေါင်းဆောင်တပ်မှူးအသစ်ပဲ.. သူက ဒီကို လာနေပြီ.. သူက ဘယ်လောက်စွမ်းလဲ မင်းတို့ကို ငါပြပေးမယ်”
“ဘယ်လောက်တောင် သန်မာလိုက်သလဲ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဟန်ချွမ်နှင့် အခြားသူများက ရင်တစ်ချက်ထိတ်သွား၏။
ထိုဟိန်းဟောက်သံကို ကြားရသောအခါ.. တောင်ကြားထဲမှာ နတ်ဘုရားမျိုးနွယ်များနှင့် ဆန့်ကျင်တိုက်ခိုက်နေသော ကြီးမားသည့် သတ္တဝါသည် ဆတ်ခနဲ တုန်ယင်သွားပြီး မယုံကြည်နိုင်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်၏။
သူက ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရ၏။
အစိမ်းရောင်ဝတ်ရုံနှင့် အနက်ရောင်ဆံပင်..
ဂမ္ဘီရဟို့၏ မျက်လုံးထဲရှိ အေးစက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုသည် အဆုံးမဲ့သော တမ်းတမှုနှင့် ဝမ်းသာပျော်ရွှင်မှုတို့နှင့်အတူ တလိပ်လိပ်ထိုးတက်လာ၏။
“ဂါး..”
ဂမ္ဘီရဟို့က စိတ်ခံစားချက် မြင့်မားစွာဖြင့် ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။
ဟိန်းဟောက်သံနှစ်သံက ခွန်လွင်အပျက်အစီးနယ်မြေ၏ ကောင်းကင်ထက်မှာ ပဲ့တင်ထပ်သွား၏။
နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် ထိုအခွင့်အလမ်းကို ချိန်ဆကာ ရှေ့သို့တက်ပြီး ဂမ္ဘီရဟို့၏ ကိုယ်ပေါ်မှာ သွေးဒဏ်ချက်တစ်ခုဖြစ်အောင် ခုတ်ပိုင်းချလိုက်၏။
ဂမ္ဘီရဟို့က ဒေါသူပုန်ထသွားပြီး တစ်ဘက်သို့လှည့်ကာ ကိုက်ချလိုက်၏။ နတ်ဘုရားမျိုးနွယ်သက်ရှိသည် နှစ်ပိုင်းပြတ်ထွက်သွားပြီး ရွှေရောင်သွေးများက ပြန့်ကျဲသွား၏။
ဂမ္ဘီရဟို့သည် နတ်ဘုရားမျိုးနွယ်စစ်တပ်ထံသို့ နောက်တစ်ဖန် ပြေးဝင်သွား၏။
ဆူဇီမို၏ အမူအရာက အေးစက်လာပြီး မိုးကြိုးတစ်စင်းကဲ့သို့ အပြေးနှင်ချလာ၏။
အဆုံးစွန်မီးနှင့် နန်းကြည်ကလည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။
သူတို့သုံးယောက်သည် နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားမှာ နတ်ဘုရားမျိုးနွယ်ဝင်များနှင့် ဆန့်ကျင်တိုက်ခိုက်နေသည့် ပုံရိပ်ကို ကြည့်ပြီး သူတို့သည် နန်းတော်ထဲမှာ သူတို့ တွေ့မြင်ခဲ့ရသည့် ပန်းချီကားများကို ပြန်လည်အမှတ်ရလာကြ၏။
ပန်းချီကားများထဲတွင် ဂမ္ဘီရဟို့သည် နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြား၏ အလယ်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ကျောပေး၍ ရပ်နေ၏။ သူက ခွန်လွင်ဒေသကို ကာကွယ်ပြီး နတ်ဘုရားမျိုးနွယ်များနှင့် တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်နေ၏။
သူတို့ရှေ့ရှိ မြင်ကွင်းသည် ပန်းချီကားထဲရှိ ဂမ္ဘီရဟို့နှင့် တစ်သားတည်းကျသွားသည်ဟု ထင်ရ၏။
သူတို့၏ အမြင်အာရုံများက တဖြည်းဖြည်း ဝေဝါးလာ၏။
နောက်ပိုင်းမျိုးဆက်များ၏ အထင်အမြင်လွဲခြင်း၊ လောက၏ အကြောက်တရားနှင့် မျိုးနွယ်စုတစ်သောင်း၏ ရန်လိုစိတ်တို့ကို ကြိတ်မှိတ်သည်းခံကာ ညဝိညာဉ်သည် တောင်ကြားထဲမှာ တစ်ယောက်တည်း ရပ်တည်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ကျောပေးကာ ခွန်လွင်ဒေသကို စောင့်ရှောက်နေ၏။
ထိုအကြောင်းကို ဘယ်သူကမှ မသိဘူးဆိုရင်တောင်…
သူက သေရမယ်ဆိုရင်တောင်…
ညဝိညာဉ်သည် သူ၏ ထိုရွေးချယ်မှုကို ပြုလုပ်လိုက်ဆဲဖြစ်၏။
အဲဒါက သူ၏ မိခင်ကဲ့သို့ပင်။
ဂမ္ဘီရဟို့သည် အစစ်အမှန် ခွန်လွင်အရှင်ဖြစ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ နတ်ဘုရား ဖြစ်လေသည်။