← Chapters

နတ်ဘုရားတစ်ပါး၏ အမှတ်အသား

Vol. 102 Ch. 1525

နတ်ဘုရားတစ်ပါး၏ အမှတ်အသား

Vol. 102 Ch. 1525

ရွှစ်... ရွှစ်... ရွှစ်...

ဓမ္မစွမ်းအားမြားများသည် လေထုကို ဆုတ်ဖြဲ၍ အမှောင်စစ်တပ်ရှိရာသို့ ပစ်ခွင်းလာ၏။

ဓမ္မစွမ်းအားမြားတစ်စင်းချင်းစီသည် သိပ်သည်းပြင်းထန်သော အဖျက်စွမ်းအားကို ဖြစ်ပေါ်စေနိုင်ပြီး ၎င်းမရပ်တန့်ခင်အထိ အနည်းဆုံး လူသုံးယောက်လောက်ကို သတ်ဖြတ်နိုင်လေသည်။

အစကတော့...အမှောင်စစ်တပ်၏ နတ်ဘုရားမျိုးနွယ် သက်ရှိမျသည် ခုခံဖို့အတွက် သူတို့၏ ဓမ္မပညာရပ်များကို ဆင့်ခေါ်ခဲ့လေသည်။

သို့သော်လည်း သူတို့၏ ဓမ္မပညာရပ်များက ဝင်ရောက်လာသည့် မြားများကို မည်သို့မှမခုခံနိုင်ကြောင်း အလျင်အမြန်ပဲ နားလည်သဘောပေါက်သွား၏။

သူတို့၏ ဓမ္မပညာရပ်များက ဘယ်လောက်ပင် စွမ်းအားကြီးမားသည်ဖြစ်စေ... အဲ့ဒါက မြားတစ်စင်း၏ ဖျက်ဆီးခြင်းကို ခံရပေလိမ့်မည်။

ဒါ့အပြင် ပျက်ပြယ်သွားသော ထိုဓမ္မစွမ်းအားများသည် မြား၏ စုပ်ယူခြင်းကို ခံရပြီး ၎င်းကို ပိုမိုသန်မာစေကာ အဖျက်စွမ်းအားကို ပို၍ပင် ကြီးမားလာစေမည်ဖြစ်၏။

သည့်ယခင်က အလင်းစစ်တပ်သည် ဓမ္မစွမ်းအားမြားများနှင့် ရင်ဆိုင်ရချိန်မှာ တစ်ယောက်ပြီးတစ်ယောက် လဲကျခဲ့ကြ၏။ ယခုအခါ ဓမ္မဖြိုခွင်းလေး၏ လေးကြိုးသံ တစ်ချက်ချင်းစီမှာ အမှောင်စစ်တပ်က လဲပြိုကျဆင်းနေ၏။

ချပ်ဝတ်တန်ဆာများ၏ ကာကွယ်မှုမရှိပဲ အမှောင်စစ်တပ်၏ နတ်ဘုရားမျိုးနွယ် သက်ရှိများသည် ဓမ္မဖြိုခွင်းလေးနှင့် ရင်ဆိုင်ရာမှာ ကြီးမားသော ပျက်စီးဆုံးရှုံးမှုကို တွေ့ကြုံခံစားနေရ၏။

တစ်ခဏအတွင်းမှာပင် ဆူဇီမိုက မြားအစင်းရာချီကို ပစ်လွှတ်ခဲ့ပြီးလေပြီ။

အမှောင်စစ်တပ်မှာတော့ နတ်ဘုရားမျိုးနွယ် သက်ရှိ လေးရာကျော်ကျော်သာလျှင် ကျန်ရှိတော့လေသည်။

သူတို့က ရူးသွပ်သွားသည့်အလား နတ်ဘုရားမျိုးနွယ် သက်ရှိများသည် စောစောက အလင်းစစ်တပ်ထက် ပို၍ပင် ထိတ်လန့်တကြားအမူအရာများဖြင့် နောက်ဘက်သို့ ပြန်ပြေးလာကြပြီး ဆိုးဆိုးဝါးဝါး ပုံပေါက်နေကြ၏။

ကျန်ရှိနေသော အလင်းစစ်သည် နှစ်ရာကျော်ကျော်က ရှေ့သို့ အလောတကြီးပြေးတက်လာခဲ့ကြ၏။

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များစွာသည် သူတို့၏ ရွှေရောင်ဒိုင်းကာများကို သူတို့ရှေ့မှာ ခင်ကျင်းပြီး မထိုးဖောက်နိုင်သော ခံစစ်တစ်လွှာကို ဖွဲ့စည်းကာ ထွက်ပြေးလာသော အမှောင်စစ်တပ်ကို ကာကွယ်ပေးလိုက်ကြ၏။

ချွမ်း... ချွမ်း.... ချွမ်း...

