← Chapters

ပုလဲထုတ်ပေးသော ကမာကောင်

Vol. 84 Ch. 1290

ပုလဲထုတ်ပေးသော ကမာကောင်

Vol. 84 Ch. 1290

အနီရောင်ပင်လယ်သည် အဆုံးမရှိဟန် ရ၏။ ယင်းက အေးခဲနေသောကြောင့် လှိုင်းလုံးများ မရှိပေ။

ပင်လယ်သည် ကြယ်တာရာကောင်းကင်ပေါ်တွင် လွင့်မျောနေပြီး ပင့်ကူအိမ်ထဲမှ နယ်မြေလွတ်ကြားထဲမှာ တည်ရှိသည်။

အကယ်၍ တစ်စုံတစ်ယောက်က ဤနေရာမှ အရာအားလုံးကို ခြုံကြည့်မည်ဆိုလျှင် ထိုအနီရောင်ပင်လယ်သည် ပင့်ကူအိမ်ပေါ်မှ သွေးတစ်စက်သာဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။

ဤအခိုက်အတန့်မှာ သွေးနှင့်တူသော ပင်လယ်ပေါ်တွင် ပေတစ်သိန်းရှည်လျားသော ဧရာမကမာခွံများ ရှိကြသည်။ ၎င်းတို့၏ အရေအတွက်သည် ရာဂဏန်းရှိသည်။ ၎င်းတို့က တစ်ခုနှင့်တစ်ခု အလွန်ဝေးကွာကြပြီး အမြဲတမ်း မှိတ်ချည်ဖွင့်ချည် ပြုလုပ်နေကြသည်။

၎င်းတို့ဖွင့်သွားသည့်အခါတိုင်း ဧရာမလင်းယုန်ခန္ဓာကိုယ်သည် ကမာခွံထဲမှ တိုးထွက်လာလိမ့်မည်။

ထိုကမာခွံများထဲမှ လင်းယုန်များသည် နီညိုရောင်အမွှေးရှိပြီး ၎င်းတို့၏ မျက်လုံးက အမြဲမှိတ်နေလေ့ ရှိသည်။ ဤသည်မှာ ၎င်းတို့က အိပ်ပျော်နေဟန် ရ၏။ ၎င်းတို့က ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေလေရာ ၎င်းတို့ကို ကြည့်မိသော မည်သူမဆို ဝိညာဉ်ထဲ၌ စိတ်မသက်မသာ ခံစားရလိမ့်မည်။

၎င်းတို့က ပျိုးထောင်ခံထားရသော နတ်ဘုရားများနှင့် တူညီသည်။

ထိုအရာကို ကြည့်နေရင်း နတ်ဘုရားနယ်မြေအပေါ် ရွှီချင်း၏ နားလည်မှုသည် တိုးမြှင့်သွားသည်။

ဤရက်များတွင် သူနှင့် ခေါင်းဆောင်သည် နတ်ဘုရားနယ်မြေထဲမှာ လှည့်ပတ်သွားလာခဲ့သည်။ လမ်းခရီးတစ်လျှောက်တွင် သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော ကိစ္စအများအပြားကို ရွှီချင်း မြင်တွေ့ခဲ့သည်။ ဤနေရာမှာ ဖြစ်ပျက်နေသော သဘာဝလွန်ဖြစ်ရပ်အများစုကို သာမန်အမြင်ဖြင့် မဆုံးဖြတ်နိုင်ပေ။

လေထဲမှာ ကူးခတ်နေသော နှုတ်ခမ်းမွှေးငါးများသော်လည်းကောင်း၊ တုန်ခါနေသော အပျက်အစီးကြယ်ဂြိုလ်များထဲမှ အမြစ်ဖြတ်သုတ်သင်ခြင်းမျက်လုံးသော်လည်းကောင်း သို့မဟုတ် မန္တန်များကို လျစ်လျူရှုထားနိုင်သော ပင့်ကူများသော်လည်းကောင်း ယင်းတို့အားလုံးက ထူးဆန်းသော အရာများ ဖြစ်ကြသည်။

