အမှောင်ထု ရောက်ရှိလာမှု
Vol. 102 Ch. 1523
အမှောင်စစ်တပ်၏ နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်တပ်မှူးသည် အုံ့မှိုင်းသော မျက်နှာထားရှိပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်၏။ သူသည် ဆံပင်တိုတို မျက်နှာပါးပါးဖြစ်ပြီး သူ၏ မျက်လုံးများက စူးရှကာ သူ၏ ရှေ့တွင် တောင်ဝှေးတစ်လက်ကို ဖြည်းဖြည်းချင်း ဝေ့ယမ်းနေ၏။ သူ၏ နောက်ဘက်ရှိ အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ် သက်ရှိများစွာသည်လည်း သူတို့၏ တောင်ဝှေးများကို ဝေ့ယမ်းလိုက်ကြ၏။
အနက်ရောင်မြူခိုးများက တစ်ခုပြီးတစ်ခု ဖြန့်ကြက်လာပြီး တလိပ်လိပ်တက်လာသော မီးခိုးလုံးများကဲ့သို့ ဂမ္ဘီရသံလိုက်တောင်ကို လွှမ်းခြုံသွား၏။
ကောင်းကင်က ချက်ချင်းပင် မှောင်မဲလာခဲ့၏။
လောကတစ်ခုလုံးက အမှောင်ထုဖြင့် လွှမ်းခြုံခြင်းခံလိုက်ရသည့်အလားပင်။
အပူချိန်က ကျဆင်းလာခဲ့၏။
တစ်ခဏချင်းမှာပင် ဂမ္ဘီရသံလိုက်တောင်ကို အနက်ရောင်မြူခိုးများက လွှမ်းခြုံသွားခဲ့လေသည်။
“ဟမ်...”
ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
အမှောင်ထုဆင်းသက်လာသောအခါ ဂမ္ဘီရသံလိုက်တောင်ကို သူက ဆက်လက်၍ မထိန်းချုပ်နိုင်တော့ပေ။
သို့သော်လည်း အနက်ရောင်မြူခိုးများ၏ လွှမ်းခြုံမှုအောက်တွင် ဂမ္ဘီရသံလိုက်တောင်၏ စွမ်းအားက အလျင်အမြန်အားလျော့လာနေသည်ကို သူက ရှင်းလင်းစွာခံစားမိနိုင်၏။
“ကလန်သားတို့... အမှောင်စစ်တပ်က ဒီနေရာကို ရောက်လာပြီ”
အလင်းစစ်တပ်၏ နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်တပ်မှူးက အော်ပြောလိုက်၏။
“မင်းတို့ရဲ့ ချပ်ဝတ်တွေကိုပြန်ဝတ်ပြီး မင်းတို့ရဲ့လက်နက်တွေကိုထုတ်လိုက်ကြ... ဒီတောင်ထွတ်ကို ဖျက်ဆီးပြီး ငါတို့ရဲ့လမ်းကို သတ်ဖြတ်ခြင်းနဲ့ ဖောက်ထွက်ရမယ်”
ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ် သက်ရှိနှစ်ရာကျော်ကျော်က စိတ်အားမာန်များ တက်ကြွလာကြ၏။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်အချို့၏ မျက်လုံးဒဏ်ရာများသည် ယခုအချိန်ထိ သက်သာပျောက်ကင်းမလာသေးသော်လည်း သူတို့သည် သူတို့၏ သိုလှောင်လက်စွပ်များထဲကနေ သူတို့၏ ချပ်ဝတ်တန်ဆာများကို ဆွဲထုတ်ပြီး သူတို့၏ ဓားများနှင့် ဒိုင်းကာများကို ကိုင်ဆွဲလိုက်ကြ၏။
သူတို့၏ စွမ်းအားကြီးမားသော စိတ်ဝိညာဥ်အသိစိတ်ပေါ်မှီခိုပြီး သူတို့သည် ကြမ်းကြုတ်ခက်ထန်သောပုံစံဖြင့် တိုက်ခိုက်လာကြ၏။
နတ်ဘုရားမျိုးနွယ်၏ ဓားများနှင့် ဒိုင်းကာများသည် အလွန်တရာမာကြောခက်ထန်ပြီး ဓမ္မဖြိုခွင်းလေးကပင်လျှင် သူတို့ကို မထိုးဖောက်နိုင်ပေ။
ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ပင်လျှင် သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိပေ။
သူတို့၏ ချပ်ဝတ်များကို ဝတ်ဆင်၍ သူတို၏ ဓားနှင့် ဒိုင်းကာများကို ကိုင်ဆွဲပြီးနောက် ထိုနတ်ဘုရားမျိုးနွယ် သက်ရှိများသည် မထိုးဖောက်နိုင်သော ခံစစ်ဝင်္ကပါတစ်ခုကို စုဖွဲ့ကာ ဆူဇီမိုကို အပြင်ဘက်ကနေ ပိတ်ဆို့လိုက်ကြ၏။
