← Chapters

နောက်ဆုံးလူ

Vol. 84 Ch. 1283

နောက်ဆုံးလူ

Vol. 84 Ch. 1283

တိုက်ပွဲပြီးဆုံးပြီးနောက် ကောင်းကင်ပေါ်မှ အကြွင်းအကျန်အားလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကြသည်။ ယင်းတို့က မပျောက်ကွယ်သွားခင် လေထဲမှာ အချိန်အတော်ကြာ ရစ်ဝဲနေခဲ့သည်။

အဝေးမှကြည့်လျှင် ထိုအားလှိုင်းများက ငါးအကြေးခွံများနှင့် ဆင်တူသည်။ ဤသည်မှာ ဧရာမငါးတစ်ကောင်က အတုအယောင်နှင့် အစစ်အမှန်ကြားမှာ တည်ရှိနေပြီး ဟင်းလင်းပြင်ထဲ၌ ဖြည်းညင်းစွာ ကူးခတ်နေဟန် ရ၏။ ၎င်းအတွက် ကောင်းကင်သည် ပင်လယ်ဖြစ်ပြီး ဟင်းလင်းပြင်သည် အကန့်အသတ်မဲ့သော နယ်မြေဖြစ်သည်။

ယင်းက အံ့ဖွယ်ကောင်းသော ခံစားမှုကို ပေးသည်။

ထိုပုံရိပ်ယောင်ဧရာမငါး၏ အရှေ့တွင် ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။ ထိုလူ၏ ဆံပင်ရှည်သည် လေထဲမှာ တဖျပ်ဖျပ်လွင့်မျောနေသည်။ ရှေးဟောင်းအငွေ့အသက်သည် ၎င်းထံမှ ထွက်ပေါ်နေသည်။ ဤအခိုက်အတန့်မှာ ၎င်းက တစ်လောကလုံး၏ အာရုံစိုက်စရာဖြစ်လာသည်။

ရွှီချင်းသည် မျက်လုံးမှိတ်ထားလျက် လှုပ်ရှားမှုကင်းမဲ့စွာ တရားထိုင်နေသည်။

သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်၏ ဝေဝါးသော ပုံရိပ်သည် ကောင်းကင်နှင့် တဖြည်းဖြည်း ပေါင်းစပ်သွားနေသည်။ ဧရာမငါးက ကူးခတ်နေစဉ် ၎င်းက ထွက်ခွာသွားတော့မည့်ဟန် ရသည်။

မြေပြင်သည် တိတ်ဆိတ်သွားသည်။ ဤနေရာမှ ကျင့်ကြံသူအားလုံးသည် နှလုံးတုန်သွားကြပြီး အဆုံးမဲ့သော အကြောက်တရားကို ခံစားမိသွားကြသည်။

သူတို့သည် ဤတိုက်ပွဲနှင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နံပါတ်နှစ်ကောင်းကင်အရွေးချယ်ခံဖြစ်သော ဂျိဒုန်းဇီ၏ သေဆုံးမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြသည်။

တုန်လှုပ်ချောက်ချားသော စိတ်ခံစားမှုသည် သူတို့၏ ခန္ဓာကိုယ်ထဲမှာ ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။

ရွှီချင်းထွက်ပေါ်လာသည့်အခိုက် တစ္ဆေရထားလုံးများသည် ဒူးထောက်ခဲ့ကြပြီး တောအုပ်သည် ၎င်းဘာသာ ပြိုကွဲသွားခဲ့သည်။ သူတို့က ရွှီချင်း၏ စွမ်းအားကို သိထားသော်လည်း မည်သို့ဖြစ်ပါစေ သူတို့၏ စိတ်ထဲမှာ ဂျိဒုန်းဇီက ပိုပြီးသန်မာသည်ဟု တွေးထင်ခဲ့ကြသည်။

သို့သော်လည်း ဤတိုက်ပွဲတွင် အစမှအဆုံးထိ ဂျိဒုန်းဇီ၏ နည်းလမ်းအားလုံးသည် ရွှီချင်းပေါ်မှာ အသုံးမဝင်ခဲ့ပေ။

