တမလွန်မီးရောင်မျက်လုံး
Vol. 102 Ch. 1522
ဓမ္မလက်နက်များကို ထိုးဖောက်နိုင်သော နတ်ဘုရားမျက်လုံးသည် ဂမ္ဘီရဟို့၏ အလောင်းပေါ်သို့ မည်သည့်အရိပ်ယောင်မှ မကျန်ရှိစေဘဲ ဆင်းသက်သွား၏။
သို့သော်လည်း သူတို့သည် ခရမ်းရောင်ဟို့၏ ရုပ်အလောင်းကို နှိုးဆွမိသွားပြီး ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ် ဖြစ်ပေါ်လာ၏။
အစကတော့ နတ်ဘုရားမျိုးနွယ်သက်ရှိများစွာသည် ဆူဇီမိုကို ဝိုင်းပတ်ဖို့အတွက် ရှေ့သို့ပြေးလာနေကြ၏။
သူတို့သည် ခရမ်းရောင်ဟို့၏ အလောင်းရှိရာ တောင်ကြားထက်မှ ရုတ်ရုတ်သဲသဲအခြေအနေတစ်ခုကို ခံစားမိသောအခါ သူတို့အားလုံးသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး အကြောက်လွန်နေသော ငှက်များကဲ့သို့ လူစုကွဲသွားကြ၏။
ကမ္ဘာဦး ဂမ္ဘီရဟို့က နတ်ဘုရားမျိုးနွယ်အပေါ် ဆောင်ကြဥ်းပေးခဲ့သည့် အကြောက်တရားသည် အမြစ်တွယ်နေခဲ့ပြီဖြစ်ပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ပြီးတာတောင် အဲ့ဒါက များစွာလျော့ကျမသွားခဲ့ပေ။
ဂမ္ဘီရဟို့က သေဆုံးသွားပြီဖြစ်သော်လည်း သူ၏ ကြွင်းကျန်ရစ်သော စွမ်းအားက တုန်လှုပ်စရာကောင်းလေသည်။
တကယ်တော့... ရုတ်ရုတ်သဲသဲဟုခေါ်သော ထိုအခြေအနေမှာ ခရမ်းရောင်ဟို့ထံမှ ကျောက်တုံးတစ်တုံးလိမ့်ကျလာခြင်းမျှသာဖြစ်၏။
ထိုကျောက်တုံးသည် ငန်းဥတစ်လုံး၏ အရွယ်အစားလောက်ရှိပြီး မင်ကဲ့သို့ နက်မှောင်နေ၏။ ၎င်းက တောင်ကြားထက်ကနေ ဆူဇီမိုထံသို့ လိမ့်ကျလာခဲ့၏။
ဆူဇီမိုက အနည်းငယ်မှင်တက်သွား၏။
ဘာကြောင့်ရယ်မသိ ထိုကျောက်တုံးသည် သူ့ကို ရင်းနှီးကျွမ်ဝင်ဖူးသော ခံစားချက်တစ်ခု ပေးနေ၏။
ထိုကဲ့သို့သော ကျောက်တုံးများကို အများဆုံးတွေ့မြင်ရတတ်လေသည်။
ခွန်လွင်အပျက်အစီးနယ်မြေမှာ မပြောနှင့် ထျန်ဟွမ်ကုန်းမြေတိုက်မှာပင်လျှင် သူတို့ကို နေရာတိုင်းမှာ တွေ့မြင်နိုင်၏။
သို့သော်လည်း ထိုကျောက်တုံးကို မြင်မိချိန်မှာ ဆူဇီမို၏ ရင်ထဲတွင် ဖော်မပြတတ်သော ခံစားချက်တစ်ခုက လှိုက်တက်လာ၏။
သူက အလိုလိုလက်လှမ်းပြီး ကျောက်တုံးကို ဖမ်းဆွဲလိုက်၏။
သို့သော်လည်း ကျောက်တုံးနှင့် ထိတွေ့မိသည့်အခိုက်အတန့်မှာပင် အဲ့ဒါက ရုတ်တရက်ပျောက်ကွယ်သွား၏။
အဲ့ဒါသည် သူ၏ လက်ဖဝါးမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အလားပင်။
“ဒီခံစားချက်....”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး ကန်းလန်ရိုးမမှာ သူ့ဆရာအဆုံးစွန်မီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဥ်က မီးပဒေသာကျောက်တုံးအား ကောက်ယူခဲ့သည့်မြင်ကွင်းကို ရုတ်တရက်ပြန်လည်အမှတ်ရသွား၏။
အခြေအနေနှစ်ရပ်က ထပ်တူနီးပါး ဆင်တူနေ၏။
ရုတ်တရက်ဆိုသလို...
