ပိုင်ရှင်မဲ့သော နတ်ဘုရားနယ်မြေ
Vol. 84 Ch. 1286
မြင့်မြတ်မြို့တော်သုံးမြို့၏ အပြင်ဘက်တွင် နတ်ဘုရားအသံက လွင့်ပြယ်သွားပြီး ကောင်းကင်ပေါ်ရှိ တည်နေရာပြောင်းရွှေ့ခြင်း ဝဲကတော့က တဖြည်းဖြည်း ဝေဝါးသွားသည်။ နောက်ဆုံးမှာတော့ ဝဲကတော့က လုံးဝပျောက်ကွယ်သွားသည်။
တည်နေရာပြောင်းရွှေ့ပြီး ပြန်ရောက်လာကြသော မီးလျှံလကျင့်ကြံသူများသည် ရွှီချင်းကို ကြည့်လိုက်သည့်အခါ သူတို့၏ အတွေးများက ကပြောင်းကပြန် ဖြစ်သွားသည်။
မြင့်မြတ်မြို့တော်သုံးမြို့ထဲမှ စောင့်ကြည့်နေသူများသည်လည်း ထို့အတူပင်။ ရွှီချင်းကို ကြည့်သော သူတို့၏ အကြည့်ထဲမှာ အံ့ဩခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းဖြင့် ပြည့်နှက်နေသည်။ ယင်းက ပထမပြိုင်ပွဲတွင် ပထမနေရာကို ရွှီချင်းရရှိစဉ်ကနှင့် ခြားနားသည်။
ဤတစ်ကြိမ်တွင် ရန်လိုသော အကြည့်များသည် အများကြီး လျော့နည်းသွားသည်။
ကျူးလီကို ထိန်းကျောင်းနိုင်ပြီး သူတော်စင်နတ်ဆရာသုံးပါးထံမှ ဆုလာဘ်များ အပ်နှင်းခံရခြင်းသည် ရွှီချင်း၏ အရည်အချင်းပြည့်မီမှုကို သက်သေပြုပေးနေသည်။
ထို့ပြင် သူတို့၏ သွေးမျိုးဆက်လှုံ့ဆော်မှုနှင့် ဖိနှိပ်ခံရသော ခံစားမှုသည် ရွှီချင်းက လူသားမျိုးနွယ်ဝင်ဖြစ်သည်ဟူသော အချက်ကို သူတို့အား ချက်ချင်း လျစ်လျူရှုမိစေသည်။
ထို့ကြောင့် လူတိုင်း၏ စိတ်ရှုပ်ထွေးသော အကြည့်အောက်မှာ ရွှီချင်းသည် အရှေ့သို့ ခြေတစ်လှမ်း လျှောက်လိုက်ပြီး မြင့်မြတ်မြို့တော်ဆီသို့ ဦးတည်သွားသည်။
“ ဒီခုနစ်ရက်အတွင်းမှာ ငါအားပြန်ဖြည့်ရမယ်… နောက်လာမယ့် တတိယပြိုင်ပွဲက မဟာအမဲလိုက်ပွဲတော်အတွက် အရေးကြီးဆုံးပဲ ”
ရွှီချင်းသည် တွေးတောစဉ်းစားလိုက်သည်။ ခေါင်းဆောင်၏ တည်နေရာနှင့် တစ်ဖက်လူက အဆင်ပြေနေကြောင်း သူအာရုံခံမိသည်။ ထို့ကြောင့် သူက ခေါင်းဆောင်ကို သွားမနှုတ်ဆက်တော့ပေ။
သို့ဖြစ်၍ သူက ထွက်သွားတော့မည့်အချိန် အေးစက်စက် အသံသည် သူ့အနောက်မှ ထွက်ပေါ်လာသည်။
“ နေဦး ”
ထိုအသံထဲမှာ ဥပဒေသတစ်ခု ပါရှိသည်။ ထိုအသံထွက်ပေါ်လာသည့်အခိုက် ဟင်းလင်းပြင်ထဲတွင် လှိုင်းအတွန့်များ ထွက်ပေါ်လာသည်။ ဘေးပတ်ဝန်းကျင်မှ ဥပဒေသများသည်လည်း သက်ရောက်ခံလိုက်ရသည်။ ဤအခိုက်အတန့်မှာ ဟင်းလင်းပြင်က ထူထဲလာဟန် ရ၏။
