ဘိုးဘေးအင်ပါယာ၏ သင်္ချိုင်း
Vol. 84 Ch. 1292
ထုန်ရှီရှန်း၏ တုံ့ပြန်မှုသည် အတော်လေး မြန်ဆန်ပြီး ဆုံးဖြတ်ချက်ပြတ်သားသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားကို ကောင်းမွန်စွာ နားလည်ထားသည်။ သို့ဖြစ်၍ ထိုမျှနီးကပ်သော အကွာအဝေးမှာ သူက ရွှီချင်း၏ ပြိုင်ဘက်မဟုတ်ကြောင်း သိသည်။
မည်သို့ဖြစ်ပါစေ သူက ဂျိဒုန်းဇီ၏ သေဆုံးမှုကို ကိုယ်တိုင်မမြင်တွေ့ခဲ့ရသော်လည်း တခြားလူများထံမှ ကြားသိခဲ့ရသည်။
ထို့ကြောင့် ပြဿနာဖြစ်စေမည့် စိတ်သဘောထားကို အရင်ဦးစွာ ထုတ်ဖော်ခဲ့မိသော သူ့အနေဖြင့် သူ၏ ရပ်တည်မှုကို ဖော်ပြပြီး ကောင်းမွန်သော ရှင်းပြချက်ကို ချက်ချင်း မပေးဘူးဆိုလျှင် သူ့အတွက် အခြေအနေကောင်းလိမ့်မည်မဟုတ်ကြောင်း သိသည်။
ထို့ပြင် ရွှီချင်း၏ ဘေးမှ မျက်လုံးစွေစောင်းနေသော လူသည် ဉာဏ်များမည့်ပုံပေါ်ကြောင်း ထင်ရှားသည်။ မြင့်မြတ်မြို့တော်၏ အပြင်ဘက်မှာ ရွှီချင်းနှင့် သူပညာပြိုင်ခဲ့စဉ်က မျက်လုံးစွေစောင်းနေသော ထိုလူသည် ရွှီချင်း၏ ဘေးမှာ ရှိနေခဲ့ကြောင်း သူသေချာမှတ်မိသည်။
ရွှီချင်းနှင့် ဘေးချင်းယှဉ်ရပ်နိုင်သူသည် မည်သို့မှ အားနည်းလိမ့်မည်မဟုတ်ချေ။
ထိုအချက်အားလုံး၏ အနှစ်ချုပ်သည် အကယ်၍ သူသာ ထိုနှစ်ယောက်ဖြင့် တိုက်ခိုက်မည်ဆိုလျှင် သေချာပေါက် သေလိမ့်မည်။
ထို့ပြင် ထိုနှစ်ယောက်သည် ထိုမျှကြောက်စရာကောင်းသော ဧရာမဂျယ်လီငါးကို ရန်စနိုင်ခဲ့ကြသည်။ ယင်းက စွမ်းဆောင်ရည်တစ်မျိုး ဖြစ်သည်။
လူတိုင်းသည် ထိုသို့ကြောက်စရာကောင်းသော တည်ရှိမှုကို ရန်မစနိုင်ကြချေ။ လူတိုင်းသည် ထိုဂျယ်လီငါးကို ရန်စပြီးနောက် အသက်ရှင်လျက် မထွက်ပြေးနိုင်ကြချေ။
ထိုအချက်အားလုံးကို ပေါင်းစည်းလိုက်သောအခါ ထုန်ရှီရှန်းသည် သူ၏ ရပ်တည်မှုကို ဖော်ပြရန်အတွက် အိပ်ပျော်နေသော အဖိုးအိုကို လုံးဝတုံ့ဆိုင်းမနေဘဲ ပစ်လွှတ်လိုက်လေသည်။
ဤအခိုက်အတန့်မှာ ပစ်လွှတ်ခံလိုက်ရသော အဖိုးအိုသည် အိပ်ငိုက်နေခြင်းမှ လန့်နိုးသွားသည်။ သူက မျက်လုံးဖွင့်လိုက်သည့်အခိုက် ဧရာမအနီရောင်ဂျယ်လီငါးက သူ့ကို စိုက်ကြည့်နေကြောင်း မြင်သွားသည်။ အဖိုးအို၏ ဝိညာဉ်သည် တုန်ယင်သွားပြီး သူ၏ နှလုံးသည် အပြင်းအထန် ခုန်ပေါက်သွားသည်။
“ ခွေးကောင်… ”
