← Chapters

 အရှက်မဲ့လွန်းခြင်း

Vol. 45 Ch. 671

 အရှက်မဲ့လွန်းခြင်း

Vol. 45 Ch. 671

ဖြိုချဖျက်ဆီးခြင်းက ဘာမှမဟုတ်ချေ။ သို့သော် သာမန် အခြေအနေများ၌ သတင်းကြိုထုတ်ပေးလေ့ ရှိသည်။ အထူးသဖြင့် မြို့တော်သည် အလွန် ကြီးမားနေပြီ ဖြစ်ပြီး ဘေးပတ်ဝန်းကျင်၌ မဖွံ့ဖြိုးသေးသော မြေနေရာများစွာ ရှိလေသည်။ ရုတ်တရက် ဒေသသစ်တစ်ခု တည်ဆောက်ခြင်းက အကျိုးအကြောင်း မဆီလျော်ဟု ထင်မှတ်ရသည်။

တကယ်တမ်းတွင် မြို့တော် ဒေသသစ်သည် လိုအပ်ချက် မဟုတ်ပေ။ ဒေသတစ်ခုလုံး စွန့်ပစ်ခံလိုက်ရပုံပေါ်ပြီး ဘာသတင်းမှ ထွက်မလာတော့ချေ။ ဖြိုဖျက်မှု အပြီး၌ နေထိုင်သူများက နည်းပါးသွားပြီး လူသူကင်းမဲ့သွားသကဲ့သို့ ဖြစ်သွားလေသည်။ နောက်ဆုံး၌ ၎င်းသည် လူသူကင်းမဲ့သော နယ်မြေတစ်ခု ဖြစ်သွားလေသည်။

သူ သိထားသည်များနှင့် ပေါင်းလိုက်သောအခါ ယင်းက ခန့်မှန်းချက် မခက်တော့ချေ။

“အမှန်ပဲ၊ အဲ့ဒါက မြို့တော် ဒေသသစ်မှာ ရှိနေတာ”

ချင်ပိုင်ချွမ်းက စိတ်ညစ်စွာ ပြောလာသည်။

“အဲ့ဒီက ဟင်းလင်းပြင်နယ်မြေ တည်ငြိမ်နိုင်ဖို့အတွက် ငါတို့ ဆုံးရှုံးမှုကြီးတွေ ခံစားခဲ့ရတယ်”

“ဟင်းလင်းပြင်နယ်မြေ၊ တခြားကမ္ဘာကို ကျွန်တော်တို့ အဲ့လို နာမည် ပေးထားတာလား၊ သေကြေပျက်စီးမှု ကြီးတာအပြင် အဲ့ဒါက ကျွန်တော်တို့ကို တခြား ဘာတွေ ပေးသေးတာလဲ”

“ဒါကိုတော့ မင်း အဘိုးကြီးလင်းကို မေးသင့်တယ်၊ သူက အဲ့ဒါနဲ့ ပတ်သက်ပြီး ပိုသိတယ်”

ချင်ပိုင်ချွမ်းက စကားဝိုင်းကို လင်းထျန်းရှုံးထံ လွှဲပေးလိုက်သည်။ ရဲ့လင်းချန်သည်လည်း အာရုံပြောင်း သွားလေသည်။

လင်းထျန်းရှုံး၏ မျက်လုံးတွင် တွေးတွေးဆဆ အကြည့်တို့ ရှိနေသည်။

“ဟင်းလင်းပြင်နယ်မြေထဲ ငါ ရောက်ခဲ့တာ ဆယ်စုနှစ်တစ်ခုစာလောက် ရှိပြီ”

ရဲ့လင်းချန် ထိတ်လန့်သွားသည်။ လင်းထျန်းရှုံးက ဟင်းလင်းပြင်နယ်မြေထဲ ဝင်ခဲ့လိမ့်မည်ဟု သူ ထင်မထားမိပါ။ ထို့နောက် သူ အတွေးကြီး တွေးနေမိသည်။ လင်းထျန်းရှုံးနှင့် သူ ပထမဆုံး ဆုံတွေ့ခဲ့စဉ်က သူသည် အကြီးအကျယ် ဒဏ်ရာရနေပြီး သူ့ကို ကုသပေးခဲ့သူက ရဲ့လင်းချန်ပင်။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက်။