သူက တစ်ချိန်လုံး ဖိနှိပ်ခံခဲ့ရသည်။ ဂျိဒုန်းဇီက ယခင်ထက် အများကြီး ပိုအားနည်းသွားသည်ဟုပင် လူတချို့က ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြသည်။

သို့သော်လည်း ထင်ယောင်ထင်မှားသည် အမှန်မဟုတ်ပေ။

ဂျိဒုန်းဇီသည် လုံးဝအားမနည်းပေ။ သူတို့က ထိုသို့ခံစားမိနေခြင်းမှာ ဂျိဒုန်းဇီ၏ ပြိုင်ဘက်က အလွန်သန်မာနေသောကြောင့် ဖြစ်သည်။

ဂျိဒုန်းဇီ၏ ရှုံးနိမ့်မှုက လူတိုင်းကို ထိတ်လန့်သွားစေရန် လုံလောက်သော်လည်း ထိုကိစ္စ၏ လှိုင်းဂယက်ထမှုသည် သူတို့၏ နှလုံးသားထဲမှာ အကန့်အသတ်ရှိနေဆဲပင်။ ယင်းက သူတို့ကို ယခုကဲ့သို့ ထိတ်လန့်ချောက်ချားသွားအောင် မပြုလုပ်နိုင်ပေ။

သူတို့ကို အမှန်တကယ် ထိတ်လန့်သွားစေခဲ့သည်မှာ ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှ မီးခိုးရောင်မြူခိုးနှင့် သူ့အနောက်မှာ လွင့်ပြယ်နေသော ဝေဝေဝါးဝါး ဧရာမပုံရိပ် ဖြစ်သည်။

ယင်းက သူတို့၏ နှလုံးသားထဲမှာ အပြည့်အဝ လှိုင်းဂယက်ထစေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ထိုမီးခိုးရောင်မြူခိုးက ကျူးလီတားမြစ်ဇုန်မှဖြစ်ကြောင်း သူတို့မှတ်မိကြသည်။

ရွှီချင်း၏ အနောက်မှ ပုံရိပ်ကိုတော့ သူတို့မသိကြသော်လည်း သွေးမျိုးဆက် ဆက်နွယ်မှုမှတဆင့် ရင်းနှီးကျွမ်းဝင်မှုကို ခံစားမိကြသည်။ ဤသည်မှာ ၎င်းက သူတို့အားလုံး၏ မူလဇစ်မြစ်ဖြစ်သည့်အလားပင်။

ထိုခံစားချက်က ပိုပြီးအားကောင်းလာစဉ် တင်ပျဉ်ခွေ၍ တရားထိုင်နေသော ရွှီချင်းက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။

သူက မျက်လုံးဖွင့်လိုက်သည့်အခိုက် သူ၏ နဖူးပေါ်မှ ဂမ္ဘီရမှော်သင်္ကေတသည် ရုတ်တရက် လင်းလက်တောက်ပလာသည်။ သူ့အနောက်မှ တစ်ဝက်ထိ ဒြပ်ထည်ဖွဲ့စည်းပြီးထားသော ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်သည် ပိုပြီးအားကောင်းလာသည်။

ထိုအခါ သွေးမျိုးဆက်နှင့် ဝိညာဉ်မှ ထွက်ပေါ်လာသော ကြောက်ရွံ့ရိုသေစိတ်သည် ဤနေရာမှ ကျင့်ကြံသူအားလုံး၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။

ဖန်းရှီရွှမ်းနှင့် ထျန်းမိုဇီသည်လည်း ထို့အတူပင်။

မြေပြင်ပေါ်တွင် ဝမ်းလျားမှောက်ထားသော တစ္ဆေရထားလုံးများသည် အော်ဟစ်ငိုကြွေးသံများကို ထုတ်ဖော်လိုက်ကြသည်။

