လပူဇော်ရုပ်တုများ
Vol. 84 Ch. 1293
သူတို့နှစ်ယောက်က အရှေ့သို့ ပျံသန်းနေစဉ် ပင့်ကူအိမ်အစုအဝေးသည် သူတို့၏ မျက်လုံးထဲမှာ ပိုပိုပြီး ကြီးမားလာသည်။ ပင့်ကူအိမ်များပေါ်မှ သစ်ပင်ခြောက်များသည်လည်း ပိုပြီးထင်ရှားလာသည်။
“ ဖြည်းဖြည်းသွား ဂျူနီယာညီလေး… အဲ့ဒီလူမျက်နှာသစ်ပင်တွေက အတိတ်မှာ ဘိုးဘေးအင်ပါယာရဲ့ အစောင့်အကြပ်တွေပဲ… သူတို့က နတ်ဘုရားအရှိန်အဝါရဲ့ ကျူးကျော်ဝင်ရောက်မှုကြောင့် အိပ်မောကျနေကြတယ်… သူတို့တစ်ယောက်စီက ကြောက်စရာကောင်းတဲ့ တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားတကြယ် ”
“ ပြီးတော့ ထူးခြားချက်အနေနဲ့ သူတို့နိုးလာတဲ့အခါကျရင် ဝိညာဉ်ကို ဖျက်ဆီးနိုင်တဲ့ အသံတွေကို ထုတ်ဖော်လေ့ရှိတယ်… ပြီးတော့ သူတို့ရဲ့ အသံတွေကနေ ကြီးမားတဲ့ အန္တရာယ်ကပ်ဘေးတွေ ဆင်းသက်လာလိမ့်မယ်… ”
ခေါင်းဆောင်သည် အမြန်ပြောပြီးနောက် ရွှီချင်း၏ ဘေးသို့ ပျံသန်းသွားသည်။ သူက ရွှီချင်းနှင့်အတူ ပင့်ကူအိမ်များကို ဖြတ်ကျော်သွားသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ အဝေးမှနေပင် ထိုလူမျက်နှာသစ်ပင်များက မည်မျှထူးဆန်းကြောင်း သူအာရုံခံနိုင်သည်။ ယခု သူက အနားသို့ ချဉ်းကပ်သွားသည့်အခါ ၎င်းတို့ကို ပိုပြီးရှင်းလင်းစွာ မြင်နိုင်သွားသည်။
မျက်နှာအများစုသည် သက်လတ်ပိုင်းအရွယ် ဖြစ်ကြသည်။ သူတို့ထဲတွင် အမျိုးသမီးတစ်ယောက်မှ မရှိပေ။ အားလုံးသည် ယောင်္ကျားများ ဖြစ်ကြသည်။
သူတို့၏ အသွင်အပြင်သည် လူသားနှင့်ဆင်တူသော်လည်း အသားအရေသည် ကွဲပြားခြားနားသည်။
ထို့ပြင် သူတို့၏ နားအနောက်မှာ ပါးဟပ်နှင့်တူသော အစင်းကြောင်းများ ရှိသည်။
သူတို့က နှစ်ချိုက်စွာ အိပ်မောကျနေသည့်အလား မျက်လုံးမှိတ်ထားကြသည်။ သူတို့၏ အမူအရာများသည် ပုံပျက်တွန့်လိမ်နေသည်။ ဒြပ်နှောများက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ အလွန်သိပ်သည်းပြီး ပြင်းထန်သော အာဃာတအမုန်းတရားကို ထုတ်လွှတ်နေသည်။ ယင်းကို သူတို့၏ အမူအရာဖြင့် တွဲဖက်မြင်လိုက်သည့်အခါ သူတို့က မကျေမချမ်းဖြစ်နေကြောင်း အလွန်ထင်ရှားသည်။
“ နတ်ဘုရားတွေအောက်က သက်ရှိအားလုံးက ပုရွက်ဆိတ်တွေပဲ… သူတို့က အသက်ရှင်နေတုန်းမှာ ခုခံတားဆီးခဲ့ကြတယ်… ဒါပေမဲ့ စိတ်မကောင်းစရာပဲ… ”
ခေါင်းဆောင်သည် သက်ပြင်းချလိုက်ပြီး လူမျက်နှာသစ်ပင်များကြားထဲတွင် ပျံသန်းသွားသည်။ သူက ၎င်းတို့ကို မထိခဲ့ပေ။