“ မင်းမြင်လား ချင်းလေး… အဲ့ဒီကမာခွံတွေက ပစ္စည်းကောင်းတွေ ”

ရွှီချင်း၏ ဘေးမှာ ရပ်နေသော ခေါင်းဆောင်သည် ကမာခွံများကို စိုက်ကြည့်လိုက်သည်။ သူက စိတ်လှုပ်ရှားစွာ စကားပြောလိုက်သည့်အခါ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။

“ သေချာအနီးကပ်ကြည့်ကြည့်… အဲ့ဒီကမာခွံတွေထဲမှာ အသားလုံးတွေရှိတယ်… ငါမင်းကို ပြောပြမယ်… နတ်ဘုရားပုလဲတွေက အဲ့ဒီအသားလုံးတွေထဲမှာ ကြီးထွားတယ် ”

“ အဲ့ဒီပုလဲက တခြားလူတွေအတွက် ဘာမှအသုံးမဝင်ဘူး… ဒါပေမဲ့ ငါတို့အတွက်တော့ အဲ့ဒါက အနာဂတ်မှာ လုပ်ဆောင်မယ့် ကိစ္စကြီးအတွက် အရေးပါတဲ့ ပစ္စည်းတစ်မျိုးပဲ ”

“ ပြီးတော့ မင်းသိတယ်မလား ငါက ကြင်နာတတ်တဲ့လူလေ… သူတို့တွေ အခုလို ခံစားနေရတာကို ငါမကြည့်ရက်ဘူး… အဲ့ဒီကမာခွံတွေ ပြန်ပိတ်သွားတဲ့အခါတိုင်း သူတို့က နာကျင်ခံစားရလိမ့်မယ်… သူတို့က ပုလဲလုံးတွေကြောင့် နေရခက်နေတာ သေချာတယ် ”

ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်သည်။ သူက ပုလဲလုံးများကို စိုက်ကြည့်နေပြီး ရွှီချင်းကို ပြောသည်။

“ ဟူး… ငါတို့တွေ စိတ်ကောင်းထားပြီး သူတို့ကို ကူညီပေးရအောင်… အဲ့ဒီပုလဲတွေကို ထုတ်ပြီး သူတို့ကို သက်တောင့်သက်သာနေနိုင်အောင် ကူညီပေးကြမယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက အနီရောင်ပင်လယ်နှင့် ကမာခွံများကို ကြည့်လိုက်သည်။ ၎င်းတို့ထံမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ရာ စိတ်ဆန္ဒကို ရှင်းလင်းစွာ သူအာရုံခံမိသည်။ ထို့ပြင် သေခြင်းရှင်ခြင်းကပ်ဘေးသည် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

ထိုသွေးပင်လယ်ထဲမှာ ကြီးမားသော အန္တရာယ်များက ပုန်းအောင်းနေကြောင်း သူသေချာသည်။

ခေါင်းဆောင်၏ စကားကိုတော့ သူက တိုက်ရိုက် လျစ်လျူရှုထားသည်။ သူက ခေါင်းဆောင်၏ အစီအစဉ်မှာ လုံးဝမပါဝင်ရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ရွှီချင်းသည် အနောက်လှည့်လိုက်ပြီး အဝေးသို့ ထွက်သွားရန် ပြင်လိုက်သည်။

ရွှီချင်းထွက်သွားတော့မည်ကို ခေါင်းဆောင်မြင်သောအခါ သူက စိုးရိမ်ကြောင့်ကြလာပြီး အမြန်ပြောသည်။

“ ဂျူနီယာညီလေး မသွားပါနဲ့… ငါ့မှာ ပုလဲတွေကို ဘေးကင်းကင်းနဲ့ ရယူနိုင်မယ့် နည်းလမ်းတစ်ခုရှိပါတယ်… ဒီမှာကြည့် ငါကြိုပြင်ဆင်ထားပါတယ် ”