၎င်းတို့၏ အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပြီး လောကကြီးကို ဝမ်းနည်းပူဆွေးမှုဖြင့် ပြည့်နှက်သွားစေသည်။ ယင်းက လူတိုင်း၏ စိတ်ခံစားချက်များကို သက်ရောက်သွားသည်။ သူတို့က ထိုပုံရိပ်ကို ကြည့်လိုက်သည်နှင့်ချက်ချင်း ဝမ်းနည်းပူဆွေးမှုက သူတို့၏ နှလုံးသားထဲမှာ အလွန်အားကောင်းစွာ ထွက်ပေါ်လာသည်။

ထိုဝမ်းနည်းမှုသည် သူတို့၏ သွေးမျိုးဆက်နှင့် ဝိညာဉ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုစိတ်ဆန္ဒ၏ လွှမ်းမိုးမှုအောက်မှာ တချို့ကျင့်ကြံသူများသည် မြေပြင်ပေါ်မှာ တိုက်ရိုက် ဒူးထောက်လိုက်ကြပြီး ရွှီချင်းနှင့် သူ့အနောက်မှ ပုံရိပ်ကို အရိုအသေပေးလိုက်ကြသည်။

ထျန်းမိုဇီသည်လည်း အတူတူပင်။ တခြားလူများသည်လည်း အနောက်မှ လိုက်ပါဆောင်ရွက်ကြသည်။

နောက်ဆုံးမှာတော့ ဖန်းရှီရွှမ်းဖြစ်သည်။ သူ့နှလုံးသားထဲမှ အလွန်အားကောင်းစွာ ထွက်ပေါ်လာနေသော စိတ်ခံစားမှုကြောင့် သူက အရိုအသေမပေးဘဲ မနေနိုင်ပေ။ ထို့ကြောင့် သူက ခေါင်းငုံ့လိုက်ရသည်။

ရွှီချင်း၏ အရှေ့တွင် ဝိညာဉ်စုစည်းခြင်းအဆင့် အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသော ဘိုးဘေးတစ္ဆေရထားလုံးသုံးကောင်သည်လည်း ထွက်ပေါ်လာကြသည်။ ၎င်းတို့က ယခင်ကဲ့သို့ အကဲဖြတ်ခြင်းမပြုတော့ပေ။ ယင်းအစား ၎င်းတို့က ရွှီချင်းကို ဦးညွတ်လိုက်ကြသည်။

ရွှီချင်းသည် သူတို့အားလုံးကို ကြည့်လိုက်သည်။ ကျူးလီကို ထိန်းကျောင်းနိုင်သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်အားလုံး၏ အရိုအသေပေးခြင်းခံရလိမ့်မည်ဟု ဒဏ္ဍာရီထဲမှာ မည်သို့ကြောင့် ပြောထားသလဲ နောက်ဆုံးမှာတော့ သူနားလည်သွားသည်။

ထိုသို့ဖြစ်ရခြင်းမှာ သွေးမျိုးဆက်၏ ဇစ်မြစ်ကြောင့် ဖြစ်သည်။

“ ကံမကောင်းစွာဘဲ ငါက ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်ကို တစ်ဝက်ပဲ ဖွဲ့စည်းနိုင်သေးတယ် ”

ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ပြီး သူ၏ ပဉ္စမမြောက် ဂမ္ဘီရမှော်ဝင်ရတနာသိုက်ကို အာရုံခံလိုက်သည်။

ဤအခိုက်အတန့်မှာ နတ်ဘုရားကျောက်တိုင်(၉၅)ခုသည် သူ၏ အသွေးအသားကုန်းမြေပေါ်မှာ နစ်မြုပ်နေကြသည်။ ယင်းတို့က အသွေးအသားများဖြင့် ဖုံးလွှမ်းခံထားရပြီး မီးခိုးရောင်မြူခိုး၏ တိုက်စားခံနေရသည်။

ဂမ္ဘီရမှော်ဝင်ရတနာသိုက်ထဲမှ တောင်ကိုးလုံး၏ ကောင်းကင်ပေါ်တွင် မူလက ဟာလာဟင်းလင်းဖြစ်နေသော ဟင်းလင်းပြင်၌ ယခု ဧရာမပုံရိပ်တစ်ခု ရှိလာသည်။