“အင်း … ဒါကို မင်းဆီကနေ ဖုံးကွယ်ထားလဲ မထူးပါဘူး၊ မင်းရဲ့ ခွန်အားနဲ့ အရည်အချင်းအရဆို ဟင်းလင်းပြင် နယ်မြေကို ဝင်ဖို့ သေချာပေါက် အရည်အချင်း ရှိတယ်”

လင်းထျန်းရှုံးက စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ရယ်လိုက်သည်။

“အမျိုးမျိုးသော အချက်အလက်တွေအရ ဟင်းလင်းပြင်နယ်မြေက ဒဏ္ဍာရီတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ မသေမျိုးတွေရဲ့ ကောင်းကင်ဘုံနယ်မြေ ဖြစ်လောက်တယ်”

*မြတ်စွာဘုရား*

အဘိုးလင်းသည် အချိန်အတော်ကြာအောင် ငြိမ်နေပြီးနောက် ဤသို့‌ ပြောလာလိမ့်မည်ဟု ရဲ့လင်းချန် ထင်မထားမိပေ။

“ကောင်းကင်ဘုံနယ်မြေလား၊ ဟင်းလင်းပြင်ကို စုတ်ဖြဲပြီးတော့ မသေမျိုးဖြစ်လာတဲ့ နေရာလား”

“ဖြစ်နိုင်ချေ များတယ်”

လင်းထျန်းရှုံး ခေါင်းညိတ်၍ သဘောတူလိုက်သည်။

“ပထမဆုံးအနေနဲ့ ငရဲတံခါးက လေဟာနယ်ကို စုတ်ဖြဲတဲ့ သဘောတရားနဲ့ ကိုက်ညီတယ်၊ အထူးသဖြင့် ဟင်းလင်းပြင် နယ်မြေနဲ့ ဒဏ္ဍာရီလာ ကောင်းကင်ဘုံနယ်မြေက အရမ်း တူညီတဲ့ လက္ခဏာတွေ ရှိတယ်”

ရဲ့လင်းချန်သည် သူ၏အတွေးများကို စုစည်းရန် လိုအပ်နေသည်။ ဒဏ္ဍာရီများအရ လေဟာနယ်ကို စုတ်ဖြဲရန် လူတစ်ယောက်သည် ကျင့်ကြံခြင်း၌ ကြောက်စရာကောင်းသော အဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။ ထိုအခါမှသာ လေဟာနယ်ကြားမှ အတားအဆီးကို ချိုးဖြတ်၍ ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ ထိုသို့ဆိုလျင် လေဟာနယ် အတားအဆီးက အဘယ်ကြောင့် သူ့အလိုလို ပွင့်နေရသနည်း။

*ဒါက တကယ်ပဲ ကောင်းကင်ဘုံနယ်မြေ ဖြစ်နေမလား*

“ဟင်းလင်းပြင်နယ်မြေရဲ့ ထူးခြားတဲ့ လက္ခဏာတွေက ဘာတွေလဲ”

ရဲ့လင်းချန်၏ နှလုံးခုန်နှုန်း မြန်ဆန်နေ၏။

“စိတ်ဝိညာဉ် စွမ်းအင် ပေါတာပဲ”

လင်းထျန်းရှုံး၏ မျက်လုံးများက ခံစားချက်တို့နှင့် ပြည့်နှက်နေ၏။

“ငါ ဟင်းလင်းပြင်နယ်မြေကို ပထမဆုံး ဝင်သွားတဲ့အချိန်က အဲ့ဒါက အရမ်းကို များနေတာ … မဟုတ်ဘူး၊ ငါ ဟင်းလင်းပြင်နယ်မြေထဲကို ဝင်တောင် မဝင်ခဲ့ဘူး၊ ငါက ငရဲတံခါးရဲ့ အပြင်ဘက်မှာ ရပ်ပြီး စောင့်ကြပ်နေရုံ သက်သက်ပဲ၊ အဲ့အချိန်တုန်းက ဟင်းလင်းပြင်နယ်မြေထဲ စိမ့်ထွက်လာတဲ့ စိတ်ဝိညာဉ်စွမ်းအင်က လူတစ်ယောက်ကို တစ်ခါ ရှုရှိုက်လိုက်ရုံနဲ့ နှလုံးတလှပ်လှပ်ခုန်လာအောင် လုပ်နိုင်တယ်၊ အဲ့ဒီမှာ အချိန်တစ်ခုအထိ နေခဲ့ပြီးတော့ ငါ့ခန္ဓာကိုယ် တစ်ခုလုံး ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ အဲ့လိုနဲ့ ငါ အတွင်းအားအဆင့်ကို ရခဲ့တာပဲ”