အဖိုးအိုသည် ရူးသွပ်သွားသည်။ သို့သော်လည်း ယခုအချိန်မှာ သူက ဘာမှမတတ်နိုင်ပေ။ သူ့မှာ ကျိန်ဆဲရန်ပင် အချိန်မရပေ။ ထိုသို့အရေးကြီးအခိုက်အတန့်မှာ ဝိညာဉ်စုစည်းခြင်းအဆင့် စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။ သူက လက်မြှောက်လိုက်ပြီး ချဉ်းကပ်လာနေသော ဧရာမဂျယ်လီငါးပေါ်သို့ ဖိချလိုက်သည်။
လောကသည် ဝုန်းခနဲ မြည်သွားပြီး ဘေးပတ်ဝန်းကျင်သည် တုန်လှုပ်သွားသည်။
ဧရာမဂျယ်လီငါး၏ ခန္ဓာကိုယ်သည် တစ်ခဏ ရပ်တန့်သွားသည်။ သို့သော်လည်း လေနှင့် တိမ်တိုက်များက တလိပ်လိပ် ပေါ်လျှိုးလာသည့်အခါ ၎င်းသည် အရာအားလုံးကို ချိုးဖြတ်သွားပြီး အရှေ့သို့ ထပ်မံ ပြေးသွားသည်။
“ ဒီကောင်က အဆင့်နိမ့်နတ်ဘုရားနဲ့ နှိုင်းယှဉ်နိုင်တဲ့ တည်ရှိမှုကြီးပဲ ”
အဖိုးအိုသည် နှလုံးတုန်သွားသည်။ သူက ကိုယ့်ကိုယ်ကို အားပေးလိုက်ပြီး ဆက်လက် တိုက်ခိုက်သည်။
ခေါင်းဆောင်နှင့် ရွှီချင်းသည် ထုန်ရှီရှန်း၏ ရုတ်တရက် အကူအညီပေးမှုကို မြင်သွားသောအခါ ထူးဆန်းသွားကြသည်။ အထူးသဖြင့် အဖိုးအိုက ကြိုးစားပမ်းစား တိုက်ခိုက်နေသည်ကို မြင်လိုက်ရသောအခါ ဖြစ်သည်။
တစ်ဖက်လူက ထိုမျှအခြေအနေထိ ကျရောက်နေလေရာ သူတို့က လှုပ်ရှားမှုပြုလုပ်ပြီး သူ့ကို ထိခိုက်နာကျင်အောင်လုပ်ရန် မသင့်တော်ပေ။ ထို့ကြောင့် ရွှီချင်းက ထုန်ရှီရှန်းကို ခေါင်းညိတ်ပြလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ”
ထိုသို့ပြောပြီးနောက် ရွှီချင်းသည် ထုန်ရှီရှန်းကို ဖြတ်ကျော်သွားသည်။
ထုန်ရှီရှန်းသည်လည်း အနောက်ဆုတ်သွားသည်။ သို့သော်လည်း သူက ရွှီချင်းကဲ့သို့ မမြန်ဆန်ပေ။ ရွှီချင်းက သူ့ကို ဖြတ်ကျော်သွားသည့်အခါ သူက အားတင်းပြီး ပြုံးပြလိုက်သည်။
“ ငါတို့က ညီအကိုတွေမလား… ယဉ်ကျေးနေဖို့ မလိုပါဘူး ”
ယင်းကို ခေါင်းဆောင်ကြားသောအခါ သူက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူက ထုန်ရှီရှန်းကို ခေါင်းညိတ်ပြလိုက်ပြီး ရွှီချင်းနှင့် မြန်ဆန်စွာ ထွက်သွားသည်။
မကြာမီ သူတို့နှစ်ယောက်က မိုးကုပ်စက်ဝိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ထုန်ရှီရှန်းသည် အစွမ်းကုန်သုံး၍ ထွက်ပြေးသော်လည်း အနည်းငယ် နောက်ကျနေသည်။ သို့သော်လည်း အဖိုးအိုသည် နာကျင်စွာ အော်ဟစ်နေသော်လည်း သူ့ကိုယ်ပိုင် နည်းလမ်းများကို အသုံးပြု၍ ထုန်ရှီရှန်းအတွက် အချိန်ဆွဲပေးနိုင်ခဲ့သည်။
