နတ်ဘုရားများ၏ သဘောတူညီမှု
Vol. 84 Ch. 1285
နတ်ဘုရားတောင်တန်းနှင့် မြင့်မြတ်မြို့တော်သုံးမြို့၏ ကောင်းကင်ပေါ်တွင် အဆုံးမဲ့သော လှိုင်းဂယက်များဖြင့် ပြည့်နှက်နေသည်။
ဝဲကတော့၏ တုန်လှုပ်မှုနှင့်အတူ မိုးကြိုးများက ပျံ့နှံ့ထွက်လာကြသည်။ ထို့နောက် ကောင်းကင်နှင့်မြေပြင်ကြားတွင် သဘာဝလွန်ဖြစ်ရပ်တစ်ခု ထွက်ပေါ်လာသည်။
ကျယ်လောင်သော မိုးခြိမ်းသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပြီး ဤနေရာမှ ကျင့်ကြံသူအားလုံး၏ အသိစိတ်ကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။
အထူးသဖြင့် ထိုမိုးခြိမ်းသံအောက်မှာ သွေးမျိုးဆက်များ၏ မတည်မငြိမ်ဖြစ်မှုက ပိုပြီးအားကောင်းလာသည်။
မီးလျှံလကျင့်ကြံသူအားလုံး၏ သွေးနှင့်ချီသည် ပရမ်းပတာဖြစ်သွားပြီး သူတို့၏ အမူအရာသည် ပြောင်းလဲသွားသည်။
လက်အောက်ခံမျိုးနွယ်စုများမှ ကျင့်ကြံသူများသည်တော့ သူတို့ဆီမှာ သွေးမျိုးဆက်ပဲ့တင်မှုမရှိသော်လည်း မီးလျှံလကျင့်ကြံသူများထံမှ မတည်မငြိမ်ဖြစ်နေသော အရှိန်အဝါအားလှိုင်းများကို အာရုံခံမိသွားသောအခါ အံ့ဩသွားကြသည်။
ကောင်းကင်ပေါ်တွင် ထျန်းမိုဇီတစ်ယောက်တည်း အရိုအသေပေးနေခြင်း မဟုတ်ပေ။ ဖန်းရှီရွှမ်းသည်လည်း ခေါင်းငုံ့လိုက်သည်။ ထိုပုံရိပ်က ဝဲကတော့ထဲမှ ထွက်လျှောက်လာသည့်အခိုက် ဒုတိယပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျင့်ကြံသူများထဲမှ တစ်ဝက်ကျော်သည် ချက်ချင်း ခေါင်းငုံ့လိုက်ကြသည်။
ထုန်ရှီရှန်းသော်လည်းကောင်း သို့မဟုတ် တခြားကောင်းကင်အရွေးချယ်ခံများသော်လည်းကောင်း ထို့အတူပင်။
ရွှမ်မီးလျှံသည်ပင် ဝဲကတော့ဆီသို့ ကြည့်လိုက်သည့်အခိုက် သူ၏ အမူအရာက ပြောင်းလဲသွားသည်။
အားညိုသည်တော့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ တစ်ချိန်တည်းမှာ သူက အနည်းငယ် မနာလိုဖြစ်သွားသည်။
ထိုမြင်ကွင်းသည် မြင့်မြတ်မြို့တော်သုံးမြို့ထဲမှ ကျင့်ကြံသူများကိုလည်း ထိတ်လန့်သွားစေသည်။ ထိုပြိုင်ပွဲဝင်များက အပြင်သို့ ထွက်လာပြီးနောက် ဝဲကတော့ဆီသို့ စိုက်ကြည့်နေခြင်းမှာ ဝဲကတော့ထဲမှ ထိုလူထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ချက်ချင်း သူတို့နားလည်သွားကြသည်။ သို့ဖြစ်၍ သူတို့အားလုံးက ဝဲကတော့ထဲမှ ထိုလူကို စိုက်ကြည့်လိုက်ကြသည်။
လူတိုင်း၏ စိတ်ဝင်စားမှုအောက်မှာ ဝဲကတော့၏ လှည့်ပတ်မှုသည် အနည်းငယ် နှေးကွေးသွားသည်။ အထဲမှ ပုံရိပ်က အရှေ့သို့ ခြေချလိုက်သည့်အခိုက် တဖြည်းဖြည်း ပိုပြီးထင်ရှားလာသည်။