ရွှီချင်းသည်လည်း ထို့အတူပင်။ ထိုသို့ဖြင့် ဆယ့်ငါးမိနစ်ကြာပြီးနောက် စကားလုံးမဲ့ ကျောက်တုံးကျမ်းစာ၏ ဖုံးကွယ်ပေးမှုအောက်မှာ သူတို့နှစ်ယောက်က မည်သည့်အန္တရာယ်နှင့်မှ မတွေ့ကြုံခဲ့ဘဲ ကြောက်စရာကောင်းသော လူမျက်နှာသစ်တောကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သွားသည်။
သူတို့က ပင့်ကူအိမ်များကြားထဲတွင် ခြင်နှစ်ကောင်ပမာ ပျံသန်းနေကြပြီး ပင့်ကူအိမ်အစုအဝေး၏ အတွင်းပိုင်းဧရိယာထဲသို့ တဖြည်းဖြည်း ရောက်ရှိသွားကြသည်။
မကြာမီ ဧရာမကြယ်ဂြိုလ်သည် သူတို့၏ မျက်လုံးထဲမှာ ပုံရိပ်ပြန်လာသည်။
အပြင်ဘက်မှကြည့်လျှင် ကြယ်ဂြိုလ်သည် မီးခိုးရောင်ဖြစ်ပြီး ဂြိုလ်မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။ ကြယ်ဂြိုလ်တစ်ခုလုံးသည် သေခြင်းအရှိန်အဝါဖြင့် ပြည့်နှက်နေပြီး ဧရာမဝဲကတော့များက ကြယ်ဂြိုလ်ထဲမှာ ဖြည်းညင်းစွာ ရွေ့လျားနေကြသည်။
ယင်းက မုန်တိုင်းဖြစ်သည်။
မုန်တိုင်းအပြင် ကြယ်ဂြိုလ်၏ မျက်နှာပြင်ပေါ်မှာ အလွန်နက်ရှိုင်းသော တွင်းနက်(၁၆)ခုရှိသည်။
တွင်းနက်တစ်ခုစီသည် အလွန်အမင်း နက်ရှိုင်းသည်။
ထိုတွင်းနက်များကို မြင်သွားသောအခါ ရွှီချင်းသည် ကျူးလီတားမြစ်ဇုန်ထဲတွင် သူမြင်တွေ့ခဲ့သော နတ်စင်ထဲမှ ပင့်ကူနတ်ဘုရားကို စဉ်းစားမိသွားသည်။
ပင့်ကူနတ်ဘုရားတွင် ခြေထောက်(၁၆)ချောင်းရှိပြီး ယင်းက တွင်းနက်(၁၆)ခုနှင့် ကိုက်ညီသည်။
သို့ဖြစ်၍ မြင်ကွင်းတစ်ခုသည် ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းပြီး အစွမ်းကြီးမားသော ဧရာမပင့်ကူနတ်ဘုရားသည် အနားယူရန် ဤမီးခိုးရောင်ဂြိုလ်ပေါ်သို့ ဆင်းသက်လာသည်။ ၎င်း၏ ခြေထောက်(၁၆)ချောင်းက မြေကြီးထဲသို့ နစ်မြုပ်သွားသည့်အခါ တွင်းနက်(၁၆)ခု ဖြစ်ပေါ်လာသည်။
“ အရင်ဘဝတုန်းက ငါ့ရဲ့ စူးစမ်းလေ့လာမှုအရ ဒီနေရာက နတ်ဘုရားနယ်မြေရဲ့ပိုင်ရှင် အနားယူတဲ့ နေရာပဲ… ကံမကောင်းစွာဘဲ နတ်ဘုရားနယ်မြေရဲ့ ပိုင်ရှင်က ထွက်သွားပြီး ဘယ်တော့မှ ပြန်မရောက်လာတော့ဘူး… အဲ့ဒီနောက် နတ်ဘုရားနယ်မြေက တဖြည်းဖြည်း ဆုတ်ယုတ်လာတယ် ”
ခေါင်းဆောင်သည် ကြယ်ဂြိုလ်ကို ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ အန္တရာယ်တွေက ဒီနေရာမှာ အနည်းနဲ့အများတော့ ရှိတယ် ”
“ ဘာပဲဖြစ်ဖြစ် ဒီနေရာကို နတ်ဘုရားနယ်မြေရဲ့ အဓိကနယ်မြေလို့ သတ်မှတ်နိုင်တယ်… ဒါကြောင့် ဒီနေရာက အရမ်းအန္တရာယ်များတယ် ”
“ ဒါပေမဲ့ အန္တရာယ်က ပိုပြီးများလေ အကျိုးအမြတ်က ပိုပြီးကြီးမားလေပဲ ”