ဤသည်မှာ တစ်စုံတစ်ယောက်က ဤပတ်ဝန်းကျင်မှ အတင်းအကျပ် ရွေ့လျားမည်ဆိုလျှင် ကပ်ဘေးသည် အရပ်မျက်နှာအဘက်ဘက်မှ ကျဆင်းလာမည့်သဘော ရှိသည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့အနောက်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
သူ့ကို စကားပြောခဲ့သူသည် ရွှမ်မီးလျှံဖြစ်သည်။
သွေးမျိုးဆက်လှုံ့ဆော်မှုက ရွှမ်မီးလျှံကို စိတ်မသက်မသာဖြစ်စေခဲ့သော်လည်း သူ၏ နှလုံးသားထဲမှ ဖိနှိပ်မှုနှင့် ဒေါသသည် အရာအားလုံးကို ဖယ်ရှားပစ်မည့် အင်အားအသစ်တစ်ခု ဖြစ်လာသည်။
သူက စကားပြောပြီးနောက် ရွှီချင်း၏ မျက်လုံးကို ကြည့်လိုက်သည်။
အကြည့်တစ်ချက်ကြောင့် သူတို့နှစ်ယောက်ကြားမှ ဟင်းလင်းပြင်သည် ပြိုကွဲတော့မည့် လက္ခဏာများပြလာပြီး ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ ဤပတ်ဝန်းကျင်မှ ဥပဒေသများသည် ပြိုကွဲသွားပြီး ရွှမ်မီးလျှံ၏ စိတ်ဆန္ဒပါရှိသော ချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားကာ ရွှီချင်း၏ ဘေးတွင် ဝန်းရံလိုက်သည်။
ရွှီချင်း၏ ဘေးပတ်ပတ်လည်မှ မီးခိုးရောင်မြူခိုးသည် ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ကျူးလီ၏ ဦးခေါင်းကိုးလုံးသည် မျက်လုံးဝင်းလက်သွားကြပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ရွှမ်မီးလျှံက ပေးသော ဖိအားသည် ဂျိဒုန်းဇီထက် အများကြီး သာလွန်ကြောင်း သူခံစားမိသည်။
ရွှမ်မီးလျှံသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ တစ်ဖက်လူက သူရှာဖွေနေသော လူမဟုတ်ကြောင်း သူသေချာသည်။
သူရှာဖွေနေသော လူသည် ထူးဆန်းသော အအေးဓာတ်ပညာရပ်များကို အဓိက အသုံးပြုသည်။ တစ်ဖက်တွင် ရွှီချင်းသည် သတ်ဖြတ်ခြင်းတာအိုကိုသာ ကျင့်ကြံသည်။
ထို့ကြောင့် သူက ရွှီချင်းထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး အေးစက်မှု၊ ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်နေသော သူ၏ နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ သူ၏ နတ်ဘုရားစိတ်အာရုံက တည်နေရာပြောင်းရွှေ့လာသော ကျင့်ကြံသူအားလုံးကို လွှမ်းခြုံသွားသည်။
“ မင်းတို့အားလုံး ရပ်ကြစမ်း… ဒီကနေ ဘယ်သူမှ မထွက်သွားရဘူး ”
ထိုကျင့်ကြံသူများ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားကြသည်။ ရွှမ်မီးလျှံ၏ အဆင့်အတန်းသည် အလွန်မြင့်မြတ်ပြီး သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ လက်ရှိမျိုးဆက်မှာ နံပါတ်တစ်ကျင့်ကြံသူဖြစ်သည်။
