← Chapters

လိင်ပြောင်းသွားသော ပျံလွှားငှက်လေး

Vol. 84 Ch. 1287

လိင်ပြောင်းသွားသော ပျံလွှားငှက်လေး

Vol. 84 Ch. 1287

ယင်းကို ရွှီချင်းကြားသောအခါ သူက ခေါင်းဆောင်ကို ကြည့်လိုက်သည်။ အစောနက နတ်ဘုရားတောင်တန်း၏ အပြင်ဘက်တွင် ခေါင်းဆောင်၏ ဖုံးကွယ်မှုကို သူအာရုံခံမိခဲ့သည်။ ထို့ပြင် ရွှမ်မီးလျှံသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ လူလိုက်ရှာခဲ့သည်။ တောင်တန်းပင်လယ်ဒေသကြီးထဲမှ ရှန်းချီခြင်္သေ့နယ်မြေထဲတွင် သတင်းအချက်အလက်တချို့ကို ရွှီချင်း ရှာတွေ့ခဲ့သည်။

ယင်းတို့အားလုံးက သဟဇာတဖြစ်သည်။

ခေါင်းဆောင်သည် ရွှမ်မီးလျှံနှင့် သေချာပေါက် ပြဿနာဖြစ်ခဲ့ပုံပေါ်သည်။ ထို့ပြင် ကြီးကြီးမားမား ဆုံးရှုံးခဲ့သူသည် ရွှမ်မီးလျှံသာ ဖြစ်သည်။

ရွှမ်မီးလျှံ၏ ကျင့်ကြံခြင်းက ဝိညာဉ်စုစည်းခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်ပြီး အလွန်ကြောက်စရာကောင်းသော်လည်း ရွှီချင်း၏ နှလုံးသားထဲတွင် ခေါင်းဆောင်မဖြေရှင်းနိုင်သောအရာ မရှိသေးပေ။ ရွှမ်မီးလျှံ၏ လျှို့ဝှက်ချက်ကိုတော့ ရွှီချင်းက စိတ်မဝင်စားချေ။

သို့သော်လည်း စီနီယာအကိုကြီးက စိတ်ဓာတ်တတ်ကြွနေကြောင်း မြင်တွေ့သွားသောအခါ ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး စိတ်ဝင်တစား ပြောသည်။

“ ဘာလျှို့ဝှက်ချက်လဲ ”

ခေါင်းဆောင်သည် မျက်လုံးဝင်းလက်သွားပြီး နှုတ်ခမ်းသပ်လိုက်သည်။ သူက ရွှီချင်း၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး စကားမပြောခင် ဘေးဘီသို့ စစ်ဆေးကြည့်လိုက်သည်။

“ ဂျူနီယာညီလေး… ရွှမ်မီးလျှံက ထိပ်တန်းအဆင့်ပါရမီရှင်ပဲ ”

ရွှီချင်းသည် ဇဝေဇဝါဖြစ်သွားသည်။ ခေါင်းဆောင်က တစ်စုံတစ်ယောက်အား ထိပ်တန်းအဆင့်ပါရမီရှင်ဟု ချီးကျူးခြင်းကို ပထမဆုံးအကြိမ် သူကြားဖူးခြင်း ဖြစ်သည်။ အထူးသဖြင့် ခေါင်းဆောင်က ရွှမ်မီးလျှံအကြောင်းပြောသည့်အခါ နှုတ်ခမ်းသပ်လိုက်ခြင်းဖြစ်သည်။ ယင်းက စဉ်းစားစရာကောင်းသည်။

ရွှီချင်း၏ အမူအရာကို မြင်သောအခါ ခေါင်းဆောင်သည် ပိုပြီးစိတ်အားထက်သန်လာသည်။ သူက ရွှီချင်းကို ကြည့်၍ တဟားဟား ရယ်မောလိုက်သည်။

“ ငါမင်းကိုပြောပြမယ် ချင်းလေး… အရင်ဘဝတွေတုန်းက ငါ့ရဲ့ အတွေ့အကြုံတွေနဲ့ နားလည်မှုအရဆိုရင် ရွှမ်မီးလျှံက ထူးခြားတဲ့ဝါသနာရှိတဲ့ ကျင့်ကြံသူတွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲ… ”

“ သူက အရမ်းအစွမ်းထက်ပြီး သည်းခံနိုင်စွမ်းရှိတယ်… သူက ဘယ်အချိန်မှာ အရှေ့တတ်ရမလဲ ဘယ်အချိန်မှာ အနောက်ဆုတ်ရမလဲဆိုတာ ကောင်းကောင်း သိတယ်… အဲ့ဒါကြောင့် သူ့ကို လှည့်စားဖို့ဆိုတာ မလွယ်ကူဘူး ”

ခေါင်းဆောင်သည် စကားပြောပြီးနောက် နှုတ်ခမ်းကိုက်လိုက်သည်။ သွားရည်သည် သူ၏ ပါးစပ်ထဲမှ စီးကျလာတော့မည့် အရိပ်အယောင်ရှိသည်။

ခေါင်းဆောင်၏ အမူအရာကို သတိထားမိသောအခါ ရွှီချင်းသည် ဤတစ်ကြိမ်တွင် အမှန်တကယ် အံ့ဩသွားသည်။ စိတ်ရှုပ်ထွေးမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ငယ်ငယ်လေးကတည်းက ယခုအချိန်ထိ ကိစ္စများစွာကို တွေ့ကြုံခဲ့ဖူးသော်လည်း တချို့နေရာများတွင် သူက အတွေ့အကြုံနုသေးသည်။

ထို့ကြောင့် သူက ဤအခိုက်အတန့်မှာ ဘာမှမတုံ့ပြန်နိုင်ပေ။ ရွှမ်မီးလျှံ၏ ပုံရိပ်သည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ အစောနတုန်းက တစ်ဖက်လူသည် ထူးခြားသော တစ်စုံတစ်ခုကို လိုက်လံရှာဖွေနေခဲ့ကြောင်း သူပြန်မှတ်မိသွားသည်။

ရွှီချင်း၏ သံသယကို သတိပြုမိသောအခါ ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ယင်းက ပျော်ရွှင်စရာကောင်းသည်ဟု သူခံစားမိသွားပြီး ပိုပြီးဘဝင်မြင့်သွားသည်။

သူ့ဂျူနီယာညီလေး၏ လက်ရှိပုံစံက အပြစ်ကင်းစင်ပြီး သန့်စင်သည်ဟု သူခံစားမိသည်။ စီနီယာအကိုကြီးတစ်ယောက်အနေနှင့် သူ့ဂျူနီယာညီလေး၏ ဗဟုသုတများထဲတွင် ချို့ယွင်းချက်တစ်ခုမှ မရှိရအောင် သူလုပ်ဆောင်ပေးရလိမ့်မည်။

ထို့ကြောင့် သူက ရွှီချင်း၏ ပခုံးကို ပုတ်ပေးလိုက်ပြီး အကြီးအကဲတစ်ယောက်၏ လေသံဖြင့် ပြောသည်။

“ ဂျူနီယာညီလေး… ဒီလောကကြီးထဲမှာ မင်းမြင်တွေ့ရမယ့်အရာတွေက နောက်ထပ်အများကြီး ကျန်နေသေးတယ် ”

“ ထားလိုက်ပါတော့ ထားလိုက်ပါတော့… ငါမင်းကို တဲ့တိုးပဲ ပြောတော့မယ်… အဲ့ဒီရွှမ်မီးလျှံက… ”

ခေါင်းဆောင်သည် တစ်ခဏ ရပ်လိုက်သည်။

“ သူက ယောင်္ကျားလည်းဟုတ်တယ် မိန်းမလည်းဟုတ်တယ်… အဲ့ဒါ အံ့ဩစရာမကောင်းဘူးလား ”

ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် ထပ်မံ နှုတ်ခမ်းသပ်လိုက်သည်။

သူ၏ စကားသည် ရွှီချင်း၏ နားထဲမှာ မိုးခြိမ်းသံသဖွယ် မြည်ဟိန်းသွားသည်။

ရွှီချင်း၏ မျက်လုံးသည် ပြူးကျယ်သွားသည်။ ဝမ်ကူးကုန်းမြေထဲတွင် ထူးဆန်းသော အရာများက မရေမတွက်နိုင်အောင် ပေါများပြီး လိင်ပြောင်းလဲနိုင်သော ကိစ္စက အထူးအဆန်းမဟုတ်သော်လည်း ရွှီချင်း၏ နှလုံးကို လှိုင်းထသွားစေခဲ့သည်မှာ အစမှအဆုံးအထိ ခေါင်းဆောင်ဖော်ပြခဲ့သော အမူအရာနှင့် သူပြောခဲ့သော စကားလုံးအသုံးအနှုန်း ဖြစ်သည်။