သို့ဖြစ်၍ ထုန်ရှီရှန်းသည် ဧရာမဂျယ်လီငါးနှင့် ဝေးရာသို့ ထွက်ပြေးသွားနိုင်ခဲ့သည်။
ဘေးကင်းလုံခြုံသော နေရာသို့ ရောက်သည့်အခါ ထုန်ရှီရှန်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သို့သော်လည်း အဖိုးအို၏ ဆိုးဝါးသော အခြေအနေကို သူစဉ်းစားမိသွားသောအခါ ခါးသီးမှုကို ခံစားမိသွားသည်။
“ ဘာလို့ အဲ့လိုဖြစ်ရတာလဲ… ”
တခြားဦးတည်ရာဘက်တွင် ရွှီချင်းနှင့် ခေါင်းဆောင်သည် ဂျယ်လီငါး၏ လိုက်ဖမ်းမှုကို နောက်ဆုံးမှာတော့ မျက်ခြေဖြတ်နိုင်သွားသည်။ သို့သော်လည်း သူတို့က လုံးဝအရှိန်မလျော့ခဲ့ပေ။ နာရီအနည်းငယ်ကြာပြီးနောက် ခေါင်းဆောင်သည် သူတို့နှင့် ဂျယ်လီငါးကြားမှ ကမ္မချည်နှောင်မှုကို ဖြတ်ပစ်လိုက်သည်။
ကမ္မချည်နှောင်မှုက ပျက်စီးသွားသော်လည်း သူတို့နှစ်ယောက်က စိုးရိမ်နေဆဲပင်။ ထို့ကြောင့် ခေါင်းဆောင်၏ ဦးဆောင်မှုအောက်မှာ သူတို့က ရက်အနည်းငယ်ကြာ ခရီးဆက်ခဲ့ကြသည်။ သူတို့၏ နှလုံးခုန်မှုက ပြန်ငြိမ်သက်သွားသည့်အခါမှသာ ဂျယ်လီငါး၏ အန္တရာယ်ကို လုံးဝ ဖယ်ရှားနိုင်သွားသည်။
ဤအခိုက်အတန့်မှာ ပေတစ်ရာကျယ်ဝန်းသော လင်ဇီးပင်ပေါ်တွင် ခေါင်းဆောင်သည် ဆောင့်ကြောင့်ထိုင်နေပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ယခင်မြင်ကွင်းများကို ပြန်အမှတ်ရသွားသောအခါ သူက စိတ်ခံစားချက်ဖြင့် သက်ပြင်းမချဘဲ မနေနိုင်ပေ။
“ ကြည့်ပါလား… အဲ့ဒီငတုံးကောင် ထုန်ရှီရှန်းက လူကောင်းပါလို့ အရင်က ငါမပြောခဲ့ဘူးလား ”
ခေါင်းဆောင်သည် စကားပြောနေရင်း လင်ဇီးအပိုင်းတစ်ခုကို တူးယူလိုက်ပြီး စားလိုက်သည်။
“ ဒီဟာကို စား… နတ်ဘုရားနယ်မြေထဲမှာ ဒီလင်ဇီးတစ်ခုတည်းပဲ အန္တရာယ်ကင်းတယ် ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အဝေးမှ မိုးကုပ်စက်ဝိုင်းကို ကြည့်လိုက်သည်။ ဂျယ်လီငါးနှင့် သူ့ကြားမှာ ကမ္မချည်နှောင်မှုမရှိတော့ကြောင်း လုံးဝသေချာသွားမှသာ သူက စိတ်သက်သာရာရသွားသည်။
ထို့နောက် သူက ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် ကိုးရိုးကားရား ပြုံးလိုက်သည်။
