← Chapters

နတ်ဘုရားစွမ်းအားမုန်တိုင်း

Vol. 102 Ch. 1529

နတ်ဘုရားစွမ်းအားမုန်တိုင်း

Vol. 102 Ch. 1529

နဂါးစီးနင်းသူ တပ်ဖွဲ့ခေါင်းဆောင်သည် သူ၏ နတ်ဘုရားစွမ်းအားကို လှည့်ပတ်ပြီး ကြမ္မာဆိုးဓားပေါ်ရှိ အနက်ရောင်အင်းကွက်များကို ပိုမိုနက်ရှိုင်းလာစေ၏။ ၎င်းသည် အနက်ရောင်ပင့်ကူချည်မျှင်များနှင့် ဆင်တူသော စွမ်းအားတစ်ခုကို ထုတ်ဖော်ကာ အဘက်ဘက်သို့ ဖြန့်ကြက်သွားစေ၏။

လောကတစ်ခုလုံးသည် အနက်ရောင်ပင့်ကူချည်မျှင်များဖြင့် လွှမ်းခြုံခြင်းခံလိုက်ရသည်ဟု ထင်ရပြီး ဧရာမနက်မှောင်သော ပင့်ကူအိမ်များက ဖြစ်ပေါ်လာ၏။

ခွန်လွင်ကလန်သားအချို့သည် အချိန်မီမရှောင်တိမ်းနိုင်ပဲ အနက်ရောင်ပင့်ကူချည်မျှင်များ၏ စွန်းထင်းခြင်းကို ခံလိုက်ရ၏။ သူတို့၏ အမူအရာများက အေးခဲရပ်တန့်သွားပြီး သူတို့၏ အသက်ဓာတ်အားက ချက်ချင်းပင် လျော့ကျသွား၏။

အနက်ရောင် ပင့်ကူချည်မျှင်များ၏ လွှမ်းခြုံမှုအောက်တွင် ခွန်လွင်ကလန်သားများက တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်၏။

ခွန်လွင်စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်စေ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများဖြစ်စေ သူတို့သည် အနက်ရောင်ပင့်ကူချည်မျှင်များ၏ စွန်းထင်းခြင်းခံရပါက ထူးဆန်းသော အနက်ရောင်အင်းကွက်များနှင့်အတူ ပျံ့နှံ့သွားမည်ဖြစ်ပြီး သူတို့က နေရာမှာပင် သေဆုံးသွားပေလိမ့်မည်။

သူတို့၏ အမြုတေစိတ်ဝိညာဥ်ကပင်လျှင် ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိပဲ မကျေမချမ်းဖြင့်သေဆုံးကုန်ကြ၏။

“အဲ့ဒါက ကြမ္မာဆိုး ပင့်ကူအိမ်ပဲ”

တစ်ပိုင်းမျိုးနွယ်စုဘိုး နဂါးစီးနင်းသူက ဆူဇီမိုနှင့် အခြားသူများထံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး အေးစက်စွာဖြင့် ပြောလိုက်၏။

“မင်းတို့တွေအားလုံးက ကြမ္မာဆိုးပင့်ကူအိမ်ထဲမှာ သားကောင်တွေပဲ... မင်းတို့ထဲ ဘယ်သူကမှ ကြမ္မာဆိုးဓါးရဲ့ နတ်ဘုရားစီရင်ချက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

ခွန်လွင်ကလန်သားများစွာ၏ မျက်လုံးများထဲမှ နက်ရှိုင်းသော အကြောက်တရားက ပေါ်ထွက်လာ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီးနင်းသူနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင် ခွန်လွင်မျိုးနွယ်က သူ့ကို ထိပ်တိုက်ရင်ဆိုင်ရဲလေသည်။ သို့သော်လည်း ကြမ္မာဆိုးဓားနှင့် အမျိုးအမည်မသိကြောက်စရာကောင်းသော ထိုစွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ ခွန်လွင်မျိုးနွယ်က နောက်ဆုံးမှာ စိတ်ဓာတ်များ လဲပြိုကျသွားလေသည်။

ထိုကြမ္မာဆိုး ပင့်ကူအိမ်ကို ခုခံဆန့်ကျင်နိုင်သည့်အရာ ဘာမှမရှိပေ။

ဓမ္မပညာရပ်များက ၎င်းပေါ်သို့ ဆင်းသက်လာသောအခါ သူတို့သည် တိတ်တဆိတ် ဝါးမျိုခံရပြီး ဝဲဂယက်တစ်ခုကိုပင် ဖြာထွက်စေနိုင်ခြင်း မရှိပေ။