ပြေရမည်ဆိုလျှင် ဂမ္ဘီရသံလိုက်တောင်နှင့် ဓမ္မဖြိုခွင်းလေးမရှိပဲ ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားက သိပ်သည်းပြင်းထန်သော်လည်း သူသည် အလင်းစစ်တပ်တစ်တပ်လုံး၏ စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ယခုအခါ အမှောင်စစ်တပ်က ရောက်ရှိလာခဲ့လေပြီ။ ဆူဇီမိုသည် ခက်ခဲကျပ်တည်းသော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရပေတော့မည်။
သူက နောက်သို့ဆုတ်၍ ယာယီအားဖြင့် ကျန်ရှိနေသော အလင်းစစ်တပ်နှင့် အကွာအဝေးတစ်ခုခြားကာ သူ၏ သက်လုံးအားကို ဖြည့်တင်းဖို့အတွက် နောက်ထပ်ဆေးလုံးလက်တစ်ဆုပ်စာကို စားလိုက်၏။
စောစောကတိုက်ပွဲတွင် ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ရေးမှာ နတ်ဘုရားမျိုနွယ်သက်ရှိများစွာနှင့် တိုက်ခိုက်ခဲ့ရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်သည် ဆေးလုံးများနှင့် ဖန်တီးခြင်းကြာခုံ၏ အားဖြည့်မှုအောက်မှာ ခုနှစ်ဆယ်ရာခိုင်နှုန်းနီးပါး ပြန်လည်အားပြည့်လာခဲ့၏။
အဲ့ဒါသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ကြောက်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်းအားဖြစ်ပြီး ဖန်တီးခြင်းကြာပဒုမ္မာ လျှို့ဝှက်ဆန်းကြယ်နေရသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်းဖြစ်၏။
ဆူဇီမိုသည် ဓမ္မဖြိုခွင်းလေးကို ယခုအချိန်မှာ ဆင့်ခေါ်မည်ဆိုလျှင် သူက ရာနှင့်ချီသော ဓမ္မစွမ်းအားမြားများကို နောက်တစ်ဖန်ပစ်ထုတ်နိုင်လေသည်။
ဘန်း.... ဘန်း... ဘန်း...
အလင်းစစ်တပ်သည် ဆူဇီမိုကို နောက်သို့ ဆုတ်စေပြီးနောက် သူတို့သည် ခွန်လွင်အပျက်အစီးနယ်မြေသို့ ဆက်လက်တက်လှမ်းလာခြင်း မရှိပေ။ ထိုအစား သူတို့သည် ဂမ္ဘီရသံလိုက်တောင်ဘက်သို့လှည့်ကာ အဆက်မပြတ် တိုက်လိုက်လိုက်ကြ၏။
သူတို့၏ အပြုအမူသည် ဂမ္ဘီရသံလိုက်တောင်အပေါ် ကြောက်ရွံ့မှုကို ဖယ်ထုတ်ရန်နှင့် သူတို့၏ အမျက်ဒေါသကို ပုံချရန်လည်းဖြစ်၏။
အလင်းစစ်တပ်မှာရှိသည့် နတ်ဘုရားမျိုးနွယ် စစ်သည်တစ်ယောက်ချင်းစီသည် ထိုတောင်ထွတ်၏ သက်ရောက်မှုကြောင့် သူတို့သည် သက်ရှိပစ်မှတ်များအဖြစ် သဘောထားခံခဲ့ရသည်ကို မမေ့ပျောက်နိုင်ကြပေ။ ထိုစဥ်က သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် တစ်ယောက်ပြီးတစ်ယောက် ကျဆုံးခဲ့ရ၏။
အမှောင်စစ်တပ်က တိုက်ခိုက်လာပြီဖြစ်သော်လည်း နတ်ဘုရားမျိုးနွယ် သက်ရှိများက စိုးရိမ်ပူပန်နေကြဆဲ ဖြစ်၏။
ဒါ့အပြင် သူတို့က သူတို့ရင်ထဲရှိ အမျက်ဒေါသကို ဖွင့်ထုတ်ချင်လေသည်။
သူတို့နှလုံးသား၏ အနက်ပိုင်းထဲတွင် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည် နှစ်ရာကျော်ကျော်သည် ဆူဇီမိုကို ဆက်လက်၍ မတိုက်ခိုက်ရဲတော့ပဲ ဂမ္ဘီရသံလိုက်တောင်ဆီသို့သာ ပြေးဝင်သွားကြ၏။