၎င်းက ဝေဝါးနေသော ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်ဖြစ်သည်။

ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်သည် ဟင်းလင်းပြင်ထဲ၌ တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်က ကမ္ဘာဖျက်ဆီးနိုင်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထို့ပြင် သူက အသက်ရှိနေပြီး အမှန်တကယ် အသက်ရှူနေသည်။

သူက အသက်ရှူထုတ်လိုက်သည့်အခါတိုင်း ဂမ္ဘီရမှော်ဝင်ရတနာသိုက်ထဲ၌ ကျုံ့သွားနေသော စိတ်ခံစားမှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ အသွေးအသားကုန်းမြေထဲတွင် နစ်မြုပ်နေသော နတ်ဘုရားကျောက်တိုင်(၉၅)ခုမှ ထုတ်လွှတ်နေသော ရွှေရောင်မြူခိုးသည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်၏ စုပ်ယူဝါးမျိုခံလိုက်ရသည်။

ယင်းတို့က အာဟာရဓာတ်များဖြစ်ပြီး ဂမ္ဘီရမှော်ဝင်ရတနာသိုက်ထဲမှ ပေါင်းစပ်မှုအတွက် လိုအပ်ချက်အားလုံးကို ထောက်ပံ့ပေးလိမ့်မည်။

ထို့နောက် ဘိုဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်က အသက်ရှူထုတ်လိုက်သည့်အခါ ဂမ္ဘီရမှော်ဝင်ရတနာသိုက်သည် အပြင်းအထန် တုန်ယင်သွားပြီး ကျယ်ပြောနေသည့် လက္ခဏာများ ပြလာသည်။

ထိုလုပ်ငန်းစဉ်သည် သံသရာစက်ဝန်းတစ်ခုသဖွယ် ထပ်ခါတလဲလဲ ဖြစ်ပေါ်နေသည်။

ဂမ္ဘီရမှော်ဝင်ရတနာသိုက်သည် နတ်ဘုရားကျောက်တိုင်များနှင့် ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်၏ ထွက်ပေါ်လာမှုကြောင့် အသက်ဝင်လာနေသည့် လက္ခဏာများ ပြလာသည်။

ရွှီချင်းသည် ထိုအရာအားလုံးကို ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က တစ်ဝက်ထိ ဒြပ်ထည်ဖွဲ့စည်းထားပြီးသော ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်ဆီသို့ ကျရောက်သွားသည်။ မျှော်လင့်မှုသည် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

အချိန်အတော်ကြာပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်သည်။ သူက လူတိုင်း၏ အရိုအသေပေးမှုအောက်မှာ ပြန်မတ်တတ်ရပ်လိုက်သည်။

သူက မတ်တတ်ရပ်လိုက်သည့်အခိုက် အားလှိုင်းအတတ်အကျတစ်ခုသည် အဝေးမှ ပျံ့လွင့်လာသည်။ တည်နေရာပြောင်းရွှေ့ခြင်းစိတ်ဆန္ဒသည် ထိုအားလှိုင်းအတတ်အကျထဲမှ ထွက်ပေါ်လာသည်။ ထိုအားလှိုင်းအတတ်အကျနှင့် တည်နေရာပြောင်းရွှေ့ခြင်းစိတ်ဆန္ဒသည် တောင်တန်းပင်လယ်ဒေသကြီးတစ်လျှောက် ပျံ့နှံ့သွားသည်။

ဤသည်မှာ ဒုတိယပြိုင်ပွဲက ပြီးဆုံးသွားပြီဟူသော လက္ခဏာ ဖြစ်သည်။

ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ တစ်ခဏ တွေးတောပြီးနောက် သူက မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းသွားသည်။

သူက အဝေးမှာ လုံးဝပျောက်ကွယ်သွားသည့်အခါ တောအုပ်သည် ပုံမှန်ပြန်ဖြစ်သွားသည်။ တစ္ဆေရထားလုံးများသည် ဆက်လက် အော်ဟစ်ငိုကြွေးခြင်း မပြုကြတော့ဘဲ တောအုပ်ထဲသို့ ပြန်ဝင်သွားကြသည်။