ရဲ့လင်းချန် ပင့်သက်ရှိုက်မိသွားပြီး အလိုလို နှုတ်ခမ်းသပ်လိုက်မိသည်။ ငရဲတံခါးမှ စိမ့်ထွက်လာသော စိတ်ဝိညာဉ် စွမ်းအင်က ထိုမျှ အံ့ဩဖို့ကောင်းနေလျင် ဟင်းလင်းပြင်နယ်မြေထဲ၌ ယင်းက မည်မျှ ကြောက်စရာ ကောင်းလောက် အောင် သိပ်သည်းနေလိမ့်မည်နည်း။ သူ၏ ကိုယ်ပိုင်ကျွန်းအား သူ ပြန်ကြည့်လိုက်မိသည်။

*သေစမ်းကွာ … ဒီကျွန်းက ဟင်းလင်းပြင်နယ်မြေနဲ့ ယှဉ်လို့မရနိုင်လောက်ဘူး*

သူသာ ဟင်းလင်းပြင်နယ်မြေထဲ၌ ကျင့်ကြံခွင့်ရမည်ဆိုလျင် ကောင်းလောက်ပေမည်။

သူ၏ မျက်လုံးများ တောက်ပလာသည်။ လက်ရှိတွင် သူ၏ ကျင့်ကြံရေးလုပ်ငန်းစဉ်က သိသိသာသာ ကျဆင်း နေသည်။ အားဖြည့်ဆေးကို အသုံးမပြုလျင် ဟင်းလင်းပြင်နယ်မြေက သူ၏ တစ်ခုတည်းသော အလားအလာ ရှိသည့် ရွေးပိုင်ခွင့်ပင်။

သို့သော် လင်းထျန်းရှုံးက ထပ်ပြောလာသည်။

“ဟင်းလင်းပြင်နယ်မြေထဲမှာ အန္တရာယ်တွေ အများကြီးပဲ၊ ငရဲတံခါး ပွင့်လာပြီးကတည်းက အဲ့ဒီ အမည်မသိတဲ့ သတ္တဝါတွေက ကျိုင်းကောင်အုပ်ကြီးလို ထွက်လာတာ၊ သာမန်လူတွေက သူတို့ကို ရင်မဆိုင်နိုင်ဘူး၊ ငရဲတံခါး ဝင်ပေါက်ကို သေနတ်တွေနဲ့ စောင့်ကြည့်ရပြီး ကျည်ဆံတွေနဲ့ မရေတွက်နိုင်တဲ့ လူ့အသက်တွေကို ပေးထားရတာ”

လင်းထျန်းရှုံးသည် အတိတ်က စိတ်ဒဏ်ရာကို ပြန်မှတ်မိသွားကဲ့သို့ သူ့မျက်လုံးများက နီရဲလာပြီး ပြာအက်နေသော အသံဖြင့် ပြောလိုက်သည်။

“တစ်သုတ်ပြီးတစ်သုတ် လူပေါင်းများစွာ သေဆုံးခဲ့ရတယ်”

အခြေအနေက လေးနက်လာသည်။ ထိုအခါတွင်မှ ရဲ့လင်းချန်က မေးလိုက်သည်။

“ရလဒ်က ဘာလဲ၊ ကျွန်တော်တို့ ဝင်လို့ရလား”

“မဖြစ်နိုင်ဘူး”

လင်းထျန်းရှုံး ခေါင်းခါလိုက်သည်။

“အပြင်ဘက်မှာ ငါတို့ ရန်သူတွေကို သတ်ဖို့ သေနတ်တွေကို သုံးလို့ရသေးတယ်၊ ဟင်းလင်းပြင်နယ်မြေထဲ ဝင်လိုက်ရင် သေနတ်တွေက လုပ်ဆောင်ချက် ကျသွားတယ်၊ အဲ့ဒီ အခြေအနေအောက်မှာ လူသားတွေက သားသတ်ရုံထဲက ကူကယ်ရာမဲ့တဲ့ သိုးတွေလိုပဲ၊ ငါတို့ တံခါးထဲဝင်ဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ အရင်းအနှီးက ကြီးလွန်းတယ်”