ဓမ္မလက်နက်များပင် အနက်ရောင်အင်းကွက်များဖြင့် စွန်းထင်းခြင်းခံရမည်ဖြစ်ပြီး ကြမ္မာဆိုးပင့်ကူအိမ်နှင့် ထိခတ်မိလျှင် သူတို့က သုံးစားမရသော ပစ္စည်းများအဖြစ် လျှောကျသွားပေလိမ့်မည်။

တစ်ခဏအတွင်းမှာပင် ခွန်လွင်ကလန်သား သိန်းချီက ထာဝရ လဲပြိုကျဆင်းသွားကြ၏။

ဆူဇီမိုက ရှေ့ဆုံးကနေ မတ်တတ်ရပ်လိုက်၏။

အနက်ရောင်ပင့်ကူချည်မျှင်က သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပေါ်သို့လည်း ဆင်းသက်လာ၏။

ထူးဆန်းသော စွမ်းအားတစ်ခုက သူ၏ ဒဏ်ရာများမှတစ်ဆင့် သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

အဲ့ဒါက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသက်ဓာတ်အားကို ဖျက်ဆီးပစ်နေပြီး နက်မှောင်၍ အေးစက်နေလေသည်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် သူ၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေမည်ဆိုလျှင် သူက ကြမ္မာဆိုး ပင့်ကူအိမ်ကို ခုခံနိုင်ကောင်း ခုခံနိုင်ပေလိမ့်မည်။ သို့သော် ယခုအခါ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အလွန်တရာ ပျက်စီးထိခိုက်ထားပြီး ထူးဆန်းသော ထိုစွမ်းအားကို ခုခံနိုင်ခြင်း မရှိပေ။

ကြောက်စရာကောင်းဆုံးအရာမှာ အဲ့ဒါသည် ကြမ္မာဆိုးဓား၏ စွမ်းအားအပြည့်အဝ မဟုတ်သေးပေ။

ရှင်းရှင်းပြောရလျှင် ကြမ္မာဆိုးပင့်ကူအိမ်သည် ဓားချီများနှင့်ဆင်တူသော ဤဧရာမဓားကနေ ထုတ်ဖော်လိုက်သည့် အော်ရာတစ်ခုမျှသာဖြစ်၏။

ထိုသို့ဆိုလျှင်တောင် အဲ့ဒါက ခွန်လွင်ကလန်သားများကို သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။

ကြမ္မာဆိုးဓားက ခုတ်ပိုင်းကျဆင်းလာမည်ဆိုလျှင် အဲ့ဒါကို ဘယ်သူကများ ခုခံနိုင်ပါ့မလဲ

ဆူဇီမိုက သူ၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေမည်ဆိုလျှင်တောင် သူသည် အဲ့ဒါကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။

နတ်ဘုရားလက်နက်လေးမျိုးထဲမှ ကြမ္မာဆိုးဓား...

နတ်ဘုရားကုန်းမြေတိုက်သည် ဘယ်လိုနည်းလမ်းအမျိုးအစားများကို အသုံးပြုထားသလဲ သို့မဟုတ် ဤကဲ့သို့ နက်မှောင်၍ ဆိုးယုတ်သော လက်နက်တစ်ခုကို ဖန်တီးဖို့အတွက် သူတို့က ဘယ်လောက်အချိန်ကြာကြာ ယူခဲ့ရသလဲ သူတကယ်ပင် မသိပေ။

ဆူဇီမိုသည် အတုမရှိရတနာနှစ်ခုနှင့်အတူ နတ်ဘုရားမျိုးနွယ် စစ်တပ်နှစ်တပ်ကို ဖျက်ဆီးချေမှုန်းနိုင်ခဲ့၏။ သို့သော် ယခု နတ်ဘုရားမျိုးနွယ်သည် သူတို့၏ နတ်ဘုရားလက်နက်လေးမျိုးထဲမှ ကြမ္မာဆိုးဓားကို ဆင့်ခေါ်လာခဲ့ပြီး သူတို့သည် ဆူဇီမို ၊ ညဝိညာဥ်နှင့် ခွန်လွင်မျိုးနွယ်မှ လူတိုင်းကို ဖျက်ဆီးချေမှုန်းပစ်ချင်နေလေသည်။

“နောက်ဆုတ်ကြ”

ဆူဇီမိုက ခပ်အုပ်အုပ်အော်ပြောလိုက်၏။

“ဇီမို...”