ရူးသွပ်မှုသည် ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရွှီချင်းကို သတိပေးရန် မမေ့ခဲ့ပေ။
“ မင်းရဲ့ ဧကရာဇ်ဓားလျှို့ဝှက်ရတနာသိုက်နဲ့ သင့်တော်တဲ့ ကောင်းကင်ဘုံတာအိုက အထဲမှာရှိတယ် ”
“ ဂျူနီယာညီလေး… သွားကြစို့ ”
ခေါင်းဆောင်သည် စကားပြောပြီးနောက် အရင်ဦးစွာ ပျံသန်းသွားသည်။
ဆုံးဖြတ်ချက်ပြတ်သားမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဆုံးဖြတ်ချက်ချပြီးမှတော့ ထပ်ပြီး တုံ့ဆိုင်းမနေတော့ပေ။ သူက ခေါင်းဆောင်၏ အနောက်သို့လိုက်၍ ကြယ်ဂြိုလ်ဆီသို့ ဝင်ရောက်သွားသည်။
ကြယ်ဂြိုလ်ထဲတွင် မြေပြင်သည် မီးခိုးရောင်ဖြစ်ပြီး ကောင်းကင်သည် အနက်ရောင်ဖြစ်သည်။ သို့သော်လည်း မုန်တိုင်း၏ သက်ရောက်မှုကြောင့် အရာအားလုံးက ဝေဝါးနေသည်။ ရှင်းရှင်းလင်းလင်း မရှိပေ။
တစ်နှစ်ပတ်လုံး တိုက်ခတ်နေသော မုန်တိုင်းသည်တော့ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားနေသည်။ လေပြင်းတိုက်ခတ်သံများသည် မိုးခြိမ်းသံသဖွယ် အလွန်ကျယ်လောင်သည်။
ဤကြယ်ဂြိုလ်သည် အန္တရာယ်နယ်မြေနှင့်မခြားပေ။
ဤမတိုင်ခင် ရွှီချင်းမြင်ခဲ့ဖူးသော အကြီးမားဆုံး မုန်တိုင်းသည် လပူဇော်ဒေသကြီးရှိ အစိမ်းရောင်သဲကန္တာရမှာ ဖြစ်သည်။ သို့သော်လည်း ယခု သူက ကြယ်ဂြိုလ်ပေါ်သို့ ခြေချလိုက်ပြီး မုန်တိုင်းထဲသို့ ဝင်ရောက်သွားသည့်အခါ ထိုမုန်တိုင်းနှစ်ခုကြားမှ ကွာခြားမှုကို ရှင်းလင်းစွာ နားလည်သွားသည်။
ဤမုန်တိုင်းသည် အစိမ်းရောင်သဲကန္တာရထဲမှ မုန်တိုင်းထက် သာလွန်သည်။
ဤကြယ်ဂြိုလ်ပေါ်မှာ သဲမုန်တိုင်းတစ်ခုတည်းရှိဟန် ရသည်။ ယင်းက ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းထားပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျဆင်းလာသည်။ ရွှီချင်းနှင့် ခေါင်းဆောင်သည် အရှေ့သို့ ခြေတစ်လှမ်း လှမ်းရန်ပင် အခက်တွေ့နေကြသည်။
ယင်းက သာမန်မုန်တိုင်းမဟုတ်ပေ။
ယင်းက နတ်ဘုရားအတတ်ပညာတစ်ခု၏ အကြွင်းအကျန်စွမ်းအင်ဖြစ်သည်။ ယင်းထဲမှာ နတ်ဘုရားတစ်ပါး၏ အရှိန်အဝါ၊ မြင့်မားသော ဘဝအဆင့်အတန်းနှင့် အင်ပါယာချီလည်း ပါရှိသေးသည်။
အတိတ်၌ ဤနေရာမှာ ကမ္ဘာတုန်ဟီးစေနိုင်သော တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။
