ခေါင်းဆောင်တပ်မှူးတစ်ယောက် သေဆုံးသွားခြင်း
Vol. 102 Ch. 1524
ဆူဇီမိုက အမူအရာကင်းမဲ့နေ၏။
သူသည် နတ်ဘုရားမျိုးနွယ်၏ နည်းလမ်းများနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော်လည်း အဲဒီမှာ မရေမတွက်နိုင်သော ဓမ္မပညာရပ်များနှင့် တာအို ၃၀၀၀ ရှိလေသည်။ သူတို့အားလုံးမှာ ဆင်တူမှုများ ရှိကြလေသည်။
ဆူဇီမိုသည် သူ၏ လက်ဝါးနှစ်ဖက်ကို ပူးကပ်ပြီး သူ၏ ဦးခေါင်းကို ငုံ့ကာ ရှုပ်ထွေးနက်နဲသော သုတ္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
“ဥုံ… အာ… မို… ဂါ…”
ထိုဂါထာမန္တန်သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းပကားတစ်ခုကို ပိုင်ဆိုင်ထား၏။
တဖြည်းဖြည်းဖြင့် ဆူဇီမို၏ ခန္ဓာကိုယ်ကို ဂမ္ဘီရဗုဒ္ဓအလင်းရောင်တစ်ခု လွှမ်းခြုံလာပြီး တစ်မူထူးခြားသော အော်ရာနှင့်အတူ သူက ခံ့ညားထည်ဝါလာခဲ့၏။
မဟာအလင်းမန္တန်..
အကြားအာရုံထုတ်ဖော်မန္တန်..
အာရုံခံပဟေဠိမန္တန်..
လမ်းခြောက်သွယ်စိန်မန္တန်…
လျှို့ဝှက်မန္တန် လေးခုသည် တိုက်ခိုက်ခြင်းစွမ်းအားများစွာကို ပိုင်ဆိုင်မထားဘဲ ဝိညာဉ်များကို ဆေးကြောသန့်စင်ပြီး သူတို့၏ မကျေမချမ်းမှုများကို လွှတ်ချနိုင်စေရန် ဗုဒ္ဓကျောင်းတော်များ၏ နည်းစနစ်ကို အသုံးပြုထားခြင်းမျှသာ ဖြစ်၏။
နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များက ပြန်လည်မွေးဖွားလာပြီး ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်၍ ဓားများနှင့် ဒိုင်းကာများကို ကိုင်ဆွဲလာကြ၏။ ဆူဇီမိုက သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ပြီး ဖိနှိမ်မည်ဆိုလျှင်တောင် သူတို့က နောက်တစ်ဖန် ပြန်လည်ထလာနိုင်လေသည်။
သူတို့ကို အပိုင်းပိုင်း ချေမွမဖျက်ဆီးပစ်နိုင်သရွေ့ သူတို့သည် အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ လျှို့ဝှက်အတတ်ကြောင့် ဖျက်ဆီး၍ မရနိုင်လုနီးပါးပင်။
သို့သော်လည်း သူသည် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များထံမှ အမှောင်စွမ်းအားကို ဖယ်ရှားရှင်းလင်းဖို့အတွက် ဗုဒ္ဓကျောင်းတော်များ၏ လျှို့ဝှက်မန္တန်တစ်ခုကို အသုံးပြုမည်ဆိုလျှင် သူတို့သည် နောက်တစ်ဖန် ပြန်လည်သေဆုံးသွားပေလိမ့်မည်။
အဲဒါက မတူညီသော ကျင့်ကြံရေး ယဉ်ကျေးမှုနှစ်ခုကြား တိုက်ပွဲတစ်ရပ်ဖြစ်၏။
“ဟမ့်”
အမှောင်စစ်တပ်က မျက်မှောင်အနည်းငယ်ကြုတ်၍ အမိန့်ပေးလိုက်ပြီး အံ့အားသင့်မှု တစ်စွန်းတစ်စနှင့်အတူ တောင်ကြားထဲရှိ မြင်ကွင်းကို ကြည့်လိုက်၏။
အစကတော့… ပြန်လည်ရှင်သန်လာသော နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည် သိပ်သည်းပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ကာ နောက်တစ်ဖန် စုဝေး၍ ဆူဇီမိုထံသို့ ချီတက်ဖို့ ပြင်ဆင်နေကြ၏။