ကျင့်ကြံသူများသည်တော့ ဖြူဖျော့နေသော မျက်နှာနှင့်အတူ အပြင်သို့ ပြေးထွက်လာကြသည်။ သူတို့၏ ပရမ်းပတာ တုန်လှုပ်နေသော နှလုံးသားထဲမှာ ထိတ်လန့်ချောက်ချားခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းဖြင့် ပြည့်နှက်နေသည်။ သူတို့က ဤနေရာမှာ ဆက်ပြီး မနေဝံ့ကြတော့ဘဲ အပြင်သို့ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။

သူတို့က စီးတော်သားရဲများကို ထိန်းကျောင်းရန် အမြန်ဆောင်ရွက်ရလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် တောင်တန်းပင်လယ်ဒေသကြီးထဲမှ အားလှိုင်းအတတ်အကျကြောင့် မဟာအမဲလိုက်ပွဲတော်၏ ဒုတိယပြိုင်ပွဲက မကြာခင် အဆုံးသတ်တော့မည်ဖြစ်ကြောင်း သူတို့နားလည်သွားကြသည်။

ထျန်းမိုဇီနှင့် ဖန်းရှီရွှမ်းသည် နောက်ဆုံးမှ ထွက်သွားကြသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ထျန်းမိုဇီသည် ခေါင်းမော့လိုက်ပြီး တည်ငြိမ်သော ဟန်အမူအရာကို ထိန်းထားလျက် လက်နောက်ပစ်ပြီး အဝေးသို့ လျှောက်သွားသည်။

နောက်ဆုံးမှာတော့ ဖန်းရှီရွှမ်းတစ်ယောက်တည်းသာ ကျန်နေခဲ့သည်။

“ ကျူးလီက ထွက်ပေါ်လာတယ်… ”

“ ရှေးခေတ်ကတည်းက ဒီလိုကိစ္စမျိုး တစ်ခါမှ မဖြစ်ခဲ့ဘူး… ”

တစ်ခဏကြာပြီးနောက် ဖန်းရှီရွှမ်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ မျက်လုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။ ထို့နောက် သူက အဝေးသို့ ထွက်သွားသည်။

အချိန်သည် ထိုသို့ဖြင့် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ ဒုတိယပြိုင်ပွဲ အဆုံးသတ်ရန် နှစ်ရက်သာ ကျန်ရှိတော့သည့်အချိန် ရွှီချင်း၏ ပုံရိပ်သည် မရင်းနှီးသောနေရာမှာ ထွက်ပေါ်လာသည်။

ထိုနေရာသည် ရှန်းချီခြင်္သေ့တောအုပ်ဖြစ်သည်။

ယင်းက ခေါင်းဆောင်နှင့် သူတွေ့ဆုံရန် ချိန်းဆိုထားခဲ့သော နေရာဖြစ်သည်။

လေထဲမှာ ရပ်နေရင်း ရွှီချင်း၏ အကြည့်က တောအုပ်ပေါ်သို့ ကျရောက်သွားသည်။

သူက ခေါင်းဆောင်၏ အရှိန်အဝါကို အာရုံခံမိသော်လည်း သူ့ကို မမြင်ပေ။ သူက ကျောက်စိမ်းပြားမှတဆင့် အသံပို့လွှတ်ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှ ပြန်မရခဲ့ချေ။

“ ဒီနေရာမှာ တိုက်ပွဲဖြစ်ပွားထားတဲ့ အရိပ်အယောင်ရှိတယ်… ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တောအုပ်ထဲသို့ လျှောက်သွားသည်။ သူက လမ်းလျှောက်လိုက်သည့်အခါ သူ့အရှေ့မှ သစ်ပင်အားလုံးသည် ကွေးညွတ်သွားကြပြီး သူ့အတွက် လမ်းဖွင့်ပေးလိုက်ကြသည်။

