← Chapters

ကျူးလီ လောကထဲသို့ ပြန်ဝင်ရောက်ခြင်း

Vol. 84 Ch. 1284

ကျူးလီ လောကထဲသို့ ပြန်ဝင်ရောက်ခြင်း

Vol. 84 Ch. 1284

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်… နတ်ဘုရားတောင်တန်း…

မြင့်မြတ်မြို့တော်သုံးမြို့၏ ဝန်းရံခံထားရသော နတ်ဘုရားတောင်တန်းသည် ဝုန်းခနဲ မြည်သံကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ရွှေရောင်အလင်းတန်း ထွက်ပေါ်လာသည်။

နတ်ဘုရားတောင်တန်း၏ အလင်းရောင်သည် တောင်ထိပ်ပေါ်တွင် စုဝေးသွားပြီး နောက်ဆုံးမှာတော့ ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပျံတတ်သွားသည်။

ကောင်းကင်သည် တုန်လှုပ်သွားပြီး လှိုင်းအတွန့်များက ကောင်းကင်ပေါ်မှာ ပျံ့နှံ့သွားကြသည်။

လှိုင်းဂယက်များက ပျံ့နှံ့သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်သည် ရွှေရောင်အလင်းဖြင့် ထွန်းလင်းတောက်ပလာသည်။ ထို့အတူ တည်နေရာပြောင်းရွှေ့ခြင်းအားလှိုင်းများသည်လည်း ဘေးပတ်ဝန်းကျင်မှာ ဆက်လက် မြင့်တတ်လာသည်။

ထိုအဖြစ်အပျက်ကို သတိပြုမိသောအခါ မြင့်မြတ်မြို့တော်သုံးမြို့ထဲမှ ပုံရိပ်များစွာသည် ကောင်းကင်ပေါ်သို့ မြန်ဆန်စွာ ပျံတတ်သွားကြပြီး နတ်ဘုရားတောင်တန်း၏ ကောင်းကင်ပေါ်သို့ ကြည့်လိုက်ကြသည်။

သူတို့၏ အရေအတွက်သည် တစ်သန်းနီးပါး ရှိသည်။

သူတို့အများစုသည် မဟာအမဲလိုက်ပွဲတော်တွင် မပါဝင်ခဲ့ကြသည့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နှင့် ၎င်း၏ လက်အောက်ခံမျိုးနွယ်စုများမှ ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့ထဲတွင် မျိုးနွယ်စုအသီးသီးမှ ယခင်မျိုးဆက်များ၏ ပညာရှင်ကျင့်ကြံသူများလည်း ပါရှိကြသည်။

ထို့ပြင် ပြိုင်ပွဲဝင်သူများနှင့် ပတ်သက်ဆက်နွယ်နေသူများလည်း အများအပြား ရှိကြသည်။

ယခု သူတို့က နတ်ဘုရားတောင်တန်းထံမှ ပြင်းထန်သော အားလှိုင်းအတတ်အကျများကို အာရုံခံမိသွားသောအခါ ကောင်းကင်ကို အာရုံစိုက်လိုက်ကြသည်။ ပြန်ရောက်လာမည့် ကျင့်ကြံသူများထဲတွင် မည်သူက အံ့ဖွယ်ကောင်းသော စီးတော်သားရဲများကို ထိန်းကျောင်းနိုင်ခဲ့ကြောင်း သူတို့စိတ်ဝင်စားကြသည်။

“ ဒုတိယပြိုင်ပွဲက အဆုံးသတ်သွားပြီ ”

“ ဒီတစ်ကြိမ် မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုခု မဖြစ်ပျက်ခဲ့ဘူးဆိုရင် ရွှမ်မီးလျှံရဲ့ စီးတော်သားရဲက သေချာပေါက် နံပါတ်တစ်နေရာကို ရလိမ့်မယ် ”

“ ဂျိဒုန်းဇီလည်း ရှိသေးတယ်… မီးလျှံလမျိုးနွယ်ရဲ့ နံပါတ်နှစ်ကောင်းကင်အရွေးချယ်ခံအနေနဲ့ သူက ထူးခြားတဲ့ စီးတော်သားရဲတစ်ကောင်ကို သေချာပေါက် ရရှိလိမ့်မယ် ”