“ မတော်တဆ… ဒီဟာက တကယ် မတော်တဆပါ ”
သူက စကားပြောပြီးနောက် အစောနက တူးယူထားသော လင်ဇီးအပိုင်းတစ်ခုကို ရွှီချင်းကို ကမ်းပေးလိုက်သည်။
ရွှီချင်းသည် ခေါင်းဆောင်၏ ရူးသွပ်မှုကို ကျင့်သားရနေပြီဖြစ်သော်လည်း ဤတစ်ကြိမ်တွင် အနည်းငယ် ရင်တုန်သွားခဲ့သည်။ သူက လင်ဇီးအပိုင်းကို တိတ်တဆိတ် လှမ်းယူလိုက်ပြီး အမြန်ဝါးစားလိုက်သည်။
အခြေအနေက ထိုမျှဆိုးဝါးနေမှတော့ နောက်ထပ် ပြဿနာများကို သူမကြောက်တော့ပေ။
လင်ဇီးသည် အနက်ရောင်ဖြစ်သော်လည်း ၎င်း၏ အရသာသည် အလွန်ချိုသည်။ ထို့ပြင် ၎င်းမှာ ဝိညာဉ်ကို အားဖြည့်ပေးနိုင်သော အကျိုးသက်ရောက်မှုလည်း ရှိသေးသည်။ ထို့ကြောင့် လင်ဇီးကို စားပြီးနောက် ရွှီချင်း၏ ဝိညာဉ်သည် လန်းဆန်းသွားသည်။
“ ဘယ်လိုလဲ ချင်းလေး… ငါမင်းကို မလိမ်ဘူးမလား… ဒီအပင်က အရမ်းချိုတာ… ငါမင်းကို ပြောပြမယ်… အရင်တုန်းက ဒီနေရာမှာ လင်ဇီးပင်တွေ အများကြီးပဲ ရှိတယ်… နောက်ပိုင်းမှာ လင်ဇီးရဲ့ အာနိသင်ကို ငါရှာတွေ့သွားတော့… ”
“ ဒါကြောင့်မို့လို့ အခု လင်ဇီးပင်တွေ နည်းသွားတာပေါ့ ”
ရွှီချင်းက သာမန်ကာလျှံကာ ပြောသည်။
ခေါင်းဆောင်သည် တဟားဟား ရယ်လိုက်သည်။ သူက စိတ်ဆိုးနေသော ရွှီချင်းကို ချော့ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ ရွှီချင်း၏ လေသံကိုတော့ သူက စိတ်ထဲမထားပေ။ သူက အရှေ့သို့ လျှောက်သွားပြီး ရွှီချင်း၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။
“ ချင်းလေး… မင်းပဲ ငါ့ကို ကောင်းကောင်း နားလည်တယ်… ဟုတ်တယ်… ဒီနေရာက လင်ဇီးပင်(၈၀)ရာခိုင်နှုန်းလောက်ကို ငါစားခဲ့တယ်… လင်ဇီးက ပစ္စည်းကောင်းဆိုပေမဲ့ ပြန်မပေါက်နိုင်ဘူး… အဲ့ဒါကြောင့် အခုလို နည်းပါးသွားတာပဲ ”
“ လာ နည်းနည်းထပ်စားလိုက်ဦး… ငါတို့ဗိုက်ပြည့်သွားရင် မင်းကို ရတနာကြီးမြင်ရအောင် ငါခေါ်သွားပေးမယ် ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် နောက်ထပ် အပိုင်းတစ်ခုကို တူးယူလိုက်သည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် လင်ဇီးပင်ကို တစ်ကိုက်ပြီးတစ်ကိုက် ဝါးစားလိုက်ကြသည်။ နှစ်နာရီကြာပြီးနောက် ပေတစ်ရာကျယ်ဝန်းသော လင်ဇီးပင်သည် မည်သည့်အစအနမှ မကျန်ဘဲ ပျောက်ကွယ်သွားသည်။