မီးခိုးရောင်မြူခိုးက ပင်လယ်တစ်ခုပမာ လှုပ်ခတ်သွားသည့်အခါ ဟင်းလင်းပြင်သည် သက်ရောက်ခံလိုက်ရသည်။
ရှေးဟောင်းအငွေ့အသက် ကိန်းအောင်းနေသော လေသည် ဤလောကထဲမှာ တိုက်ခတ်လာပြီး လောက၏ အရောင်ကို ပြောင်းလဲသွားစေသည်။ ထို့ပြင် သွေးမျိုးဆက်၏ လှုံ့ဆော်မှုကြောင့် နတ်ဘုရားများ၏ ဟိန်းသံနှင့်တူသော အသံလှိုင်းများသည် မီးခိုးရောင်မြူခိုးထဲမှ ပဲ့တင်ထပ်လာသည်။
ကျူးလီ၏ ဦးခေါင်းကိုးလုံးသည် ထိုပုံရိပ်၏ ဘေးပတ်ပတ်လည်မှာ ဝေဝေဝါးဝါး ထွက်ပေါ်လာကြသည်။ ၎င်းတို့က မြူခိုးထဲမှတဆင့် မြေပြင်ကို စိုက်ကြည့်နေကြသည်။
မြေပြင်ပေါ်တွင် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများထံမှ သွေးမျိုးဆက်ပဲ့တင်မှုသည် ပိုပြီးပြင်းထန်လာသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံက မည်မျှမြင့်မားပါစေ မီးလျှံလမျိုးနွယ်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေသရွေ့ သူတို့၏ သွေးမျိုးဆက်အနက်ပိုင်းထဲမှ ထွက်ပေါ်လာသော ထိုဆွဲဆောင်မှုကို မထိန်းချုပ်နိုင်ပေ။
သူတို့ထဲတွင် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ယခင်မျိုးဆက်များမှ ပညာရှင်ကျင့်ကြံသူများလည်း ပါရှိသည်။ သူတို့က မီးခိုးရောင်မြူခိုးထဲမှ ဦးခေါင်းကိုးလုံး၏ အသွင်သဏ္ဍာန်ကို မြင်သွားကြသောအခါ ထိတ်လန့်သွားကြသည်။ ထို့နောက် သူတို့က နှလုံးတုန်သွားကြပြီး မယုံကြည်နိုင်သော အကြည့်ကို ချက်ချင်း ထုတ်ဖော်လိုက်ကြသည်။
“ အဲ့ဒါက… ”
မီးလျှံလ၏ လက်အောက်ခံမျိုးနွယ်စုများထဲတွင် မီးခိုးရောင်မြူခိုးထဲမှ ဦးခေါင်းကိုးလုံးကို မြင်သွားပြီးနောက် အမူအရာပြောင်းလဲသွားကြသော ကျင့်ကြံသူတချို့ ရှိသည်။ မရေမတွက်နိုင်သော ခန့်မှန်းမှုများသည် သူတို့၏ စိတ်ထဲမှာ မြန်ဆန်စွာ ထွက်ပေါ်လာသည်။ ထို့အတူ သူတို့မတွေးဝံ့သော မယုံကြည်နိုင်စရာကောင်းသည့် အတွေးတစ်ခုသည်လည်း သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
သူတို့က ထိုအဖြေကို အတည်မပြုနိုင်ခင်မှာ ဝဲကတော့သည် ထပ်မံ တုန်လှုပ်သွားသည်။ ဝဲကတော့ထဲမှ မီးခိုးရောင်မြူခိုးသည် ရုတ်တရက် ပျံ့နှံ့ထွက်လာသည်။ ယင်းက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီးနောက် သားရဲကိုးကောင်သည် ဝဲကတော့ထဲမှ ရုတ်ချည်း ခုန်ထွက်လာကြပြီး အပြင်လောကတွင် ထွက်ပေါ်လာကြသည်။