“ ဒီတစ်ကြိမ်မှာရော ဖျက်မြင်းတစ်ကောင် ရှိလာဦးမလား ငါစိတ်ဝင်စားတယ်… ရွှီချင်းဆိုတဲ့ လူသားရဲ့ ရလဒ်က ဘယ်လိုဖြစ်မလဲ မသိဘူး ”

“ ရွှီချင်းလား… သူက ကောင်းကင်အရွေးချယ်ခံတစ်ယောက်ဆိုပေမဲ့ ပထမပြိုင်ပွဲမှာ ပထမနေရာကို ရရှိခဲ့တာက ငါ့မျိုးနွယ်ရဲ့ မဟာကောင်းကင်အရွေးချယ်ခံတွေက ပထမပြိုင်ပွဲကို စိတ်မဝင်စားကြလို့ပါ… ဒီဒုတိယပြိုင်ပွဲမှာ တကယ်လို့ သူက မသေခဲ့ရင်တောင် ငါတို့ရဲ့ မဟာကောင်းကင်အရွေးချယ်ခံတွေနဲ့ သူကြားက စွမ်းအားကွာခြားမှုကိုတော့ ကောင်းကောင်း နားလည်သွားလောက်မှာပါ ”

ဆွေးနွေးသံများသည် မြင့်မြတ်မြို့တော်သုံးမြို့ထဲရှိ လူအုပ်ကြားထဲမှ ပဲ့တင်ထပ်လာသည်။

တောင်တန်းပင်လယ်ဒေသကြီးထဲ၌ မည်သို့ဖြစ်ပျက်ခဲ့ကြောင်း သူတို့မသိကြပေ။

မည်သို့ဖြစ်ပါစေ တောင်တန်းပင်လယ်ဒေသကြီးသည် ချိပ်တံဆိပ်တစ်ခုပမာ အရာအားလုံးနှင့် သီးခြားခွဲထွက်နေသော နေရာတစ်နေရာ ဖြစ်သည်။

သို့ဖြစ်၍ စောင့်ဆိုင်းနေသော ထိုလူများအတွက် နောက်ဖြစ်လာမည့်အရာများသည် မသေချာသော အရာများဖြစ်သည်။

ထိုသို့မသေချာမှုက သူတို့ကို ပိုပြီးစိတ်ဝင်စားစေပြီး မျှော်လင့်မိစေသည်။

ထိုသို့ဖြင့် အချိန်သည် ကုန်ဆုံးသွားသည်။ တစ်နာရီကြာပြီးနောက် နတ်ဘုရားတောင်တန်းထံမှ အလင်းရောင်က ပိုပြီးလင်းထိန်လာသည့်အခါ ကောင်းကင်နှင့်မြေပြင်ကြား၌ ပဲ့တင်ထပ်သွားမည့် ဝုန်းခနဲမြည်သံတစ်သံ ထွက်ပေါ်လာသည်။ ကျယ်လောင်သော မြည်သံထွက်ပေါ်လာပြီးနောက် ဧရာမဝဲကတော့တစ်ခုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

ဝဲကတော့က တုန်လှုပ်သွားပြီး လှည့်ပတ်သွားသည့်အခါ တည်နေရာပြောင်းရွှေ့ခံရသော ကျင့်ကြံသူများ၏ ပုံရိပ်များက ဝဲကတော့ထဲမှာ ဝေဝေဝါးဝါး ထွက်ပေါ်လာကြသည်။

မြင့်မြတ်မြို့တော်သုံးမြို့ထဲမှ စောင့်ကြည့်နေသူ တစ်သန်းကျော်၏ အကြည့်များက ထိုပုံရိပ်များပေါ်မှာ မြန်ဆန်စွာ စုဝေးသွားကြသည်။

မရေမတွက်နိုင်သော အကြည့်များအောက်မှာ ကောင်းကင်ပေါ်မှ ဝဲကတော့ထဲတွင် ဝေဝါးနေသော ပုံရိပ်များက မြန်ဆန်စွာ ကြည်လင်လာနေကြောင်း မည်သူမဆို မြင်နိုင်လိမ့်မည်။