ဂမ္ဘီရသံလိုက်တောင်၏ နောက်ဘက်တွင် အမှောင်စစ်တပ်၏ နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်တပ်မှူးသည် အမိန့်ပေးနေပြီး နတ်ဘုရားမျိုးနွယ် သက်ရှိများစွာက သူတို့၏ တောင်ဝှေးများကို ဝေ့ယမ်းကာ နက်မှောင်နေသော လှံတံများကို စုဖွဲ့ပြီး ဂမ္ဘီရသံလိုက်တောင်ဆီသို့ ပစ်ထုတ်လိုက်ကြ၏။
အလင်းနှင့် အမှောင်၏ အဆုံးစွန်စွမ်းအားနှစ်ခုက ဂမ္ဘီရသံလိုက်တောင်ပေါ်မှာ ပေါက်ကွဲထွက်ပေါ်လာ၏။
ဘုန်း... ဘုန်း... ဘုန်း...
မြေပြင်က လှုပ်ခါသွားပြီး အသံများ ကြောက်ခမန်းလိလိဖြစ်လေသည်။
ဤကဲ့သို့သော စွမ်းအားသည် နတ်ဘုရားကုန်းမြေတိုက်၏ အထွတ်အထိပ်ကို ကိုယ်စားပြုပြီး လောကကိုပင် ဖျက်ဆီးပစ်နိုင်လေသည်။
ဆူဇီမိုက အာရုံစိုက်၍ ကြည့်လိုက်၏။
ပေတစ်ထောင်မြင့်မားသော တောင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး တစ်စတစ်စ ဖြန့်ကြက်လာနေသည်ကို သူက ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။
ဂမ္ဘီရသံလိုက်တောင်က ကြေမွသွားလေပြီ။
ရှေးဟောင်းခေတ်၏ ဤအတုမရှိရတနာသည် နတ်ဘုရားမျိုးနွယ် လူမှုအဖွဲ့အစည်း၏ ကြီးမားသော ထိတွေ့ရိုက်ခတ်မှုကို နောက်ဆုံးမှာ မခုခံနိုင်တော့ပဲ နတ်ဘုရားသတ်ဖြတ်ခြင်း တောင်ကြားမှာ ပျက်စီးသွားခဲ့လေပြီ။
သို့သော်လည်း ထိုရှေးဟောင်းအတုမရှိရတနာသည် သူ၏ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားခဲ့လေပြီ။
အကြောင်းမှာ သူ၏ တည်ရှိမှုကြောင့် အလင်းစစ်တပ် တစ်တပ်လုံးနီးပါးသည် ဆူဇီမို၏ ဖျက်ဆီးချေမှုန်းခြင်းကို ခံခဲ့ရသောကြောင့်ပင်။
ဂမ္ဘီရသံလိုက်တောင်က ပြိုလဲသွားပြီး မရေမတွက်နိုင်သော ကျောက်ခဲများကို လိမ့်ဆင်းလာစေကာ ဖုန်များကို တထောင်းထောင်းထသွားစေ၏။
နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြက နောက်တစ်ဖန်ပွင့်ဟသွားခဲ့လေပြီ။
ကျန်ရှိနေသော အလင်းစစ်တပ်၏ နတ်ဘုရားမျိုးနွယ် သက်ရှိနှစ်ရာကျော်ကျော်သည် အမှောင်စစ်တပ်ရှိရာဘက်သို့ ပြေးသွားကြ၏။
“အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ”
အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူးက သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“အဲ့ဒါက ဟိုလူကြောင့်ပဲ”
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များထဲမှ တစ်ယောက်က မလှမ်းမကမ်းတောင်ကြားထဲရှိ ဆူဇီမိုကို လက်ညိုးထိုးပြလိုက်၏။ တံတွေးကိုမျိုချပြီး သူကပြောလိုက်၏။
“ကျုပ်တို့က အဲ့ဒီလူပိတ်ဆို့ထားတဲ့လမ်းကို ဖောက်မထွက်နိုင်ခဲ့ဘူး”
“လူတစ်ယောက်တည်းကြောင့်လား”
အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူးက ပိုမိုနက်ရှိုင်းစွာ မျက်မှောင်ကြုတ်ပြီး မယုံကြည်နိုင်စွာ မေးလိုက်၏။
“ဟုတ်ပါတယ်”
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်က စောစောက မြင်ကွင်းကို ပြန်လည်မြင်ယောင်ရင်း ရင်တလှပ်လှပ်ခံစားနေရဆဲ ဖြစ်၏။
“သူက လူသားတစ်ယောက်ဆိုပေ...”