ရွှီချင်းသည် မတွေးတောဘဲ မနေနိုင်ပေ။ ထို့နောက် သူက စကားမပြောမီ တစ်ခဏကြာ တုံ့ဆိုင်းသွားခဲ့သည်။

“ စီနီယာအကိုကြီး… မင်း အဲ့ဒါကို ဘယ်လိုရှာတွေ့သွားတာလဲ ”

ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူက မောက်မာထောင်လွှားစွာ ခေါင်းမော့လိုက်သည်။

“ အဲ့ဒီပျံလွှားငှက်လေးက ကောင်းကင်နဲ့မြေပြင်က ဘယ်လောက်ကျယ်ပြောလဲဆိုတာ မသိဘူး… သူက ငါ့ရှန်းချီခြင်္သေ့ကို ဖိနှိပ်ဖို့အတွက် ငါ့ထက်အရင် ကြိုရောက်နေတယ် ”

“ အဲ့ဒါကို ငါရှာတွေ့သွားတော့ သူက ငါ့ကို ထွက်သွားဖို့ အော်ပြောတယ် ”

“ အဲ့ဒီမျက်နှာအမူအရာ၊ လေသံနဲ့ အပြုအမူတွေက သူ့ကို အစွမ်းကြီးမားပြီး အဆင့်အတန်းမြင့်မားတယ်လို့ အောက်မေ့ရစေတယ် ”

ခေါင်းဆောင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ ဒါကြောင့် ငါက သူပြောတဲ့အတိုင်း အဝေးကို ထွက်သွားခဲ့တယ်… ဒါပေမဲ့ အဲ့ဒီအကြောင်းကို ငါပိုပြီးစဉ်းစားမိလေ ပိုပြီးဒေါသထွက်လေပဲ… အဲ့ဒါကြောင့် ရှန်းချီခြင်္သေ့သားပေါက်တစ်ကောင်ကို သူဖိနှိပ်နေတဲ့အချိန်မှာ ငါဖန်တီးထားတဲ့ နတ်ဘုရားရဲ့ ဥပဒေသတုံကင်အားလုံးကို အသုံးပြုပြီး သူဖိနှိပ်နေတဲ့ ရှန်းချီခြင်္သေ့ရဲ့ မိဘတွေ၊ အဖိုးအဖွားတွေကို ဆွဲဆောင်လိုက်တယ် ”

“ ဟဲ ဟဲ… ပျံလွှားငှက်လေးက အခြေအနေအရမ်းဆိုးသွားတယ်… သူ့ရဲ့ ကျင့်ကြံခြင်းနဲ့ တိုက်ပွဲစွမ်းအားက အရမ်းသန်မာပြီး ဝိညာဉ်စုစည်းခြင်းအဆင့်နဲ့ နှိုင်းယှဉ်နိုင်တယ်ဆိုပေမဲ့ ရှန်းချီခြင်္သေ့အများကြီးရဲ့ ဝိုင်းရံတိုက်ခိုက်တာကိုတော့ ဘယ်လိုတောင့်ခံနိုင်မှာလဲ ”

“ အဲ့ဒီအချိန်မှာ ငါဘာကို မြင်ခဲ့တယ်လို့ မင်းထင်လဲ ”

ခေါင်းဆောင်သည် လက်ဖဝါးကို ပွတ်သပ်လိုက်ပြီး အလွန်စိတ်လှုပ်ရှားသွားသည်။ သူက ရွှီချင်း၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ဆက်ပြောသည်။

“ အဲ့ဒီအရေးကြီးအခိုက်အတန့်မှာ သူက အရမ်းကြောက်စရာကောင်းတဲ့ နတ်ဘုရားစွမ်းရည်တစ်ခုကို အသုံးပြုခဲ့တယ်… အတိုင်းအတာတစ်ခုထိဆိုရရင် အဲ့ဒါက နတ်ဘုရားစွမ်းရည်မဟုတ်တော့ဘူး… နတ်ဘုရားအတတ်ပညာလို့ ဆိုနိုင်တယ် ”