ဓမ္မစွမ်းအားမြားများသည် ရွှေရောင်ဒိုင်းကာများနှင့် ထိတွေ့ရိုက်ခတ်သောအခါ ကျယ်လောင်သော အသံများထွက်ပေါ်လာပြီး မီးပွားများက လွင့်စင်ထွက်သွား၏။ အလင်းစစ်တပ်ကနေ ဖန်တီးထားသော ဝင်္ကပါကပင်လျှင် ကသောင်းကနင်းဖြစ်လာ၏။

“ကလန်သားတို့... မကြောက်ကြနဲ့... ငါတို့က အတူပူးပေါင်းပြီးတော့ ဝင်္ကပါကို ထိန်းသိမ်းထားနိုင်တာနဲ့ ငါတို့က အထီးကျန်သိုင်းသခင်ရဲ့ မြားချက်တွေကို သေချာပေါက်ခုခံနိုင်လိမ့်မယ်”

အလင်းစစ်တပ် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ ဦးဆောင်မှုအောက်တွင် အလင်းစစ်တပ်က အလျင်အမြန်တည်ငြိမ်လာခဲ့၏။

အလင်းစစ်တပ်မှာ လူအယောက်နှစ်ရာကျော်သာလျှင် ကျန်ရှိသော်လည်း ဆူဇီမို၏ ဓမ္မဖြိုခွင်းလေးအနေဖြင့် သူတို့၏ မဖျက်ဆီးနိုင်သော ရွှေရောင်ဒိုင်းကာများနှင့်အတူ သူတို့၏ ခံစစ်ဝင်္ကပါကို ထိုးဖောက်ဖို့က ခဲယဥ်းလေသည်။

“အဲ့ဒီလူရဲ့ နောက်ခံကဘာလဲ... သူက ဘာလို့အဲ့လောက်ထိ သန်မာနေရတာလဲ”

ထွက်ပြေးလာသော အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ် သက်ရှိတစ်ယောက်က ကြောက်ရွံ့နေဆဲဟန်ဖြင့် မေးလိုက်၏။

“သူ့ကို အထီးကျန်သိုင်းသခင်လို့ ခေါ်တာတော့ ကြားမိတယ်.. သူနဲ့ပတ်သက်တဲ့ တခြားဘာမှတော့ ငါတို့လည်း မသိဘူး”

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်တစ်ယောက်က အေးစက်စွာဖြင့် ပြန်ဖြေလိုက်၏။

နောက်ထပ် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်တစ်ယောက်က မနေနိုင်ပဲ လှောင်ပြောင်သရော်လိုက်လေသည်။

“မင်းတို့ အမှောင်စစ်တပ်က စောစောကပဲ မောက်မာလွန်းနေခဲ့တာ မဟုတ်ဘူးလား... ခုတော့ မင်းတို့က ဘာလို့အဲ့လောက်ထိ ကြောက်လန့်နေရတာလဲ”

“အဲ့ဒီလူသားကို ဘာမှကြောက်နေစရာမရှိဘူး... သူ့ရဲ့လေးကပဲ အရမ်းကို ကြောက်စရာကောင်းနေတာ”

အနက်ရောင်ဝတ် နတ်ဘုရားမျိုးနွယ် သက်ရှိက အလောတကြီး ခုခံချေပလိုက်၏။

သို့သော်လည်း သူ၏ ချေပချက်က အလွန်တရာတိုးညင်းနေပြီး ပို၍ပင် လှောင်ရယ်စရာကောင်းနေ၏။

“ကဲ... တော်လောက်ပြီ”

အလင်းစစ်တပ် နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်တပ်မှူးက မာန်မဲလိုက်၏။

“ငါတို့ အလင်းစစ်တပ်က ရှေ့ကနေ ဒီလူသားရဲ့ တိုက်ခိုက်မှုတွေကို ခုခံပေးထားမယ်... အမှောင်စစ်တပ်က နောက်ကနေ တိုက်ခိုက်ရမယ်... ငါတို့ စစ်တပ်နှစ်တပ်က အတူလက်တွဲပူးပေါင်းပြီးတော့ ရှေ့ကို ဖြည်းဖြည်းချင်း တက်ရမယ်”