ကံကောင်းစွာဖြင့် ရွှီချင်းမှာ နတ်ဘုရားအသွင်သဏ္ဍာန်ရှိသည်။ ထို့ကြောင့် သူက နတ်ဘုရားအရင်းအမြစ်ကို ထုတ်လွှတ်လိုက်သည့်အခါ သဲမုန်တိုင်းထဲတွင် ဆက်ပြီး ရွေ့လျားနိုင်သွားသည်။ ခေါင်းဆောင်သည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းမဟုတ်သည်မှာ ထင်ရှားသည်။ သို့ဖြစ်၍ သူက ထူးခြားသော အတတ်ပညာများကို အသုံးပြုလိုက်သည့်အခါ ဆက်ပြီး ရွေ့လျားနိုင်သွားသည်။
ထို့ပြင် ခေါင်းဆောင်သည် မည်သည့်နေရာကို သွားရမည်ဖြစ်ကြောင်း သိထားဟန် ရသည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် သဲမုန်တိုင်းထဲမှာ အရှေ့သို့ ဆက်လျှောက်သွားကြသည်။
အချိန်သည် ဖြည်းညင်းစွာ စီးဆင်းသွားသည်။ မကြာမီ ခုနစ်ရက် ကုန်ဆုံးသွားသည်။ ထိုအတောအတွင်းမှာ မုန်တိုင်းသည် ပိုပြီးအားကောင်းလာသည်။ ထို့ပြင် သူတို့က ပန်းတိုင်နှင့် ပိုပြီးနီးကပ်လာသည်နှင့်အမျှ မုန်တိုင်းအများအပြားသည် အတူတကွ ပေါင်းစည်းသွားလိမ့်မည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည်ပင် အရှေ့သို့ ဆက်လျှောက်သွားရန် အတော်လေး ကြိုးစားအားထုတ်နေရသည်။
ရွှီချင်းကို ပိုပြီးနှလုံးတုန်စေသည်မှာ မုန်တိုင်းတစ်ခု ကျရောက်လာသည့်အခါတိုင်း ထူးဆန်းသော နှလုံးခုန်သံက ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ခုက မုန်တိုင်း၏ အတွင်းပိုင်းထဲမှာ ပုန်းအောင်းနေသည့်အလားပင်။
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် ခေါင်းခါလိုက်ပြီး မည်သည့်စကားမှ မပြောပေ။
ပဉ္စမမြောက်မုန်တိုင်းကြီးဖြင့် တွေ့ကြုံပြီးနောက် ဆဌမမြောက်မုန်တိုင်းကြီးက သူတို့အပေါ်သို့ ကျရောက်လာတော့မည့်အချိန် ခေါင်းဆောင်သည် ရွှီချင်းကို မြေပြင်ပေါ်မှ အက်ကွဲကြောင်းတစ်ခုထဲသို့ ခေါ်ဆောင်သွားသည်။
ရွှီချင်းသည် အက်ကွဲကြောင်းမှတဆင့် မြေအောက်ထဲသို့ ဝင်ရောက်သွားသည့်အခါ ပုန်းကွယ်နေသော လှိုင်ဂူတစ်ခုကို ရှာတွေ့သွားသည်။ သို့သော်လည်း သူက အံ့ဩခြင်းမရှိပေ။
ထိုလှိုင်ဂူရှည်ကို မည်မျှကြာအောင် တူးဖော်ခဲ့ကြောင်း မသိရပေ။ သို့သော်လည်း ယင်းက တီထွင်ဆန်းသစ်မှု ရှိသည်။ တစ်စုံတစ်ယောက်က လှိုင်ဂူထဲမှာ ပုန်းအောင်းမည်ဆိုလျှင် မုန်တိုင်းဒဏ်ကို ရှောင်ရှားနိုင်လိမ့်မည်။
လှိုင်ဂူထဲသို့ ဝင်ရောက်ပြီးနောက် ခေါင်းဆောင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ သူက ဘေးပတ်ဝန်းကျင်ကို စိတ်ခံစားချက်ဖြင့် ကြည့်လိုက်သည်။
“ ဒီနေရာက အများကြီး မပြောင်းလဲသေးပါလား… ဂျူနီယာညီလေး… ဒီမှာ သုံးရက်လောက် အနားယူရအောင်… ငါ့ရဲ့ တွက်ချက်မှုအရ သုံးရက်ကြာပြီးရင် အပြင်ဘက်က မုန်တိုင်းရဲ့ နယ်နိမိတ်က သေးငယ်သွားလိမ့်မယ် ”