သူတို့က လုံးလုံးလျားလျား ပြန်ပေါ်လာသည့်အခါ မျက်နှာဖြူဖျော့နေကြောင်း မည်သူမဆို သတိပြုမိလိမ့်မည်။ တချို့လူများသည် အထီးကျန်သော အမူအရာကို ထုတ်ဖော်ထားကြပြီး တချို့လူများသည် ကြောက်လန့်နေကြသည်။ တချို့လူများဆိုလျှင် ကပ်ဘေးတစ်ခုမှ အသက်ရှင်လွတ်မြောက်လာခဲ့သဖြင့် စိတ်သက်သာရာရနေပုံပေါ်သည်။

သူတို့၏ အမူအရာက ကွဲပြားခြားနားနေသော်လည်း သူတို့မှာ တူညီသော အချက်တစ်ချက်ရှိသည်။ ယင်းမှာ သူတို့က ဒုတိယပြိုင်ပွဲထဲတွင် မည်သည့်စီးတော်သားရဲကိုမှ မထိန်းကျောင်းနိုင်ခဲ့ပေ။

တည်နေရာပြောင်းရွှေ့ခံလိုက်ရသော ပထမအသုတ်မှ လူများသည် သူတို့ဘာသာ မထွက်သွားနိုင်ကြချေ။ နတ်ဘုရားတောင်တန်း၏ တည်နေရာပြောင်းရွှေ့ခြင်းက လုံးဝပြီးဆုံးသွားမှသာ သူတို့ထွက်သွားနိုင်လိမ့်မည်။

“ အရင်တုန်းက တည်နေရာပြောင်းရွှေ့တဲ့ စည်းမျဉ်းတွေအရဆို ပထမဆုံး တည်နေရာပြောင်းရွှေ့ခံရမယ့်လူတွေက ပြိုင်ပွဲမှာ အဆိုးဝါးဆုံးရလဒ်ကို ရရှိခဲ့တဲ့လူတွေပဲ… အကောင်းဆုံး ရိတ်သိမ်းမှုတွေကို ပြုလုပ်နိုင်ခဲ့တဲ့လူတွေက နောက်ဆုံးမှ တည်နေရာပြောင်းရွှေ့ခံရလိမ့်မယ် ”

“ ဒါပေမဲ့ အခုကြည့်ရတာတော့ ဒီတစ်ကြိမ်ပြိုင်ပွဲမှာ ကျရှုံးသူတွေ အရမ်းများတာပဲ… ”

ထိုကျရှုံးသူများသည် စောင့်ကြည့်နေသော ကျင့်ကြံသူများ၏ နှလုံးသားထဲမှာ မည်သည့်တန်ဖိုးမှ မရှိပေ။ ထို့ကြောင့် လူအများစုသည် သူတို့ကို အာရုံမစိုက်ကြတော့ဘဲ လျစ်လျူရှုထားလိုက်ကြသည်။

သို့ဖြစ်၍ ကျရှုံးသွားသော ကျင့်ကြံသူများထဲမှ တစ်စုံတစ်ယောက်၏ မျက်လုံးထဲတွင် အပြာရောင်အလင်း တောက်ပသွားကြောင်း မည်သူမှ သတိမထားမိကြချေ။ ထိုလူသည် တည်နေရာပြောင်းရွှေ့ခံရပြီးနောက် သူ့ကိုယ်သူ ဖုံးကွယ်လိုက်ပြီး တခြားလူများနည်းတူ အထီးကျန်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူက ပြန့်ကျဲနေသော လူအုပ်ထဲသို့ တိုးဝင်သွားသည်။

“ တောင်တန်းပင်လယ်ဒေသကြီးထဲမှာ ဂျူနီယာညီလေးက ဘာလို့ ဘာမှမလှုပ်ရှားခဲ့တာလဲ ”