ထို့ကြောင့် သူ၏ နတ်ဘုရားစိတ်အာရုံက ရွှီချင်းကဲ့သို့ သွေးမျိုးဆက်လှုံ့ဆော်မှုကို မဖြစ်စေသော်လည်း အလွန်အားကောင်းသော ခြိမ်းခြောက်နိုင်စွမ်းကို ပိုင်ဆိုင်ထားဆဲပင်။
ရွှီချင်းတစ်ယောက်တည်းသာ သူ့ကို လျစ်လျူရှုထားသည်။ သူက မြင့်မြတ်မြို့တော်ဆီသို့ ဆက်လျှောက်သွားသည်။
ရွှမ်မီးလျှံသည် ရွှီချင်း၏ ထွက်ခွာမှုကို ဂရုမစိုက်ပေ။ ယင်းအစား သူက ပြန်ရောက်လာသော တခြားကျင့်ကြံသူများပေါ်မှာ အပြည့်အဝ အာရုံစိုက်လိုက်သည်။ ထိုလူယုတ်မာက သူတို့ကြားထဲမှာ ပုန်းအောင်းနေသည်ဟု သူသေချာခံစားမိသည်။
သူက တစ်ယောက်ချင်းစီကို စစ်ဆေးကြည့်လိုက်သည်။
သို့သော်လည်း အဆုံးမှာတော့ သူက ဘာမှရှာမတွေ့ခဲ့ပေ။ အကယ်၍ သူက လူတိုင်းကို မသတ်ဖြတ်ဘူးဆိုလျှင် ထိုလူယုတ်မာကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ပေ။
သူ၏ နှလုံးသားထဲမှ ဒေါသနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးအားကောင်းလာစဉ် သူ၏ အမူအရာက မည်းမှောင်သွားသည်။ သို့သော်လည်း ဤနေရာတွင် လူသတ်ရန် အကျိုးအကြောင်းမသင့်ကြောင်း ရှင်းလင်းစွာ သူသိသည်။
သို့ဖြစ်၍ ရွှမ်မီးလျှံသည် သူ၏ နှလုံးသားထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ဖိနှိပ်လိုက်ပြီး ဤနေရာမှ ထွက်သွားသည်။
သူထွက်သွားပြီးနောက် ကျန်ရှိသော ကျင့်ကြံသူများသည် ထိတ်လန့်သွားကြပြီး မြန်မြန်ဆန်ဆန် လူစုခွဲလိုက်ကြသည်။
တချို့သည် သူတို့၏ မိသားစုဝင်များဖြင့် ပြန်စုဝေးသွားကြပြီး တချို့သည် သူတို့မျိုးနွယ်ဝင်များဆီသို့ ပျံသန်းသွားကြသည်။ သို့သော်လည်း တောင်တန်းပင်လယ်ဒေသကြီးထဲမှ အဖြစ်အပျက်ကို တွေ့ကြုံခဲ့ရသော ထိုကျင့်ကြံသူများသည် သူတို့၏ မျိုးနွယ်စုထဲသို့ ပြန်ရောက်သွားသည့်အခါ ရွှီချင်း၏ အကြောင်းကို ထုတ်ပြောလိုက်ကြသည်။ ထိုသို့ဖြင့် တောင်တန်းပင်လယ်ဒေသကြီးထဲမှ ရွှီချင်း၏ သတင်းများသည် မြန်ဆန်စွာ ပျံ့နှံ့သွားသည်။
“ ရွှီချင်းက ဂျိဒုန်းဇီကို သတ်ခဲ့တယ်… ”
ထိုကိစ္စသည် မုန်တိုင်းတစ်ခုသဖွယ် ပျံ့နှံ့သွားပြီး မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများ၏ နှလုံးသားထဲမှာ လှိုင်းလုံးများ ဖြစ်ပေါ်လာစေသည်။ ယခင်မျိုးဆက်များမှ ပညာရှင်ကျင့်ကြံသူများပင် အတွေးနက်သွားကြသည်။