ချူးညို၊ ရာဇီ၊ ချောင်ဖုန်း၊ ပုလောင်၊ စွမ်းနီ၊ ပါ့ရှား၊ ပီအန်၊ ဖူရှီနှင့် ချောင်ဝမ်သည် ဘေးပတ်ပတ်လည်တွင် လှည့်ပတ်နေကြသည်။ ၎င်းတို့၏ ဟိန်းသံများသည် ကောင်းကင်နှင့် မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် သီးခြားတည်ရှိနေပြီးနောက် ကျူးလီသည် ဤလောကထဲတွင် နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။
ထိုအခါ ဘိုးဘေးမှော်သခင်ကြီး၏ အရှိန်အဝါနှင့် ဂမ္ဘီရမှော်ဝင်မျိုးနွယ်၏ သွေးမျိုးဆက်သည် အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။
မီးလျှံလကျင့်ကြံသူအားလုံး၏ ဝိညာဉ်သည် ရုတ်တရက် တုန်လှုပ်သွားကြသည်။ သူတို့၏ သွေးမျိုးဆက်သည် ပေါ်ထွက်လာသည်။ သွေးမျိုးဆက်နှင့် ဝိညာဉ်၏ လှုံ့ဆော်မှုကြောင့် မီးလျှံလမျိုးနွယ်ဝင်အားလုံးသည် ခေါင်းငုံ့လိုက်ကြပြီး သားရဲကိုးကောင်ကို အရိုအသေပေးလိုက်ကြသည်။
လက်အောက်ခံမျိုးနွယ်စုများသည်တော့ သူတို့ဆီမှာ သွေးမျိုးဆက်လှုံ့ဆော်မှုမရှိသော်လည်း ထိုမြင်ကွင်းကြောင့် သူတို့အားလုံး ထိတ်လန့်သွားကြသည်။ သူတို့၏ စိတ်ထဲမှ မယုံကြည်နိုင်စရာကောင်းသော အတွေးက အမှန်တကယ်ဖြစ်လာသည်။
ထို့အတူ မယုံကြည်နိုင်စရာကောင်းသော ခံစားမှုသည် အဆုံးမဲ့စွာ ထွက်ပေါ်လာသည်။
ထို့နောက် သူတို့က ကျူးလီ၏ ဒဏ္ဍာရီကို ပြန်စဉ်းစားမိသွားပြီး ဘေးပတ်ဝန်းကျင်မှ မီးလျှံလမျိုးနွယ်ဝင်များ၏ အရိုအသေပေးမှုကို မြင်သွားသောအခါ အမြန်ခေါင်းငုံ့လိုက်ကြသည်။
ဤအခိုက်အတန့်မှာ သူတို့၏ ကျင့်ကြံခြင်းနှင့် အဆင့်အတန်းက မည်သို့ဖြစ်ပါစေ ခေါင်းငုံ့ထားကြရလိမ့်မည်။
တစ်ချိန်တည်းမှာ ထိုအခိုက်အတန့်တွင် ဝဲကတော့ထဲမှ ပုံရိပ်သည် အပြင်ဘက်တွင် ခြေချလိုက်သည်။
သူ၏ အသွင်အပြင်သည် ရှင်းလင်းထင်ရှားစွာ ထွက်ပေါ်လာသည်။
သူ၏ ဆံပင်ရှည်သည် အချိန်မြစ်နှင့် ဆင်တူပြီး သူ့အနောက်မှာ လွင့်မျောနေသည်။
သူ၏ မျက်လုံးသည် ကြယ်တာရာကောင်းကင်၏ စိတ်ဝိညာဉ်နှင့် ဆင်တူပြီး ထိုထဲမှာ မရေမတွက်နိုင်သော ကြယ်များ ပါဝင်ကြသည်။
သူက ဘဝ၏ အထွတ်အထိပ်ကို သရုပ်ဖော်ပြနေသည့်အလား အောက်မေ့ရသည်။ နက်နဲသိမ်မွေ့သော စိတ်ခံစားမှုသည် သွေးမျိုးဆက်ထဲမှ ထွက်ပေါ်နေသည်။
သူက ရွှီချင်းဖြစ်သည်။
သူထွက်ပေါ်လာသည်နှင့်ချက်ချင်း ကျူးလီ၏ ဦးခေါင်းကိုးလုံးမှ ဟိန်းသံများသည် ပိုပြီးကျယ်လောင်လာသည်။ ၎င်းတို့က ရွှီချင်းဆီသို့ ရွေ့လျားသွားကြပြီး သူ့ကို ဝန်းရံလိုက်ကာ အသွေးအသားမီးအိမ်(၉)ခုအဖြစ် အသွင်ပြောင်းလဲသွားကြသည်။