ထိုကျင့်ကြံသူသည် အားညိုမှလွဲ၍ တခြားလူမဟုတ်ပေ။

သူက ရှန်းချီခြင်္သေ့တောအုပ်ထဲမှာ လအနည်းငယ်ကြာအောင် အသက်လု၍ ထွက်ပြေးနေရသောကြောင့် အပြင်ဘက်မှ ကိစ္စများကို ဘာမှမသိထားပေ။ သို့သော်လည်း သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်သို့ ဖြတ်သန်းသွားပြီး ရွှီချင်းပြန်မရောက်လာသေးကြောင်း အာရုံခံမိသွားသည့်အခါ သူက အနည်းငယ် ဘဝင်မြင့်သွားသည်။

“ ဂျူနီယာညီလေးက ငါ့ကို လာမရှာသလို ပထမအသုတ် တည်နေရာပြောင်းရွှေ့ခံရတဲ့ လူတွေထဲမှာလည်း မပါဘူး… ကြည့်ရတာ သူက တစ်ခုခုရရှိခဲ့တဲ့ပုံပဲ… အဲ့ဒါ ပိုကောင်းတယ်… နှိုင်းယှဉ်စရာမရှိဘူးဆိုရင် ငါက စီနီယာအကိုကြီးတစ်ယောက်အနေနဲ့ ဘယ်လောက် ထူးချွန်လဲဆိုတာ ဖော်ပြနိုင်မှာ မဟုတ်ဘူး ”

အားညိုသည် သက်ပြင်းချလိုက်သည်။ ရှန်းချီခြင်္သေ့သားရဲဥကို ရွှီချင်းအား သူလက်ဆောင်ပေးသည့်အခါ ရွှီချင်းက အံ့ဩထိတ်လန့်သွားပြီး သူ့ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လာလိမ့်မည်ကို ခေါင်းဆောင်က စိတ်ထဲမှာ ပုံဖော်ကြည့်လိုက်သည်။

“ ဟူး ချင်းလေးကို ငါမနာလိုလိုက်တာ… သူ့မှာ ဘာဖြစ်လို့ ဒီလောက်ကောင်းတဲ့ စီနီယာအကိုကြီးရှိနေရတာလဲ… အဲ့ဒီအခါကျရင် သူက စိတ်လှုပ်ရှားသွားပြီး သူ့ရဲ့ နီလာနတ်သမီးအသွေးအသားတွေကို ငါ့ကို အကုန်ပေးပစ်လောက်တယ် ”

အားညိုသည် နှုတ်ခမ်းသပ်လိုက်သည်။ မျှော်လင့်သော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက မက်မွန်သီးတစ်လုံးကို ထုတ်လိုက်ပြီး ဘဝင်မြင့်စွာ ကိုက်စားလိုက်သည်။

သူက ရွှီချင်း၏ နီလာနတ်သမီးအသွေးအသားဝေစုကို မျက်စိကျနေခဲ့သည်မှာ အတော်ကြာခဲ့ချေ၏။

ပုံမှန်အခြေအနေမျိုးတွင် သူက ယင်းကို ရွှီချင်းထံမှ မတောင်းဆိုနိုင်ပေ။ သို့သော်လည်း ယခု ထိုအခွင့်အရေးက သူ့ဆီသို့ ဆိုက်မြိုက်စွာ ရောက်ရှိလာပြီဖြစ်ကြောင်း သူခံစားမိသွားသည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

နတ်ဘုရားတောင်တန်း၏ တည်နေရာပြောင်းရွှေ့ခြင်းအားလှိုင်းများက ဆက်လက် ပေါ်လျှိုးလာနေစဉ် ပုံရိပ်တစ်ခုပြီးတစ်ခုသည် ဝဲကတော့ထဲမှ ထွက်ပေါ်လာကြသည်။ တချို့သည် သူတို့၏ စီးတော်သားရဲများကို ဖုံးကွယ်ထားရန် ရွေးချယ်ကြပြီး တချို့သည် သူတို့၏ စီးတော်သားရဲများကို ထုတ်ဖော်ထားကြသည်။ ထိုအခါ မြင့်မြတ်မြို့တော်သုံးမြို့ထဲမှ စောင့်ကြည့်နေသူများကြားတွင် ဆွေးနွေးသံများက ထွက်ပေါ်လာသည်။