“ ပြီးတော့ အဲ့ဒါက အရမ်းအစွမ်းထက်တဲ့ နတ်ဘုရားအတတ်ပညာပဲ… အဲ့ဒါက နတ်ဘုရားရဲ့ အပြစ်ဒဏ်ချမှတ်ခြင်းနဲ့ ဆင်တူတယ် ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။

ခေါင်းဆောင်သည် စကားပြောနေရင်း ပိုပြီးစိတ်လှုပ်ရှားလာသည်။

“ အဲ့ဒီအတတ်ပညာမှာ ဘေးထွက်ဆိုးကျိုးတစ်ခု ရှိတယ်… ဒါပေမဲ့ ပျံလွှားလေးအတွက်ကျတော့ အဲ့ဒါက ဘေးထွက်ဆိုးကျိုးမဟုတ်ဘူး… အဲ့ဒီအတတ်ပညာကို အသုံးပြုပြီးရင် သူ့ရဲ့ လိင်အမျိုးအစားက အချိန်တစ်ခုထိ ပြောင်းလဲသွားလိမ့်မယ် ”

“ ငါမင်းကို ပြောပြမယ် ချင်းလေး… အဲ့ဒီအတတ်ပညာကို အသုံးပြုပြီးတဲ့နောက်မှာ သူက တကယ်ကြီး မိန်းမအဖြစ် ပြောင်းလဲသွားတာကို ငါ့မျက်စိနဲ့ သေချာမြင်ခဲ့တယ်… အစတုန်းက သူက ယောင်္ကျားဆိုပေမဲ့ နောက်အခိုက်အတန့်မှာ မိန်းမဖြစ်သွားတယ်… ဒါပေမဲ့ နောက်အခိုက်အတန့်မှာ သူက ယောင်္ကျားပြန်ဖြစ်သွားတယ်… ဟဲ ဟဲ အဲ့ဒါက ရယ်စရာမကောင်းဘူးလား ”

ခေါင်းဆောင်၏ စိတ်လှုပ်ရှားသော အမူအရာကို ကြည့်နေရင်း ရွှီချင်း၏ အမူအရာသည် ထူးဆန်းလာသည်။

ဤအခိုက်အတန့်မှာ ခေါင်းဆောင်က ရွှီချင်းကို ဂရုမစိုက်တော့ပေ။ သူက အလွန်စိတ်လှုပ်ရှားနေပြီး ဆက်လက် ပြောသည်။

“ ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်လာပြီး သူ့ရဲ့ လိင်အမျိုးအစားက ပြောင်းလဲသွားတဲ့အခါတိုင်း ပုတီးစေ့တစ်လုံးက သူ့ဘေးမှာ ထွက်ပေါ်လာလိမ့်မယ်… ပုတီးစေ့က သူ့ရဲ့ ခန္ဓာကိုယ်ကို လှည့်ပတ်ပြီး သူ့ခန္ဓာကိုယ်ထဲမှ မူမမှန်တဲ့ စွမ်းအားကို စုပ်ယူလိမ့်မယ်… အဲ့ဒါက နတ်ဘုရားအတတ်ပညာရဲ့ ဘေးထွက်ဆိုးကျိုးကို ဖယ်ရှားပေးပြီး သူ့ကို မိန်းမကနေ ယောင်္ကျားပြန်ဖြစ်စေလိမ့်မယ် ”

“ အကြည့်တစ်ချက်နဲ့ အဲ့ဒါက သူ့ရဲ့ သက်စောင့်ပုလဲဆိုတာ ငါသိလိုက်တယ်… အဲ့ဒါက သူ့အတွက် အရမ်းအရေးကြီးတယ် ”

“ ပြီးတော့ မင်းလည်း သိတယ်မလား… စီနီယာအကိုကြီးက အရမ်းကြင်နာပြီး ကူညီတတ်တဲ့ လူစားမျိုးဆိုတာလေ… ငါက တစ်ခါတစ်လေ တစ်ကိုယ်ကောင်းဆန်ပေမဲ့ တစ်ဖက်သားက ဒုက္ခရောက်နေတဲ့အချိန်မှာ ရပ်ကြည့်မနေနိုင်ဘူး ”