၎င်းက အစားခံလိုက်ရခြင်း ဖြစ်သည်။ ခေါင်းဆောင်သည် အနည်းငယ်သာ စားပြီး ရွှီချင်းသည် အများဆုံး စားခဲ့သည်။ သူ၏ ဒေါသသည် အတော်လေး လျော့ကျသွားသည်။
လင်ဇီးပင်ကို အများအပြားစားပြီးနောက် ရွှီချင်းသည် တိုက်ရိုက် အကျိုးအမြတ်ရရှိခဲ့သည်။ ယခု သူ၏ ဝိညာဉ်က ယခင်ထက် အတော်လေး ထူထဲလာကြောင်း ခံစားမိသွားသည်။
ယင်းက အနည်းဆုံး (၄၀)ရာခိုင်နှုန်းခန့် ထူထဲသွားသည်။ ထို့ကြောင့် ရွှီချင်းသည် သူ၏ ကျင့်ကြံခြင်းအခြေခံက မကြာခင် အဆင့်ချိုးဖြတ်တော့မည်ဖြစ်ကြောင်း အာရုံခံမိသွားသည်။
အဆင့်ချိုးဖြတ်ရန် နှောင့်နှေးနေရသည့် အဓိကအကြောင်းအရင်းမှာ ကောင်းကင်ဘုံတာအို၏ လိုအပ်ချက်ကြောင့် ဖြစ်သည်။ အမှန်မှာ သူ၏ ဝိညာဉ်က ပိုပြီးအားကောင်းလာသည့်အခါ လျှို့ဝှက်ရတနာသိုက်ငါးခုထဲမှ သူ၏ စိတ်အာရုံသည် ပိုပြီး ကြည်လင်ရှင်းလင်းလာသည်။
သူက ပထမနတ်ဘုရားအသွင်သဏ္ဍာန်ရှိသော နတ်ဘုရားရတနာသိုက်နှင့် ပဉ္စမမြောက်ဂမ္ဘီရမှော်ဝင်ရတနာသိုက်ကိုသာ ရှင်းလင်းစွာ အာရုံခံနိုင်သည်။ တခြားရတနာသိုက်သုံးခုသည်တော့ ဟာလာဟင်းလင်းဖြစ်နေသည်ဟု သူအာရုံခံမိသည်။
“ ပထမနတ်ဘုရားရတနာသိုက်ထဲမှာ မိုဆာဆောရှိတယ်… ပဉ္စမမြောက်ဂမ္ဘီရမှော်ဝင်ရတနာသိုက်ကတော့ ကောင်းကင်ဘုံတာအိုကို မလိုဘူး… ဘာလို့လဲဆိုတော့ ရတနာသိုက်ထဲက ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်က ကောင်းကင်ဘုံတာအိုနဲ့ အတူတူပဲ ”
“ ဒါကြောင့် အခု ငါလိုအပ်နေတာက ကောင်းကင်ဘုံတာအိုသုံးခုပဲ ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ နတ်ဘုရားနယ်မြေဆီသို့ ဝင်ရောက်ပြီးနောက် နှုတ်ခမ်းမွှေးငါးများကို ကောင်းကင်ဘုံတာအိုအဖြစ် အသုံးပြုနိုင်ကြောင်း သူအာရုံခံမိခဲ့သည်။ ဧရာမဂျယ်လီငါးကိုလည်း ကောင်းကင်ဘုံတာအိုအဖြစ် အသုံးပြုနိုင်သည်။
သို့သော်လည်း ၎င်းတို့က အလွန်အစွမ်းထက်သောကြောင့် ရွှီချင်းက ၎င်းတို့ကို မဖိနှိပ်နိုင်ပေ။
“ ပင့်ကူတွေကို အသုံးပြုနိုင်တယ်… ပြီးတော့ ကမာခွံလင်းယုန်တွေလည်း ရှိသေးတယ်… ဒါပေမဲ့ အဲ့ဒီကောင်တွေက နည်းနည်း အဆင့်နိမ့်တယ်… ပြီးတော့ အဓိကအရေးကြီးဆုံးက ဧကရာဇ်ဓားလျှို့ဝှက်ရတနာသိုက်ပဲ… ”
ရွှီချင်းက နက်နဲစွာ တွေးတောနေစဉ် ခေါင်းဆောင်က မျက်တောင်ခတ်လိုက်ပြီး ပြုံးလိုက်သည်။