“ တိမ်ဝါးမျိုမျိုးနွယ်စုရဲ့ ချန်းလင်းဇီက တောင်စာကလေးတစ်ကောင်ကို ထိန်းကျောင်းနိုင်ခဲ့တယ်… အံ့ဩစရာပဲ ”

“ အတွေးဝိညာဉ်မျိုးနွယ်စုက ကျိုးရှန်းကို ကြည့်ဦး… သူ့ဘေးနားမှာ မျောလွင့်နေတဲ့ ဝေဝေဝါးဝါး ပုံရိပ်တွေကို ကြည့်ရရင် သူက ထူးဆန်းတဲ့ တစ္ဆေသားရဲကို ထိန်းကျောင်းနိုင်ခဲ့တာ ဖြစ်ရမယ် ”

“ တစ်ခုခုတော့ မဟုတ်သေးဘူး… တည်နေရာပြောင်းရွှေ့ခံရပြီး ပြန်ထွက်လာကြတဲ့ လူတွေရဲ့ အမူအရာက မထူးဆန်းနေဘူးလား ”

ဆွေးနွေးမှုများကြားတွင် တစ်စုံတစ်ယောက်သည် မူမမှန်မှုကို မြန်ဆန်စွာ ရှာတွေ့သွားသည်။

စီးတော်သားရဲများကို ထိန်းကျောင်းနိုင်ခဲ့သူများသည် တည်နေရာပြောင်းရွှေ့ခံရပြီးနောက် မထွက်သွားကြချေ။ ယင်းအစား သူတို့အားလုံးက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကောင်းကင်ပေါ်မှ ဝဲကတော့ကို ကြည့်လိုက်ကြသည်။

ဤသည်မှာ သူတို့က တစ်စုံတစ်ခုကို အတည်ပြုရန် စောင့်ဆိုင်းနေသည့်အလားပင်။

ယင်းက စောင့်ကြည့်နေသူများကို အံ့ဩသွားစေသည်။ သူတို့က မေးမြန်းချင်သော်လည်း ကောင်းကင်ပေါ်မှ တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်သည် ဆက်လက် အသက်ဝင်နေဆဲပင်။ တည်နေရာပြောင်းရွှေ့ခြင်းက မပြီးဆုံးသေးသရွေ့ သူတို့က အသံပို့လွှတ်ခြင်းကို မလုပ်ဆောင်နိုင်ပေ။

ထို့ကြောင့် သူတို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ တစ်ချိန်တည်းမှာ ပုံရိပ်အများအပြားသည် ဝဲကတော့ထဲမှ ထွက်ပေါ်လာကြသည်။ သူတို့၏ စီးတော်သားရဲများသည်လည်း ပိုပြီးအားကောင်းလာကြသည်။

ယင်းက ဝဲကတော့ထဲမှ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်နှစ်ခု မထွက်ပေါ်လာခင်အထိ ကြာမြင့်ခဲ့သည်။

သူတို့သည် ထုန်ရှီရှန်းနှင့် ဖန်းရှီရွှမ်းဖြစ်သည်။

သူတို့နှစ်ယောက်၏ ထွက်ပေါ်လာမှုက လူတိုင်း၏ စိတ်ဝင်စားမှုကို ချက်ချင်း ဆွဲဆောင်သွားသည်။ ထုန်ရှီရှန်း၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်နေသော မျောက်ဝံတစ်ကောင်ရှိသည်။ မျက်ဝံ၏ တစ်ကိုယ်လုံးမှ အနက်ရောင်အခိုးအငွေ့ကို ထုတ်လွှတ်နေပြီး ၎င်း၏ အရှိန်အဝါသည် ဖော်မပြနိုင်အောင် ရက်စက်ကြမ်းကြုတ်သည်။

ဖန်းရှီရွှမ်းသည်တော့ မျက်နှာဖြူဖျော့နေပြီး သူ၏ အမူအရာက ရှုပ်ထွေးနေသည်။ သူ၏ အနောက်တွင်လည်း မျောက်ဝံတစ်ကောင်ရှိသည်။

“ အဲ့ဒါက တစ္ဆေရထားလုံးထက် တစ်ဆင့်နိမ့်တဲ့ မိစ္ဆာမျောက်ဝံပဲ ”