“ အဲ့ဒီအချိန်ကျရင် မုန်တိုင်းက အများကြီး အားနည်းသွားလိမ့်မယ် ”
“ မင်းရဲ့ အရင်မေးခွန်းအတွက်တော့ ငါ့မှာ အဖြေမရှိဘူး… အရင်ဘဝတုန်းက ငါက မုန်တိုင်းရဲ့ အလယ်ဗဟိုဆီ ဝင်ရောက်သွားခဲ့တယ်… ငါက မသေခဲ့ဘူးဆိုပေမဲ့ ပြန်ထွက်လာပြီးတဲ့နောက်မှာ ငါ့ရဲ့ မှတ်ဉာဏ်အများစုကို ဆုံးရှုံးသွားခဲ့တယ်… အခုချိန်မှာတောင် အဲ့ဒါတွေကို ငါပြန်မမှတ်မိဘူး ”
ခေါင်းဆောင်၏ စကားက ရွှီချင်းကို နှလုံးခုန်မြန်သွားစေသည်။ သူက ခေါင်းဆောင်ကို ပိုပြီးနားလည်လာလေ မုန်တိုင်း၏ အတွင်းပိုင်းထဲမှ တည်ရှိမှုက မည်မျှကြောက်စရာကောင်းကြောင်း ပိုပြီးအာရုံခံမိလာလေ ဖြစ်သည်။
သို့ဖြစ်၍ သူက တစ်ခဏကြာ နှုတ်ဆိတ်သွားသည်။ သူက လှိုင်ဂူ၏ အပြင်သို့ မကြည့်မီ ဘေးပတ်ဝန်းကျင်သို့ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက မေးသည်။
“ စီနီယာအကိုကြီး… မင်း ဒီနေရာကို ဘယ်နှစ်ကြိမ် ရောက်ဖူးလဲ ”
“ ဒီဟာက တတိယအကြိမ်ပဲ ”
ခေါင်းဆောင်က အေးဆေးတည်ငြိမ်စွာ ပြောသည်။ ဤသည်မှာ အစောနက ရှင်းပြမှုကို သူက လုံးဝ အလေးမထားသည့်အလားပင်။ ဤအခိုက်အတန့်မှာ သူက ပျင်းရိစွာ အကြောဆန့်လိုက်ပြီး ရယ်မောလိုက်သည်။ ထို့နောက် သူက ကျောက်နံရံတစ်ခုကို ကျောပေးလိုက်ပြီး ထိုင်ချလိုက်သည်။
သူက ထိုနေရာမှာ လဲလျောင်းနေရင်း ရွှီချင်းကို လက်သုံးချောင်း ထောင်ပြလိုက်သည်။
ရွှီချင်းသည် အဓိပ္ပာယ်ရှိသော အကြည်နှင့်အတူ ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ပထမနှစ်ကြိမ် ကျရှုံးခဲ့သော်လည်း ခေါင်းဆောင်က ယင်းကို ဆက်လက် ကြိုးစားနေသေးလေရာ ထိုကိစ္စက မည်မျှအရေးကြီးကြောင်း သူစိတ်ကူးကြည့်နိုင်သည်။ ယင်းက သူ့ကို ခေါင်းဆောင်ပြောခဲ့ဖူးသော ‘ အထူးကိစ္စကြီး ’အကြောင်း ပြန်အမှတ်ရစေသည်။
“ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ ”
ရွှီချင်းက လေသံတိုးတိုးဖြင့် ပြောသည်။
ခေါင်းဆောင်သည် မျက်တောင်ခတ်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။ အဆုံးမှာ သူက ခေါင်းခါလိုက်သည်။
“ ဂျူနီယာညီလေး… ငါတကယ်ပဲ မပြောနိုင်ဘူး… နောက်ထပ် နည်းနည်း ထပ်စောင့်ဦး… အခု ငါမင်းကို တစ်ခုပဲ ပြောနိုင်တယ်… ဒီတစ်ခေါက် ကိစ္စကြီးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နီလာနတ်သမီးဆီက အကျိုးအမြတ်က ဘာမှမဟုတ်တော့ဘူး ”