“လူသားတွေက အားနည်းလွန်းတယ်၊ အဲ့ဒါကြောင့် ငါတို့ ဝင်ပေါက်ကိုပဲ အခက်အခဲတွေနဲ့ စောင့်ကြပ်ဖို့ပဲ တတ်နိုင်ခဲ့တယ်၊ တစ်ဖက်က သန်မာလွန်းနေရင် ငါတို့ အဏုမြူဗုံးလိုမျိုး လက်နက်ကြီးမျိုးကို သုံးပြီး ဒေသတစ်ခုလုံးကို စတေးပြီး ငရဲတံခါးကို အတင်းအကြပ် ပိတ်မှပဲ ရလိမ့်မယ်”

“လူအိုကြီးလင်း၊ အရမ်းကြီး အဆိုးမြင်မနေစမ်းပါနဲ့၊ ဟင်းလင်းပြင်နယ်မြေ ပေါ်လာပြီးကတည်းက လူတော်တော်များများက သိုင်းပညာမှာ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာပဲ၊ ဒီနှစ်တွေတစ်လျှောက်လုံး ငါတို့ ပညာရှင် တော်တော်များများကို မြေတောင် မြှောက်ပေးနိုင်ခဲ့ပြီ၊ ငါတို့ တိုးတက်မှုတစ်ချို့တော့ ရှိမှာပါ”

ချင်ပိုင်ချွမ်းက ကြားဖြတ် ဝင်ပြောသည်။

ရဲ့လင်းချန် ခေါင်းညိတ်ရင်း သိုင်းပညာ လေ့ကျင့်ရေး ပိုလွယ်ကူလာရသည့် အကြောင်းရင်းကို သိလိုက်ရသည်။ ယင်းက ဟင်းလင်းပြင်နယ်မြေနှင့် ပတ်သတ်နိုင်ချေ များသည်။ ၎င်း၏ တည်ရှိမှုက စိတ်ဝိညာဉ် စွမ်းအင်ကို ပြန်လည် နိုးထလာစေပြီး သိုင်းပညာ လေ့ကျင့်ရေးအား ပိုလွယ်ကူလာအောင် ပြုလုပ်ပေးခဲ့သည်။ ဟင်းလင်းပြင် နယ်မြေ အပြင်ဘက်၌ လေ့ကျင့်ရုံနှင့်တင် အတွင်းအားကို ရရှိခဲ့သည်ဟု ပြောခဲ့သော လင်းထျန်းရှုံး၏ စကားအရဆိုလျင် လေ့ကျင့်ရေးတွင် ကောင်းမွန်သော တိုးတက်မှုများ ရရှိပြီး အတွင်းအားနှင့် မူလ စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိခဲ့သော ပါရမီရှင် သိုင်းပညာရှင်များ ရှိနိုင်လောက်သည်။

“ဟုတ်တယ်၊ ငါ ဟင်းလင်းပြင်နယ်မြေကို အပြင်ကနေ တစ်နှစ်လောက် ရပ်ပြီး စောင့်ကြပ်ခဲ့ရုံနဲ့တင် အတွင်းအားအဆင့်သို့ ရောက်နိုင်ခဲ့တယ်၊ အခုဆို ဆယ်နှစ်ကျော်ပြီ၊ အခုလောက်ဆိုရင် သန်မာတဲ့ သိုင်းပညာရှင်တွေ တော်တော်များများ ရှိနေလောက်တယ်”

လင်းထျန်းရှုံးက ခေါင်းညိတ်လာသည်။

“နည်းပြချုပ်လင်း၊ နည်းပြချုပ်ချင်၊ ပညာရှင် ဘယ်လောက်လောက် ရှိသလဲဆိုတာ ခင်ဗျားတို့ သိလား”