“ ထုန်ရှီရှန်းက မိစ္ဆာမျောက်ဝံတစ်ကောင်ကို တကယ်ကြီး ထိန်းကျောင်းနိုင်ခဲ့တယ်… ဒီရိတ်သိမ်းမှုက မဆိုးဘူးလို့ ပြောနိုင်တယ်… ဒါပေမဲ့ ဖန်းရှီရွှမ်းရဲ့ စီးတော်သားရဲက ဘာဖြစ်လို့ မိစ္ဆာမျောက်ဝံလဲ ”

“ သူတို့ရဲ့ အဆင့်သတ်မှတ်ချက်အရဆို ဖန်းရှီရွှမ်းရဲ့ စီးတော်သားရဲက တစ္ဆေရထားလုံးဖြစ်လိမ့်မယ်လို့ ငါတွေးထားတဲ့ဟာ… ”

လူတိုင်းက ဆွေးနွေးနေကြစဉ် ထုန်ရှီရှန်းနှင့် ဖန်းရှီရွှမ်းသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး နှုတ်ဆိတ်သွားကြသည်။ ထို့နောက် သူတို့က တခြားလူများနည်းတူ ကောင်းကင်ပေါ်မှ ဝဲကတော့ကို ကြည့်လိုက်ကြသည်။

ထိုမြင်ကွင်းသည် စောင့်ကြည့်နေသူများကြားမှာ ကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေခဲ့သည်။ သံသယသည် သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

“ လူတိုင်းက ဝဲကတော့ကို ကြည့်နေကြတယ်… သူတို့က ဘာကို စောင့်နေကြတာလဲ ”

အားညိုသည် နှလုံးခုန်မြန်လာသည်။ သူက ဆိုးဝါးသော အတိတ်နိမိတ်ကို ခံစားမိလာသည်။ တစ်ချိန်တည်းမှာ ဝုန်းခနဲ မြည်သံသည် ကောင်းကင်ပေါ်ရှိ ဝဲကတော့ထဲမှ ပျံ့လွင့်လာသည်။ ပုံရိပ်တစ်ခုသည် ဝဲကတော့ထဲမှာ မြန်ဆန်စွာ ကြည်လင်လာသည်။ ထိုလူက အပြင်သို့ ထွက်လျှောက်လာသည့်အခိုက် လူတိုင်း၏ အကြည့်က သူ့ထံမှာ စုဝေးသွားသည်။

“ ထျန်းမိုဇီ ”

“ သူ့အနောက်က စီးတော်သားရဲ… အဲ့ဒါက… ”

“ တစ္ဆေရထားလုံး ”

ဝဲကတော့ထဲမှ ထွက်ပေါ်လာသူသည် ထျန်းမိုဇီမှလွဲ၍ တခြားလူမဟုတ်ပေ။

သူ၏ အမူအရာသည် တည်ငြိမ်သည်။ သူက ဝဲကတော့၏ အပြင်သို့ ထွက်လာပြီးနောက် ဘေးဘီကို လှည့်မကြည့်ဘဲ ဝဲကတော့ဆီသို့သာ တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ချက်ချင်းဆိုသလို ဝဲကတော့သည် ထပ်မံ တုန်ခါသွားသည်။ ဤတစ်ကြိမ်တွင် ယင်းက ထျန်းမိုဇီထွက်လာခဲ့စဉ်ထက် ပိုပြီးပြင်းထန်သည်။ မကြာမီ ရွှမ်မီးလျှံ၏ ပုံရိပ်သည် ဝဲကတော့ထဲမှ ထွက်ပေါ်လာသည်။

သူ၏ အနောက်တွင် မီးတောက်များနှင့်အတူ မွေးဖွားလာဟန်ရသော သားရဲတစ်ကောင်ရှိပြီး ၎င်းက အံ့ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်းသည် တစ္ဆေရထားလုံးထက် အများကြီး ပိုအဆင့်မြင့်ပြီး သားရဲအဆင့်သတ်မှတ်ချက်တွင် နံပါတ်နှစ်ချိတ်သော ရှန်းချီခြင်္သေ့ဖြစ်သည်။