“သခင်လေး”

အဆုံးစွန်မီးနှင့် နန်းကြည်က ထိတ်လန့်သွားပြီး ရှေ့သို့ ပြေးတက်ချင်ကြ၏။

ညဝိညာဥ်ကလည်း မဟူရာနဂါး၏ အလောင်းပေါ်ကနေ လူးလဲ၍ ကျုံးထလာပြီး ကြမ္မာဆိုးဓားကို ခုခံဖို့အတွက် ဆူဇီမိုနှင့်အတူ ရင်ဘောင်တန်းရပ်တည်ချင်လေသည်။

“မင်းတို့တွေအားလုံး... နောက်ဆုတ်ကြ”

ဆူဇီမိုက ထက်ရှသော အကြည့်တစ်ခုနှင့်အတူ တစ်ဘက်သို့လှည့်ပြီး မာန်မဲ ပြောဆိုလိုက်၏။

အဆုံးစွန်မီးနှင့် နန်းကြည်က အနည်းငယ် ​မှက်တက်သွား၏။

သူတို့သည် ဆူဇီမိုထံမှ ဤကဲ့သို့ တင်းမာခက်ထန်သော အမူအရာမျိုးကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

“ဒီဓားက အရမ်းကို ကြောက်စရာကောင်းတယ်... ငါတို့က အဲ့ဒါကို ခုခံနိုင်မှာ မဟုတ်ဘူး”

ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“လင်းလုံလျှို့ဝှက်ကုန်းမြေဆီကို အခုချက်ချင်းပဲ ဆုတ်ခွာကြ... ခွန်လွင်အပျက်အစီးနယ်မြေကနေ ထွက်သွားကြတော့”

“ဇီမို... မင်းကရော “

အဆုံးစွန်မီးက ကျယ်လောင်စွာ​ မေးလိုက်၏။

“ကျုပ်က... ဆက်ပြီးတော့ မထွက်ခွာနိုင်တော့ဘူး”

ဆူဇီမိုက ခါးသီးစွာ ရယ်မောလိုက်၏။

ထိုအခိုက်အတန့်တွင် ဖန်တီးခြင်းကြာပဒုမ္မာက သူ၏ အသိစိတ်ကို ထောက်ပံ့ပေးထားသောကြောင့်သာ မဟုတ်လျှင် နက်မှောင်၍ အေးစက်နေသော ထိုစွမ်းအားက သူ၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို သတ်ဖြတ်ပစ်ပေလိမ့်မည်။

ညဝိညာဥ်၏ မျက်လုံးများက နီရဲလာ၏။ သူသည် ရှေ့သို့ပြေးတက်ချင်သော်လည်း တောင်ကြား၏ အနောက်ဘက်ဆီသို့ များစွာသော ခွန်လွင်ကလန်သားများက အင်တိုက်အားတိုက်ဆုတ်ခွာလာကြ၏။

သူသည် ခြေကုန်လက်ပန်းကျ၍ သူ၏ အော်ရာက အားနည်းနေခဲ့ပြီဖြစ်၏။ သူက အကြိမ်ရေအနည်းငယ်ကြိုးစားပြီးတာတောင် ခွန်လွင်မျိုးနွယ်၏ အစောင့်ရှောက်များထံကနေ ရုန်းထွက်နိုင်ခြင်း မရှိပေ။

တောင်ကြားထဲမှ ဆူဇီမို၏ ပုံရိပ်က တဖြည်းဖြည်းသေးငယ်သွားသည်ကို သူက ကူကယ်ရာမဲ့စွာဖြင့်သာ ကြည့်နေရ၏။

“ဂါး... ဂါး....”

ညဝိညာဥ်က သူ၏ ခေါင်းကိုမော့၍ ကျယ်လောင်စွာ အော်မြည်လိုက်၏။ သူ၏ အသံက ဝမ်းနည်းချောက်ချားစရာကောင်းပြီး သူက ငိုကြွေးနေသည့်အလား အဆုံးမဲ့ပူဆွေးတမ်းတမှုနှင့်အတူ ပြည့်နှက်နေ၏။

ဆူဇီမို၏ အသိစိတ်က တဖြည်းဖြည်းမှိန်ဖျော့လာပြီး သူ၏ အမြင်အာရုံကလည်း တဖြည်းဖြည်းစတင်၍ ဝေဝါးလာ၏။

နဂါးစီးနင်းသူ တပ်ဖွဲ့ခေါင်းဆောင်က သူ့လက်ထဲရှိ ကြမ္မာဆိုးဓားနှင့်အတူ သူ့ထံသို့ချဥ်းကပ်လာနေသည်ကို သူက ဝိုးတဝါးခံစားမိနိုင်၏။

ရုတ်တရက်... သူ့ရှေ့တွင် ​ခြေလှမ်းများက ရပ်တန့်သွား၏။

“ဟီးဟီး...”