“ ကောင်းကင်ဘုံတာအိုကို မင်းစဉ်းစားနေတာမလား ”
မြေပြင်ပေါ်တွင် ခေါင်းဆောင်သည် ဝမ်းဗိုက်ကို ပုတ်လိုက်ပြီး လေချဉ်တတ်လိုက်သည်။
“ ငါမင်းကို ခေါ်ပြမယ့် ရတနာကြီးက မင်းကို ကောင်းကင်ဘုံတာအိုရအောင် ကူညီပေးလိမ့်မယ်… အဲ့တော့ ဘာမှစဉ်းစားမနေနဲ့… မင်းရဲ့ ကောင်းကင်ဘုံတာအိုက မင်းကို အသင့်စောင့်နေလိမ့်မယ် ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် မတ်တတ်ရပ်လိုက်ပြီး အရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။
ခေါင်းဆောင်ထံမှ ‘ ရတနာကြီး ’ဟူသော စကားကို နှစ်ကြိမ်ကြားလိုက်ရသောအခါ ရွှီချင်း၏ သတိထားမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ထို့ကြောင့် သူက ခေါင်းမော့လိုက်ပြီး တစ်ဖက်လူ ညွှန်ပြသော ဦးတည်ရာသို့ ကြည့်လိုက်သည်။
ထိုနေရာမှ ပင့်ကူအိမ်များသည် တခြားနေရာများထက် သိသိသာသာ ပိုပြီးထူထဲသည်။ ထို့ပြင် ပင့်ကူအိမ်များ၏ အနက်ပိုင်းထဲမှာ ကြယ်ဂြိုလ်တစ်လုံးရှိကြောင်း ဝေဝေဝါးဝါး သူမြင်တွေ့သွားသည်။
ထိုကြယ်ဂြိုလ်ကို မရေမတွက်နိုင်သော ပင့်ကူအိမ်များက လွှမ်းခြုံထားသည်။ ယိုယွင်းပျက်စီးသော အရှိန်အဝါသည် ကြယ်ဂြိုလ်ထဲမှ ထွက်ပေါ်နေသည်။ ထို့ပြင် ယခင်က ရွှီချင်း မမြင်ဖူးသော သစ်ပင်တချို့သည် ထိုနေရာမှာ ရှိသည်။
၎င်းတို့က ပင့်ကူအိမ်များပေါ်တွင် ပေါက်ရောက်ရှင်သန်နေသော သစ်ပင်ခြောက်များ ဖြစ်ကြသည်။
သစ်ပင်ခြောက်များပေါ်တွင် လူသားမျက်နှာများ ရှိသည်။ ၎င်းတို့က မျက်လုံးမှိတ်ထားလေရာ နှစ်ချိုက်စွာ အိပ်မောကျနေဟန် ရသည်။ သစ်ပင်၏ ခန္ဓာကိုယ်သည်တော့ တစ္ဆေတစ်ကောင်ပမာ ခြောက်သွေ့နေသည်။
ကြယ်ဂြိုလ်၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားလေ ၎င်းတို့၏ အရေအတွက်က ပိုများလာလေ ဖြစ်သည်။
“ အဲ့ဒီနေရာက ကိစ္စကြီးတွေကို မင်းလုပ်ဆောင်မယ့်နေရာ ဟုတ်တယ်မလား စီနီယာအကိုကြီး ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ သူက ထိုနေရာသို့ မသွားဘဲ ဘေးကင်းလုံခြုံသော တစ်နေရာမှာ ကောင်းကင်ဘုံတာအိုများကို စုဆောင်းရန် စိတ်ဆုံးဖြတ်ထားသည်။
“ ဂျူနီယာညီလေး… မင်းပြောတာ နည်းနည်း မှားနေတယ်… အဲ့ဒီနေရာမှာ ကိစ္စကြီးတွေကို ငါလုပ်မှာမဟုတ်ဘူး… ငါတို့အတူတူ လုပ်မှာ ”