ခေါင်းဆောင်သည် စကားပြောပြီးနောက် ကြိုးတစ်ချောင်းကို မြန်ဆန်စွာ ထုတ်လိုက်သည်။

“ ငါက ကြိုးတစ်ဖက်ရဲ့ အဆုံးမှာ ကိုယ့်ကိုယ်ကို ချည်နှောင်လိုက်မယ်… မင်းက တခြားတစ်ဖက်ရဲ့ ကြိုးအဆုံးကို ဆုပ်ကိုင်ထားမယ်… ပြီးသွားရင် ပွင့်နေတဲ့ ကမာခွံတစ်ခုကို ရှာပြီး မင်းက ငါ့ကို အထဲပစ်လွှတ်လိုက်ပါ… အထဲက ပုလဲကို ငါတူးပြီးသွားရင် မင်းကို အချက်ပြလိုက်မယ်… အဲ့ဒီအခါကျရင် မင်းက ငါ့ကို အပြင်ပြန်ဆွဲထုတ်လိုက်ပါ ”

“ ငါ့ရဲ့ အမြန်နှုန်းရယ် မင်းရဲ့ အကူအညီနဲ့ဆိုရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး ”

ရွှီချင်းသည် တုံ့ဆိုင်းသွားပြီး ကြိုးကို ကြည့်လိုက်သည်။ ယင်းက အနည်းငယ် ရင်းနှီးပုံပေါ်သည်။

ယင်းက အရေပြားဖြင့် ပြုလုပ်ထားသော ကြိုးဖြစ်သည်။ အနီးကပ်ကြည့်မည်ဆိုလျှင် ယင်းပေါ်မှာ အစီအရင်မှော်သင်္ကေတများရှိကြောင်း မြင်နိုင်လိမ့်မည်။ ရွှီချင်းသည် စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ယင်းကို သူမှတ်မိသည်။

“ အဲ့ဒါကို မင်းမှတ်မိတယ်မလား… ဟား ဟား ဂျူနီယာညီလေး… မင်းငါ့ရဲ့ ကြိုးစားအားထုတ်မှုကို မြင်ပြီမဟုတ်လား… ငါ့ကို ကူညီပေးစမ်းပါ ”

ခေါင်းဆောင်သည် ပြုံးလိုက်သည်။

ယင်းက ခေါင်းဆောင်၏ အရေပြားမှလွဲ၍ တခြားမဟုတ်ပေ။

အတိတ်တုန်းက လပူဇော်ဒေသကြီးမှာကဲ့သို့ ခေါင်းဆောင်သည် သူ၏ အရေပြားကို ဆွဲခွာပြီး ကြိုးအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ထိုသို့ကြိုးစားအားထုတ်မှုက ရွှီချင်းအား ငြင်းပယ်ရ ခက်ခဲစေသည်။ ထို့ကြောင့် သူက ခေါင်းဆောင်ကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ရွှီချင်း၏ သဘောတူညီမှုကို မြင်သောအခါ ခေါင်းဆောင်သည် စိတ်လှုပ်ရှားလာပြီး ရွှီချင်းနှင့် အသေးစိတ် ဆွေးနွေးလိုက်သည်။ ရွှီချင်းသည် ခေါင်းဆောင်၏ အစီအစဉ်ကို သေချာတွေးတောလိုက်ပြီး ချိန်ညှိမှုတချို့ကို ပြုလုပ်လိုက်သည်။ ထို့နောက် သူက အံတင်းတင်းကြိတ်လိုက်ပြီး ကြိုးဖြင့် ခေါင်းဆောင်ကို ချည်နှောင်ကာ အပေါ်သို့ ပျံသန်းသွားသည်။

သူက အနီရောင်ပင်လယ်၏ အပေါ်မှာ ထွက်ပေါ်လာသည်။

မကြာမီ သူက ပွင့်နေသော ကမာခွံတစ်ခုကို ရှာတွေ့သွားသည်။ ကမာခွံထဲမှ ဧရာမလင်းယုန်က အပြင်သို့ ထွက်လာတော့မည့်အချိန် ခေါင်းဆောင်သည် အထူးလက်အိတ်တစ်စုံကို ဝတ်ဆင်လိုက်ပြီး အော်ပြောလိုက်သည်။