ရွှီချင်းသည် တည်ငြိမ်သော အမူအရာနှင့်အတူ အရှေ့သို့ ဆက်လျှောက်သွားသည်။ တစ်ခဏကြာပြီးနောက် သူက ခြေလှမ်းရပ်တန့်လိုက်ပြီး သူ၏ ဘေးမှ သစ်ပင်ကို ကြည့်လိုက်သည်။

ထိုသစ်ပင်သည် အေးစက်စက်လေကို ထုတ်လွှတ်နေသည်။

“ ဒါ စီနီယာအကိုကြီးရဲ့ အအေးဓာတ်ပဲ ”

ရွှီချင်းသည် ထိုသစ်ပင်ဆီသို့ လျှောက်သွားပြီး တစ်ခဏကြာ စိုက်ကြည့်လိုက်သည်။ သူက ရိုးရှင်းစွာ လက်မြှောက်လိုက်ပြီး သစ်ပင်ပေါ်သို့ ဖိချလိုက်သည်။ ကျူးလီ၏ အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပျံ့လွင့်လာပြီး ဘေးပတ်ဝန်းကျင်သို့ သူ၏ နတ်ဘုရားစိတ်အာရုံနှင့်အတူ လွှမ်းခြုံသွားသည်။

“ မင်းတို့ရဲ့ မှတ်ဉာဏ်တွေ ငါ့ကို ပြစမ်း ”

နောက်အခိုက်အတန့်မှာ တောအုပ်ထဲမှ သစ်ပင်အားလုံး၏ မှတ်ဉာဏ်များသည် ချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားကြပြီး ယှက်ထွေသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းတို့က မှတ်ဉာဏ်ကွန်ရက်တစ်ခုကို ဖွဲ့စည်းသွားကြသည်။ ထို့နောက် မြင်ကွင်းတစ်ခုက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

မြင်ကွင်းထဲတွင် ခေါင်းဆောင်သည် မြန်ဆန်စွာ ပြေးလွှားနေပြီး လူတစ်ယောက်က သူ့နောက်သို့ လိုက်ဖမ်းနေသည်။

သူတို့နှစ်ယောက်က တောအုပ်ထဲမှာ ကျွမ်းကျင်ရာနည်းလမ်းများကို အသုံးပြု၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။

နောက်ဆုံးမှာတော့ ခေါင်းဆောင်သည် ဤတောအုပ်ထဲမှ ထွက်ခွာသွားသည်။ သူ့နောက်သို့ လိုက်ဖမ်းနေသော ကျင့်ကြံသူသည် အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး ခေါင်းဆောင်နောက်သို့ ဇွဲကောင်းစွာ ဆက်ပြီး လိုက်သွားသည်။

ရွှီချင်းသည် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ၏ နှလုံးသည် တည်ငြိမ်သည်။

သူက ခေါင်းဆောင်ကို မစိုးရိမ်ပေ။

ခေါင်းဆောင်၏ အနောက်သို့ လိုက်ဖမ်းနေသူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံဖြစ်ကြောင်း သူမှတ်မိသော်လည်း မစိုးရိမ်ပေ။

“ စီနီယာအကိုကြီးက ဒီနေရာမှာ အကြာကြီး ပတ်ပြေးနေတာတောင် အဲ့ဒီလူက သူ့ကို မသတ်နိုင်ခဲ့ဘူး… ကြည့်ရတာ သူက စီနီယာအကိုကြီးကို သတ်နိုင်စွမ်းမရှိတဲ့ပုံပဲ ”

“ ဒါ့အပြင် ရွှမ်မီးလျှံရဲ့ ပုံစံကို ကြည့်ရတာ သူက စီနီယာအကိုကြီးကို အရိုးထဲကနေတောင် မုန်းတီးနေတဲ့ပုံပဲ… သူက ကြီးကြီးမားမား ဆုံးရှုံးခဲ့တာဖြစ်မယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက အချိန်တွက်ကြည့်လိုက်လေရာ ယခုအချိန်က ပြိုင်ပွဲပြီးဆုံးတော့မည့်အချိန်ဖြစ်ကြောင်း သိသွားသည်။

