ကြောက်စရာကောင်းသောတိုက်ပွဲ
Vol. 102 Ch. 1527
“ပုရွက်ဆိတ်”
ပထမ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူက အော်ပြောလိုက်၏။
“မင်းက... နတ်ဘုရားမျိုးနွယ်ရဲ့ သိမ်းပိုက်စိုးမိုးမှုကို တားဆီးနိုင်မှာ မဟုတ်ဘူး”
“ဟုတ်ပါ့မလား”
ဆူဇီမို၏ အမူအရာက အေးစက်နေ၏။
ဒုတိယ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူက ရောက်ရှိမလာခင်မှာပင် သူက သူ၏ နှာရောင်ကို သူ၏ လက်ချောင်းဖြင့် ညင်သာစွာထိတွေ့ပြီး လျှပ်စီးလျှပ်ပန်းများဖြင့် တောက်ပနေသော ကျာပွတ်တစ်ခုကို သူ၏ အသိစိတ်ထဲကနေ ဆွဲထုတ်ယူလိုက်၏။
အဲ့ဒါက မိုးကြိုးဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ် စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်ဖြစ်၏။
ဖြောင်း...
ဆူဇီမိုက ကျာပွတ်ကိုလွှဲယမ်းပြီး မလှမ်းမကမ်းရှိ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူကို ပစ်ရိုက်ချလိုက်၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။
အမြုတေစိတ်ဝိညာဥ်များကြား တိုက်ခိုက်မှုသည် အန္တရာယ်များဆုံးဖြစ်ပြီး ဤလူသားသည် သူရောက်ရှိလာသည့်ခဏမှာပင် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိမ့်မည်ဟု သူက ထင်မှတ်မထားပေ။
ဒါ့အပြင် မိုးကြိုးကျာပွတ်ကနေ ထွက်ပေါ်လာသောအော်ရာက သူ့ကိုချောက်ချားစေ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူက နမော်နမဲ့မပြုမူရဲပဲ သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို အလောတကြီး ထုတ်ဖော်လိုက်၏။
သူထိုင်နေသည့် မဟူရာနဂါးကလည်း အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို စုဖွဲ့လိုက်၏။
အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်နှစ်ခုက တစ်ပြိုင်နက်တည်း ရောက်ရှိလာပြီး စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်နှင့် ထိတွေ့ရိုက်ခတ်သွား၏။
လျှပ်စီးလျှပ်ပန်းများက တဖျတ်ဖျတ်လက်၍ လေထဲမှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။
စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်က သန်မာသော်လည်း ၎င်းသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်နှစ်ယောက်၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်အောက်မှာ တဖြည်းဖြည်း ပျက်ပြယ်သွား၏။
“ဟဲဟဲ”
ပထမ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူက လှောင်ရယ်လိုက်၏။
“မင်းမှာရှိတာ ဒါအကုန်ပဲလား”
သူ့မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်မသွားသေးခင်မှာပင် ၎င်းက အေးခဲရပ်တန့်သွားပြီး သူ၏ အမူအရာက ပြောင်းလဲသွားရ၏။
ပျက်ပြယ်လာသော လျှပ်စီးများထံမှ အစိမ်းရောင်ဓားအလင်းတန်းတစ်ခုက တောက်ပလာပြီး သူ၏ နှာရောင်ရှိရာသို့ ချက်ချင်းပင် ခုတ်ပိုင်းကျဆင်းလာ၏။
ဆူဇီမိုသည် စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်ကိုသာ ထုတ်ဖော်ခဲ့ခြင်း မဟုတ်ပေ။
အဲ့ဒီမှာ အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော နောက်ထပ်သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခု အစိမ်းရောင်ကြာပန်းဓားလည်း ပါဝင်လေသည်။
“ဟမ်...”
ထိုတစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူ၏ မျက်လုံးများက ပြူးကျယ်သွား၏။ သူက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အလောတကြီး နောက်တစ်ဖန်လှည့်ပတ်ပြီး အစိမ်းရောင်ကြာပန်းဓားကို ခုခံဖို့အတွက် ကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုကို ထုတ်ဖော်လိုက်၏။
အစိမ်းရောင်အလင်းက ဖျတ်ခနဲလက်သွား၏။ အစိမ်းရောင်ကြာပန်းဓားသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူထုတ်ဖော်လိုက်သည့် စိတ်ဝိညာဥ်အသိစိတ်ကို နှစ်ပိုင်းထိုးခွဲပြီး သူ၏ နှာရောင်ထဲသို့ ဝင်ရောက်သွား၏။
ထိုခုတ်ချက်တစ်ချက်က သူ၏ အမြုတေစိတ်ဝိညာဥ်ကို ဖျက်ဆီးပစ်လိုက်၏။
ဤတစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူသည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အပေါ်ယံမှာ မည်သည့်ဒဏ်ရာမှ ရှိမလာခဲ့ပေ။ သို့သော်လည်း သူ၏ အသက်ဓာတ်က လျင်မြန်စွာ လျော့ကျသွားပြီး သူ၏ အကြည့်က မှေးမှိန်လာခဲ့၏။
ထိုလူ၏ ဦးခေါင်းက ဘေးဘက်သို့ လည်ကျသွားပြီး မဟူရာနဂါး၏ ခန္ဓာကိုယ်ပေါ်ကနေ ပြုတ်ကျလာခဲ့၏။ အဲ့ဒါက အမြုတေစိတ်ဝိညာဥ်များကြား တိုက်ခိုက်ခြင်း၏ ကြောက်မက်ဖွယ်ရာကောင်းမှုဖြစ်၏။
တစ်ယောက်က သတိတစ်ချက်ပေါ့လျော့မိမည်ဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဥ်က နေရာမှာပင် ဖျက်ဆီးခံရမည်ဖြစ်ပြီး သေဆုံးရပေလိမ့်မည်။
စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်နှင့် အစိမ်းရောင်ကြာပန်းဓား၏ စွမ်းအားအပြင် ဆူဇီမိုသည် ဤတစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူကို သတ်ဖြတ်နိုင်သည့်အကြောင်းရင်းမှာ ထိုသူက ဆူဇီမိုအကြောင်း ဘာမှသိမထားသောကြောင့်လည်းဖြစ်၏။
ဒါ့အပြင် ထိုလူသည် ဆူဇီမိုကို အထင်သေးမိသည့်အတွက် ဤကဲ့သို့ရလဒ်ထွက်ပေါ်လာခြင်းဖြစ်၏။
“ဂါး...”
သူ့သခင်၏ သေဆုံးမှုကို အာရုံခံမိသွားပြီး မဟူရာနဂါးက ဟိန်းဟောက်၍ ရူးသွပ်သွားသည့်အလား ဆူဇီမိုထံသို့ ပြေးဝင်လာ၏။
ဒုတိယ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူကလည်း ရောက်ရှိလာခဲ့လေပြီ။
အဲ့ဒါသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်သုံးယောက်က အရှိန်အဟုန်ကုန်ဆုံးတော့မည့် ဆူဇီမိုကို တစ်ချိန်တည်းမှာ တိုက်ခိုက်လာခြင်းနှင့်တူညီလေသည်။
ဘန်း...
သူ၏ လှုပ်ရှားမှုနည်းစနစ်ပေါ်မှီခိုပြီး ဆူဇီမိုက လှစ်ခနဲပြေးထွက်လိုက်၏။ သူက အဆုံးသတ်မှာ အနည်းငယ်နှေးကွေးသွားဆဲ ဖြစ်ပြီး သူ့၏ ရင်ဘတ်ပေါ်သို့ လှံတစ်လက် ကန့်လန့်ဖြတ်ကျဆင်းကာ သူ့ကို လွင့်စင်ထွက်သွားစေ၏။
မဟူရာနဂါးက သူ့ပေါင်ပေါ်မှ အသားစတစ်ပိုင်းကို ဆုတ်ဖြဲလိုက်ပြီး လတ်ဆတ်သောသွေးများက စီးကျလာ၏။
ဘန်း...
ဆူဇီမိုသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားပြီး သူ၏ အရွတ်များနှင့် အရိုးများက ကွဲထွက်ကုန်သည်ဟု ခံစားလိုက်ရ၏။
ထိုစဥ်မှာပင် သက်တံလိုဏ်ဂူထဲမှ နောက်ထပ် ရုတ်ရုတ်သဲသဲ အခြေအနေတစ်ခုက ထွက်ပေါ်လာ၏။
တတိယမြောက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူက ထွက်ပေါ်လာခဲ့လေပြီ။
ဆူဇီမိသည် လူးလဲ၍ ကျုံးထကာ သူ၏ ရင်ထဲမှာ နင့်ခနဲ ဖြစ်သွား၏။
သူသည် အဲ့ဒါကို မခုခံနိုင်တော့ပေ။
နတ်ဘုရားကုန်းမြေတိုက်သည် သူတွေးထင်ထားသည်ထက် များစွာပိုမိုသန်မာနေ၏။
ထိုအခိုက်အတန့်တွင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက နဂါးမျိုးနွယ်၏ ဘိုးဘေးကုန်းမြေမှာ သီးခြားအထိုင်ချကျင့်ကြံနေ၏။ သူက နဂါးဖီးနစ်ကို အာရုံမခံနိုင်သလို ဆက်သွယ်မှုတစ်စုံတစ်ရာလည်း ပြုလုပ်နိုင်ခြင်း မရှိပေ။
ယခုအချိန်တွင် သူက သိုင်းတာအိုပင်မခန္ဓာကိုသာ လှမ်းခေါ်နိုင်ပေလိမ့်မည်။
သို့သော်လည်း ယခုအချိန်မှ သိုင်းတာအိုပင်မခန္ဓာက အဲ့ဒါကို သိရှိမည်ဆိုလျှင် နောက်ကျသွားလေပြီ။
သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ခွန်လွင်အပျက်အစီးနယ်မြေသို့ရောက်ရန် အနည်းဆုံး ရက်အနည်းငယ် အချိန်ယူရပေလိမ့်မည်။ ထိုအချိန်ကျလျှင် နတ်ဘုရားမျိုးနွယ်က ခွန်လွင်အပျက်အစီးဒေသကို ပြားကပ်အောင် ဖျက်ဆီးပစ်လိုက်မည်ဖြစ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးဆီသို့ ဝင်ရောက်လာပေလိမ့်မည်။
“ပုရွက်ဆိတ်... မင်းက ငါ့သခင်ကို သတ်ခဲ့တယ်... နဂါးမျိုးနွယ်ရဲ့ အမျက်ဒေါသက ဘာလဲဆိုတာ မင်းကိုငါပြပေးမယ်”
မဟူရာနဂါးက လူသားဘာသာစကားဖြင့် ပြောဆိုပြီး ကြမ်းကြုတ်ခက်ထန်သော မျက်လုံးများနှင့်အတူ ဆူဇီမိုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။ ၎င်း၏ နက်မှောင်၍ ပျစ်ချွဲနေသော နဂါးတံတွေးရည်များက စီးကျလာ၏။
ရုတ်တရက် မဟူရာနဂါးသည် ၎င်း၏ ပါးစပ်ကို ဖွင့်ဟပြီး ၎င်း၏ လည်ချောင်းအနက်ပိုင်းထဲကနေ ကြောက်စရာကောင်းသော မဟူရာမီးတောက်များကို ဆူဇီမိုထံသို့ ထွေးထုတ်လိုက်၏။
အဲ့ဒါက တခြားအချိန်မှာသာဆိုလျှင် ဆူဇီမိုသည် အဲ့ဒါကို ကိုင်တွယ်ဖို့အတွက် နည်းလမ်းများစွာ သူ့မှာရှိလေသည်။
သူသည် ဓမ္မဖြိုခွင်းလေးကို ဆွဲထုတ်ပြီး မြားတစ်စင်းနှင့်အတူ ထိုမဟူရာမီးတောက်ကို ဖျက်ဆီးပစ်နိုင်လေသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ဓမ္မဖြိုခွင်းလေးကို ဆွဲထုတ်ဖို့ပင် သူ့မှာခွန်အားမကျန်ရှိတော့ပေ။
မီးတောက်များက ဆူဇီမိုထံသို့ ဆင်းသက်လာတော့မည့်ဆဲဆဲမှာပင် ပုံရိပ်ယောင်ကဲ့သို့ ကြီးမားသည့် ပုံရိပ်တစ်ခုက မဟူရာနဂါး၏ ဘေးမှာ ပေါ်ထွက်လာ၏။
ကြီးမားသော သားရဲတောကောက်သည် ၎င်း၏ ထက်ရှသော လက်သည်းများကို ထုတ်ဖော်ပြီး မဟူရာနဂါး၏ လည်ပင်းကို ဖမ်းဆွဲလိုက်၏။ ၎င်း၏ လက်သည်းချွန်များက မဟူရာနဂါး၏ ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံများကို ထိုးဖောက်ပြီး ၎င်း၏ တုတ်ခိုင်သောလည်ပင်းကို ကျိုးလုနီးပါးဖြစ်သွားစေ၏။
လတ်ဆတ်သောသွေးများက ပန်းထွက်လာ၏။
သားရဲတောကောင်သည် ၎င်း၏ ပါးစပ်ကို ဖွင့်ဟပြီး မဟူရာနဂါး၏ ဦးခေါင်းကို ကိုက်ချလိုက်၏။
ဖြောင်း...