“ဟားဟား”
ရုတ်တရက် အမှောင်စစ်တပ်ခေါင်းဆောင်တပ်မှူးက ရယ်မော၍ လှောင်ပြောင်သရော်ဟန်ဖြင့် မေးလိုက်၏။
“နောက်ပြီး... သူက လူသားတစ်ယောက်လား”
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်က ပြောစရာစကားမဲ့သွားရ၏။
အမှောင်စစ်တပ်ခေါင်းဆောင်တပ်မှူးက အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။
“မင်းတို့အလင်းစစ်တပ်က တကယ့်ကို အခြေအနေဆိုးဝါးလာတာပဲ... မင်းတို့က ကမြောက်ကခြောက် လူသားတစ်ဦးရဲ့ ပိတ်ဆို့တားဆီးတာကို ခံနေရတယ်ဆိုတော့...... နတ်ဘုရားမျိုးနွယ်အတွက် တကယ့်ကို အရှက်ရစရာပဲ”
“အားလုံးပဲ... ငါ့နောက်ကိုလိုက်ပြီး အဲ့ဒီလူသားကို သတ်ဖြတ်ရအောင်”
အမှောင်စစ်တပ်ခေါင်းဆောင်တပ်မှူးက အေးစက်စွာပြော၍ သူ့နောက်ဘက်ရှိ အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ် သက်ရှိများကို ဦးဆောင်လိုက်၏။
ခဏမျှရပ်တန့်ပြီးနောက် သူက ဖြူဖပ်ဖြူရော်မျက်နှာနှင့် ဆိုးဆိုးဝါးဝါးတုန်လှုပ်နေဆဲ ဖြစ်သော နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များကိုကြည့်ကာ လှောင်ရယ်လိုက်၏။
“မင်းတို့တွေကတော့... ဒီနေရာမှာနေပြီး အားဖြည့်လိုက်ကြ... မင်းတို့က တကယ်ပဲ ကြောက်နေတယ်ဆိုရင်လည်း နတ်ဘုရားကုန်းမြေတိုက်ကို ပြန်လစ်လိုက်တော့... နတ်ဘုရားမျိုးနွယ်ကို နောက်ထပ်အရှက်မရစေနဲ့”
“ဟမ်..”