“ အဲ့ဒီကောင်ပဲ ချင်းလေး… ငါ့ကို ပစ်လိုက် ”

ရွှီချင်းသည် တုံ့ဆိုင်းမနေပေ။ သူက လက်ထဲမှ ကြိုးကို အားကုန်သုံး၍ လွှဲယမ်းလိုက်သည်။

ချက်ချင်းဆိုသလို ကြိုးအဆုံးမှ ခေါင်းဆောင်သည် အရှိန်အဟုန်ပြင်းပြင်းဖြင့် လွင့်စင်သွားသည်။ သူ၏ တစ်ကိုယ်လုံးက အပြာရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားကာ ပွင့်နေသော ကမာခွံထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။

ခေါင်းဆောင်၏ ဤတစ်ကြိမ် ပြင်ဆင်မှုများက အမှန်တကယ် အသုံးဝင်ခဲ့ခြင်း သို့မဟုတ် စကားလုံးမဲ့ ကျောက်တုံးကျမ်းစာ၏ ဖုံးကွယ်မှုက အလွန်အံ့ဖွယ်ကောင်းခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ကမာခွံနှင့် နှိုင်းယှဉ်လျှင် ခြင်တစ်ကောင်၏ အရွယ်အစားသာရှိသော ခေါင်းဆောင်သည် ဧရာမလင်းယုန်၏ စိတ်အာရုံကို မဆွဲဆောင်ခဲ့ပေ။

သူက ကမာခွံထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားသည်။ သူက အထဲမှ အသားလုံးထဲသို့ ကျဆင်းသွားသည့်အခါ ခေါင်းဆောင်၏ မျက်လုံးသည် အပြာရောင်တောက်ပသွားသည်။ သူက လုံးဝတုံ့ဆိုင်းမနေဘဲ လက်အိတ်ဝတ်ထားသော လက်ဖြင့် အသွေးအသားကို ဖယ်ရှားပစ်လိုက်သည်။

ထိုလက်အိတ်များသည် အလွန်ထူးဆန်းသည်။ ယင်းက ကမာခွံထဲမှ အသွေးအသားကို ထိတွေ့သွားသည့်အခါ အသွေးအသားသည် လူးလွန့်သွားပြီး အပြင်သို့ သူ့ဘာသာ ပျံ့နှံ့သွားသည်။ ထိုအခါ အထဲမှ ပုလဲက ထင်ရှားစွာ ထွက်ပေါ်လာသည်။ ပုလဲသည် အလွန်ကြီးမားလေရာ သူ့ခန္ဓာကိုယ်၏ အရွယ်အစားခန့် ရှိသည်။

ခေါင်းဆောင်သည် စိတ်လှုပ်ရှားသွားသည်။ သူက ပုလဲကို ပွေ့ဖက်လိုက်ပြီး အမြန်အနောက်ဆုတ်သွားသည်။

တစ်ချိန်တည်းမှာ ရွှီချင်းသည် အားကုန်သုံး၍ လက်ထဲမှ ကြိုးကို ဆောင့်ဆွဲလိုက်သည်။ သူ၏ အကူအညီကြောင့် ခေါင်းဆောင်သည် ကမာခွံထဲမှ မြန်ဆန်စွာ ပြန်ထွက်နိုင်သွားသည်။

ခေါင်းဆောင်သည် ရွှီချင်း၏ ဘေးသို့ ရောက်ရှိသွားသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ ဘယ်လိုလဲ ချင်းလေး… ဘာမှမဖြစ်ဘူးလို့ ငါပြောခဲ့တယ်မလား ”

ရွှီချင်းသည် အနည်းငယ် သံသယဖြစ်သွားသည်။ လက်ရှိအခြေအနေအရ ခေါင်းဆောင်ပြောခဲ့သည့်အတိုင်း မည်သည့်ပြဿနာမှ မဖြစ်ပေါ်လာခဲ့ပေ။ သို့သော်လည်း သူ၏ မွေးရာပါအကျင့်ကြောင့် ရွှီချင်းက သတိကြီးစွာထားနေဆဲပင်။