“ ဒီနေရာကို အမြဲတမ်း ငါဘာလို့တွေးနေတာလဲဆိုတော့ အရင်ဘဝတုန်းက ငါ့ရဲ့ ပြင်ဆင်မှုတစ်ဝက်လောက်က ဒီနေရာအတွက်ပဲ ”
“ အစကတော့ ဒီနေရာကို ငါမလာခင် နောက်ထပ် သုံးဘဝ လေးဘဝလောက် ပြင်ဆင်ရဦးလိမ့်မယ်လို့ ငါတွေးထားတာ… ဒါပေမဲ့ ဂျူနီယာညီလေး… မင်းရဲ့ ထွက်ပေါ်လာမှုက ငါ့ရဲ့အစီအစဉ်ကို ပြောင်းလဲသွားစေတယ် ”
ခေါင်းဆောင်သည် စိတ်လှုပ်ရှားသော အမူအရာဖြင့် ပေါင်ကို ရိုက်ချလိုက်သည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး နက်နဲစွာ တွေးတောလိုက်သည်။
ခေါင်းဆောင်က လျှို့ဝှက်ဆန်းကြယ်အောင် တမင်ပြုလုပ်နေခြင်းမဟုတ်ကြောင်း သူပြောနိုင်သည်။ သူ့မှာ ပြောလို့မဖြစ်သည့် အကြောင်းအရင်းတခု ရှိနေခြင်းမဟုတ်လျှင် ခေါင်းဆောင်၏ အကျင့်စရိုက်အရ သူ့ကိုယ်သူ ကြွားလုံးထုတ်ရန် သေချာပေါက် ထုတ်ပြောလိမ့်မည်။
‘ စီနီယာအကိုကြီးက ဖွင့်ပြောဖို့ တုံ့ဆိုင်းနေတယ်ဆိုတော့ အဲ့ဒါက နတ်ဘုရားသုံးပါးနဲ့ သေချာပေါက် ဆက်စပ်နေရမယ်… ’
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ နတ်ဘုရားသုံးပါးသည် မဟာအမဲလိုက်ပွဲတော်ကို အကြောင်းပြု၍ ဤနေရာကို အကြိမ်ပေါင်းများစွာ စူးစမ်းရှာဖွေခဲ့ပြီး ပင့်ကူနတ်ဘုရားကို ကျူးလီတားမြစ်ဇုန်အောက်မှာ ချိပ်ပိတ်ထားခဲ့သည်။ ယင်းတို့ကို သူပြန်စဉ်းစားမိသွားသောအခါ ရူးမိုက်သော အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
‘ စတုတ္ထမြောက်နတ်ဘုရားလား ’
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး နောက်ထပ် မပြောတော့ပေ။ သူက မျက်လုံးမှိတ်လိုက်ပြီး ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ကာ သူ၏ အထွတ်အထိပ်အခြေအနေကို ထိန်းသိမ်းလိုက်သည်။
ဤအခိုက်အတန့်မှာ လှိုင်ဂူတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အပြင်ဘက်တွင် တဟူးဟူး တိုက်ခတ်နေသော မုန်တိုင်းသည်သာ ကျန်ရှိတော့သည်။ ၎င်းက ဒေါသထွက်နေသော နတ်ဘုရားတစ်ပါးပမာ အပြင်းအထန် ဟိန်းဟောက်နေသည်။ ၎င်း၏ ဒေါသက မုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေပြင်တစ်လျှောက် ရိုက်ခတ်နေဟန် ရသည်။
ထို့ပြင် တအင့်အင့်ညည်းသံသည် မုန်တိုင်းထဲမှ ပဲ့တင်ထပ်လာသည်။ တစ်ခါတစ်ရံ ငိုကြွေးသံများ၊ နှလုံးနာကျင်သော အော်ဟစ်သံများ ထွက်ပေါ်လာလေ့ ရှိသည်။ ထူးဆန်းသော အော်သံများလည်း မကြာခဏ ထွက်ပေါ်လာလေ့ ရှိသည်။