သို့သော်လည်း ရွှီချင်းသည် ယင်းကို အာရုံမထားပေ။ ဤအခိုက်အတန့်မှာ သူက မြင့်မြတ်မြို့တော်ထဲမှ သူ၏ နေအိမ်ဆီသို့ လျှောက်သွားနေသည်။ မဟာအမဲလိုက်ပွဲတော်၏ တတိယပြိုင်ပွဲဖြစ်သော နတ်ဘုရားနယ်မြေထဲ၌ အမဲလိုက်ခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ နတ်ဘုရားသုံးပါးက နတ်ဘုရားနယ်မြေတစ်ခုဆီ ဝင်ရောက်နိုင်ဖို့ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိမ့်မယ်… ပြီးသွားရင် မီးလျှံလကျင့်ကြံသူတွေကို နတ်ဘုရားနယ်မြေထဲက သက်ရှိတွေကို အမဲလိုက်ခိုင်းမယ်… ”
“ အပေါ်ယံကြည့်မယ်ဆိုရင် နတ်ဘုရားသုံးပါးက မီးလျှံလကျင့်ကြံသူတွေကို လေ့ကျင့်ပေးနေတယ်လို့ ထင်ရတယ်… ဒါပေမဲ့ တောင်တန်းပင်လယ်ဒေသကြီးထဲက အဖြစ်အပျက်ကို တွေ့ကြုံပြီး သမိုင်းအမှန်ကို သိပြီးတဲ့နောက်တော့… ”
“ နတ်ဘုရားနယ်မြေကို ဖွင့်လှစ်တဲ့ နတ်ဘုရားသုံးပါးရဲ့ တကယ့်ရည်ရွယ်ချက်အမှန်က ဘာလဲ ”
ရွှီချင်းက ထိုသို့တွေးတောနေစဉ် သူ၏ ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။
ပုံရိပ်တစ်ခုသည် သူ့အနောက်မှ ပြေးလာပြီး ချက်ချင်း နီးကပ်လာသည်။ ထိုလူက ရွှီချင်းနှင့် ဆယ်ပေအကွာမှာ ရပ်လိုက်သည်။ ထိုလူသည် ထျန်းမိုဇီမှလွဲ၍ တခြားလူမဟုတ်ပေ။
“ ဂုဏ်ယူပါတယ် တာအိုရောင်းရင်းရွှီ… မင်းက မကြာခင်မှာ မဟာရွှမ်ထျန်းစစ်သူကြီးရာထူးကို ရရှိတော့မယ် ”
ထျန်းမိုဇီ၏ မျက်နှာမှာ ကြောက်ရွံ့ရိုသေမှုဖြင့် ပြည့်နှက်နေပြီး သူ၏ အကြည့်က စူးရှတောက်ပသည်။ သူ၏ အသံက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ သူက စကားပြောပြီးနောက် ရွှီချင်းကို အရိုအသေပေးလိုက်သည်။
“ ဘာလဲ ”
ရွှီချင်းသည် ထျန်းမိုဇီ၏ စကားကို တိုက်ရိုက် လျစ်လျူရှုထားပြီး တည်ငြိမ်စွာ ပြောသည်။
ထျန်းမိုဇီက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ရွှီချင်း၏ တုံ့ပြန်ပုံက အေးစက်နေသော်လည်း ယင်းက သူ၏ စိတ်အားထက်သန်မှုအပေါ် သက်ရောက်မှုမရှိပေ။ အထူးသဖြင့် တောင်တန်းပင်လယ်ဒေသကြီးထဲမှ ရွှီချင်း၏ လုပ်ဆောင်မှုများကို သူပြန်စဉ်းစားမိသွားသောအခါ ဖြစ်သည်။ သူနှင့် ရွှီချင်းကြားမှာ ကောင်းမွန်သော ဆက်ဆံရေးရှိသင့်သည်ဟု ထျန်းမိုဇီ တွေးမိသည်။
သို့ဖြစ်၍ သူက အမြန်ပြောသည်။