ခေါင်းဆောင်သည် ခေါင်းခါလိုက်ပြီး စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။

“ ငါ့ကို ယုံကြည်စမ်းပါ ဂျူနီယာညီလေး… လာ အဲ့တစ်ကောင်ကို ပစ်မှတ်ထားမယ် ”

ခေါင်းဆောင်သည် စကားပြောပြီးနောက် မနီးမဝေးမှ ပွင့်ခါနီးနေသည့် ကမာခွံတစ်ခုကို လက်ညှိုးညွှန်ပြလိုက်သည်။

ထိုသို့ဖြင့် ရွှီချင်း၏ ကူညီပေးမှုအောက်မှာ အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် ခေါင်းဆောင်ထုတ်ယူခဲ့သော ပုလဲအရေအတွက်သည် ဆယ်လုံးကျော်သွားသည်။

အကြိမ်တိုင်း သူက အောင်မြင်ခဲ့ပြီး တစ်ကြိမ်မှ မကျရှုံးခဲ့ပေ။ ခေါင်းဆောင်က ကမာခွံတစ်ခုထဲမှ ပုလဲနှစ်လုံးကို တစ်ပြိုင်နက် ထုတ်ယူနိုင်ခဲ့ပြီး ဘေးကင်းစွာ ပြန်ရောက်လာခဲ့သော တစ်ကြိမ်ပင် ရှိခဲ့သည်။

“ ဟူး… ငါနည်းနည်းမောနေပြီ… ချင်းလေး တစ်ခေါက်လောက် မင်းကြိုးစားကြည့်ပါလား ”

ရွှီချင်းက ငြင်းဆန်လိုက်သည်။

ခေါင်းဆောင်သည် မျက်ခုံးပင့်တင်လိုက်သည်။

“ ချင်းလေး… မင်းက ပိုပိုပြီး သူရဲဘောကြောင်လာတာပဲ… ထားလိုက်ပါတော့ ငါ့ဘာသာပဲ လုပ်တော့မယ်… ငါတို့တွေ အနည်းဆုံး ပုလဲတစ်ရာလောက် လိုလိမ့်မယ် ”

ခေါင်းဆောင်သည် မေးမော့လိုက်ပြီး ရွှီချင်းကို အထင်သေးစွာ ကြည့်လိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ပစ်လွှတ်ရန် အချက်ပြလိုက်သည်။

ရွှီချင်းသည် ခေါင်းဆောင်၏ စကားကို ဂရုမစိုက်ပေ။ ဤတစ်ကြိမ်တွင် ခေါင်းဆောင်နှင့် ကြီးကြီးမားမား မပူးပေါင်းရန် သူဆုံးဖြတ်ထားသည်။ ထို့ကြောင့် ယခင်ကဲ့သို့ပင် သူက ခေါင်းဆောင်ကို ပစ်လွှတ်လိုက်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာသည်။ မတော်တဆမှုသည် မဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ နောက်ကျမှ ရောက်လာခြင်းသာ ဖြစ်သည်။

ခေါင်းဆောင်၏ ပုံရိပ်က ကမာခွံထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း သူက ပုလဲကို မတူးဖော်နိုင်ခင်မှာ အစက သူ့ကို လျစ်လျူရှုထားသော ဧရာမလင်းယုန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ကြိုးကို ၎င်း၏ ထက်ရှသော နုတ်သီးဖြင့် ထိုးဆိတ်လိုက်သည်။

အက်ကွဲသံနှင့်အတူ ကြိုးက ပျက်စီးသွားသည်။

ခေါင်းဆောင်သည် ထိတ်လန့်သွားပြီး အမူအရာပျက်ယွင်းသွားသည်။ သူက အနောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အလွန်နောက်ကျသွားချေ၏။ ကမာခွံသည် ချက်ချင်း ပြန်ပိတ်သွားသည်။