ဤရက်များတွင် တောင်တန်းပင်လယ်ဒေသကြီးထဲမှ စည်းချအစီအရင်က အသက်ဝင်လာနေကြောင်း သူအာရုံခံမိသည်။ ရံဖန်ရံခါ တည်နေရာပြောင်းရွှေ့ခြင်း အားလှိုင်းများက ဤနေရာမှာ ပျံ့နှံ့ထွက်လာလိမ့်မည်။

“ အများဆုံး နှစ်ရက်ပဲ ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။

ဒုတိယပြိုင်ပွဲအပေါ် သူ၏ နားလည်မှုအရ တည်နေရာပြောင်းရွှေ့ခြင်းက အပြည့်အဝ အသက်ဝင်လာလျှင် ဤနေရာမှ ပြိုင်ပွဲဝင်သူအားလုံးသည် နတ်ဘုရားတောင်တန်းဆီသို့ ချက်ချင်း တည်နေရာပြောင်းရွှေ့ခံရလိမ့်မည်။

“ ခေါင်းဆောင်က ပြိုင်ပွဲဝင်သူတွေနဲ့အတူ ဒီနေရာကို တည်နေရာပြောင်းရွှေ့နိုင်ခဲ့မှတော့ သူ့မှာ ဒီကနေ တည်နေရာပြန်ပြောင်းရွှေ့ဖို့ နည်းလမ်းတစ်ခု ရှိရမယ်… ဒီရက်အတွင်းမှာ သူက အပြင်ရောက်သွားလိမ့်မယ် ”

ရွှီချင်းသည် စိတ်အေးသွားသည်။

သို့သော်လည်း ခေါင်းဆောင်နှင့် သူ့ကြားမှ ရင်းနှီးကျွမ်းဝင်မှုကို စဉ်းစားမိသွားသောအခါ သူ့ကို ဤနှစ်ရက်အတွင်းမှာ လိုက်ရှာဖွေသင့်သည်ဟု ရွှီချင်း ခံစားမိသည်။

ထို့ကြောင့် သူက လေထဲသို့ ပျံတတ်သွားပြီး ဆက်လက် ရှာဖွေလိုက်သည်။

ခေါင်းဆောင်၏ အရှိန်အဝါက ပျောက်ကွယ်သွားသည့်အခါတိုင်း သူက ကျူးလီ၏ အရှိန်အဝါကို ထုတ်လွှတ်ပြီး ဤနေရာမှ သစ်ပင်များ၏ မှတ်ဉာဏ်များကို ကြည့်ရှုလိမ့်မည်။ ဦးတည်ရာအသစ်တစ်ခုကို ရှာတွေ့ပြီးလျှင် သူက ဆက်လက် ရှာဖွေလိမ့်မည်။

ကံမကောင်းစွာဖြင့် သူ့မှာ အချိန်အများကြီး မရှိပေ။ နှစ်ရက်ကုန်ဆုံးသွားသည့်တိုင်အောင် ရွှီချင်းက ခေါင်းဆောင်ကို မရှာနိုင်ခဲ့ပေ။

ထိုနှစ်ရက်အတွင်းမှာ တည်နေရာပြောင်းရွှေ့ခြင်းအားလှိုင်းများက တောင်တန်းပင်လယ်ဒေသကြီးထဲမှာ မကြာမကြာ ထွက်ပေါ်လာခဲ့သည်။ အဝေးမှ မီးလျှံလကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်က ဝေဝါးလာပြီး ချက်ချင်း တည်နေရာပြောင်းရွှေ့ခံလိုက်ရကြောင်း ရွှီချင်း မြင်ခဲ့သည်။

“ အဲ့ဒါစတင်နေပြီ ”

ရွှီချင်းသည် ခေါင်းဆောင်အား ရှာဖွေနေခြင်းကို ရပ်တန့်လိုက်ပြီး တောင်တန်းပင်လယ်ဒေသကြီးကို အာရုံခံလိုက်သည်။ သူက တောင်တစ်လုံးပေါ်မှာ ထိုင်လိုက်ပြီး တည်နေရာပြောင်းရွှေ့ခံရမည်ကို စောင့်ဆိုင်းလိုက်သည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ မကြာမီ ဝုန်းခနဲ မြည်သံသည် တောင်တန်းပင်လယ်ဒေသကြီးထဲမှာ ပဲ့တင်ထပ်သွားသည်။ ထိုအသံသည် နတ်ဘုရားတစ်ပါး၏ ဒေါသတကြီး ဟိန်းဟောက်သံနှင့်ဆင်တူပြီး အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။