မဟူရာနဂါး၏ ဦးခေါင်းက ကြောက်စရာကောင်းသော သားရဲတောကောင်၏ ချက်ချင်းပင်ချေမွဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
မဟူရာမီးတောက်များက ဆူဇီမိုပေါ်သို့ ဆင်းသက်မလာခင်မှာပင် ငြိမ်းသေ၍ လေထဲမှာပင် ပျက်ပြယ်သွား၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မဟူရာနဂါးက သေသည့်တိုင်အောင် ကိုက်ဖြတ်ခြင်းကို ခံလိုက်ရ၏။
ဧရာမနဂါးဦးခေါင်းသည် ကြေမွပျက်စီးသွားပြီး ပုံပျက်ပန်းပျက်ဖြစ်သွား၏။ မဟူရာနဂါးက ဆိုးဆိုးဝါးဝါးပုံစံဖြင့် သေဆုံးသွားပြီး ၎င်း၏ ကြီးမားသောခန္ဓာကိုယ်က လေထဲကနေ ပြုတ်ကျလာ၏။
ဆူဇီမိုသည် ထိုသည်ကို တွေ့မြင်သောအခါ အားမာန်တက်ကြွသွား၏။ အဲ့ဒါက ညဝိညာဥ်ဖြစ်၏။
ညဝိညာဥ်က ပြန်လည်ရောက်ရှိလာခဲ့လေပြီ။
ဂါး...
ညဝိညာဥ်က ၎င်း၏ ပါးစပ်ကိုဖွင့်ဟပြီး ကြောက်စရာကောင်းသော သွားစွယ်များကို လှစ်ဟပြလိုက်၏။ သူက အခြားသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ရှိရာဘက်သို့ ဟိန်းဟောက်လိုက်ပြီး ထိုအသံက အရမ်းကိုကျယ်လောင်ခက်ထန်နေ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူနှစ်ယောက်အနေဖြင့် အဆင်ပြေပြီး သူတို့က သူတို့၏ ဣန္ဒြေကို ထိန်းထားနိုင်ကြ၏။ သို့သော်လည်း သူတို့စီးနင်းလာသည့် မဟူရာနဂါးများက တုန်လှုပ်ချောက်ချားသွားပြီး သူတို့မျက်လုံးထဲရှိ အဆုံးမဲ့သော ကြောက်ရွံ့မှုနှင့်အတူ လေထဲကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားကြ၏။
ဂမ္ဘီရဟို့အပေါ် အကြောက်တရားက သူတို့၏ အရိုးများထဲထိ စိမ့်ဝင်နေခဲ့လေပြီ။
ညဝိညာဥ်က ဒဏ်ရာများဖြင့် ပြည့်နှက်နေသော်လည်း သူက ခံ့ညား၍ သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုကို ဖြာထုတ်ပေးနိုင်ဆဲ ဖြစ်၏။ သူ၏ ကြမ်းကြုတ်ခက်ထန်မှုသည် ပြိုင်ဘက်ကင်းပြီး လူတိုင်းကို ခြိမ်းခြောက်နိုင်လေသည်။
“မင်းတို့ကိုယ်မင်းတို့ နဂါးတွေလို့ ဘယ်လိုတောင်သတ်မှတ်ရဲတာလဲ... မင်းတို့က အတောင်ပံပါတဲ့ ပိုးကောင်တွေပဲ”
ညဝိညာဥ်က မဟူရာနဂါး၏ အလောင်းပေါ်သို့ ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ နင်းတက်လိုက်၏။
ထိုစဥ်မှာပင် စတုတ္ထမြောက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူက သက်တံလိုဏ်ဂူထဲကနေ ပေါ်ထွက်လာ၏
ဆူဇီမို၏ အမူအရာက သုန်မှုန်လာခဲ့၏။
ကြည့်ရသည်မှာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူများက သေချာပေါက်များစွာမရှိပေ။ သို့သော်လည်း သူတို့တစ်ယောက်ချင်းစီက အရမ်းကိုသန်မာလေသည်။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် ညဝိညာဥ်က ဆိုးဆိုးဝါးဝါး အခြေအနေများမှာ ရောက်ရှိနေခဲ့လေပြီ။
ဤတစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူလေးယောက်က အလွန်တရာ ကိုင်တွယ်ရခက်ခဲပေလိမ့်မည်။
သူတို့နှစ်ယောက်တည်းက နတ်ဘုရားမျိုးနွယ်၏ တိုက်ခိုက်မှုများကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေတော့မည်။
ဂါး...