သို့သော်လည်း လျှို့ဝှက်ဂါထာမန္တန်လေးခု ဆင်းသက်လာပြီးနောက် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များ၏ မျက်လုံးထဲရှိ အနက်ရောင်မြူခိုးများက တဖြည်းဖြည်း ပျက်ပြယ်လာ၏။
ထိုအနက်ရောင်စွမ်းအားကို ဆုံးရှုံးပြီးနောက်.. ပြန်လည်ရှင်သန်လာသော နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များက နောက်တစ်ဖန် လဲကျသွား၏။
“စိတ်ဝင်စားစရာပဲ”
အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူးက ညင်သာစွာ ပြုံးလိုက်၏။
“လူသားမျိုးနွယ်ရဲ့ မင်းလို ပုရွက်ဆိတ်တစ်ကောင်မှာ လှည့်စားကွက်တချို့ ရှိနေတာပဲ.. ဒါပေမဲ့ မင်းက အမှောင်စစ်တပ်ကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်မယ် ထင်နေရင်တော့ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်”
သူက သူ၏ တောင်ဝှေးကို ဝှေ့ယမ်းလိုက်၏။
အနက်ရောင်မြူခိုးများက သူ့တောင်ဝှေးထံမှ တစ်ခုပြီးတစ်ခု နောက်တစ်ဖန် ထွက်ပေါ်လာ၏။
အမှောင်စစ်တပ်ထဲရှိ အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ်သက်ရှိများစွာသည် သူတို့၏ ဓမ္မစွမ်းအားများကို စတင်၍ စုစည်းပြီး အမှောင်စွမ်းအားများကို တစ်ခုပြီးတစ်ခု ဆင်းသက်စေကာ ဆူဇီမို၏ ဂါထာမန္တန်များ၏ စွမ်းအားကို ခုခံလိုက်၏။
အမှောင်စွမ်းအားက အဆုံးမရှိပေ။
အဲဒါက တစ်ယောက် တစ်ယောက်ချင်း တိုက်ခိုက်ရခြင်း မဟုတ်ပေ။
အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူး ပြောသလိုပင်။ ဆူဇီမိုသည် စစ်တပ်တစ်တပ်လုံး၏ စွမ်းအားကို တစ်ယောက်တည်းဖြင့် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ဗုဒ္ဓကျောင်းတော်များ၏ လျှို့ဝှက်မန္တန်များက နတ်ဘုရားမျိုးနွယ် ထိန်းချုပ်ထားသည့် အမှောင်စွမ်းအားပေါ် တကယ်ပင် တန်ပြန်ရိုက်ခတ်မှု ရှိလေသည်။
သို့သော်လည်း အမှောင်စစ်တပ်မှာ လူတစ်ထောင် ရှိလေသည်။
သူတို့ ထုတ်ဖော်လိုက်သော အမှောင်စွမ်းအားက အရမ်းကို ကြီးမားလွန်း၏။
ဆူဇီမို၏ လျှို့ဝှက်မန္တန်များသည် အတောမသတ် ထွက်ပေါ်နေသည့် အမှောင်စွမ်းအားကို သိပ်မကြာခင် တောင့်မခံနိုင်တော့ပေ။
လဲကျသွားသော နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များက ပြန်လည်ရှင်သန်လာတော့မည့် လက္ခဏာများ ပြသလာ၏။
ဆူဇီမို၏ မျက်လုံးက အေးစက်မှုဖြင့် တဖျပ်ဖျပ်လက်လာ၏။
ဒီတိုင်းသာ ဆက်သွားလျှင် သူက သေချာပေါက် ရှုံးနိမ့်ရပေတော့မည်။
အမှောင်စစ်တပ်နှင့် အားပြိုင်ရင်း အချိန်ဖြုန်းနေဖို့ထက် သူသည် အမှောင်စစ်တပ်၏ နတ်ဘုရားမျိုးနွယ် သက်ရှိများကို သတ်ဖြတ်ပြီး သူတို့၏ စွမ်းအားအရင်းအမြစ်ကို ဖြတ်တောက်ချင်လေသည်။