တည်နေရာပြောင်းရွှေ့ခြင်းအားလှိုင်းများက တောင်တန်းပင်လယ်ဒေသကြီးထဲမှာ ပျံ့နှံ့သွားသည်။

ပထမဆုံး တည်နေရာပြောင်းရွှေ့ခံရသူများသည် စီးတော်သားရဲ မရရှိသူများ ဖြစ်ကြသည်။ ထို့နောက် စီးတော်သားရဲရရှိသူများသည် ၎င်းတို့ထိန်းကျောင်းထားသော စီးတော်သားရဲ၏ စွမ်းရည်ပေါ်မူတည်၍ တည်နေရာပြောင်းရွှေ့ခံရလိမ့်မည်။

အကယ်၍ တစ်စုံတစ်ယောက်က တောင်တန်းပင်လယ်ဒေသကြီးတစ်ခုလုံးကို အပေါ်စီးမှ ငုံ့ကြည့်မည်ဆိုလျှင် ကျင့်ကြံသူများသည် တည်နေရာပြောင်းရွှေ့ခြင်းအလင်းရောင်နှင့်အတူ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားနေကြောင်း မြင်နိုင်လိမ့်မည်။ တစ်စုံတစ်ယောက်သော လူသည်သာ ထိုတည်နေရာပြောင်းရွှေ့ခြင်းအားလှိုင်းဖြင့် သက်ရောက်မခံရသေးပေ။

တောင်တန်းပင်လယ်ဒေသကြီးထဲမှ ပြိုင်ပွဲဝင်သူများက ဆက်လက် ပျောက်ကွယ်နေသော်လည်း ထိုလူက မလှုပ်မယှက် ရှိနေဆဲပင်။

နာရီအနည်းငယ်ကြာပြီးနောက် ထိုလူတစ်ယောက်တည်းသာ တောင်တန်းပင်လယ်ဒေသကြီးထဲတွင် ကျန်ရှိနေခဲ့သည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။

လောကကြီးသည် တုန်ယင်သွားသည်။ တောင်တန်းပင်လယ်ဒေသကြီးထဲမှာ သူတစ်ယောက်တည်း ကျန်ရှိနေသဖြင့် တည်နေရာပြောင်းရွှေ့ခြင်း အားလှိုင်းအတတ်အကျများက သူရှိနေသော ဧရိယာတစ်ဝိုက်မှာ စုဝေးသွားကြသည်။ အမှန်မှာ ထိုအားလှိုင်းအတတ်အကျများက ကောင်းကင်ပေါ်မှာ စုဝေးသွားကြပြီး အနက်ရောင်ဝဲကတော့တစ်ခုကို ဖွဲ့စည်းသွားသည်။

ဝဲကတော့သည် မြန်ဆန်စွာ လှည့်ပတ်သွားသည်။

သို့သော်လည်း ယင်းက မည်မျှလမ်းညွှန်ပေးပါစေ တည်နေရာပြောင်းရွှေ့ခြင်းသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ မဖြစ်ပေါ်လာပေ။ သူက တည်နေရာမပြောင်းရွှေ့နိုင်ပေ။

ထိုသဘာဝလွန်ဖြစ်စဉ်က ရွှီချင်းကို အံ့ဩသွားစေသည်။

“ ဒီကနေ တည်နေရာမပြောင်းရွှေ့နိုင်မှတော့ ငါ့ဘာသာပဲ ထွက်သွားတော့မယ် ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်း လျှောက်လိုက်ပြီး ကောင်းကင်ပေါ်မှ ဝဲကတော့ထဲသို့ ဝင်ရောက်သွားသည်။

All Chapters