ဆူဇီမိုသည် သူ၏ စိတ်ထဲမှာ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
“အား...”
သူက ညည်းတွားအော်ဟစ်၍ သူ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး ဘောလုံးတစ်လုံးကဲ့သို့ ကွေးညွှတ်ကာ တဆတ်ဆတ်တုန်ယင်နေ၏။
ဆူဇီမို ဘာဖြစ်နေသည်ကို များစွာသော နတ်ဘုရားမျိုးနွယ် သက်ရှိများက မသိရှိကြပေ။ သို့သော်လည်း ဤမြင်ကွင်းက သူတို့တိုက်ခိုက်ဖို့အတွက် အကောင်းဆုံး အခွင့်အလမ်းတစ်ရပ်ဖြစ်လေသည်။
ဦးဆောင်းလာသော နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် ရွှေရောင်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ သူ၏ နတ်ဘုရားမျက်လုံးကို တစ်ချိန်လုံးအာရုံစိုက်ထားပြီး သူက တိုက်ခိုက်ဖို့အတွက် အဆင်သင့်ဖြစ်နေ၏။
ယခု... သူက ထိုအခွင့်အလမ်းကို တွေ့မြင်သွားပြီး တွေဝေတုံ့ဆိုင်းမှုမရှိဘဲ သူ၏ နတ်ဘုရားမျက်လုံးကို ထုတ်ဖော်လိုက်၏။
ဤကဲ့သို့ တုံ့ပြန်မှုရှိလာသည်မှာ သူတစ်ယောက်တည်းသာလျှင် မဟုတ်ပေ။
အလင်းစစ်တပ်ရှိ နတ်ဘုရားမျိုးနွယ်ဝင်သက်ရှိများသည် ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများဖြစ်ကြ၏။ ရှားရှားပါးပါး ဤအခွင့်အလမ်းကို ခံစားမိသွားပြီးနောက် သူတို့က တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြ၏။
စက္ခုနည်းစနစ်များက လေထုကို တစ်ခုပြီးတစ်ခု ဆုတ်ဖြဲလာခဲ့၏။
ချက်ချင်းပင် ရွှေရောင်အလင်းတန်း ရာချီသည် လေဟာနယ်ကို ဖြတ်ကျော်၍ ဆူဇီမိုထံသို့ ပစ်လွင့်လာခဲ့၏။
ရွှေရောင်အလင်းတန်းအများစုက ဆူဇီမို၏ ဦးခေါင်းကို ချိန်ရွယ်လေသည်။ သူတို့ထဲမှ အချို့က ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ သေကွင်းသေကွက်များကို ချိန်ရွယ်လေသည်။
နတ်ဘုရားအလင်းတန်းများ၏ သေးငယ်သော တစ်စိတ်တစ်ပိုင်းသည် ဆူဇီမို၏ ဘေးပတ်လည်ကို ထိုးစိုက်ပြီး သူရှောင်တိမ်းနိုင်မည့် နေရာလွတ်များကို ပိတ်ဆို့လိုက်လေသည်။
နတ်ဘုရားမျိုးနွယ် သက်ရှိငါးရာကျော်က တိုက်ခိုက်လာခဲ့ပြီး သူတို့၏ နတ်ဘုရားမျက်လုံး နည်းစနစ်များကို ထုတ်ဖော်လိုက်ကြ၏။ ရွှေရောင်အလင်းတန်းများက မထိုးဖောက်နိုင်သော ထောင်ချောက်တစ်ခုကို ဖြစ်ပေါ်စေပြီး ဆူဇီမိုပေါ်သို့ လွှမ်းခြုံလာခဲ့၏။
အစကတည်းက စက္ခုနည်းစနစ်များ၏ ရုန်းကန်ပေါက်ကွဲအားက လျှပ်တပြက် ကျဆင်းနိုင်းပြီး ရှောင်တိမ်းဖို့ ခဲယဥ်းလေသည်။
ဒါ့အပြင် ကြောက်စရာကောင်းလောက်သော တိုက်ဆိုင်မှုတစ်ခုဖြင့် ဆူဇီမိုသည် နေရာမှာပင် မလှုပ်မယှက် အမြစ်တွယ်ရပ်နေရပြီး သူ၏ ခေါင်းက ငိုက်စိုက်ကျကာ မည်သည့်အန္တရာယ်ကိုမှ မခံစားမိနိုင်သည့်အလားပင်။
ရုတ်တရက်ဆိုသလို...