ထိုသို့အတွေးဖြင့် ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး ဧရာမ အစိမ်းရောင် လေးတစ်လက်ကို ဆွဲထုတ်လိုက်၏။
အဲဒါက ရှေးဟောင်း အတုမရှိရတနာ ဓမ္မဖြိုခွင်းလေး ဖြစ်၏။
ခပ်လှမ်းလှမ်းကနေ အလင်းစစ်တပ် ခေါင်းဆောင်တပ်မှူးသည် ဓမ္မဖြိုခွင်းလေးကို တွေ့မြင်သောအခါ တုန်လှုပ်သွားပြီး အလောတကြီး အော်ပြောလိုက်၏။
“အဲဒီလေးကို သတိထား”
“ဟားဟား”
အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူးက လှောင်ရယ်လိုက်၏။
“အဲဒါက ဂျီးတက်နေတဲ့ လေးတစ်လက်ပဲ.. အဲဒါက ဘယ်လောက်ပဲ သန်မာ သန်မာ.. ငါ့စစ်တပ်ကို လူဘယ်လောက်များများကို သတ်နိုင်မှာမို့လဲ”
သူ၏ ထင်မြင်ချက်အရ.. လေးကနေ ဆွဲတင်ပြီး မြားတစ်ချက်ချင်းစီအကြား ကြန့်ကြာမှုတွင် သူ့အနေဖြင့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ပြီး ဤလူသားကို ဆယ်ကြိမ် သို့မဟုတ် အကြိမ်တစ်ရာ သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။
ရွှစ်..
ဆူဇီမိုက မည်သည့်စကားမှ မဆိုဘဲ သူ၏ လေးကို ဆွဲတင်လိုက်၏။
ဓမ္မစွမ်းအားမြားက လေထုကို ဖြိုခွင်းပြီး အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူး ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာ၏။
“အမှောင်ဒိုင်းကာ”
အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူးက လုံးဝ လှုပ်ရှားခြင်း မရှိဘဲ သူ၏ တောင်ဝှေးကို အသာတကြည် ဝှေ့ယမ်းကာ သူ၏ရှေ့တွင် နက်မှောင်နေသော ဧရာမ ဒိုင်းကာတစ်လက်ကို ဖြစ်ပေါ်လာစေ၏။
ထိုဒိုင်းကာသည် မဟာယာနအဆင့်အောက်ရှိ တိုက်ခိုက်မှုများ အားလုံးကို ခုခံနိုင်သည်ဟု သူက ယုံကြည်လေသည်။
ဒါ့အပြင်.. အဲဒါက လူသားမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သာ ဖြစ်၏။
သူသည် ဆူဇီမို၏ မျက်လုံးထဲရှိ လှောင်ပြောင်သရော်လိုရိပ်ကို သတိမထားမိလိုက်ပေ။
ဓမ္မဖြိုခွင်းလေးထံမှ မြားတစ်စင်းက ဓမ္မပညာရပ်များ အားလုံးကို ဖြိုခွင်းနိုင်လေသည်။
ဓမ္မဖြိုခွင်းလေးနှင့် ရင်ဆိုင်ရချိန်တွင် ဓမ္မပညာရပ်များ အားလုံးက မြားချက်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ဓမ္မဖြိုခွင်းလေးကနေ ထုတ်ဖော်လိုက်သည့် ဓမ္မစွမ်းအား ထိုမြားသည် ဓမ္မပညာရပ်များ အားလုံးကို ဖြိုခွင်းနိုင်ရုံသာမက ဓမ္မစွမ်းအားများကို စုပ်ယူပြီး ၎င်း၏ ခွန်အားကို ပိုမိုသန်မာစေနိုင်လေသည်။
တစ်နည်းအားဖြင့်ဆိုလျှင်.. အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူး၏ အမှောင်ဒိုင်းကာ၏ ဓမ္မစွမ်းအားက ပိုမိုသန်မာလေလေ..