တကယ်တော့.. ပုံမှန်အခြေအနေအောက်မှာဆိုလျှင် နတ်ဘုရားကုန်းမြေတိုက်သည် အခြားသောကုန်းမြေတိုက်များသို့ ကျူးကျော်ဝင်ရောက်သည့်အခါ စစ်တပ်နှစ်တပ်သည် အတူယှဥ်တွဲကာ တစ်ပြိုင်နက်တည်း ဝင်ရောက်လာကြပေလိမ့်မည်။

သို့သော်လည်း ကမ္ဘာဦးခေတ်၏ ဂမ္ဘီရဟို့တို့က သက်တံရောင်လိုဏ်ဂူကို ချိပ်ပိတ်ထားခဲ့ပြီး ဤနေရာမှာရှိသော အာကာသဥမင်က အလွန်တရာကျဥ်းမြောင်းနေ၏။ အဲ့ဒါကြောင့် သူတို့သည် တစ်ချိန်မှာ စစ်တပ်တစ်တပ်သာလျှင် ဖြတ်ကျော်နိုင်လေသည်။

ယခုအချိန်တွင် စစ်တပ်နှစ်တပ်က အလင်းစစ်တပ်၏ ဦးဆောင်မှုဖြင့် နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားရှိရာဘက်သို့ ဖြည်းဖြည်းချင်း ချီတက်လာကြ၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

အလင်းစစ်တပ်သည် သူတို့၏ ဧရာမဒိုင်းကာများကို သူတို့၏ ရှေ့ကနေ ကိုင်မြှောက်ပြီး သူတို့ကိုယ်သူတို့နှင့် သူတို့နောက်ဘက်ရှိ အမှောင်စစ်တပ်ကို ကာကွယ်ပေးထား၏။

ဓမ္မဖြိုခွင်းလေးပင်လျှင် အလင်းစစ်တပ်၏ ခံစစ်ကို မထိုးဖောက်နိုင်ပေ။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ဆူဇီမိုသည် ပုံစံအမျိုးမျိုးဖြင့် တိုက်ပွဲပေါင်း မရေမတွက်နိုင်အောင် တွေ့ကြုံခဲ့ဖူးသော်လည်း ဤကဲ့သို့ ခက်ခဲကျပ်တည်းသော အခြေအနေတစ်ရပ်နှင့် တစ်ခါမှ မတွေ့ကြုံခဲ့ရပေ။

သို့သော်လည်း သူသည် တောင်ကြား၏ ဘေးတစ်ဖက်တစ်ချက်မှာ ဝံ့ကြွားစွာဖြင့် ရပ်နေသော ဂမ္ဘီရဟို့နှစ်ကောင်၏ အလောင်းများကို ကြည့်လိုက်၏။

သူ၏ နောက်ဘက်တွင်ရှိသော ညဝိညာဥ် ၊ အဆုံးစွန်မီး ၊ နန်းကြည်နှင့် အခြားသူများကို တွေးမိချိန်တွင် သူ၏ ရင်ထဲမှာ မာန်မာနတစ်ခုက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ အကြည့်က ပို၍ပင် ပြတ်သားလာကာ သတ်ဖြတ်လိုစိတ်က လျှံတက်လာ၏။

ချီတက်လာသော စစ်တပ်နှစ်တပ်နှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုသည် လေထဲမှာပျံသန်း၍ သူတို့ရှိရာသို့ ဦးတည်လိုက်၏။

သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ၏ သတ်ဖြတ်လိုစိတ်က တစ်စိတ်တစ်ပိုင်းအားဖြင့် တိုးမြင့်လာခဲ့၏။

လောကက ပြောင်းလဲသွားလေပြီ။

နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြား၏ ကောင်းကင်ထက်မှာ ကြယ်ရောင်လင်းလက်နေသည့် ကောင်းကင်တစ်ခုက ပေါ်ထွက်လာ၏

သို့သော်လည်း ကောင်းကင်ထက်ရှိ ကြယ်များအားလုံးသည် တစ်စုံတစ်ရာ၏ သက်ရောက်ခြင်း ခံလိုက်ရပုံရပြီး သူတို့၏ လမ်းကြောင်းများက ကသောင်းကနင်းဖြစ်လာခဲ့၏။ ကြယ်အချို့သည် အချင်းချင်း ထိတွေ့ရိုက်ခတ်ပြီး မိုးကောင်းကင်တစ်ခုလုံးက တုန်ခါလာခဲ့၏။

သတ်ဖြတ်လိုစိတ်က ကောင်းကင်ထက်သို့ တလိပ်လိပ်တိုးတက်လာပြီး လေဟာနယ်ကို တွန့်လိမ်သွားစေ၏။

ဆူဇီမို၏ သတ်ဖြတ်လိုစိတ်က စုဖွဲ့တော့မည့်ဆဲဆဲမှာပင် ကောင်းကင်ထက်ရှိ ကြယ်တစ်စင်းက ဆင်းသက်လာပြီး စစ်တပ်နှစ်တပ်ရှိရာသို့ ပစ်တိုက်ချလာခဲ့၏။

ဘုန်း...