ရဲ့လင်းချန် မေးလိုက်သည်။ သူ ပို၍ အတွေးနက်နေမိသည်။ မြို့တော် ဒေသသစ်မှ ဟင်းလင်းပြင် နယ်မြေ ရှိနေသည်မှာ ဆယ်နှစ်ကျော်ကျော်မျှသာ ရှိသေးသည်။ သို့သော် Buff Island မှ ဟင်းလင်းပြင် နယ်မြေမှာမူ နှစ်တစ်ရာကျော် ရှိနေပြီ ဖြစ်သည်။ Buff Island မတိုင်မီ အခြားသော ဟင်းလင်းပြင်နယ်မြေများလည်း ရှိနိုင်လောက်သည်။ အကယ်၍ လူသားများက ဟင်းလင်းပြင်နယ်မြေမှ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ သိုင်းပညာ လေ့ကျင့်ပါက ထိုမျှ နှစ်များစွာ အကြာ၌ သူတို့ ဘယ်အဆင့်သို့ ရောက်နေနိုင်လေမလဲ။

*သေစမ်း … လူတစ်ယောက်က မသေမျိုး ဖြစ်မလာဘူးဆိုရင်တောင်မှ ပညာရှင်တွေထဲမှာ ထိပ်တန်း ဖြစ်နေ လောက်တယ်၊ ငါ့ထက်တောင် သန်မာနိုင်ချေ များသေးတာပဲ*

“သေချာပေါက် ပညာရှင်တွေ ရှိတာပေါ့၊ ဒါပေမဲ့ သူတို့ကို ငါတို့နိုင်ငံရဲ့ အသန်မာဆုံး အင်အားစုလို့ သတ်မှတ်လို့ ရတယ်၊ သူတို့ကို လျှို့ဝှက်ထားမှ ဖြစ်မှာ၊ ပြီးတော့ ငါတို့မှာ သူတို့နဲ့ ဆက်သွယ်ပိုင်ခွင့် မရှိဘူး”

လင်းထျန်းရှုံးသည် အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်။ ထိုအချိန်က သူသည် ကံကောင်း၍ ငရဲတံခါးအတွက် အစောင့်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အကယ်၍ သူ၏ ကျင့်ကြံခြင်းအခြေခံသာ ပျက်စီးမသွားခဲ့ပါ ဤနှစ်များအတွင်း သူသည် အသက်ရှင်ကျန်နိုင်ခဲ့သဖြင့် ထိပ်တန်း ပညာရှင်များထဲ၌ ပါဝင်နေလောက်သည်။

ဤသည်ကို တွေးမိသည်နှင့် သူ မနေနိုင်ဘဲ ကြိမ်းဝါးလိုက်မိသည်။

“ငါ တစ်ချိန်ကျရင် ကမ္ဘာမြေရဲ့ ဂိတ်တံခါးနဲ့ ရန်ငြိုးကို ရှင်းပစ်ရမယ်”

“အဘိုးလင်း၊ အဲ့ဒီတုန်းက ကမ္ဘာမြေရဲ့ ဂိတ်တံခါးကို ပါခဲ့လား”

ရဲ့လင်းချန် မေးလိုက်သည်။ လင်းထျန်းရှုံးက ခေါင်းညိတ်သည်။

“ဟင်းလင်းပြင်နယ်မြေ ပေါ်လာတာက ကြီးမားတဲ့ အန္တရာယ်လို့ ပြနေပင်မယ့် ကံကောင်းနိုင်တဲ့ အခွင့်အရေးတွေ ပေးနေတယ်၊ အဲ့ဒါကိုသာ အမိအရ ဖမ်းနိုင်ရင် အကျိုးအမြတ်က အကန့်အသတ် မရှိဘူး၊ ယာဂီကျွန်းမှာ ပေါ်လာတဲ့ ငရဲတံခါးလိုပေါ့၊ အဲ့ဒါက ဂျပန်နိုင်ငံအတွက် ကံဆိုးမှုပဲ၊ ဒါပေမဲ့ ငါတို့ရဲ့ မြို့တော် ဒေသသစ်က မတူဘူး၊ ခက်ခဲပင်မယ့် ခုခံနိုင်သေးတယ်”