ခေါင်းဆောင်သည် ချောင်းဟန့်လိုက်သည်။ ရွှီချင်း၏ စိတ်ဆုံးဖြတ်ထားသော အကြည့်ကို သတိထားမိသောအခါ သူက မျက်တောင်ခတ်လိုက်သည်။
“ ဂျူနီယာညီလေး… မင်းရဲ့ နတ်ဘုရားရတနာသိုက်တွေကို ငါလေ့လာကြည့်ပြီးပြီ… တကယ်တော့ ရတနာသိုက်တွေထဲမှာ ထည့်သွင်းမယ့် ကောင်းကင်ဘုံတာအိုက မင်းနဲ့ သဟဇာတဖြစ်ရမယ် ”
“ နတ်ဘုရားရတနာသိုက်တွေအတွက် ကောင်းကင်ဘုံတာအိုက မင်းအတွက် မခက်ခဲပါဘူး ”
“ မင်းကို အခက်တွေ့စေမယ့် အရာက ဧကရာဇ်ဓားလျှို့ဝှက်ရတနာသိုက်ပဲ ”
“ သာမန်ကောင်းကင်ဘုံတာအိုတွေက ဧကရာဇ်ဓားလျှို့ဝှက်ရတနာသိုက်ထဲကို ဝင်ရောက်ဖို့ အရည်အချင်းမပြည့်မီဘူး ”
ခေါင်းဆောင်က ရွှီချင်းကို ကြည့်လိုက်သည့်အခါ သူ၏ မျက်နှာက တည်ကြည်သွားသည်။
“ ဒါကြောင့် မင်းကို ရတနာကြီးတွေ့ရအောင် ခေါ်သွားမယ်လို့ ငါပြောတာပေါ့… အဲ့ဒီမှာ ကြယ်ဂြိုလ်တစ်လုံးရှိတာ မင်းလည်း မြင်တယ်မလား ”
ခေါင်းဆောင်သည် လက်မြှောက်လိုက်ပြီး အဝေးသို့ ထပ်မံ လက်ညှိုးညွှန်ပြလိုက်သည်။
“ အဲ့ဒီကြယ်ဂြိုလ်ပေါ်မှာ အင်ပါယာတစ်ပါးရဲ့ သင်္ချိုင်းရှိတာကို မင်းသိလား ”
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူက ဧကရာဇ်ဓားလျှို့ဝှက်ရတနာသိုက်အကြောင်းကို စဉ်းစားလိုက်သည်။ အဖြေသည် ခေါင်းဆောင်ပြောသည့်အရာနှင့် တစ်ထပ်တည်းပင်။
ဧကရာဇ်ဓားလျှို့ဝှက်ရတနာသိုက်နှင့် သဟဇာတဖြစ်သော ကောင်းကင်ဘုံတာအိုသည် အလွန်ရှားပါးသည်။
ရွှီချင်း၏ စဉ်းစားနေသော အမူအရာကို မြင်သောအခါ ခေါင်းဆောင်သည် စိတ်အားထက်သန်သွားပြီး ဆက်ပြောသည်။
“ အရင်ဘဝတုန်းက ငါ့ရဲ့ လေ့လာမှုအရ ဒီနတ်ဘုရားနယ်မြေက အစက အခုလို မဟုတ်ဘူး ”
“ ဒီနေရာက အစတုန်းက ဝမ်ကူးကုန်းမြေလို လောကတစ်ခုပဲ… အဲ့ဒါက ဝမ်ကူးကုန်းမြေလောက် မကျယ်ပြောဘူးဆိုပေမဲ့ ကြယ်ဂြိုလ်အများအပြား တည်ရှိတယ်… ဒီနေရာနဲ့ ဝမ်ကူးကုန်းမြေကြားမှာ ကြီးကြီးမားမား ခြားနားချက်တော့ မရှိဘူး ”
“ အတိတ်တုန်းက ဒီနေရာမှာ ကျင့်ကြံသူတွေ၊ သက်ရှိတွေနဲ့ မျိုးနွယ်စုတွေ ရှိခဲ့တယ် ”