ရွှမ်မီးလျှံသည် အပြင်ရောက်လာသည်နှင့်ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ပြည့်နှက်နေသည်။ သူက ဘေးဘီကို လှည့်ကြည့်လိုက်လေရာ သူ၏ အကြည့်က လူတိုင်းပေါ်သို့ ကျရောက်သွားသည်။ ဤသည်မှာ သူက တစ်စုံတစ်ယောက်ကို ရှာဖွေနေသည့်အလားပင်။

ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူ၏ ဖုံးကွယ်မှုအတတ်ပညာကို ယုံကြည်မှုအပြည့်ရှိသည်။ ထို့ကြောင့် သူက ရွှမ်မီးလျှံ၏ အကြည့်ကို အလေးမထားပေ။ သို့သော်လည်း ရွှမ်မီးလျှံ၏ ထွက်ပေါ်လာမှုကြောင့် သူ၏ နှလုံးသားထဲမှ စိတ်မသက်မသာဖြစ်သော ခံစားမှုသည် ပိုပြီးအားကောင်းလာသည်။

“ ဂျူနီယာညီလေးက ထွက်မလာသေးဘူး… သူက သေသွားတာမဟုတ်ရင် ရှန်းချီခြင်္သေ့ပြီးမှ တည်နေရာပြောင်းရွှေ့ခံရတာ ဖြစ်နိုင်တယ်… ဒါဆိုရင်… ”

ခေါင်းဆောင်၏ စိတ်ထဲတွင် မယုံကြည်နိုင်စရာကောင်းသော အတွေးတစ်ခု ထွက်ပေါ်လာသည်။ သူက သူ့ကိုယ်ပိုင်အတွေးကြောင့် ဂနာမငြိမ်ဖြစ်နေစဉ် ရှန်းချီခြင်္သေ့နှင့်အတူ ထွက်ပေါ်လာသော ရွှမ်မီးလျှံ၏ ပုံရိပ်သည် စောင့်ကြည့်နေသူအားလုံးကို အံ့ဩထိတ်လန့်သွားစေသည်။

“ ရှန်းချီခြင်္သေ့ ”

“ ကြည့်ရတာ ပြိုင်ပွဲဝင်သူတွေက ရွှမ်မီးလျှံကို စောင့်နေကြတာဖြစ်မယ် ”

“ ရှန်းချီခြင်္သေ့နဲ့ဆိုရင် သူက ဒီပြိုင်ပွဲမှာ သေချာပေါက် ပထမရပြီ ”

“ ဒါပေမဲ့ ဂျိဒုန်းဇီကို ငါဘာလို့ မမြင်မိတာလဲ ”

“ ပြီးတော့ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်က မပြီးဆုံးသေးဘူး… ဝဲကတော့က ဆက်ပြီး လှည့်ပတ်နေတုန်းပဲ ”

“ တစ်ခုခုတော့ မူမမှန်ဘူး… အဲ့ဒီပြိုင်ပွဲဝင်တွေကို ကြည့်… ရွှမ်မီးလျှံကလွဲရင် ကျန်တဲ့လူအားလုံးက ဝဲကတော့ကို စိုက်ကြည့်နေကြတယ်… သူတို့က တစ်ခုခုကို စောင့်နေတဲ့ပုံပဲ ”

ထိုမူမမှန်မှုကို မီးလျှံလမြို့တော်ထဲမှ လူတိုင်းက အာရုံခံမိသွားကြပြီး နှလုံးတုန်သွားကြသည်။

ကောင်းကင်ပေါ်တွင် ရွှမ်မီးလျှံသည်လည်း ယင်းကို အာရုံခံမိသွားသည်။ သူ၏ ဘေးမှ လူတိုင်းက ဝဲကတော့ကို စိုက်ကြည့်နေကြောင်း သူသတိထားမိသွားသည်။ ထို့ကြောင့် သူက မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ကြည့်လိုက်သည်။

ကောင်းကင်ပေါ်မှ ဝဲကတော့သည် ကမ္ဘာတုန်ဟီးစေမည့် မြည်သံကို ထုတ်လွှတ်လိုက်သည်။ ဝဲကတော့သည် အပြင်းအထန် တုန်ယင်သွားပြီး ခက်ခဲသည်ဟူသော ခံစားမှုကို ပေးလာသည်။