ရွှေရောင်အလင်းတန်းများ ဆင်းသက်လာသည့်အခိုက်အတန့်မှာပင် ဆူဇီမိုက ရုတ်တရက် သူ၏ ခေါင်းကို မော့လိုက်၏။ သူ၏ ဘယ်ဘက်မျက်လုံးထဲတွင် မည်သည့်အဖြူရောင်မှ မရှိဘဲ အဲ့ဒါက တစ်ခုလုံး မင်ကဲ့သို့ နက်မှောင်နေ၏။
အဲ့ဒါက မျက်လုံးတစ်လုံးနှင့် မတူပေ။
အဲ့ဒါသည် အေးစက်နေသောအော်ရာတစ်ခုကို ဖြာထုတ်ပေးနေသည့် အဆုံးမဲ့ ချောက်နက်ကြီးတစ်ခုနှင့် တူလေသည်။
အဲ့ဒါက မိစ္ဆာနတ်ဆိုးတစ်ကောင်၏ မျက်လုံးကဲ့သို့ဖြစ်၏။
ဆူဇီမို၏ ဘေးသို့ ဆင်းသက်လာသော ရွှေရောင်အလင်းများအားလုံးသည် လေထဲမှာပင် အေးခဲရပ်တန့်သွားကြ၏။
ရွှေရောင်အလင်းများပေါ်တွင် နှင်းခဲတစ်လွှာက ပေါ်ထွက်လာခဲ့၏။
ဘန်း... ဘန်း.. ဘန်း...
ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ထောင်သည် ဘာမှမကျန်အောင် ကြေမွသွား၏။
ရှေ့နောက် ပြောင်းပြန်အနေဖြင့် နက်မှောင်နေသော မျက်လုံး၏ စွမ်းအားက ပစ်လွင့်ထွက်ပေါ်လာ၏။
များစွာသော နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ အမူအရာများက ပြောင်းလဲသွားပြီး သူတို့သည် အလွန်တရာ အေးစက်နေသော စွမ်းအားတစ်ခုက သူတို့၏ မျက်လုံးထဲသို့ ကျူးကျော်ဝင်ရောက်လာသည်ဟု ခံစားရကာ သူတို့၏ မျက်လုံးအိမ်များကို မလှုပ်ရှားနိုင်တော့ပေ။
သူတို့၏ အကြည့်က အေးခဲရပ်တန့်သွားကြ၏။
နောက်ခဏ၌ သူတို့သည် မည်သည့်အရာကိုမှ မမြင်တွေ့ရတော့ပေ။
နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ မျက်လုံးများထဲတွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ရေခဲအပိုင်းအစများအဖြစ် ပြောင်းလဲသွားကာ ကြောက်စရာကောင်းသောပုံစံဖြင့် သူတို့၏ မျက်တွင်းအိမ်ထဲကနေ ထွက်ကျလာ၏။
နတ်ဘုရားမျိုးနွယ် သက်ရှိများက မျက်စိကွယ်သွားကြလေပြီ။
နတ်ဘုရားမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအချို့သည် သူတို့၏ နတ်ဘုရားမျက်လုံးထဲရှိ နတ်ဘုရားစွမ်းအားတစ်စွန်းတစ်စအပေါ် မှီခိုပြီး သူတို့၏ မျက်လုံးများကို ကာကွယ်လိုက်ကြ၏။
သို့သော်လည်း နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ၏ မျက်လုံးများသည် မခံမရပ်နိုင်သော နာကျင်မှုဖြင့် ပြည့်နှက်နေပြီး သူတို့၏ မျက်နှာများပေါ် မျက်ရည်များက စီကျလာ၏။
“အား.... အား... အား....”