“ အကိုရွှီ… မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ မဟာအမဲလိုက်ပွဲတော်ရဲ့ တတိယပြိုင်ပွဲက နတ်ဘုရားနယ်မြေမှာ အမဲလိုက်ခြင်းပါ… အကိုရွှီက နတ်ဘုရားနယ်မြေအကြောင်းကို အဆက်အသွယ်တွေကနေတဆင့် အများကြီး သိပြီးလောက်ပါပြီ… ဒါပေမဲ့ စောစောက ရွှမ်မီးလျှံရဲ့ မာမာထန်ထန် စကားပြောပုံကို ကြည့်မယ်ဆိုရင် သူက နတ်ဘုရားနယ်မြေထဲမှာ အကိုရွှီအပေါ် မကောင်းကြံမှာကို ငါစိုးရိမ်ပါတယ်… ”
“ ဒါကြောင့် ငါ့မှာ နတ်ဘုရားနယ်မြေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ ရှိပါတယ်…. အဲ့ဒါက အကိုရွှီ နတ်ဘုရားနယ်မြေထဲမှာ မောက်မာထောင်လွှားပြီး စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ ရွှမ်မီးလျှံရဲ့ အလှည့်စားမခံရအောင် ကာကွယ်ပေးပါလိမ့်မယ် ”
ရွှီချင်း၏ အမူအရာသည် အနည်းငယ် ထူးဆန်းနေသည်။ ထျန်းမိုဇီ၏ တခြားလူများအပေါ် ရည်ညွှန်းသော စကားအသုံးအနှုန်းသည် အကြိမ်တိုင်း ကွဲပြားခြားနားပြီး သူ့အား လေးနက်သောအမြင် ဖြစ်ပေါ်စေသည်။
သူက ဂျိဒုန်းဇီနှင့် ဖန်းရှီရွှမ်းကို ခွေးမသား၊ ခွေးနှစ်ကောင်ဟု ခေါ်ဆိုခဲ့သည်။
ဤတစ်ကြိမ်တွင် သူက ရွှမ်မီးလျှံကို မောက်မာထောင်လွှားပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသူဟု ပြောပြန်သည်။
“ ငါ့ကို ပြောပြပါ ”
ရွှီချင်းသည် အရှေ့သို့ ဆက်လျှောက်သွားပြီး ပြောသည်။
ရွှီချင်းက သူ၏ ဆန္ဒကို လက်ခံကြောင်း မြင်သွားသောအခါ ထျန်းမိုဇီသည် ချက်ချင်း စိတ်ဓာတ်တတ်ကြွသွားသည်။ သူက ရွှီချင်း၏ ဘေးသို့ အမြန်လျှောက်သွားပြီး တိုးညင်းသော အသံဖြင့် ပြောသည်။
“ အကိုရွှီ… ကောလဟာလတွေထဲမှာ ဘယ်လိုပဲ ပြောထားပါစေ တကယ်တမ်းတော့ ရှေးခေတ်ကာလကနေ အခုချိန်ထိ ကျုပ်တို့မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က နတ်ဘုရားနယ်မြေကို သုံးကြိမ်ပဲ ဖွင့်လှစ်ရပါသေးတယ် ”
“ သုံးကြိမ်စလုံးက နယ်ဘုရားနယ်မြေတစ်ခုတည်းပါ… ဒါပေမဲ့ နတ်ဘုရားတွေ ဖွင့်လှစ်ပေးတဲ့ ဝင်ပေါက်တည်နေရာက ခြားနားပါတယ်… ပြီးတော့ နတ်ဘုရားနယ်မြေက အရမ်းကျယ်ပြောတာကြောင့် အဲ့ဒီအကြောင်းကို မသိထားတဲ့ အပြင်လူတွေကတော့ သုံးကြိမ်စလုံးမှာ မတူညီတဲ့ နတ်ဘုရားနယ်မြေဆီ ရောက်ရှိသွားတယ်လို့ ထင်နေကြတယ် ”
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။
“ တူညီတဲ့ နတ်ဘုရားနယ်မြေလား ”