“ ဒီတော့ သူလိင်ပြောင်းလဲနေတာကို ငါဘယ်ခံစားနိုင်မလဲ… ဘာပဲဖြစ်ဖြစ် လိင်ပြောင်းလဲမယ်ဆိုရင် ခန္ဓာကိုယ်ထဲက မရီဒျန်တွေဆီမှာ အပြောင်းအလဲများစွာ ဖြစ်ပေါ်လာလိမ့်မယ်… ခန္ဓာကိုယ်အပြင်ပန်းမှာလည်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာလိမ့်မယ်… စဉ်းစားကြည့်ရုံနဲ့တင် အဲ့ဒါက ဘယ်လောက်နာကျင်မလဲ မင်းသိမှာပါ ”

“ ဒါကြောင့်မို့လို့… သူက မိန်းမအဖြစ် ပြောင်းလဲသွားတဲ့အချိန်မှာ အဲ့ဒီပုလဲကို ငါလုယက်ခဲ့တယ်… ”

“ ဒီနည်းနဲ့ဆိုရင် သူက လိင်ပြောင်းဖို့ မဖြစ်နိုင်တော့ဘူး… အဲ့ဒီတော့ သူက လိင်ပြောင်းရတဲ့ ဝေဒနာကို မခံစားရတော့ဘူးပေါ့ ”

ခေါင်းဆောင်သည် စကားပြောပြီးနောက် လက်မြှောက်လိုက်သည်။ အနီရောင်ပုလဲတစ်လုံးသည် သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ ယင်းက တောက်ပသော အနီရောင်အလင်းကို ထုတ်လွှတ်နေသော်လည်း အပြာရောင်အလင်းအကာအကွယ်တစ်ခုဖြင့် ဖုံးအုပ်ခံထားရသည်။ သို့ဖြစ်၍ ယင်း၏ အရှိန်အဝါက အပြင်သို့ မပျံ့လွင့်သွားနိုင်ပေ။

“ ဘယ်လိုလဲ ”

ခေါင်းဆောင်သည် ရွှီချင်းကို ဂုဏ်ယူဝင်ကြွားစွာ ကြည့်လိုက်သည်။

“ စောစောတုန်းက ပျံလွားငှက်ရဲ့ အသွင်ပုံစံကို မင်းမြင်လိုက်တယ်မလား… သူက အပြင်ပန်းမှာ ကြီးကြီးမားမား မပြောင်းလဲသွားဘူးဆိုပေမဲ့ အတွင်းမှာတော့ သူက မိန်းကလေးပဲ… သူက ယောင်္ကျားအဖြစ် ပြန်မပြောင်းနိုင်တော့ဘူး… ငါထွက်သွားတဲ့အချိန်မှာ သူ့အတွက် ဝိညာဉ်သခင်မယုံကျင်းရဲ့ ပန်းပွင့်ပုံနဲ့ အတွင်းခံလေးကိုတောင် ချန်ထားပေးခဲ့သေးတယ်… ဘယ်လိုလဲ စီနီယာအကိုကြီးက အရမ်းကြင်နာတယ် မဟုတ်လား ”

ရွှီချင်းသည် ထိတ်လန့်သွားပြီး ခေါင်းဆောင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်သည်။ ထို့နောက် အစောနတုန်းက ခေါင်းဆောင်ကို လိုက်လံရှာဖွေနေသော ရွှမ်မီးလျှံ၏ ပုံစံကို သူပြန်စဉ်းစားမိသွားသည်။ ထိုအချိန်တုန်းက တစ်ဖက်လူထုတ်လွှတ်နေသော ဒေါသအငွေ့အသက်နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အလွန်အမင်း အားကောင်းသည်။

ယခု အကြောင်းအရင်းကို သူနားလည်သွားသည်။

“ ရွှမ်မီးလျှံ ဒီလောက်ဒေါသထွက်နေတာ မထူးဆန်းတော့ပါဘူး… ”

ရွှီချင်းက သက်ပြင်းချလိုက်သည်။

ခေါင်းဆောင်သည် ရယ်မောလိုက်ပြီး ပုလဲလုံးကို ပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး အကြောဆန့်လိုက်သည်။ သူက အလွန်စိတ်ကျေနပ်သွားသည်။