ပင်လယ်သည် ငြိမ်သက်နေပြီး ဘေးပတ်ဝန်းကျင်တွင် မည်သည့်လှိုင်းလုံးမှ မရှိပေ။ ရွှီချင်းတစ်ယောက်တည်းသာ လေထဲမှာ ရပ်နေပြီး အရာအားလုံးကို ကြည့်နေသည်။ ထို့နောက် သူက သက်ပြင်းရှည်ကြီး ချလိုက်သည်။ မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း သူသိသည်။

သို့ဖြစ်၍ သူ၏ အကြည့်က ပိတ်နေသော ကမာခွံပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် စောစောတုန်းက ခေါင်းဆောင်ဝင်ရောက်ခဲ့သော ကမာခွံများကို သူကြည့်လိုက်သည်။ မည်သည့်ကမာခွံမှ ထပ်မံ မပွင့်တော့ချေ။

ထိုကမာခွံများ ပွင့်သည့်အချိန်တွင် အချိန်ကွာဟမှုတစ်ခုရှိကြောင်း ထင်ရှားပေသည်။

“ ငါထပ်မစောင့်နိုင်တော့ဘူး ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်ကို ထုတ်ဖော်လိုက်သည်။ ဝိညာဉ်ချည်မျှင်များက သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည့်အခါ ကျူးလီ၏ ဦးခေါင်းကိုးလုံးက သူ၏ ဘေးပတ်ပတ်လည်မှာ လှည့်ပတ်သွားကြသည်။ မတော်တဆမှုများကို ကြိုတင်ကာကွယ်ရန်အတွက် သူက ပဉ္စမမြောက်ဂမ္ဘီရမှော်ဝင်ရတနာသိုက်ကိုလည်း အသက်သွင်းလိုက်သည်။ ထိုအခါ တစ်ဝက်ထိ ဒြပ်ထည်ဖွဲ့စည်းထားသော ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်သည် အနီရောင်ပင်လယ်ပေါ်သို့ တိုက်ရိုက် ဆင်းသက်လာသည်။

၎င်းထွက်ပေါ်လာသည့်အခိုက် အနီရောင်ပင်လယ်သည် တုန်ယင်သွားပြီး ကမာခွံအားလုံး လှုပ်ခါသွားကြသည်။ နတ်ဘုရားအစွမ်းသည် အရပ်မျက်နှာအဘက်ဘက်မှ ပေါ်လျှိုးလာပြီး ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်ကို ချက်ချင်း လွှမ်းခြုံသွားသည်။ ပြင်းထန်သော အန္တရာယ်ကပ်ဘေးသည် ချက်ချင်း ပေါ်ထွက်လာသည်။

ရွှီချင်းသည် နှလုံးတုန်သွားသည်။ ဤအခိုက်အတန့်မှာ သူက အများကြီး မစဉ်းစားနေတော့ပေ။ သူက ခွန်အားအကုန်ကို အသုံးပြု၍ ခေါင်းဆောင်ကို ဝါးမျိုသွားခဲ့သော ကမာခွံကို ဆွဲဖြဲလိုက်သည်။

ထိုကမာခွံသည် တုန်ယင်သွားသည်။ ရွှီချင်း၏ ကြိုးစားမှုအောက်မှာ အဟရာတစ်ခုက နောက်ဆုံးမှာ ထွက်ပေါ်လာသည်။

ထိုအဟရာသည် လူတစ်ယောက် ဝင်ထွက်နိုင်ရန် လုံလောက်သည်။

“ စီနီယာအကိုကြီး… ”

ရွှီချင်းက အော်ပြောလိုက်သည်။ ထိုအခါ ပုံရိပ်တစ်ခုသည် အဟရာထဲမှ ပြေးထွက်လာသည်။

ရွှီချင်းသည် အချိန်ကြာကြာ ဆက်ပြီး မတောင့်ထားနိုင်ပေ။ ထို့ကြောင့် သူက အမြန်အနောက်ဆုတ်သွားသည်။