ထျန်းမိုဇီက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“ ဟုတ်ပါတယ်… ပြီးတော့ အဲ့ဒီနတ်ဘုရားနယ်မြေက ဝမ်ကူးကုန်းမြေရဲ့ သမိုင်းထဲမှာ မရှိပါဘူး… တစ်နည်းပြောရရင် အဲ့ဒါက သဘာဝအလျောက် တည်ရှိမှုတစ်ခုပါ ”
ရွှီချင်းသည် နှလုံးတုန်သွားသည်။ ဤသတင်းသည် အလွန်အရေးကြီးပြီး သူမမျှော်လင့်ထားသော အရာဖြစ်သည်။
“ ဒါကြောင့် ဒီတစ်ကြိမ်လည်းပဲ အဲ့ဒီနတ်ဘုရားနယ်မြေမှာ ဖြစ်လောက်တယ် ”
ထျန်းမိုဇီက တိုးညင်းစွာ ပြောသည်။
“ ဒီတစ်ကြိမ်မှာ ဘယ်တည်နေရာကို ဖွင့်လှစ်မလဲဆိုတာ ငါမသိဘူး… ဒါပေမဲ့ အရင်တုန်းက မှတ်တမ်းတွေအရတော့ နတ်ဘုရားနယ်မြေထဲက သက်ရှိတွေကို အဆင့်တွေ ခွဲခြားထားပါတယ် ”
ထျန်းမိုဇီသည် စကားပြောပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။
“ သူတို့ရဲ့ အဆင့်သတ်မှတ်ချက်နဲ့ အသွင်ပုံစံတွေက ဒီထဲမှာ ရှိပါတယ် ”
“ ပြီးတော့ အရင်အခေါက်တွေတုန်းက အမဲလိုက်ခြင်းက အဆင်ပြေချောမွေ့ခဲ့တာ အဓိကအကြောင်းအရင်းတစ်ခု ရှိပါတယ်… အဲ့ဒါကတော့… နတ်ဘုရားနယ်မြေထဲမှာ နတ်ဘုရားမရှိဘူး ”
ထိုအကြောင်းကို ကြားသည့်အခါ ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။
“ လူတိုင်းနားလည်ထားတာက နတ်ဘုရားနယ်မြေတွေကို နတ်ဘုရားတွေက အုပ်ချုပ်ပါတယ်… ဒါပေမဲ့ ဒီနတ်ဘုရားနယ်မြေထဲမှာတော့ နတ်ဘုရားမရှိပါဘူး ”
“ ငါ့မိသားစုက အဲ့ဒီအချက်ကို အရင်က သုံးသပ်ကြည့်ခဲ့ဖူးပါတယ်… ဒီအချက်ကြောင့်ပဲ နတ်ဘုရားတွေက မဟာအမဲလိုက်ပွဲတော်တိုင်းမှာ အဲ့ဒီနတ်ဘုရားနယ်မြေကို ရွေးချယ်ခဲ့တာ ဖြစ်ရမယ် ”
“ ပြီးတော့… နတ်ဘုရားတွေဆီမှာ တခြားရည်ရွယ်ချက်တွေ ရှိကောင်းရှိနိုင်တယ် ”
ထိုသို့ပြောပြီးနောက် ထျန်းမိုဇီသည် နတ်ဘုရားတောင်တန်းဆီသို့ လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူက မြန်ဆန်စွာ အကြည့်ပြန်ရုပ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူ ဆိုလိုချင်သော အဓိပ္ပာယ်ကို သူနားလည်သည်။
“ အမှန်တရားက ငါတို့သုံးသပ်နိုင်တဲ့အရာ မဟုတ်ဘူး… နတ်ဘုရားနယ်မြေထဲမှာ အမဲလိုက်တာက အန္တရာယ်များပေမဲ့ အကျိုးအမြတ်က အရမ်းအံ့ဖွယ်ကောင်းတယ် ”
“ နတ်ဘုရားနယ်မြေထဲက သက်ရှိအားလုံးက ရတနာတွေပဲ… သူတို့ရဲ့ ဝိညာဉ်ကို ကောင်းကင်ဘုံတာအိုအဖြစ် သန့်စင်ပစ်နိုင်တယ်… သူတို့ရဲ့ အသွေးအသားတွေက ကျင့်ကြံခြင်းအတွက် အာဟာရဓာတ်တွေပဲ ”