ဤတစ်ကြိမ် တောင်တန်းပင်လယ်ဒေသကြီးဆီသို့ သွားရောက်ခဲ့သော သူ၏ ခရီးစဉ်က အလွန်စိတ်ဝင်စားစရာကောင်းပြီး ကြီးမားသော ရိတ်သိမ်းမှုကို ပြုလုပ်နိုင်ခဲ့သည်ဟု သူခံစားမိသည်။ သို့သော်လည်း ရွှီချင်း၏ ကျူးလီကို စဉ်းစားမိသွားသောအခါ သူက တစ်ခဏကြာ တုံ့ဆိုင်းသွားသည်။

နောက်ဆုံးမှာတော့ သူက သိချင်စိတ်ကို မချုပ်တီးထားနိုင်ဘဲ မေးမြန်းလိုက်သည်။

ရွှီချင်းက သူ့ကို အမှန်တိုင်း ပြောပြလိုက်သည်။

ရွှီချင်း၏ ဇာတ်လမ်းတစ်ပုဒ်လုံးကို နားထောင်ပြီးနောက် ခေါင်း‌ဆောင်သည် မျက်လုံးပြူးကျယ်သွားသည်။ သူက အချိန်အတော်ကြာ ပါးစပ်အဟောင်းသားဖြစ်နေပြီးနောက် ခြေဆောင့်လိုက်သည်။

“ ပျံလွှားငှက်က ငါ့အချိန်တွေကို ပုပ်အောင် လုပ်ခဲ့လို့ပေါ့… ”

“ နို့မဟုတ်ရင် ငါလည်းပဲ ဒီကိစ္စမှာ ဝင်ပါနိုင်မှာ… ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လွဲခဲ့ရတယ်လို့ကွာ ”

ရွှီချင်းသည် စကားမပြောပေ။

ခေါင်းဆောင်သည် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး နောက်တစ်ခါ ထိုင်ချလိုက်သည်။ စဉ်းစားချင့်ချိန်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ အချိန်အတော်ကြာပြီးနောက် သူက မျက်လုံးဝင်းလက်သွားပြီး တီးတိုးရေရွတ်လိုက်သည်။

“ ဒီအခွင့်အရေးကို ငါလွဲခဲ့တယ်ဆိုပေမဲ့ အဲ့ဒီကိစ္စက အရင်က ငါ့ခန့်မှန်းမှုတွေထဲက တစ်ခုကို အတည်ပြုပေးခဲ့တယ်… အဲ့ဒါက ငါတို့ နောက်ဆက်လုပ်မယ့်ကိစ္စအတွက် ကြီးမားတဲ့ သက်သေအထောက်အထား ဖြစ်တယ် ”

ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးသည် ဝင်းလက်တောက်ပပြီး ရူးသွပ်မှုဖြင့် ပြည့်နှက်နေသည်။

“ ဂျူနီယာညီလေး… အစကတော့ ဒီတစ်ကြိမ် နတ်ဘုရားနယ်မြေကို ဖွင့်လှစ်တဲ့အခါကျရင် ငါတို့လုပ်ဆောင်မယ့် ကိစ္စကြီးအတွက် (၁၀)ရာခိုင်နှုန်းပဲ ယုံကြည်ချက်ရှိတယ် ”

“ ဒါပေမဲ့ အခု မင်းပြောတဲ့ ကိစ္စကို ကြားပြီးတဲ့နောက်မှာ ငါပိုပြီးတော့ ယုံကြည်ချက်ရှိသွားပြီ ”

“ ဒီတစ်ကြိမ် ငါမင်းကို ကိစ္စကြီးတစ်ခုလုပ်ဖို့ ခေါ်သွားမယ်… ဒါပေမဲ့ ဒီတစ်ခေါက် ကိစ္စကြီးက အရင်က ငါတို့လုပ်ဆောင်ခဲ့တဲ့ အရာတွေထက် အများကြီး သာလွန်တဲ့ အထူးကိစ္စကြီးပဲ ”