ထိုအသံများက ဆက်လက် ထွက်ပေါ်နေပြီး ဤနေရာက မည်မျှအန္တရာယ်များကြောင်း ရွှီချင်းကို သတိပေးနေသည်။
သုံးရက်ဟူသော အချိန်သည် မြန်ဆန်စွာ ကုန်ဆုံးသွားသည်။
ဤနေရာအပေါ် ခေါင်းဆောင်၏ နားလည်မှုသည် အတော်လေး မြင့်မားဟန် ရသည်။ သူ၏ တွက်ချက်မှုအတိုင်း သုံးရက်ကြာပြီးနောက် လှိုင်ဂူအပြင်ဘက်မှ မုန်တိုင်းသည် အတော်လေး အားနည်းသွားသည်။
လေကြမ်းတိုက်ခတ်သံများကိုပင် မကြားရတော့သည်အထိ မုန်တိုင်း၏ ပြင်းအားက လျော့ကျသွားသည်။
“ အချိန်ကျပြီ ”
ခေါင်းဆောင်သည် မျက်လုံးဝင်းလက်သွားသည်။ သူက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး လှိုင်ဂူအပြင်သို့ ထွက်သွားသည်။ ရွှီချင်းသည် ခေါင်းဆောင်၏ အနောက်မှ လိုက်သွားသည်။
သူက လှိုင်ဂူထဲမှ ထွက်သွားပြီး အပြင်သို့ ရောက်သွားသည့်အခိုက် အနက်ရောင်ကောင်းကင်သည် ပထမဆုံးအကြိမ် ကြည်လင်လာသည်။ မီးခိုးရောင်မြေပြင်သည်လည်း ထို့အတူပင်။
အစောနက ဤနေရာမှာ တိုက်ခတ်နေသော မုန်တိုင်းသည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“ နှစ်နာရီပဲ အချိန်ရတယ် ”
ခေါင်းဆောင်သည် လေးနက်စွာ ပြောသည်။ ထို့နောက် သူက အလျင်ကုန်ကို အသုံးပြုလိုက်လေရာ သက်တံ့အသွင် ပြောင်းလဲသွားသည်။
ရွှီချင်းသည်လည်း အရှိန်မြှင့်တင်လိုက်ပြီး ခေါင်းဆောင်၏ အနောက်သို့ လိုက်သွားသည်။
သူတို့နှစ်ယောက်သည် မုန်တိုင်းလွင့်ပြယ်နေစဉ်အခိုက် အစွမ်းကုန်သုံး၍ အရှေ့သို့ ပြေးသွားကြသည်။
သို့သော်လည်း နှစ်နာရီဟူသော အချိန်သည် မြန်ဆန်စွာ ကုန်ဆုံးသွားသည်။ လေကြမ်းသည် ဖြည်းညင်းစွာ စတင်ထွက်ပေါ်လာသည်။
သို့သော်လည်း လေက ပိုပြီးမကြမ်းလာခင်မှာ ထူးဆန်းသော တောင်တစ်လုံးနှင့် ရုပ်တုအုပ်စုတစ်ခုက သူတို့၏ အရှေ့မှာ ထွက်ပေါ်လာကြသည်။
တောင်သည် အလွန်ကြီးမားပြီး တိမ်တိုက်များကိုပင် ဖောက်ထွင်းနေသည်။
အလယ်ဗဟိုတွင် တွင်းပေါက်တစ်ခု ရှိသည်။ လေနှင့် သဲသည် ဘေးပတ်ဝန်းကျင်နှင့် တွင်းပေါက်ကို ဖြတ်သန်း၍ တိုက်ခတ်နေသည်။ ယင်းက ထူးဆန်းသော အသံများကို ထွက်ပေါ်လာစေသည်။
ထိုအသံသည် လေနှင့် ပေါင်းစပ်သွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။ ထိုအသံကို ကြားလိုက်ရသည့်လူတိုင်းသည် ဝိညာဉ်တုန်လှုပ်သွားလိမ့်မည်။
တစ်ချိန်တည်းမှာ ရှေးဟောင်းခံစားမှုနှင့် ကံကြမ္မာအလှည့်အပြောင်း၏ အငွေ့အသက်သည် ရွှီချင်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
တောင်ခြေတွင် စက်ဝိုင်းသဏ္ဍာန် ဝန်းရံနေသော ရှေးဟောင်းရုပ်တုများ ရှိကြသည်။