ဦးခေါင်းကိုးလုံးနှင့် သူ့ကြားမှ ဆက်နွယ်မှုသည် ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာကြောင်း အာရုံခံမိသောအခါ ရွှီချင်းသည် မြေပြင်ကို မကြည့်ပေ။ ယင်းအစား သူက ခေါင်းလှည့်လိုက်ပြီး သူ့အနောက်မှ ဝဲကတော့ကို ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ သူက အပြင်သို့ ရောက်ရှိသွားသည်နှင့် ဝဲကတော့သည် လွင့်ပြယ်သွားသည်။
ရွှီချင်းသည် ထိုဝဲကတော့မှတဆင့် တောင်တန်းပင်လယ်ဒေသကြီးနှင့် ဒေသကြီးအတွင်းမှ သားရဲများကို အာရုံခံနိုင်သည်။
ယင်းက သူ့စိတ်ထဲမှာ အတွေးတစ်ခု ဖြစ်ပေါ်လာစေသည်။
‘ တကယ်လို့ ငါသာ ကျူးလီရဲ့ အရှိန်အဝါကို အပြည့်အဝ ထုတ်လွှတ်လိုက်မယ်ဆိုရင် တောင်တန်းပင်လယ်ဒေသကြီးကို ဆင့်ခေါ်နိုင်လောက်တယ်… ’
ရွှီချင်းသည် လေးနက်စွာ တွေးတောလိုက်သည်။ သို့သော်လည်း မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲတွင် ထိုသို့လုပ်ဆောင်ခြင်း၏ အကျိုးဆက်က မသေးငယ်ကြောင်း သူသိသည်။ ထို့ကြောင့် သူက ထိုအတွေးကို စိတ်ထဲမှာသာ သိမ်းဆည်းထားလိုက်သည်။
ဤအခိုက်အတန့်မှာ အပြင်လူများ၏ မျက်လုံးထဲတွင် ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်သည် ဝေဝါးသွားသည်။ ရွှီချင်းနှင့် သူ၏ ဘေးမှ မီးအိမ်ကိုးခုသည်သာ ရှင်းလင်းထင်ရှားလာပြီး အံ့ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသည်။
ရွှမ်မီးလျှံသည်တော့ သူ၏ နှလုံးက တုန်လှုပ်သွားပြီး သူ၏ အသက်ရှူသံက မြန်ဆန်လာသည်။ သူက ခေါင်းမငုံ့ချင်ပေ။ သို့သော်လည်း သူ့သွေးမျိုးဆက်၏ လှုံ့ဆော်မှုက သူ၏ နဖူးပေါ်မှ သွေးကြောများကို ဖောင်းကားသွားစေသည်။ ထို့ကြောင့် သူက မတတ်သာသည့်အဆုံး ခေါင်းငုံ့လိုက်ရသည်။
လောကကြီးသည် ဤအခိုက်အတန့်မှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဤနေရာမှ ကျင့်ကြံသူများ၏ နှလုံးသားထဲမှ အသံမဲ့သော မိုးခြိမ်းသံများသည်သာ ဆက်လက် ပေါက်ကွဲသွားသည်။
ထို့ပြင် ဤနေရာမှ ကျင့်ကြံသူများသာလျှင် တုန်လှုပ်သွားကြခြင်း မဟုတ်ပေ။ ကျူးလီ၏ အရှိန်အဝါက ပျံ့နှံ့သွားသည်နှင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူအားလုံးသည် မည်သည့်နေရာမှာရှိနေပါစေ တုန်လှုပ်သွားကြလိမ့်မည်။
ရွှီချင်းထွက်ပေါ်လာသည်နှင့်ချက်ချင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် ဧရာမပုံရိပ်သုံးခုသည် ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာကြသည်။
၎င်းတို့က အလွန်ကြီးမားသော မဟာရွက်ဖျင်တဲသုံးလုံးဖြစ်သည်။
ရွက်ဖျင်တဲတစ်လုံးစီသည် မြို့တစ်မြို့၏ အရွယ်အစား ရှိသည်။