ဓမ္မစွမ်းအားမြား၏ ရုန်းကန်ပေါက်ကွဲအားက ပိုမိုသန်မာ၍ ပိုမိုကြောက်စရာကောင်းလာမည် ဖြစ်၏။
ဖောက်..
ဓမ္မစွမ်းအားမြားသည် အမှောင်ဒိုင်းကာနှင့် ထိတွေ့ရိုက်ခတ်သောအခါ ကမ္ဘာတုန်လောက်စရာအသံက ထွက်ပေါ်မလာပေ။ ထိုအစား.. အဲဒါက အသွေးအသားကို ထိုးဖောက်လိုက်သော အသံမျိုး ဖြစ်၏။
အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူး၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။
သူ၏ ရှေ့တည့်တည့်တွင် အမှောင်ဒိုင်းကာက ဓမ္မစွမ်းအားမြား၏ တစ်ခဏချင်း ထိုးဖောက်ခြင်းကို ခံလိုက်ရလေသည်။
ဒါ့အပြင်.. အမှောင်ဒိုင်းကာ၏ ဓမ္မစွမ်းအားများ အားလုံးသည် ဓမ္မစွမ်းအားမြား၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
ဓမ္မစွမ်းအားမြားသည် ပိန်းပိတ်အောင် နက်မှောင်သွားပြီး သိသိသာသာ ပွယောင်းလာခဲ့၏။
အဲဒါက ဆက်လက်၍ မြားတစ်စင်း မဟုတ်တော့ပေ။
အဲဒါက နက်မှောင်နေသော ဧရာမ လှံတစ်လက် ဖြစ်လာ၏။
အရင်တုန်းက ဆူဇီမိုသည် ဓမ္မဖြိုခွင်းလေးအကြောင်း ဘာမှမသိခဲ့စဉ်က သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဓမ္မစွမ်းအားမြား၏ ထိုးဖောက်ခြင်းကို ခံခဲ့ရ၏။ အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူးကလည်း တူညီသော ကံကြမ္မာနှင့် ကြုံတွေ့လိုက်ရလေပြီ။
အဲဒါက အရမ်းကို နီးကပ်နေ၏။
ဓမ္မစွမ်းအားမြားက အမှောင်ဒိုင်းကာကို ထိုးဖောက်ဖြတ်ကျော်လာပြီး နက်မှောင်နေသော လှံတစ်လက်အဖြစ် အသွင်ပြောင်းလဲသွားသောအခါ အဲဒါက သူ၏ရင်ဘတ်ကို ထိုးဖောက်သွားခဲ့လေပြီ။
ဖောက်…
သွေးရောင်က ဖြာလက်လာ၏။
အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူး၏ မျက်လုံးက ပြူးကျယ်သွားပြီး သူ၏ခေါင်းကို အနည်းငယ် ငုံ့ကြည့်လိုက်၏။ သူသည် သူ့ရင်ဘတ်ပေါ်ရှိ လက်မောင်းလုံးလောက်ရှိသော သွေးသံရဲရဲ အပေါက်ကို သူ့မျက်လုံးထဲရှိ မယုံကြည်နိုင်မှုနှင့်အတူ ငေးကြည့်နေ၏။
နက်မှောင်နေသော လှံက သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့လေသည်။
ကြောက်စရာကောင်းသော စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်လုနီးပါးပင်။
ကံကောင်းထောက်မစွာဖြင့် သူသည် နတ်ဘုရားမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက် ဖြစ်ပြီး စွမ်းအားကြီးမားသော မျိုးဆက်သွေးကို ပိုင်ဆိုင်ထား၏။
ထိုသို့ဆိုလျှင်တောင် သူ၏ ကိုယ်တွင်းအင်္ဂါများက စုတ်ပြဲသွားလေသည်။
အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူးပင် ထိုသို့ဆိုလျှင်.. သူ၏နောက်ဘက်ရှိ အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ်သက်ရှိများ၏ အခြေအနေက ပို၍ပင် ဆိုးဝါးလေသည်။