ရွှီချင်းသည် ချက်ချင်း စိုးရိမ်လာသည်။ ခေါင်းဆောင်၏ ‘ ကိစ္စကြီး လုပ်မယ် ’ဟူသော စကားသည် သူ့အတွက် အနီရောင်အလံတိုင် ဖြစ်သည်။ ခေါင်းဆောင်က ထိုသို့ပြောသည့်အခါတိုင်း သူတို့က သေခြင်းတရားနှင့် အလွန်နီးကပ်သော အန္တရာယ်များဖြင့် ရင်ဆိုင်ရတော့မည်ဟု အဓိပ္ပာယ်ရသည်။

ထို့ပြင် ရူးသွပ်မှုသည် အကြိမ်တိုင်း ပိုပိုပြီး ကြောက်စရာကောင်းလာသည်။

အတိတ်တွင် နတ်ဘုရားသက်ရှိအသွေးအသားများမှ အစပြု၍၊ ပင်လယ်အလောင်းကောင်မျိုးနွယ်၏ ရုပ်တု၊ ဝိညာဉ်သခင်မယုံကျင်း၏ အဝတ်အစားများကို ခိုးယူခြင်း၊ ရှေးဟောင်းကောင်းကင်ဘုံတာအို၏ အဖေဖြစ်လာခြင်း၊ အစိမ်းရောင်သဲကန္တာရနှင့် နီလာနတ်သမီးကို သတ်ဖြတ်ခြင်း အစရှိသဖြင့် ကိစ္စများသည် ယခင်တစ်ခေါက်ထက် ပိုပိုပြီး ကြီးမားလာခဲ့သည်။

ယခုအခါ ခေါင်းဆောင်သည် ကိစ္စကြီး၏ အရှေ့မှာ ‘ အထူး ’ဟူသော စကားလုံးကို ထပ်ပေါင်းထည့်လိုက်သည်။

ရွှီချင်း၏ သတိထားမှုသည် ချက်ချင်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူက ခေါင်းဆောင်ကို ကြည့်လိုက်လေရာ သက်ပြင်းမချဘဲ မနေနိုင်ပေ။

“ စီနီယာအကိုကြီး… ငါတို့ သေလမ်းမရှာဘဲ နေရအောင်… ”

ခေါင်းဆောင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။

“ ဘာမှမစိုးရိမ်နဲ့… ဒီဟာကို ငါစီစဉ်နေတာ အချိန်အရမ်းကြာပြီ… မင်းရဲ့ အတွေ့အကြုံက ငါ့ရဲ့ ခန့်မှန်းမှုကို အတည်ပြုပေးခဲ့တယ်… ဒီတစ်ကြိမ် ငါတို့ လုံးဝဘေးကင်းလုံခြုံတယ် ”

ခေါင်းဆောင်သည် ရင်ဘက်ကို ပုတ်ပြလိုက်သည်။

ခေါင်းဆောင်၏ စကားကို ကြားသောအခါ ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်အားလုံးက ထောင်မတ်သွားပြီး သူ၏ စိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ ခေါင်းဆောင်က ဤတစ်ကြိမ်တွင် လုံးဝမခန့်မှန်းနိုင်သော ကိစ္စကြီးတစ်ခုကို လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ဝေဝေဝါးဝါး သူခံစားမိနေသည်။

သူက တစ်စုံတစ်ခု ပြောတော့မည့်အချိန် ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် တစ်ချက်လှုပ်ရှားသွားပြီး နေအိမ်ထဲမှ ပျောက်ကွယ်သွားသည်။ သူ၏ နောက်ဆုံးစကားများသည်သာ ရွှီချင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

“ ဂျူနီယာညီလေး… ဘာမှမစိုးရိမ်ပါနဲ့… ငါအပြင်ခဏသွားပြီး ငါတို့ရဲ့ နောက်ဆုံးကိစ္စကြီးအတွက် ပြင်ဆင်မှုတချို့ သွားလုပ်လိုက်ဦးမယ် ”

အိမ်ထဲတွင် ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ခေါင်းဆောင်အပေါ် သူ၏ နားလည်မှုကြောင့် ခန့်မှန်းမှုတချို့က သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ် နတ်ဘုရားနယ်မြေထဲကို ဝင်ရောက်သည့်အခါ သူ၏ ရည်ရွယ်ချက်သည် ကောင်းကင်ဘုံတာအိုကို စုဆောင်းရန်နှင့် ကျိန်စာအမှတ်အသားများကို ရရှိရန် ဖြစ်သည်။