ပထမရွက်ဖျင်တဲသည် ကြောက်မက်ဖွယ်ကောင်းသော အပူဓာတ်ကို ထုတ်လွှတ်နေသည်။ ထိုထဲမှာ နေစွမ်းအားပါရှိပြီး ရွက်ဖျင်တဲကို မီးပင်လယ်က ဝန်းရံထားသည်။ ထိုမီးတောက်များကြားထဲတွင် ရွှေရောင်ရွက်ဖျင်တဲတစ်လုံးက နန်းတော်တစ်ခုပမာ ခမ်းနားထည်ဝါစွာ တည်ရှိနေသည်။
ဒုတိယရွက်ဖျင်တဲသည် လရောင်ခြည်ဖြင့် ဖုံးလွှမ်းခံထားရပြီး အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ လရောင်ခြည်သည် ငွေရောင်ပိုးမျှင်များနှင့် ဆင်တူပြီး လျှို့ဝှက်ဆန်းကြယ်မှုနှင့် ရှိန်လောက်စရာခံစားမှုကို ပေးသည်။ ယင်းတို့က အရာအားလုံးကို လွှမ်းခြုံထားပြီး မြူခိုးသဖွယ် ဝေဝါးစေသည်။ ထိုမြူခိုးလောကထဲတွင် လနန်းတော်နှင့် ဆင်တူသော ရွက်ဖျင်တဲတစ်လုံး တည်ရှိသည်။
တတိယရွက်ဖျင်တဲသည် ကြယ်အလင်းရောင်ဖြင့် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ ဤသည်မှာ မရေမတွက်နိုင်သော ကြယ်များက တလက်လက် တောက်ပနေဟန် ရ၏။ ယင်းက ရွက်ဖျင်တဲ၏ ဘေးပတ်ဝန်းကျင်ကို အာကာသဟင်းလင်းပြင်တစ်ခုပမာ အောက်မေ့ရစေသည်။ ထိုအာကာသဟင်းလင်းပြင်၏ အဆုံးသတ်တွင် မရေမတွက်နိုင်သော ကြယ်များ၏ စုဝေးမှုမှ ဖြစ်ပေါ်လာသော နန်းတော်တစ်ခုရှိသည်။
ဤသည်မှာ နတ်ဘုရားများ၏ လက်အောက်မှ သူတော်စင်နတ်ဆရာသုံးပါး၏ မဟာရွက်ဖျင်တဲများ ဖြစ်ကြသည်။ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲတွင် သူတော်စင်နတ်ဆရာသုံးပါးသည် ဧကရာဇ်များသဖွယ် ဩဇာအာဏာရှိကြသည်။
သူတို့က မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲတွင် အထွတ်အထိပ် တော်ဝင်အာဏာကို ပိုင်ဆိုင်ထားကြသည်။
သူတို့သည် မီးလျှံနေနတ်ဘုရား၏ လက်အောက်မှ ထျန်းယွင်သူတော်စင်နတ်ဆရာ၊ မီးလျှံလနတ်ဘုရား၏ လက်အောက်မှ ယင်ရှီသူတော်စင်နတ်ဆရာနှင့် မီးလျှံကြယ်နတ်ဘုရား၏ လက်အောက်မှ စွန်းခန်းသူတော်စင်နတ်ဆရာတို့ ဖြစ်ကြသည်။
မဟာရွက်ဖျင်တဲသုံးခု ထွက်ပေါ်လာသည့်အခိုက် မီးလျှံလကျင့်ကြံသူများနှင့် လက်အောက်ခံမျိုးနွယ်စုများမှ ကျင့်ကြံသူများသည် ခန္ဓာကိုယ်ကိုကိုင်း၍ ဦးညွတ်လိုက်ကြသည်။
ယင်းက ပုံရိပ်ယောင်မျှသာဖြစ်သော်လည်း မဟာရွက်ဖျင်တဲသုံးလုံးက အရေးကြီးပွဲအခမ်းအနားမဟုတ်ဘဲ တစ်ချိန်တည်းမှာ ထွက်ပေါ်လာခြင်းသည် အလွန်ရှားပါးသည်။
ဤအခိုက်အတန့်မှာ မဟာရွက်ဖျင်တဲသုံးလုံး၏ ပုံရိပ်များက တချိန်တည်းမှာ ဆင်းသက်လာကြသည်။ ၎င်းတို့က ဒြပ်ထည်ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း ကြောက်မက်ဖွယ်ကောင်းသော အကြည့်သုံးခုသည် ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်သန်းသွားပြီး ရွှီချင်းပေါ်သို့ ကျရောက်သွားကြသည်။