၎င်းတို့က ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိပြီး ကောင်းကင်ကို မော့ကြည့်နေကြသည်။ ၎င်းတို့အားလုံးက ကြီးမားသော ဆေဘာဓားကို ကိုင်ဆောင်ထားကြပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
ရွှီချင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်မှာ ရုပ်တုတစ်ခုစီ၏ နဖူးပေါ်မှာရှိသော လခြမ်းပုံသဏ္ဍာန်အမှတ်အသား ဖြစ်သည်။
အမှန်မှာ ရုပ်တုများ၏ ကိုယ်ဟန်အမူအရာသည် ကောင်းကင်ကို အရိုအသေပေးနေပုံပေါ်သည်။
ရွှီချင်း၏ အကြည့်က ထိုရုပ်တုများပေါ်သို့ ကျရောက်သွားစဉ် ခေါင်းဆောင်၏ အသံသည် သဲမုန်တိုင်းကိုဖြတ်၍ သူ့အနောက်မှ ပဲ့တင်ထပ်လာသည်။
“ အဲ့ဒါက ဘိုးဘေးအင်ပါယာရဲ့ မင်းသား(၃၆)ပါးရဲ့ ရုပ်တုတွေပဲ ”
“ သူတို့က အသက်ရှင်နေချိန်မှာ လကို ကိုးကွယ်ပူဇော်ကြတယ်… အဲ့ဒီလက မီးလျှံလမဟုတ်သလို အနီရောင်လလည်း မဟုတ်ဘူး… အဲ့ဒီအစား အသက်ရှည်ဆုံးလ ဖြစ်တယ်… အဲ့ဒါက ယင်ယန်တာအိုထဲက အစွန်းရောက်ယင်ထဲမှာ ဒြပ်မဲ့အနေနဲ့ တည်ရှိတယ် ”
“ မျိုးနွယ်စုတချို့က အဲ့ဒါကို ဘိုးဘေးလစန္ဒာလို့ ခေါ်တယ် ”
“ ပြီးတော့ အဲ့ဒီတောင်က ငါတို့ရဲ့ ဦးတည်ရာပဲ… အဲ့ဒါက ဘိုးဘေးအင်ပါယာရဲ့ သင်္ချိုင်းပဲ ”
ခေါင်းဆောင်သည် စကားဆုံးသည်နှင့် တောင်ဆီသို့ ဦးတည်သွားသည်။ သို့သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရွှီချင်းက သူ့အနောက်မှ လိုက်မလာကြောင်း အာရုံခံမိသွားသည်။ ထို့ကြောင့် သူက အနောက်သို့ လှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် မရွေ့လျားပေ။ ဤအခိုက်အတန့်မှာ သူက လကို ကိုးကွယ်ပူဇော်နေသော ရုပ်တုတစ်ခု၏ ဘေးမှာ ရပ်နေသည်။ သူက ရုပ်တုကို စိုက်ကြည့်နေလေရာ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ မိုဆာဆောသည် အားကောင်းသော လှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။ ၎င်းက သူ့ကို သတိပေးနေသည့်အလားပင်။ အကြီးမားဆုံး လှိုင်းအတတ်အကျကို ထုတ်လွှတ်နေသည်မှာ သူ၏ တတိယမြောက် နတ်ဘုရားရတနာသိုက်ဖြစ်သည်။
တတိယမြောက် နတ်ဘုရားရတနာသိုက်သည် လနှင့် ဆက်စပ်သည်။ ဤအခိုက်အတန့်မှာ ပြင်းထန်သော လိုအင်ဆန္ဒက သူ၏ နတ်ဘုရားရတနာသိုက်ထဲမှ ပေါ်လျှိုးလာသည်။
ထိုရုပ်တုက တတိယမြောက် နတ်ဘုရားရတနာသိုက်ထဲမှာ ကောင်းကင်ဘုံတာအိုအဖြစ် ထမ်းဆောင်ရန် အထူးသင့်တော်ကြောင်း ရွှီချင်း ချက်ချင်း နားလည်သွားသည်။