အနက်ရောင်လှံသည် အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူး၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဖြတ်ကျော်သွား၏။ ၎င်း၏ စွမ်းအားက ပျက်ပြယ်မသွားခင်မှာပင် ၎င်းသည် အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ်သက်ရှိ ငါးယောက်ကို ထိုးဖောက်၍ ၎င်း၏ ဓမ္မစွမ်းအားများ ပျက်ပြယ်စေပြီးမှသာ ရပ်တန့်သွား၏။
ဘန်း.. ဘန်း.. ဘန်း…
အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ်သက်ရှိ ငါးယောက်၏ ခန္ဓာကိုယ်များက သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွား၏။
အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ်သက်ရှိငါးယောက်၏ အမြုတေစိတ်ဝိညာဉ်များက အနက်ရောင်လှံတံဖြင့် ထိုးဖောက်ချေမွခံရပြီး နေရာမှာပင် သေဆုံးသွားကြ၏။
အလင်းစစ်တပ်နှင့် ရင်ဆိုင်ရစဉ်က ဂမ္ဘီရသံလိုက်တောင်၏ အကူအညီနှင့်ပင်လျှင် ဓမ္မစွမ်းအားမြားတစ်စင်းသည် အလွန်ဆုံး နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်တစ်ယောက်ကိုသာလျှင် သတ်ဖြတ်နိုင်လေသည်။
သို့သော်လည်း.. ဓမ္မဖြိုခွင်းလေးသည် အမှောင်စစ်တပ်၏ နတ်ဘုရားမျိုးနွယ်သက်ရှိများကို အပြည့်အဝ ဖျက်ဆီးပစ်နိုင်လုနီးပါးပင်။
“အဲဒါက ဘယ်လိုဖြစ်ရတာလဲ”
အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူးက အလင်းစစ်တပ် ခေါင်းဆောင်တပ်မှူး၏ သတိပေးသံကို နားထဲမှာ ပဲ့တင်ထပ် ပြန်လည်ကြားယောင်နေသည့်အလား သူ၏ အမူအရာက ငေးငိုင်ပျောက်ဆုံးနေ၏။
အဲဒီမြားကို သတိထားတဲ့လား…
ရွှစ်…
ဒုတိယမြားတစ်စင်းက ဆင်းသက်လာခဲ့ပြီဖြစ်၏။
အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူးသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ယခုအချိန်ထိ တုံ့ပြန်မလာနိုင်သေးပေ။ နတ်ဘုရားမျိုးနွယ်သက်ရှိများစွာ၏ ရှေ့မှောက်မှာပင် သူ၏ဦးခေါင်းက ဒုတိယ ဓမ္မစွမ်းအားမြား၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရ၏။
အမှောင်စစ်တပ် ခေါင်းဆောင်တပ်မှူးက သေဆုံးသွားလေပြီ။
ဓမ္မစွမ်းအားမြား၏ အရှိန်အဟုန်က ကုန်ဆုံးမသွားခင်မှာ ၎င်းသည် နောက်ထပ် အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ယောက်ကို ပစ်ချလိုက်၏။
အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ်သက်ရှိသည် ဓမ္မပညာရပ်တစ်ခုကို အလိုလိုဆင့်ခေါ်ပြီး သူ၏ ရှေ့တွင် နက်မှောင်နေသော လှံတစ်လက်ကို ဖြစ်ပေါ်လာစေ၏။
သူသည် ဓမ္မစွမ်းအားမြားကို တန်ပြန်တိုက်ခိုက်ပြီး ခုခံချင်လေသည်။
သို့သော်လည်း သူ၏ လှံသည် ဓမ္မစွမ်းအားမြား၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။
ဖောင်း..
ဓမ္မစွမ်းအားမြား၏ စွမ်းအားက ပို၍ပင် ကြမ်းကြုတ်ခက်ထန်လာပြီး ထိုလူကို နေရာမှာပင် သတ်ဖြတ်ပစ်လိုက်၏။