ညဝိညာဥ်က နောက်တစ်ဖန်ဟိန်းဟောက်လိုက်၏။
ဘုန်း... ဘုန်း... ဘုန်း...
ထိုစဥ်မှာပင် အလွန်ကြီးမားသည့် စစ်တပ်ပြီးတစ်တပ်က ချီတက်လာသည့်အလား ဆူဇီမို၏ နောက်ဘက်ကနေ ကမ္ဘာတုန်လောက်ဖွယ်ရာအသံတစ်ခုထွက်ပေါ်လာပြီး မြေပြင်က တသိမ့်သိမ့်တုန်ခါနေ၏။
ဆူဇီမိုက အလိုလိုလှည့်ကြည့်လိုက်၏။
တောင်ကြားထဲမှာ ဖုန်လုံးများက တထောင်းထောင်းထ၍ မရေမတွက်နိုင်သော ခွန်လွင်ကလန်သားများက စွမ်းပကားကြီးမားသောအော်ရာတစ်ခုနှင့်အတူ ချီတက်လာကြ၏။
အဲ့ဒါက ကြီးမားသော စစ်တပ်တစ်တပ်ဆိုတာထက်ပင် ပို၍ကြောက်စရာကောင်းလေသည်။
စစ်သည်တော် ဆယ်သန်းကျော်ပါဝင်သော ခွန်လွင်စစ်တပ်သည် ဆူဇီမိုတို့ရှိရာဘက်သို့ ချီတက်လာကြ၏။ သို့သော်လည်း သူတို့နားသို့ ရောက်ရှိသောအခါ သူတို့နှစ်ယောက်ကို ကွေ့ပတ်၍ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူလေးယောက်ထံသို့ ချီတက်သွားကြ၏။
ထိုအခိုက်အတန့်တွင် ဆူဇီမိုက နားလည်သဘောပေါက်သွား၏။
ညဝိညာဥ်က ခွန်လွင်အရှင်အသစ် ဖြစ်လာခဲ့ပြီးလေပြီ။
သူသည် ခွန်လွင်ကလန်သားများအားလုံးကို ဦးဆောင်ပြီး နတ်ဘုရားမျိုးနွယ်ထံသို့ ချီတက်လာခြင်းဖြစ်၏။
အဲ့ဒါက ခွန်လွင်ဒေသ၏ တန်ပြန်တိုက်ခိုက်မှုတစ်ရပ်ဖြစ်၏။
အဲ့ဒါက ဂမ္ဘီရဟို့မျိုးနွယ်၏ တန်ပြန်တိုက်ခိုက်မှုတစ်ရပ်ဖြစ်၏။
ဤတစ်ခေါက်မှာတော့ ညဝိညာဥ်သည် သူတစ်ယောက်တည်းက ခွန်လွင်ဒေသကို စောင့်ရှောက်နေခြင်း မဟုတ်တော့ပေ။
သူ့ဘက်မှာ ဆူဇီမိုပါဝင်လာ၏။
သူ့ဘက်မှာ... ခွန်လွင်မျိုးနွယ်တစ်ခုလုံးက ပါဝင်လာ၏။
ခွန်လွင်စစ်တပ်၏ ဝင်ပါလာခြင်းသည် ကြောက်စရာကောင်းသော ဤတိုက်ပွဲကို ၎င်း၏ အကန့်အသတ်ထိ အရှိန်အဟုန်မြင့်တက်သွားစေ၏။