နဂါးစီးနင်းသူ တပ်ဖွဲ့ခေါင်းဆောင်က လှောင်ရယ်လိုက်၏။

“ပုရွက်ဆိတ်... မင်းက အခုချိန်ထိ တောင့်ခံနိုင်နေသေးတယ်ဆိုတော့ တော်တော်သန်မာတာပဲ... ဒါပေမဲ့ မင်းက သေရဦးမှာပဲ... မင်းက ကြမ္မာဆိုးဓားကြောင့် သေဆုံးရတာ ဂုဏ်ယူစရာပဲ”

သူက သူ့လက်ထဲရှိ ဧရာမဓားကို ကိုင်မြှောက်ပြီး ဆူဇီမို၏ ရင်ဘတ်ကို ပစ်ထိုးလိုက်၏။

ဖောက်...

လတ်ဆတ်သောသွေးများက ပန်းထွက်လာ၏။

ကြမ္မာဆိုးဓားသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ချက်ချင်းပင်ထိုးဖောက်သွားပြီး ဧရာမဓားဦးချွန်က ဆူဇီမို၏ နောက်ကျောကနေ ပြူထွက်လာကာ သွေးများက တစ်စက်စက်စီးကျနေ၏။

“သခင်လေး....”

နန်းကြည်က အလွန်တရာနာကျင်ရသော အမူအရာနှင့်အတူ သူမ၏ မျက်နှာပေါ်ကို မျက်ရည်များက သွင်သွင်စီးကျလာ၏။

အဆုံးစွန်မီးကလည်း ဆတ်ခနဲတုန်ယင်သွားပြီး သူ့မျက်လုံးထဲရှိအဆုံးမဲ့ အမျက်ဒေါသနှင့်အတူ သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လိုက်၏။

ကြမ္မာဆိုးဓား၏ အော်ရာကနေ ထုတ်ဖော်လိုက်သော ကြမ္မာဆိုးပင့်ကူအိမ်တစ်ခုတည်းကပင် စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကို သတ်ဖြတ်ပစ်နိုင်ဖို့အထိ ကြောက်စရာကောင်းနေခဲ့ပြီဖြစ်၏။

ကြမ္မာဆိုးဓား၏ စွမ်းအားက ဘယ်အဆင့်မှာ ရှိနေသလဲ..

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ကြမ္မာဆိုးဓားနှင့် ရင်ဆိုင်ရာမှာ ရှင်သန်နိုင်ချင်မှ ရှင်သန်နိုင်ပေလိမ့်မည်။ ဆူဇီမိုကတော့ ပေါင်းစည်းခန္ဓာအဆင့်မှာသာရှိနေသေး၏။

ရုတ်တရက်ဆိုသလို...

အဆုံးစွန်မီး၏ အမူအရာက ပြောင်းလဲသွားပြီး တည်တံ့စွာဖြင့် မေးလိုက်၏။

“အဲ့ဒါဘာလဲ”

အဲ့ဒါက သူတစ်ယောက်တည်းသာလျှင် မဟုတ်ပေ။ ညဝိညာဥ် ၊ နန်းကြည်နှင့် အခြားသော ခွန်လွင်ကလန်သားများကလည်း အဲ့ဒါကို အာရုံခံမိသွားကြ၏။

အလွန်တရာကျယ်ပြောသော စွမ်းအားတစ်ခုက ဆူဇီမိုနှင့် နဂါးစီးနင်းသူ တပ်ဖွဲ့ခေါင်းဆောင်ရှိရာဘက်နေ ပေါက်ကွဲထွက်ပေါ်လာ၏။

ထိုစွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် လူတိုင်းသည် အချိန်မရွေးနစ်မြုပ်ပြီး ပျောက်ကွယ်သွားနိုင်သည့်အလား မနှိုင်းယှဥ်သာအောင် သေးငယ်သွားသည်ဟု ခံစားရ၏။

အဲ့ဒါသည် ကြမ္မာဆိုးဓား၏ စွမ်းအားမဟုတ်ပေ။

ထိုစွမ်းအား၏ အော်ရာက ကြမ္မာဆိုးဓားထံမှ အော်ရာနှင့် လုံးဝကွဲပြားခြားနားနေ၏။

ထိုစွမ်းအားပေါ်ထွက်လာသည့်ခဏမှာပင် တောင်ကြားထဲမှာ ပြည့်နှက်နေသော နက်မှောင်၍ အေးစက်နေသည့် ကြမ္မာဆိုးပင့်ကူအိမ်က တိတ်တဆိတ် ပျက်ပြယ်လာ၏။