အဲ့ဒီမှာ ကျယ်လောင်သောမြည်သံထွက်ပေါ်လာခဲ့၏။

ကြယ်တစ်စင်း၏ သေဆုံးမှုကနေ ထွက်ပေါ်လာသော စွမ်းအားသည် မနှိုင်းယှဥ်သာအောင် ကြောက်စရာကောင်းလေသည်။ ထိတွေ့ရိုက်ခတ်မှုသည် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်နှစ်ရာကျော်၏ ပူးပေါင်းအင်အားဖြင့်ပင် ခုခံနိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။

ဧရာမရွှေရောင် ဒိုင်းကာများသည် ဥက္ကာခဲ၏ ဝင်တိုက်မှုဖြင့် တစ်ခုပြီးတစ်ခု လွင့်စင်ထွက်သွား၏။

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များစွာကလည်း လွင့်စင်ထွက်ကုန်ကြ၏။ သို့သော်လည်း နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည် သိပ်သည်းလေးလံသော ချပ်ဝတ်များကို ဝတ်ဆင်ထားကြဆဲ ဖြစ်၏။ သူတို့က ထိတွေ့ရိုက်ခတ်မှုဖြင့် ထိမှန်ခြင်းခံရသည်ဆိုလျှင်တောင် သူတို့သည် မည်သည့်အရာကိုမှ မခံစားရပဲ အလျင်အမြန်ပြန်ထလာနိုင်ကြ၏။

အမှောင်စစ်တပ်ကတော့ သူတို့သည် အလင်းစစ်တပ်၏ ကာကွယ်မှုကြောင့် လုံးဝမထိမခိုက်လုနီးပါးရှိနေ၏။

ထိုစဥ်မှာပင် ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ စစ်တပ်နှစ်တပ်၏ လူအုပ်ကြားထဲသို့ ပြေးဝင်သွား၏။

သူသည် ဓားလက်ချောင်းများကို လှုပ်ရှားပြီး သူ၏ခန္ဓာကိုယ်ကနေ ပြိုးပြိုးပြက်ပြက် ဓားချီများကို ပေါက်ကွဲထွက်ပေါ်လာစေ၏။

ဇီ... ဇီ.... ဇီ....

အဲ့ဒါက ဓားချီ တစ်ခု သို့မဟုတ် နှစ်ခု မဟုတ်ပေ။

အဲ့ဒါက အခုတစ်ရာ သို့မဟုတ် အခုတစ်ထောင် မဟုတ်ပေ။

အဲ့ဒါက... အခုတစ်သောင်းပင်လျှင် မဟုတ်ပေ။

အသောကသစ်သားကို စုပ်ယူသန့်စင်ပြီးနောက် ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်အပေါ် ဆူဇီမို၏ နားလည်ဆင်ခြင်နိုင်စွမ်းသည် တိုးမြင့်လာခဲ့ပြီဖြစ်ပြီး သူသည် သူ၏ ခွန်အားအပြည့်အဝနှင့်အတူ ဓားချီတစ်သိန်းရှစ်ထောင်ကို ချက်ချင်းပင် ထုတ်ဖော်နိုင်လေသည်။

ထိုရုန်းကန်ပေါက်ကွဲအားက အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်လုနီးပါးပင်။

ရှေး​ဟောင်းဓားပညာရပ် ၃ ခုသည် သတ်ဖြတ်ခြင်းတာအိုကို ကိုယ်စားပြုလေသည်။

တစ်သိန်းရှစ်ထောင်သော ဓားချီများ၏ ရိုက်ချက်က သတ်ဖြတ်နိုင်စွမ်း၏ စံနမူနာပြယုဂ်တစ်ခု ဖြစ်လေသည်။

ဓမ္မဖြိုခွင်းလေးပင်လျှင် နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များ၏ ချပ်ဝတ်ကို မထိုးဖောက်နိုင်ပေ။

သို့သော်လည်း ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကတော့ ကွဲပြားခြားနားလေသည်။

ဓားချီ တစ်သိန်းရှစ်ထောင် ထွက်ပေါ်လာသောအခါ ကောင်းကင်တစ်ခွင်အုပ်မိုး၍ နေရာတိုင်းကို ပျံ့နှံ့သွား၏။