ဤသည်မှာ ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခုက တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်၏ စွမ်းအင်ကို ငှားယူ၍ ဤနေရာသို့ ဆင်းသက်လာရန် ကြိုးစားနေသည့်အလားပင်။

၎င်း၏ ခန္ဓာကိုယ်က အလွန်အမင်း ကြီးမားသောကြောင့် တည်နေရာပြောင်းရွှေ့ရန် အခက်တွေ့နေသည့်အလားပင်။

ယင်းက ရှေးဟောင်းအငွေ့အသက်ကို သယ်ဆောင်ထားသော ကျူးလီမီးခိုးရောင်မြူခိုးက ဝဲကတော့ထဲမှ မထွက်ပေါ်လာခင်အထိ ကြာမြင့်ခဲ့သည်။ မီးခိုးရောင်မြူခိုးသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး ကောင်းကင်ပေါ်တွင် ဖိအားတစ်ခုကို ဖြစ်ပေါ်စေသည်။

ချက်ချင်းဆိုသလို မြင့်မြတ်မြို့တော်သုံးမြို့ထဲမှ မီးလျှံလကျင့်ကြံသူများသည် နှလုံးတုန်သွားကြသည်။

ဤအခိုက်အတန့်မှာ သူတို့က သွေးမျိုးဆက်ပဲ့တင်မှုကို အာရုံခံမိသွားကြသည်။

အထူးသဖြင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ပညာရှင်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ အကြည့်က ပိုပြီးတည်ကြည်လေးနက်နေသည်။ သူတို့အများစုသည် ကောင်းကင်ပေါ်သို့ ရုတ်တရက် ပျံသန်းသွားကြပြီး မီးခိုးရောင်မြူခိုးကို အာရုံခံလိုက်ကြသည်။ ချက်ချင်းဆိုသလို မယုံကြည်နိုင်မှုက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ အဲ့ဒါက… ”

လူတိုင်း၏ အာရုံစိုက်မှုနှင့် သွေးမျိုးဆက်ပဲ့တင်မှုအောက်မှာ ပုံရိပ်တစ်ခုသည် နောက်ဆုံးမှာတော့ ဝဲကတော့ထဲမှ ထွက်လျှောက်လာသည်။

သူ၏ ဆံပင်ရှည်က လေထဲမှာ တဖျပ်ဖျပ်လွင့်မျောနေပြီး သူက လူသားလောကဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာနေသည်။

ဝဲကတော့၏ အပြင်ဘက်တွင် ထိန်းကျောင်းခံထားရသော စီးတော်သားရဲအားလုံးသည် ချက်ချင်း အော်ဟစ်ငိုကြွေးလိုက်ကြပြီး အရိုအသေပေးလိုက်ကြသည်။

ထျန်းမိုဇီသည် စိတ်လှုပ်ရှားသော အမူအရာဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ကျွန်တော်မျိုးထျန်းမိုဇီက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ အနာဂတ် မဟာရွှမ်ထျန်းစစ်သူကြီးကို ကြိုဆိုပါတယ်… အရှင့်ရဲ့ ဘုန်းတန်ခိုးနဲ့ ကြီးမြတ်တဲ့ ဂုဏ်သတင်းက အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့လွင့်သွားပါစေ ”

ထိုသို့ပြောပြီးနောက် သူက ဦးညွတ်လိုက်သည်။

ခေါင်းဆောင်သည် မျက်လုံးပြူးကျယ်သွားသည်။ သူ၏ လက်ထဲမှ မက်မွန်သီးပင် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူက ဝဲကတော့ထဲမှ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို စူးစိုက်ကြည့်လိုက်သည်။

ပြင်းထန်သော စိတ်ခံစားချက်လှိုင်းလုံးများက သူ၏ နှလုံးသားထဲမှာ ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်နှင့် သူက တီးတိုးရေရွတ်လိုက်သည်။

“ သူက ဘယ်လိုဟိတ်ဟန်ထုတ်ရမလဲဆိုတာ ကောင်းကောင်းသိသားပဲ ”

All Chapters