သူတို့၏ အကြည့်ထဲမှာ စူးစမ်းလေ့လာမှုဖြင့် ပြည့်နှက်နေသည်။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး နတ်ဘုရားတောင်တန်းဆီသို့ ကြည့်လိုက်သည်။
အပြင်လောကက ကျူးလီကို သူရရှိခဲ့ကြောင်း မသိနိုင်လောက်သော်လည်း နတ်ဘုရားသုံးပါးသည် သေချာပေါက် သိထားကြသည်။
သို့သော်လည်း အစမှအဆုံးအထိ နတ်ဘုရားသုံးပါးက ဝင်မနှောင့်ယှက်ခဲ့ပေ။ သူက တောင်တန်းပင်လယ်ဒေသကြီး၏ အပြင်သို့ ရောက်ရှိသွားသည့်တိုင်အောင် ထိုအတိုင်းပင်။
ကျူးလီတားမြစ်ဇုန်တွင် သူမြင်တွေ့ခဲ့သော မြင်ကွင်းကြောင့် ရွှီချင်းသည် သူ၏ ဆုံးဖြတ်မှုအပေါ် ပိုပြီးသေချာသွားသည်။
နတ်ဘုရားသုံးပါးသည် ကျူးလီပြန်ထွက်ပေါ်လာရန် တမင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ အတိုင်းအတာတစ်ခုထိဆိုရလျှင် တစ်စုံတစ်ယောက်က ကျူးလီအား ဤလောကထဲသို့ ပြန်ခေါ်လာနိုင်ရန် သူတို့က မျှော်လင့်နေကြခြင်း ဖြစ်သည်။
အကြောင်းအရင်းကို သူမသိသော်လည်း မဟာရွက်ဖျင်တဲသုံးလုံး၏ နောက်ဆက်တွဲ လုပ်ဆောင်မှုက သူ၏ ဆုံးဖြတ်မှုကို ပိုပြီးသေချာသွားစေသည်။
ပထမဆုံးအပြောင်းအလဲမှာ မီးလျှံကြယ်နတ်ဘုရား၏ လက်အောက်မှ မဟာရွက်ဖျင်တဲဖြစ်သည်။ ရွက်ဖျင်တဲ၏ အပြင်ဘက်မှ ကြယ်အလင်းရောင်သည် တလက်လက် တောက်ပသွားပြီး ကြယ်နန်းတော်ထဲမှ စစ်ဆေးလေ့လာသော အကြည့်သည် နက်နဲသိမ်မွေ့မှုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် တည်ငြိမ်သော အသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။
“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ သူတော်စင်ဖြစ်တဲ့ ကျူးလီ… ငါမင်းကို ကြယ်တာရာဝတ်ရုံ အပ်နှင်းမယ် ”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကြယ်အလင်းရောင်ဖြင့် ပြည့်နှက်နေသော ဝတ်ရုံသည် စွန်းခန်းသူတော်စင်နတ်ဆရာနေထိုင်သော ရွက်ဖျင်တဲပုံရိပ်ထဲမှ လွင့်မျောလာပြီး ရွှီချင်း၏ အရှေ့သို့ ကျဆင်းသွားသည်။
ကြယ်တာရာဝတ်ရုံသည် အလွန်ထူးခြားသည်။ ယင်းက လေထဲမှာ လွင့်မျောနေလေရာ ကြယ်တာရာကောင်းကင်သို့ လှမ်းကြည့်နိုင်သော ပြတင်းပေါက်တစ်ချပ်နှင့် ဆင်တူသည်။ မရေမတွက်နိုင်သော ကြယ်များက အထဲမှာ တလက်လက် တောက်ပနေကြသည်။
မြေပြင်ပေါ်မှ ကျင့်ကြံသူအားလုံး၊ မီးလျှံလမျိုးနွယ်ဝင်များသော်လည်းကောင်း သို့မဟုတ် လက်အောက်ခံမျိုးနွယ်စုများမှ ကျင့်ကြံသူများသော်လည်းကောင်း ဤအခိုက်အတန့်မှာ အတွေးများစွာက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