ခေါင်းဆောင်၏ ကိစ္စကြီးအတွက်တော့ လုံးဝ သူပါဝင်လိမ့်မည် မဟုတ်ချေ။

မည်သို့ဖြစ်ပါစေ သေလမ်းရှာသည့် ဝါသနာက သူ့မှာ မရှိပေ။

ထိုသို့စဉ်းစားမိသောအခါ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တရားထိုင်ရန် မျက်လုံးမှိတ်လိုက်ကာ ပဉ္စမမြောက်ဂမ္ဘီရမှော်ဝင်ရတနာသိုက်ကို အားဖြည့်ပေးလိုက်သည်။ သူက အထွတ်အထိပ် အခြေအနေကို ထိန်းသိမ်းထားရင်း လျှို့ဝှက်ရတနာသိုက်ထဲမှ နတ်ဘုရားကျောက်တိုင်(၉၅)ခုကို စုပ်ယူလိုက်သည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားသည်။

ခြောက်ရက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားသည်။

မဟာအမဲလိုက်ပွဲတော်၏ နောက်ဆုံးပြိုင်ပွဲဖြစ်သော နတ်ဘုရားနယ်မြေ၌ အမဲလိုက်ခြင်းစတင်ရန် ဆယ့်ငါးမိနစ်သာ လိုအပ်တော့သည်။ ထိုအခါ ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး နေအိမ်မှ ထွက်ခွာရန် ပြင်လိုက်သည်။ တစ်ချိန်တည်းမှာ ခေါင်းဆောင်သည် အပြင်မှ ပြန်ရောက်လာသည်။

သူက ပြန်ရောက်လာပြီးနောက် ရွှီချင်း ဘာမှမပြောနိုင်ခင်မှာ ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ရွှီချင်း၏ အရှေ့မှာ ပြိုကွဲသွားပြီး အပြာရောင်ပိုးကောင်များအဖြစ် ပြောင်းလဲသွားကာ ပုလင်းအတွင်းသို့ တွားသွားဝင်သွားသည်။

“ ဂျူနီယာညီလေး… ငါ့ကို မင်းရဲ့ သိုလှောင်အိတ်ထဲ ထည့်လိုက်ပါ… ငါတို့ ထွက်ခွာကြမယ် ”

ခေါင်းဆောင်၏ အသံက ပုလင်းထဲမှ ထွက်ပေါ်လာသည့်အခိုက် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် နတ်ဘုရားတောင်တန်းထံမှ ပျံ့နှံ့ထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ ဝုန်းခနဲ မြည်သံများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစိတ်အာရုံသုံးခုသည် ဒေသကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

တစ်ချိန်တည်းမှာ နတ်ဘုရားအရှိန်အဝါသည် အရာအားလုံးကို ဖုံးလွှမ်းသွားသည်။

နတ်ဘုရားထက် အဆင့်နိမ့်သော သက်ရှိအားလုံးသည် ဤအခိုက်အတန့်မှာ တုန်ယင်သွားကြသည်။ အေးတိအေးစက် နတ်ဘုရားအသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။

“ နတ်ဘုရားနယ်မြေကို ဖွင့်လှစ်တော့မယ်… ကလေးတွေ အရှေ့တတ်ကြတော့ ”

ရွှီချင်းသည် ခေါင်းဆောင်ရှိသော ပုလင်းကို ဖမ်းဆုပ်လိုက်ပြီး သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ရွေ့လျားသွားပြီး နေအိမ်ထဲမှ ပျောက်ကွယ်သွားသည်။

သူက လေထဲမှာ ပြန်ပေါ်လာသည့်အခိုက် ကမ္ဘာတုန်ဟီးစေနိုင်သော ဧရာမပုံရိပ်သုံးခုက နတ်ဘုရားတောင်တန်းပေါ်မှာ မတ်တတ်ရပ်နေကြောင်း မြင်လိုက်ရသည်။

၎င်းတို့က မီးလျှံနေ၊ မီးလျှံလနှင့် မီးလျှံကြယ်တို့ ဖြစ်ကြသည်။

နတ်ဘုရားသုံးပါးသည် အတူတကွ တည်ရှိနေကြသည်။

All Chapters