“ ဒါပေမဲ့ တစ်နေ့မှာ ပင့်ကူနတ်ဘုရားက ဒီနေရာကို ဆင်းသက်လာပြီး အရာအားလုံးကို ဝါးမျိုဖျက်ဆီးခဲ့တယ်… သူ့ရဲ့ အရှိန်အဝါက အရာအားလုံးပေါ် သက်ရောက်သွားပြီး နောက်ဆုံးမှာတော့ ဒီနေရာကို နတ်ဘုရားနယ်မြေအဖြစ် ပြောင်းလဲခဲ့တယ်… ဒီနေရာက သက်ရှိတွေက ထူးဆန်းတဲ့ သတ္တဝါတွေဖြစ်လာပြီး အသိဉာဏ်ကင်းမဲ့သွားကြတယ်… နောက်တော့ သူတို့က နတ်ဘုရားသက်ရှိတွေ ဖြစ်သွားကြတယ် ”
ခေါင်းဆောင်၏ အသံထဲမှာ လောကဓံ၏ အနိမ့်အမြင့်အတတ်အကျနှင့် အချိန်ကာလ၏ စီးဆင်းမှုတို့ ပါဝင်နေသည်။
“ ဝမ်ကူးကုန်းမြေရဲ့ အဆင့်အတန်းက ဒီနေရာထက် အဆပေါင်းများစွာ ပိုပြီးမြင့်မားတယ်ဆိုပေမဲ့ အနာဂတ်ကျရင် ဝမ်ကူးကုန်းမြေက ဒီနေရာလိုမျိုး ဖြစ်လာနိုင်တယ်… ”
“ ဘာကြောင့်လဲဆိုတော့ နတ်ဘုရားမျက်နှာပျက်ကြီးက ပင့်ကူနတ်ဘုရားထက် အများကြီး ပိုကြောက်စရာကောင်းတယ် ”
“ အဲ့ဒီကြယ်ဂြိုလ်ပေါ်မှာ ဒီနေရာကို အရင်က အုပ်ချုပ်ခဲ့တဲ့ ဘိုးဘေးအင်ပါယာရဲ့ သင်္ချိုင်းရှိတယ် ”
“ ရှေးဘုရင်ရွှမ်ယုံရဲ့ အဆင့်အတန်းက ဘယ်လောက်ကြီးမြတ်တယ်ဆိုတာ မင်းခန့်မှန်းနိုင်တယ်မလား… အဲ့ဒီလိုပဲ အတိုင်းအတာတစ်ခုထိဆိုရရင် သူတို့က တူညီတဲ့အရာတွေကို တွေ့ကြုံခဲ့ကြတယ် ”
“ အဲ့ဒီသင်္ချိုင်းထဲမှာ မင်းရဲ့ ဧကရာဇ်ဓားလျှို့ဝှက်ရတနာသိုက်အတွက် သင့်တော်မယ့် ကောင်းကင်ဘုံတာအိုရှိလိမ့်မယ်လို့ ငါယုံကြည်တယ်… ဂျူနီယာညီလေး… ငါပြောသွားတာအားလုံးက အမှန်တွေပါ… တကယ်လို့ မင်းက အဲ့ဒီမှာ သင့်တော်တဲ့ ကောင်းကင်ဘုံတာအိုကို ရှာမတွေ့ဘူးဆိုရင် အခုကစပြီး မင်းက စီနီယာအကိုကြီး ဖြစ်သွားလိမ့်မယ် ”
ခေါင်းဆောင်၏ အကြည့်သည် တည်ကြည်ပြီး သူ၏ အသံသည် လေးနက်သည်။ သူက ရွှီချင်းကို ဆွဲဆောင်ရန်အတွက် အစွမ်းကုန် ကြိုးစားလိုက်သည်။
ရွှီချင်းသည် အနည်းငယ် စိတ်ယိမ်းယိုင်သွားသည်။
စီနီယာအကိုကြီးကို ကောင်းကောင်း သူနားလည်သည်။ ထို့ကြောင့် တစ်ဖက်လူက ထိုသို့ပြောခြင်းသည် ကျမ်းကျိန်ခြင်းနှင့်မခြားကြောင်း သူသိသည်။
ထို့ကြောင့် သူ၏ အကြည့်က ပင့်ကူအိမ်အများအပြားဖြင့် လွှမ်းခြုံခံထားရသော ကြယ်ဂြိုလ်ပေါ်သို့ ကျရောက်သွားသည်။ တဖြည်းဖြည်း ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး အရှေ့သို့ ပျံသန်းသွားသည်။
ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ အရှိန်မြှင့်တင်လိုက်သည်။
ချက်ချင်းဆိုသလို သူတို့နှစ်ယောက်သည် ပင့်ကူအိမ်အစုအဝေးဆီသို့ ဦးတည်သွားကြသည်။