ကြယ်တာရာဝတ်ရုံ၏ အဓိပ္ပာယ်သည် အလွန်ထူးခြားသည်။ ထိုဝတ်ရုံကို ဝတ်ဆင်သူများသည် စွန်းခန်းသူတော်စင်နတ်ဆရာဖြင့် အချိန်မရွေး တွေ့ဆုံနိုင်ရန် အရည်အချင်းပြည့်မီကြသည်။ ထို့ပြင် ထိုဝတ်ရုံကို ပိုင်ဆိုင်ထားသူများသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲ၌ လက်ငါးချောင်းမပြည့်ပေ။
မီးလျှံလမျိုးနွယ်အတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးခဲ့သူများကိုသာ ထိုဝတ်ရုံကို အပ်နှင်းပေးခဲ့သည်။
ရွှီချင်းသည် လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
သူ့ကိုယ်ပိုင်အစွမ်းအစနှင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အင်အားကို ကောင်းမွန်စွာ သူသိသည်။ သို့ဖြစ်၍ သူက ကျူးလီကို ထိန်းကျောင်းနိုင်ရုံဖြင့် မောက်မာမထောင်လွှားနိုင်ပေ။
ထို့နောက် အေးတိအေးစက် အသံသည် ယင်ရှီသူတော်စင်နတ်ဆရာရွက်ဖျင်တဲထဲမှ ပျံ့လွင့်ထွက်လာသည်။
“ ယင်ရှီလဝိညာဉ်တုံကင်ကို အပ်နှင်းမယ် ”
ထိုစကားသံ ပဲ့တင်ထပ်လာသည့်အခိုက် မီးခိုးရောင်တုံကင်သည် ယင်ရှီသူတော်စင်နတ်ဆရာရွက်ဖျင်တဲထဲမှ ပျံသန်းထွက်လာသည်။ တုံကင်၏ ထွက်ပေါ်လာမှုကြောင့် လရောင်ခြည်သည် ဘေးပတ်ဝန်းကျင်၌ ပျံ့နှံ့သွားပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။
ယင်းက အရိုးတုံကင်တစ်ခုဖြစ်သည်။
ထိုတုံကင်ထွက်ပေါ်လာသည့်အခိုက် အားညို၏ မျက်လုံးသည် ရုတ်တရက် ပြူးကျယ်သွားသည်။ သူက တုံကင်ကို စိုက်ကြည့်နေစဉ် အသက်ရှူမြန်လာသည်။
ရွှီချင်းသည် လက်သီးဆုပ်လိုက်ပြီး ထပ်မံအရိုအသေပေးလိုက်သည်။
ထို့နောက် မီးတောက်များသည် မီးလျှံနေနတ်ဘုရား၏ လက်အောက်မှ ထျန်းယွင်သူတော်စင်နတ်ဆရာရွက်ဖျင်တဲထဲမှ ပေါ်လျှိုးထွက်လာသည်။ မီးလျှံအမျှင်တန်းတချို့က သီးခြားခွဲထွက်သွားပြီး အတူစုဝေးသွားကာ ဓားတိုတစ်လက်အဖြစ် ဖွဲ့စည်းသွားသည်။
ဓားသည် ထွန်းလင်းတောက်ပသည်။ ယင်းက မီးလျှံများနှင့်အတူ ရွှီချင်း၏ အရှေ့သို့ လွင့်မျောလာသည်။
ထို့နောက် ခေါင်းလောင်းမြည်သံကဲ့သို့ ကြည်လင်သော အသံသည် ထျန်းယွင်သူတော်စင်နတ်ဆရာရွက်ဖျင်တဲထဲမှ ပဲ့တင်ထပ်လာသည်။
“ ငါမင်းကို ထျန်းယွင်နေမီးလျှံဓား အပ်နှင်းမယ် ”
ဝတ်ရုံတစ်ထည်၊ တုံကင်တစ်ခုနှင့် ဓားတစ်ချောင်းဖြစ်သည်။
ယင်းတို့တစ်ခုစီသည် တမူထူးခြားသော အဓိပ္ပာယ်ရှိသည်။ သို့သော်လည်း ယခု ထိုပစ္စည်းသုံးခုစလုံးက တစ်ချိန်တည်းမှာ ထွက်ပေါ်လာကြသည်။