“ ဒါပေမဲ့ ဆိုးကျိုးတစ်ခုရှိတယ်… အဲ့ဒါကတော့ နတ်ဘုရားနယ်မြေထဲမှာ သက်ရှိတွေကို အမဲလိုက်မယ်ဆိုရင် ကျိန်စာအမှတ်အသားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ် ”
“ မင်းက အရေအတွက်အများအပြားကို သတ်ပစ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် မင်းထက် ပိုပြီးအဆင့်မြင့်တဲ့ သက်ရှိတွေကို သတ်ပစ်တာပဲဖြစ်ဖြစ် အဲ့ဒီကျိန်စာအမှတ်အသားက ပိုပြီးနက်ရှိုင်းလာလိမ့်မယ်… ဒါပေမဲ့… အဲ့ဒါက ပိုင်ရှင်မရှိတဲ့ နတ်ဘုရားနယ်မြေမဟုတ်လား… ကျိန်စာအမှတ်အသားက ဘယ်လောက်ပဲ နက်ရှိုင်းပါစေ ပြဿနာမရှိဘူး ”
“ ဒီအမဲလိုက်ပြိုင်ပွဲမှာ ကျိန်စာအမှတ်အသားရဲ့ နက်ရှိုင်းမှုပေါ် မူတည်ပြီး ပထမနေရာကို ရွေးချယ်လိမ့်မယ် ”
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သူက နတ်ဘုရားနယ်မြေထဲမှ သက်ရှိများအား အမဲလိုက်သတ်ဖြတ်ခြင်းနှင့် ကျိန်စာအမှတ်အသားအကြောင်းကို ကိုယ်တိုင် မတွေ့ကြုံရသေးသော်လည်း ယင်းကို အကြမ်းဖျဉ်း နားလည်သည်။
အတိတ်တွင် ယင်ဟွမ်ပြည်နယ်ထဲမှ လီယုံကျောက်တိုင်ပေါ်တွင် ယင်းပေါ်ရှိ အမှတ်အသားတစ်ခုထံမှ နီလာနတ်သမီး၏ အရင်းအမြစ်ကို ပထမဆုံးအကြိမ် သူအာရုံခံမိခဲ့သည်။
ထိုအမှတ်အသားသည် တစ္ဆေအင်ပါယာ၏ အသတ်ခံခဲ့ရသော နတ်ဘုရားသက်ရှိများထံမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“ တခြားကိစ္စရှိသေးလား ”
ရွှီချင်းက မေးသည်။
ရွှီချင်းက သူ့အား အရင်ဦးစွာ မေးမြန်းလာခဲ့ကြောင်း မြင်သောအခါ ထျန်းမိုဇီသည် စိတ်လှုပ်ရှားသွားသည်။ ထို့ကြောင့် သူသိထားသမျှ အားလုံးကို ပြောပြလိုက်သည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် ရွှီချင်း၏ နေအိမ်ဆီသို့ ရောက်ရှိသွားကြသည်။ ယခု ရွှီချင်းသည် နတ်ဘုရားနယ်မြေအကြောင်းကို ပိုပြီးကောင်းမွန်စွာ နားလည်သွားသည်။
နောက်ဆုံးမှာတော့ ထျန်းမိုဇီသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး လက်သီးဆုပ်၍ ရွှီချင်းကို အရိုအသေပေးလိုက်သည်။
“ အကိုရွှီ နတ်ဘုရားနယ်မြေထဲမှာ အောင်ပွဲရပြီး ပထမနေရာကို ရရှိနိုင်ပါစေလို့ ငါဆုတောင်းပေးပါတယ်… ပြီးတော့ ငါ့မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ မဟာရွှမ်ထျန်းစစ်သူကြီးဖြစ်လာနိုင်ပါစေ ”