ကမာခွံသည် ကျယ်လောင်သော မြည်သံနှင့်အတူ ပြန်ပိတ်သွားသည်။ ရွှီချင်းသည် သူ၏ အရှိန်အဝါအားလုံးကို မြန်ဆန်စွာ ပြန်ရုပ်သိမ်းလိုက်သည်။ သို့မှသာ အရပ်မျက်နှာအဘက်ဘက်ထံမှ သူ့အား လွှမ်းခြုံထားသော နတ်ဘုရားအစွမ်းသည် အနည်းငယ် လျော့ကျသွားသည်။

ခေါင်းဆောင်သည်တော့ အလွန်ဆိုးဝါးသော အခြေအနေမှာ ရှိသည်။

သူ၏ တစ်ကိုယ်လုံးသည် ချွဲပျစ်သော အရည်ဖြင့် ရွှဲစိုနေသည်။ ထိုအရည်က သူ၏ အရေပြားကို တိုက်စားနေလေရာ အရိုးများပင် မြင်နိုင်သည်။ သူ၏ မျက်နှာသည်လည်း ထို့အတူပင်။ အကယ်၍ ရွှီချင်းသာ ကမာခွံကို အနည်းငယ် နောက်ကျပြီးမှ ဖွင့်လိုက်မည်ဆိုလျှင် ခေါင်းဆောင်သည် အရည်ပျော်သွားပြီး စုပ်ယူခံရလိမ့်မည်။

ထို့ပြင် ပုလဲနှင့်တူသော အခွံတစ်ခုသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ရှိသည်။

ရွှီချင်း၏ အကြည့်သည် ခေါင်းဆောင်ပေါ်သို့ ကျရောက်သွားသည်။ သို့သော်လည်း သူက စကားမပြောပေ။

“ ဂျူနီယာညီလေး… ဒီဟာက မတော်တဆမှုမဟုတ်ဘူး… အဲ့ဒါက ပုံမှန်ပဲ ”

ခေါင်းဆောင်သည် ကိုးရိုးကားရား ပြုံးလိုက်ပြီး သူ၏ ကျရှုံးမှုကို ဘယ်တော့မှ ဝန်ခံလိမ့်မည် မဟုတ်ချေ။

“ ငါတမင်လုပ်ခဲ့တာ… ဒီမှာ ကြည့်ပါလား… အဲ့ဒါက နတ်ဘုရားပုလဲရဲ့ တစ်စိတ်တစ်ပိုင်းပဲ… အဲ့ဒါကို ငါတူးယူခဲ့တယ်… အဲ့ဒါက အသုံးဝင်တယ် ”

“ အင်း ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ စီနီယာအကိုကြီး၏ ဆိုးဝါးသော ပုံစံကို မြင်လိုက်ရသောအခါ သူက မထုတ်ဖော်ချင်တော့ပေ။

သို့သော်လည်း သူ၏ အကြည့်က ခေါင်းဆောင်အား စီနီယာအကိုကြီးဟူသော သူ၏ ဂုဏ်အဆင့်အတန်းကို ထိခိုက်သွားစေခဲ့ပုံပေါ်သည်။ ထို့ကြောင့် ခေါင်းဆောင်သည် သူ၏ ဒေါသကို ကမာခွံပေါ်သို့ ပုံချလိုက်သည်။ သူက အနောက်လှည့်လိုက်ပြီး သူ့ကို ဝါးမျိုခဲ့သော ကမာခွံကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဂျူနီယာညီလေး… မင်းရဲ့ အာရုဏ်ဦးနေမင်း ငါ့ကို ခဏငှားစမ်းပါ ”

ရွှီချင်းသည် ထိတ်လန့်သွားသည်။ သူက ငြင်းဆန်တော့မည့်အချိန် ခေါင်းဆောင်က မျက်စပစ်ပြလိုက်ပြီး မြန်ဆန်စွာ ပြောသည်။