“ဟင်းလင်းပြင်နယ်မြေက စိတ်ဝိညာဉ်စွမ်းအင် ပေါများရုံသက်သက်ပဲလို့ မထင်နဲ့၊ အဲ့လို နေရာမျိုးက ကောင်းကင်ဘုံ နယ်မြေနဲ့ သိပ်မခြားနားဘူး၊ အဲ့ဒီက ဘယ်သစ်သီးမဆို စိတ်ဝိညာဉ် သစ်သီးလို့ ပြောလို့ရတယ်၊ အဲ့လို သစ်သီးမျိုး တစ်လုံးလောက် စားလိုက်ရုံနဲ့ လူတစ်ယောက်အတွက် အတွင်းအားရဖို့ မခက်တော့ဘူး၊ ချင်ပိုင်ချွမ်းနဲ့ တခြားသူတွေက သူတို့ရဲ့ အတွင်းအားကို အဲ့လို ရလာတာပဲ၊ နတ်သစ်သီးက သေလူကိုတောင် အသက်ပြန်ရှင်နိုင်အောင် လုပ်နိုင်တယ်၊ ဒါမှမဟုတ် မသေမျိုးအဖြစ် ပြောင်းလဲနိုင်တယ်လို့တောင် တစ်ချို့က ထင်ကြသေးတယ်”

*သောက်ကျိုးနည်း*

ရဲ့လင်းချန်၏ မျက်လုံးများက စိတ်အားထက်သန်မှုတို့နှင့် တောက်လောင်လာ၏။

*အဲ့အသီးတွေကို ငါ့ဆန်းကြယ်ကျွန်းကို ပြောင်းစိုက်နို်ငမယ်ဆိုရင် နတ်ကျွန်းအဖြစ် ပြောင်းလဲသွားမှာပဲ*

“ဒီလို အခွင့်အရေးကောင်းမျိုးက ကမ္ဘာမြေရဲ့ ဂိတ်တံခါးရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့တယ်၊ သူတို့က ခိုးဝင်ပြီးတော့ ငါတို့ဆီက ခိုးချင်ခဲ့တယ်၊ သူတို့က ဒီငရဲတံခါးကို ဖျက်ဆီးဖို့ မသမာတဲ့ နည်းလမ်းတစ်ချို့ကို သုံးဖို့တောင် တွေးခဲ့သေးတာ”

ထိပ်တန်း ခေါင်းဆောင်များ၏ အမြင်အရဆိုလျင် သူတို့ ရင်ဆိုင်ရသည့် ဟင်းလင်းပြင်နယ်မြေက အလွန် အင်အားမကြီးလျင် ကောင်းကျိုးများက ဆိုးကျိုးများထက် သာပေလိမ့်မည်။ ၎င်းကို သူတို့ မရရှိနိုင်သဖြင့် အခြားနိုင်ငံများက ယင်းထံမှ အကျိုးအမြတ် ရသွားမည်ကို သူတို့ ထိုင်မကြည့်နိုင်ကြချေ။

“နောက်ပိုင်း တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်၊ တိုက်ပွဲမှာ ငါ ခြုံခိုတိုက်ခိုက်ခံရပြီးတော့ ဒဏ်ရာရခဲ့တာကြောင့် အနားယူ ခဲ့ရတာပဲ၊ မဟုတ်ရင် ငါ ပြီးခဲ့တဲ့ ဆယ်နှစ်လုံးလုံး သေလုနီးပါး ဖြစ်ခဲ့မှာ မဟုတ်ဘူး”

လင်းထျန်းရှုံးက ပြောလာသည်။ ထိုအခိုက်တွင် ရဲ့လင်းချန်က လင်းထျန်းရှုံးအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်။

ဤအဘိုးအိုသည် လုံးဝ အရှက်ကင်းမဲ့လှပေသည်။ သူတို့ ပထမဆုံး တွေ့ခဲ့စဉ်က သူသည် ရန်သူအား သုံးရက်၊ သုံးညတိတိ တိုက်ခိုက်ခဲ့သော တရုတ်နိုင်ငံမှ နံပါတ်တစ် ပညာရှင်ဟု ပြောခဲ့သည်။ ယခုအခါတွင် ယင်းက ဖိန့်လုံးသက်သက် ဖြစ်နေပုံပင်။ သူသည် သင်္ကြန်အမြောက် ဖောက်နေသလိုပင်။ ယင်းကား အလွန် အရှက်မဲ့လွန်းလှသည်။

ဆယ်နှစ်တာကတိစကားသည် သူနှင့် သီးသန့်ကတိစကား ဟုတ်ပုံမရချေ။ ယင်းက ကမ္ဘာမြေ၏ ဂိတ်တံခါးကြောင့် နိုင်ငံ၏ အင်အားကြီးသူများ အထိတ်တလန့် ဖြစ်ခဲ့ခြင်းသာ ဖြစ်နိုင်ပေသည်။

All Chapters