“ နတ်ဘုရားနယ်မြေထဲမှာ အဲ့ဒီခွေးအတွေကို အထူးသတိထားပါ… သူတို့က အရမ်းကောက်ကျစ်ပြီး စိတ်ဓာတ်ညံ့ဖျင်းတယ်… အထူးသဖြင့် ဟိုအရူးကောင် ရွှမ်မီးလျှံပဲ… နောက်ပြီး အကိုရွှီမှာ တစ်ခုခုအမိန့်ပေးချင်တာရှိရင် ငါ့ကို အချိန်မရွေး ဆက်သွယ်လိုက်ပါ… ငါထျန်မိုဇီက အားလုံးကို အောင်မြင်အောင် ဆောင်ရွက်ပေးပါ့မယ် ”
ထိုသို့ပြောပြီးနောက် ထျန်းမိုဇီသည် လက်သီးဆုပ်လိုက်ပြီး ဦးညွတ်လိုက်သည်။
ထျန်းမိုဇီထွက်ခွာသွားပြီးနောက် လမ်းတစ်လျှောက်တွင် တစ်ဖက်လူပြောခဲ့သော သတင်းအချက်အလက်များက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက နေအိမ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်။
အိမ်ထဲသို့ ဝင်သွားသည့်အခိုက် ပထမဆုံး သူမြင်လိုက်ရသည်မှာ ပြတင်းပေါက်ဘေးနား၌ မတ်တတ်ရပ်နေသော ရင်းနှီးကျွမ်းဝင်သည့် နောက်ကျောမြင်ကွင်း ဖြစ်သည်။
ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ခေါင်းဆောင်က သရုပ်ဆောင်ပြတော့မည်ဖြစ်ကြောင်း သူသိလိုက်သည်။ ထို့ကြောင့် သူက ဘေးမှာ ထိုင်လိုက်ပြီး ပန်းသီးတစ်လုံးကို ယူဆောင်လိုက်သည်။ သူက ပန်းသီးကို ကိုက်စားရင်း တိတ်တဆိတ် စောင့်ဆိုင်းသည်။
မကြာမီ ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်းနှင့် ညှိုးမှိုင်ခြင်း ပါဝင်သော သက်ပြင်းချသံသည် အိမ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ဂျူနီယာညီလေး… ဒီတစ်ကြိမ် စီနီယာအကိုကြီးက ဘယ်လောက်ခက်ခဲခဲ့လဲဆိုတာ မင်းသိလား… ”
ခေါင်းဆောင်က စကားဆုံးအောင် မပြောနိုင်ခင်မှာ ရွှီချင်းသည် ယင်ရှီသူတော်စင်နတ်ဆရာပေးခဲ့သော အရိုးတုံကင်ကို ထုတ်လိုက်ပြီး ပစ်ပေးလိုက်သည်။
“ ငါနားလည်ပါတယ် စီနီယာအကိုကြီး… အဲ့ဒါကြောင့် ဒီဟာကို မင်းယူလိုက်ပါ ”
ခေါင်းဆောင်သည် ချက်ချင်း အနောက်လှည့်လိုက်ပြီး အရိုးတုံကင်ကို ဖမ်းလိုက်သည်။ သူက ရွှီချင်းကို ကြည့်လိုက်သည့်အခါ ကိုးရိုးကားရားဖြစ်သွားသည်။ သူ၏ စိတ်ထဲမှာ ကြိုစီစဉ်ထားသော သနားစရာဇာတ်ကြောင်းကို ဤအခိုက်အတန့်မှာ မပြောနိုင်တော့ပေ။
သို့သော်လည်း သူ၏ အဆင့်အတန်းကို ပြန်စဉ်းစားလိုက်သည့်အခါ ခေါင်းဆောင်သည် လျှို့ဝှက်ဆန်းကြယ်သော အမူအရာကို ထုတ်ဖော်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ချင်းလေး… မင်းရဲ့ဟာကို အလကား ငါမယူပါဘူး… ငါမင်းကို ရွှမ်မီးလျှံရဲ့ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ် ”