ဒုတိယပြိုင်ပွဲအတွက် ပထမနေရာကိုတော့ အထွေအထူး စဉ်းစားနေစရာမလိုပေ။
ကျူးလီ၏ ထွက်ပေါ်လာမှုဖြစ်စေ သို့မဟုတ် သူတော်စင်နတ်ဆရာသုံးပါး၏ လုပ်ဆောင်မှုများဖြစ်စေ ယင်းတို့က အရာအားလုံးကို ရှင်းပြပေးနိုင်သည်။
ထို့နောက် သူတော်စင်နတ်ဆရာသုံးပါး၏ မဟာရွက်ဖျင်တဲပုံရိပ်များသည် တဖြည်းဖြည်း ဝေဝါးလာပြီး နောက်ဆုံးမှာတော့ ဤလောကထဲမှ ပျောက်ကွယ်သွားကြသည်။
ဤအခိုက်အတန့်မှာ နတ်ဘုရားအသံသည် နတ်ဘုရားတောင်တန်းဆီမှ ပဲ့တင်ထပ်လာသည်။
“ ခုနစ်ရက်ကြာပြီးရင် မဟာအမဲလိုက်ပွဲတော်ရဲ့ နောက်ဆုံးပြိုင်ပွဲကို ကျင်းပမယ် ”
ထိုအသံက ပဲ့တင်ထပ်လာသည့်အခါ ကောင်းကင်ပေါ်မှ ဝဲကတော့သည် လုံးဝပျောက်ကွယ်သွားသည်။ မဟာအမဲလိုက်ပွဲတော်၏ ဒုတိယပြိုင်ပွဲသည် ပြီးဆုံးသွားပြီဖြစ်သည်။
တစ်ချိန်တည်းမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ပိုင်နက်ထဲမှ ကောင်းကင်တစ်နေရာတွင် လေဟာနယ်သည် တုန်ယင်သွားသည်။ မကြာမီ လွင့်မျောနေသော မြို့တော်တစ်မြို့သည် အဝေးမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
မြို့တော်ထဲတွင် အဆောက်အဦးများသည် အရေအတွက် တစ်သောင်းထက်မနည်းပေ။ အဆောက်အဦးတစ်ခုစီသည် မြင့်မြတ်သော တည်ရှိမှုများသဖွယ် ကြယ်အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။
ထိုအဆောက်အဦးများထဲတွင် မရေမတွက်နိုင်သော သက်ရှိများက နေထိုင်ကြသည်။ ၎င်းတို့အားလုံးက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။
ထိုနေရာမှာ အရှိန်အဝါသက်သက်ဖြင့် လောကကြီး၏ အရောင်ကို မှေးမှိန်သွားစေနိုင်ပြီး တစ်စုံတစ်ယောက်၏ ဝိညာဉ်ကို တုန်ယင်သွားစေနိုင်သော ပုဂ္ဂိုလ်တချို့ပင် ရှိကြသည်။
မြို့တော်ထဲတွင် ကြယ်များဖြင့် ဝန်းရံခံထားရသော နယ်မြေလွတ်တစ်နေရာ၌ ကြယ်အလင်းရောင်ဖြင့် စုစည်းထားသည့် ရွင်ဖျင်တဲတစ်လုံးရှိသည်။
၎င်းက မီးလျှံကြယ်နတ်ဘုရား၏ လက်အောက်မှ စွန်းခန်းသူတော်စင်နတ်ဆရာ၏ ရွက်ဖျင်တဲဖြစ်သည်။
ဤအခိုက်အတန့်မှာ ထိုရွက်ဖျင်တဲထဲတွင် ကြီးမားသော ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ မျက်လုံးက ဖြည်းညင်းစွာ ပွင့်သွားပြီး နတ်ဘုရားတောင်တန်း၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ ထို့နောက် သူက တီးတိုးရေရွတ်လိုက်သည်။
“ ကျူးလီက နောက်ဆုံးတော့ ပြန်ထွက်ပေါ်လာပြီ… ”
“ နတ်ဘုရားသုံးပါးက အဲ့ဒါကို ခွင့်ပြုပေးခဲ့တယ်… ”
“ အဲ့ဒီကောင်လေးက ကြီးမားတဲ့ ကမ္မနဲ့ သက်ရောက်ခံထားရတယ်… ”