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များက ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည်ဆိုလျှင်တောင် အဲ့ဒီမှာ အားနည်းချက်မရှိသည်တော့ မဟုတ်ပေ။

သူတို့၏ ချပ်ဝတ်တန်ဆာသည် ဓားချီအများစုကို ခုခံပေးနိုင်လေသည်။ သို့သော်လည်း ဓားချီတစ်ခုနှစ်ခုက ချပ်ဝတ်တန်ဆာများ၏ အဟအကြောင်းများမှတစ်ဆင့် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်သည်နှင့်အမျှ အဲ့ဒါသည် နတ်ဘုရားမျိုးနွယ် သက်ရှိများကို ဒဏ်ရာအပြင်းအထန် ရရှိစေဖို့ လုံလောက်လေသည်။

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသည် သူတို့၏ မျက်နှာမှတစ်ဆင့် ဝင်ရောက်ပြီး သူတို့၏ အသိစိတ်ကို ထိုးဖောက်လိုက်မည်ဆိုလျှင် နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများပင်လျှင် ဤနေရာမှာ သေရပေလိမ့်မည်။

ချွမ်း... ချွင်...

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှင့် နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ ချပ်ဝတ်တန်ဆာတို့ ထိတွေ့ရိုက်ခတ်သံက ထပ်တလဲလဲထွက်ပေါ်လာ၏။

သို့သော်လည်း ဓားချီ တစ်သိန်းရှစ်သောင်း ရုန်းကန်ပေါက်ကွဲလာပြီးနောက် နတ်ဘုရားမျိုးနွယ် သက်ရှိများစွာသည် စကာပေါက်များဖြစ်သွားပြီး ထွက်ပြေးဖို့ပင် အခွင့်အရေးမရပဲ သေဆုံးကုန်၏။

နတ်ဘုရားမျိုးနွယ် သက်ရှိအချို့သည် သူတို့၏ ဧရာမရွှေရောင်ဒိုင်းကာများနောက်မှာ ပုန်းကွယ်ခြင်းဖြင့် ရှင်သန်လာနိုင်ကြ၏။

သို့သော်လည်း ထိုဧရာမရွှေရောင်ဒိုင်းကာများသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီကြောင့် စကာပေါက်ဖြစ်လာခဲ့ပြီး လုံးဝပျက်စီးသွားလေပြီ။

ဆူဇီမိုသည် နတ်ဘုရားမျိုးနွယ်သက်ရှိများ၏ အလောင်းများပေါ်ကို နင်းတက်ရင်း တောင်ကြား၏ အလယ်မှာ မတ်တတ်ရပ်၍ အနည်းငယ် မောဟိုက်နေ၏။

ဤတစ်ခေါက် ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကို ထုတ်ဖော်ရခြင်းသည် သူ၏ ဓမ္မစွမ်းအားများအားလုံးကို ကုန်ခန်းစေလုနီးပါးဖြစ်ခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က အလွန်တရာ အားနည်းသွားခဲ့လေပြီ။

သူ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းလျမှုအရိပ်အယောင်က ပေါ်ထွက်လာ၏။ သို့သော်လည်း သူ၏ ဘေးပတ်လည်တွင် နတ်ဘုရားမျိုးနွယ်၏ အလောင်းများက ပုံထပ်နေပြီး သွေးမြစ်များက စီးဆင်းလာ၏။

အမှောင်စစ်တပ်၏ နတ်ဘုရားမျိုးနွယ် သက်ရှိအားလုံးက ခြွင်းချက်မရှိ သေဆုံးကုန်ကြလေပြီ။

အလင်းစစ်တပ်၏ ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ် သက်ရှိများသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြပြီး ဒဏ်ရာများဖြင့် ပြည့်နှက်နေကြလေပြီ။ သူတို့က သူတို့မျက်လုံးထဲရှိ အဆုံးမဲ့သော အကြောက်တရားနှင့်အတူ ဆူဇီမိုကို ကြည့်နေကြ၏။

စစ်တပ်နှစ်တပ်လုံးက ဖျက်​ဆီးချေမှုန်းခံရလုနီးပါးဖြစ်ခဲ့၏။

အဲ့ဒါက ဘယ်လိုလုပ် လူသားတစ်ယောက်၏ လုပ်ရပ်ဖြစ်နိုင်ပါ့မလဲ။

အဲ့ဒါက နတ်ဘုရားတစ်ပါး၏ အမှတ်အသားဖြစ်လေသည်။

All Chapters