နတ်ဘုရားမျိုးနွယ် သက်ရှိများက နာကျင်စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။
“တမလွန်မီးရောင်မျက်လုံး.... အဲ့ဒါက အရင်တုန်းက ဂမ္ဘီရဟို့ရဲ့ တမလွန်မီးရောင်မျက်လုံးပဲ”
နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏ မျက်လုံးနှစ်ဖက်က နက်ရှိုင်းသော အကြောက်တရားဖြင့် တဖျတ်ဖျတ်လက်ကာ သူ၏ အသံက တုန်ယင်နေ၏။
ထိုစဥ်မှာပင် ဆူဇီမို၏ ဘယ်ဘက်မျက်လုံးထဲရှိ အမှောင်ထုက တဖြည်းဖြည်းဖျော့တော့သွားပြီး ဘာမှမဖြစ်ပျက်ခဲ့သည့်အလား သိပ်မကြာခင်မှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွား၏။
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတုန်းက မွေးနီတစ္ဆေသည် ဆူဇီမိုအား မီးပဒေသာ နဂါးမျက်လုံးသင်ကြားပေးခဲ့စဥ်က သူသည် မီးပဒေသာနှင့် တမလွန်မီးရောင်၏ ဒဏ္ဍာရီကို ပြောပြခဲ့ဖူးလေသည်။
သာမန်ကာလျှံကာ ပုံစံနှင့် ထိုအနက်ရောင်ကျောက်တုံးက တမလွန်မီးရောင်ကျောက်တုံး ဖြစ်နေလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားမိပေ။
မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံး နှစ်ခုစလုံးသည် ခွန်လွင်အပျက်အစီးဒေသမှာ ရှိနေခဲ့၏။
အတိတ်ကာလတုန်းက နတ်မိမယ်လင်းလုံသည် မီးပဒေသာဓားဝင်္ကပါကို မီးပဒေသာကျောက်တုံးထဲမှာ ထည့်သွင်းပြီး လင်းလုံလျှို့ဝှက်ကုန်းမြေမှာ ချန်ထားရစ်ခဲ့လေသည်။ အဆုံးစွန်မီးက မတော်မတဖြစ်ရပ်တစ်ခုဖြင့် အဲ့ဒါကို ထျန်ဟွမ်ကုန်းမြေတိုက်ကြီးဆီသို့ ယူဆောင်လာခဲ့၏။
တမလွန်မီးရောင်ကျောက်တုံးကတော့.. အဲဒီမှာလည်း လျှို့ဝှက်အတတ်တစ်ခုကို ထည့်သွင်းထားလေသည်။ အဲ့ဒါသည် အရင်တုန်းက ဂမ္ဘီရဟို့ကျင့်ကြံခဲ့သော စက္ခုနည်းစနစ် တမလွန်မီးရောင်မျက်လုံး ဖြစ်၏။
တမလွန်မီးရောင်ကျောက်တုံးက ဆူဇီမို၏ ဘယ်ဘက်မျက်လုံးထဲသို့ ဝင်ရောက်လာသည့် အခိုက်အတန့်မှာပင် ထိုစက္ခုနည်းစနစ်က သူ၏ အသိစိတ်နှင့် စတင်ပေါင်းစည်းလာခဲ့ပြီဖြစ်၏။
ဆူဇီမိုသည် ဤကဲ့သို့သော အချိန်တိုအတွင်းမှာ ဤစက္ခုနည်းစနစ်ကို ချက်ချင်းကျင်ကြံနိုင်စရာ အကြောင်းမရှိပေ။ စောစောက မြင်ကွင်းသည် နတ်ဘုရားမျိုးနွယ် သက်ရှိများစွာ၏ နတ်ဘုရားမျက်လုံး နည်းစနစ်က တမလွန်မီးရောင်ကျောက်တုံးပေါ်သို့ ဆင်းသက်လာပြီးနောက် ၎င်း၏ တန်ပြန်တိုက်ခိုက်မှုတစ်ရပ်ကို နှိုးဆွမိခဲ့ခြင်းမျှသာဖြစ်၏။
ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာတွင် စွမ်းအားကြီးသော စက္ခုနည်းစနစ်တစ်စုံတစ်ရာ မရှိခဲ့ပေ။
သူက ယခု တမလွန်မီးရောင်ကျောက်တုံးကို ရရှိသွားခဲ့ပြီဖြစ်ပြီး ထိုအားနည်းချက်ကို ပြုပြင်ဖာထေးနိုင်ပေတော့မည်။
ကမ္ဘာဦးတဗူးတစ်ကောင်၏ စက္ခုနည်းစနစ်၏ စွမ်းပကားကို စဥ်းစားကြည့်နိုင်၏။
အရာရာတိုင်းကို ကံကြမ္မာက ကြိုတင်ပြဋ္ဌာန်းထားသည့်အလားပင်။
ဂမ္ဘီရဟို့သည် သေဆုံးသွားခဲ့သည်မှာ နှသ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်သွားခဲ့ပြီဖြစ်သော်လည်း တမလွန်မီးရောင်ကျောက်တုံးသည် ၎င်း၏ ခန္ဓာကိုယ်ကနေ ကျဆင်းလာခဲ့ပြီး ဆူဇီမိုကို လက်ရှိအကျပ်အတည်းကနေ ရုန်းထွက်နိုင်ရန် ကူညီပေးခဲ့၏။
ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ကျောပေး၍ မတ်တတ်ရပ်နေသော ဂမ္ဘီရဟို့၏ အလောင်းကို လှည့်ကြည့်လိုက်၏။ ရိုသေလေးစားသော အမူအရာနှင့်အတူ သူက ညင်သာစွာ ပြောလိုက်၏။
“စီနီယာ... မပူပါနဲ့.. အဲ့ဒီနတ်ဘုရားမျိုးနွယ်တွေကို ကျုပ်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးဆီ သေချာပေါက် ခြေချခွင့်ပေးမှာ မဟုတ်ဘူး”
ရုတ်တရက် ဆူဇီမိုသည် အလင်းစစ်တပ်ရှိရာဘက်သို့ ပြေးဝင်သွားပြီး ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်၏။
နတ်ဘုရားမျိုးနွယ်သက်ရှိများက ယခုအချိန်မှာ မျက်စိကွယ်နေကြ၏။ သူတို့သည် စွမ်းအားတချို့ကို စုစည်းကာ ဖြည့်တင်းနိုင်သည်နှင့်အမျှ သူတို့သည် သူတို့၏ မျက်လုံးများကို ပြန်ပေါက်စေနိုင်ပြီး သူတို့၏ အမြင်အာရုံကို ပြန်လည်ရရှိလာနိုင်လေသည်။
သို့သော်လည်း ဆူဇီမိုသည် သူတို့ကို ထိုအခွင့်အရေး လုံးဝမပေးတော့ပေ။ သူ၏ တိုက်ခိုက်ရည်မှုများက ကြမ်းကြုတ်ခက်ထန်၍ ရက်စက်ကာ ပြတ်သားမှုရှိလေသည်။ သူက လှုပ်ရှားမှုအနည်းငယ်ချင်းစီတိုင်းမှာ နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ယောက်ကို သေချာပေါက်သတ်ဖြတ်နိုင်ပေလိမ့်မည်။
အနီးကပ်တိုက်ခိုက်ရည်မှာဆိုလျှင် နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို မယှဥ်နိုင်ပေ။
နတ်ဘုရားမျိုးနွယ် သက်ရှိများသည် တစ်ယောက်ပြီးတစ်ယောက် လဲကျလာပြီး ပြန်ထမလာနိုင်ကြပေ။
ကမ္ဘာဦးခေတ်နှင့် တူညီသော မြင်ကွင်းမျိုးက ပေါ်ထွက်လာခဲ့၏။
ထိုနတ်ဘုရားမျိုးနွယ် သက်ရှိများသည် ဤတောင်ကြားမှာ ထာဝရမြှုပ်နှံခံရလေသည်။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များ၏ အရေအတွက်က လျင်မြန်စွာ လျော့ကျလာနေ၏။
လေးရာ...
သုံးရာ...
အစက လူပေါင်းတစ်ထောင်ရှိခဲ့သော အလင်းစစ်တပ်သည် ယခုအချိန်တွင် ဆူဇီမို၏ လက်ချက်ဖြင့် အယောက်နှစ်ရာကျော်ကျော်သာလျှင် ကျန်ရှိတော့၏။
ထိုစဥ်မှာပင် သက်တံရောင်လှိုဏ်ဂူရှိရာဘက်ကနေ ကြောက်စရာကောင်းသောအော်ရာများက နောက်တစ်ဖန် ပေါက်ကွဲထွက်ပေါ်လာပြီး နက်မှောင်၍ အေးစက်နေသော စွမ်းအားတစ်ခုက ခွန်လွင်အပျက်အစီးဒေသကို ထိုးဖောက်ဝင်ရောက်လာ၏။
နတ်ဘုရားမျိုးနွယ် သက်ရှိများက တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြလေသည်။
ထိုနတ်ဘုရားမျိုးနွယ် သက်ရှိများသည်လည်း ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိကြ၏။ သို့သော်လည်း သူတို့သည် မည်သည့်ချပ်ဝတ်တန်ဆာကိုမှ ဝတ်ဆင်မထားကြပေ။ ထိုအစား သူတို့သည် အနက်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး မည်သည့်တောကောင်ကိုမှ စီးနင်းထားခြင်းမရှိပဲ ကျောက်စိမ်းကဲ့သို့ တောင်ဝှေးများကို ကိုင်ဆွဲထားကြ၏။
နတ်ဘုရားမျိုးနွယ် သက်ရှိများ တောင်ကြားထဲသို့ ဝင်ရောက်လာသောအခါ နက်မှောင်နေသော တိမ်စိုင်များက တလိပ်လိပ်ထိုးတက်လာ၏။
အမှောင်စစ်တပ်က ရောက်ရှိလာခဲ့လေပြီ။