အလင်းစစ်တပ်၏ နတ်ဘုရားမျိုးနွယ်မြင်းစီးစစ်သည်များက ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။
အလင်းစစ်တပ်၏ နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်တပ်မှူးက သုန်မှုန်နေသော အမူအရာတစ်ခု ရှိပြီး လက်ကာပြလိုက်၏။
“ဆက်ပြီးတော့... ငြင်းခုံနေစရာမလိုဘူး... မဟာရန်သူတော်တစ်ယောက်နဲ့ ရင်ဆိုင်နေရချိန်မှာ နတ်ဘုရားမျိုးနွယ် စစ်တပ်နှစ်တပ်က တစ်ဘက်နဲ့တစ်ဘက် တိုက်ခိုက်နေလို့ မဖြစ်ဘူး... အမှောင်စစ်တပ် မင်းတို့လည်း ဂရုစိုက်ကြဦး”
“ဟီးဟီး”
အမှောင်စစ်တပ်ခေါင်းဆောင်တပ်မှူးက နှုတ်ခမ်းစူပြီး အထင်သေးစွာပြောလိုက်၏။
“လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး မဟာရန်သူတော်တစ်ယောက် ဖြစ်သွားရတာလဲ”
အလင်းစစ်တပ် နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်တပ်မှူးက စကားဆက်ပြောချင်သော်လည်း ရပ်တန့်လိုက်၏။
အစကတော့... ထိုလူသားသည် အလွန်တရာကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားနှင့်အတူ ဓမ္မလေးတစ်လက်ကို ကိုင်ဆောင်ထားကြောင်း သူက အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူးကို သတိပေးချင်ခဲ့လေသည်။
သို့သော်လည်း နောက်တစ်ဖန်ပြန်တွေးကြည့်တော့ ထိုလူသားသည် လေးကြိုးကို အဆက်မပြတ်ဆွဲတင်ရန် စွမ်းအင်အမြောက်အမြားကို အသုံးပြုခဲ့ရပေမည်။ သူ့မှာ စွမ်းအင်များစွာ မကျန်ရှိလောက်တော့ပေ။
ဒါ့အပြင် သူသည် အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူး၏ ထေ့လုံးငေါ့လုံးများမှာ အနည်းငယ်မကျေမနပ်ဖြစ်နေပြီး မည်သည့်စကားမှ မပြောတော့ပဲ နှာတစ်ချက်မှုတ်လိုက်၏။
“လူသားမျိုးနွယ်က ပုရွက်ဆိတ်.. ငါမင်းကို ငရဲဆီပို့ပေးမယ်”
အမှောင်စစ်တပ်ခေါင်းဆောင်တပ်မှူးက သူ၏ တောင်ဝှေးကို ဝေ့ယမ်းပြီး အနက်ရောင်မြူခိုးများကို ဖြန့်ကြက်လိုက်၏။
သူ့နောက်ဘက်ရှိ အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ် သက်ရှိများကလည်း သူတို့၏ တောင်ဝှေးများကို ဝေ့ယမ်းပြီး ထူးဆန်းသော စကားလုံးများနှင့် ဂါထာမန္တန်များစွာကို ရွတ်ဆိုလိုက်ကြ၏။
အနက်ရောင့်မြူခိုးများ နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားထဲမှာ ဆင်းသက်လာသောအခါ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုပေါ်ထွက်လာ၏။
ယခုတင်ကျဆုံးထားသော အလင်းစစ်တပ်၏ နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည် တစ်ယောက်ပြီးတစ်ယောက် ထရပ်လာကြ၏။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်အချို့သည် သူတို့၏ ဦးခေါင်းများ မရှိကြတော့ပေ။
သူတို့ထဲမှအချို့သည် သူတို့၏ လက်များ မရှိကြတော့ပေ။
သူတို့ထဲမှ အချို့သည် သူတို့၏ ခန္ဓာကိုယ်တစ်ခြမ်းကိုပင် ဆုံးရှုံးထားရ၏။ သို့သော်လည်း သူတို့က ဒယီးဒယိုင်ဖြင့် ထရပ်လာကြဆဲ ဖြစ်၏။
သို့သော်လည်း နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များကို နက်မှောင်နေသော မြူခိုးတစ်လွှာက လွှမ်းခြုံထား၏။ သူတို့သည် အသက်ဝင်လာသည့်အလား စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ဖြာထုတ်ပေးပြီး သူတို့၏ နက်မှောင်နေသော မျက်လုံးများဖြင့် ဆူဇီမိုကို လှည့်ကြည့်လိုက်ကြ၏။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည် သွေးသံရဲရဲအလောင်းများကနေ တစ်ယောက်ပြီးတစ်ယောက် ကျုံးထလာကြ၏။
ဆူဇီမို၏ အမူအရာက သုန်မှုန်လာခဲ့၏။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည် သေဆုံးသွားခဲ့ပြီဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှာ မည်သည့်အသက်ဓာတ်မှ မကျန်ရှိတော့ကြောင့် သူက ခံစားမိနိုင်၏။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များ ပြန်လည်ရှင်သန်ရခြင်းမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားမှတစ်ဆင့် သူတို့ကို အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ်များက ထိန်းချုပ်နိုင်သောကြောင့်ဖြစ်၏။
ဆူဇီမိုသည် ဤကဲ့သို့ထူးဆန်းသည့် နည်းလမ်းမျိုးကို အရင်က တစ်ခါမှ မမြင်ဖူး မကြားဖူးခဲ့ပေ။