ထိုစွမ်းအားသည် ဆူဇီမိုနှင့် နဂါးစီးနင်းသူတပ်ဖွဲ့ခေါင်းဆောင်ကို ဗဟိုပြုပြီး တောင်ကြားထဲမှာ ချာလပတ်လည်ကာ လှည့်ပတ်လာ၏။

“ငါသိပြီ”

အဆုံးစွန်မီးက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အဲ့ဒီကြမ္မာဆိုးဓားရဲ့စွမ်းအားက ခွန်လွင်အပျက်အစီးဒေသရဲ့ နတ်ဘုရားစွမ်းအား တားမြစ်နယ်မြေကို နှိုးဆွမိသွားပြီး နတ်ဘုရားစွမ်းအားမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတာပဲ”

အဆုံးစွန်မီး ထိုသို့ပြောပြီးနောက် နတ်ဘုရားစွမ်းအားမုန်တိုင်းက တောင်ကြားထဲမှာ ဖြစ်ပေါ်လာခဲ့လေပြီ။

ဆူဇီမိုနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး နဂါးစီနင်းသူ၏ ပုံရိပ်တို့ကို နတ်ဘုရားစွမ်းအား မုန်တိုင်းထဲမှာ ခပ်ရေးရေးသာ မြင်နိုင်တော့၏။

“အား...”

နန်းကြည်က ဖြူဖပ်ဖြူရော်မျက်နှာနှင့်အတူ အာမေဋိတ်သံတစ်ချက်ထွက်ပြီး အလိုလိုတီးတိုးရေရွတ်လိုက်၏။

“နတ်ဘုရားစွမ်းအားမုန်တိုင်းလား... အဲ့ဒါဆိုရင် သခင်လေးက အပိုင်းပိုင်းစုတ်ပြဲသွားတော့မှာလား”

နတ်ဘုရားစွမ်းအားမုန်တိုင်းကို အမျိုးအစားသုံးမျိုး ခွဲခြားထားလေသည်။

အဲ့ဒါက သာမန် ၊ အဆင့်မြင့်နှင့် အန္တိမနတ်ဘုရားစွမ်းအားမုန်တိုင်းတို့ဖြစ်၏။

သို့သော်လည်း သာမန်နတ်ဘုရားစွမ်းအားမုန်တိုင်းတစ်ခုကပင်လျှင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်အချို့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ဖို့ လုံလောက်လေသည်။ ဆူဇီမိုကတော့ ပေါင်းစည်းခန္ဓာအဆင့်မှာသာရှိနေသေး၏။

“အား...”

နန်းကြည်၏ စကားမဆုံးသေးခင်မှာပင် နဂါးစီးနင်းသူတပ်ဖွဲ့ခေါင်းဆောင်၏ စူးစူးဝါးဝါး အော်သံက ထွက်ပေါ်လာ၏။

နတ်ဘုရားစွမ်းအားမုန်တိုင်းထဲမှာ နဂါးစီးနင်းသူ တပ်ဖွဲ့ခေါင်းဆောင်၏ ခန္ဓာကိုယ်က မြင်နိုင်သောနှုန်းထားဖြင့် ပြန့်ကားလာပြီး အလွန်တရာကြီးမားပြင်းထန်သည့် အသက်ဓာတ်အားပမာဏတစ်ခုကို ထုတ်ဖော်လိုက်၏။

ထိုအသက်ဓာတ်အားက အရမ်းကိုကြီးမားလွန်းပြီး နဂါးစီးနင်းသူတပ်ဖွဲ့ခေါင်းဆောင်၏ ခန္ဓာကိုယ်က အဲ့ဒါကို လုံးဝလက်မခံနိုင်တော့ပေ။ ၎င်းက ပေါက်ကွဲထွက်သွားပြီး သူ၏ခန္ဓာကိုယ်က သွေးမြူများအဖြစ် ပြန့်ကျဲသွား၏။

သူ၏ အမြုတေစိတ်ဝိညာဥ်က နတ်ဘုရားစွမ်းအားမုန်တိုင်းဖြင့် ဆုတ်ဖြဲခြင်းခံရပြီး ဖုန်မှုန့်များအဖြစ်ပြောင်းလဲကာ နေရာမှာပင် သေဆုံးသွားတော့၏။

All Chapters