“ ဘာမှမစိုးရိမ်ပါနဲ့… ဒီနေရာကို ငါမဖောက်ခွဲပစ်ပါဘူး… အာရုဏ်ဦးနေမင်းထဲမှာ ငါ့ရဲ့ ရတနာတစ်ခုရှိတယ်… အဲ့ဒါကို ငါထုတ်ယူမလို့ပါ ”

ရွှီချင်းသည် သက်ပြင်းချလိုက်သည်။ သူက ယင်းကို မယုံကြည်ချင်သော်လည်း စီနီယာအကိုကြီးက ထိုသို့ပြောလာမှတော့ အာရုဏ်ဦးနေမင်းကို ထုတ်ပေးရုံမှတပါး သူ့မှာ တခြားရွေးချယ်စရာမရှိပေ။ သို့သော်လည်း သူက အာရုဏ်ဦးနေမင်းကို ပေးပြီးသည်နှင့် ပေတစ်သောင်းအကွာအဝေးသို့ ချက်ချင်း ဆုတ်ခွာသွားသည်။

သို့သော်လည်း ယင်းက မလုံခြုံသေးကြောင်း သူခံစားမိသောကြောင့် ခန္ဓာကိုယ်ကို ထပ်မံလှုပ်ရှားလိုက်ပြီး ပေသုံးသောင်းအကွာအဝေးသို့ အမြန်ဆုတ်ခွာသွားသည်။

ရွှီချင်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း ခေါင်းဆောင်သည် အနည်းငယ် စိတ်ပျက်သွားသည်။

“ ညီအကိုတွေကြားက ယုံကြည်မှုဆိုတာ ဘယ်မှာလဲ ”

ခေါင်းဆောင်သည် နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း အာရုဏ်ဦးနေမင်းကို ကောက်ယူလိုက်သည့်အခါ သူ၏ စိတ်ခံစားချက်အားလုံးက ရူးသွပ်မှုအဖြစ် ပြောင်းလဲသွားသည်။

ရွှီချင်းမျှော်လင့်ထားသကဲ့သို့ပင် ခေါင်းဆောင်သည် အာရုဏ်ဦးနေမင်းထဲမှ မည်သည့်ပစ္စည်းကိုမှ မထုတ်ယူခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူက အာရုဏ်ဦးနေမင်းထဲမှာ မည်သည့်ပစ္စည်းမှ မချန်ထားခဲ့သောကြောင့် ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူက ကမာခွံကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး ညာလက်ကို ဖျစ်ညှစ်လိုက်ကာ အာရုဏ်ဦးနေမင်းကို အသက်သွင်းလိုက်သည်။

အာရုဏ်ဦးနေမင်းထံမှ ပြင်းထန်သော အပူဓာတ်က ပေါ်လျှိုးလာသည့်အခါ ကြောက်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက အနီရောင်ပင်လယ်တစ်ခုလုံးကို တိုက်ရိုက် လွှမ်းခြုံသွားသည်။

ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်သည် ပုံပျက်တွန့်လိမ်နေသည့် လက္ခဏာများ ပြလာသည်။ အာရုဏ်ဦးနေမင်း၏ အပူဓာတ်သည် ဤနေရာမှ အရာအားလုံးကို ပွက်ပွက်ဆူသွားစေသည်။

“ ယီးပဲ… အမြဲတမ်း ငါကပဲ တခြားလူတွေကို ကိုက်ခဲ့တာ… ဒါ တစ်ယောက်ယောက်က ငါ့ကို ပထမဆုံးအကြိမ် ကိုက်ဖူးတာပဲ… ငါမင်းကို ပွက်ပွက်ဆူအောင် ပြုတ်ပြီး စားပစ်မယ် ”

ခေါင်းဆောင်၏ ရူးသွပ်သော အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

တစ်ချိန်တည်းမှာ အဝေးမှ ရွှီချင်းသည် မျက်နှာမည်းမှောင်သွားသည်။ သူက ပိုပြီးဝေးကွာသော နေရာဆီသို့ အမြန်ဆုတ်ခွာသွားသည်။

All Chapters