နတ်ဘုရားရတနာသိုက်… အလင်းပေးသော မီးအိမ်
Vol. 84 Ch. 1294
မိုဆာဆောသည် ရွှီချင်း၏ ပထမနတ်ဘုရားရတနာသိုက်၏ ကောင်းကင်ဘုံတာအိုဖြစ်သည်။ ၎င်းကို ဟိုးယခင်ကတည်းက ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပထမနတ်ဘုရားရတနာသိုက်ထဲတွင် စိတ်ဝိညာဉ်ဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာ ပထမနတ်ဘုရားရတနာသိုက်ထဲမှ နိယာမများနှင့် ဥပဒေသများသည် အပေါများဆုံး ဖြစ်သည်။
သို့သော်လည်း တားမြစ်အဆိပ်မှ ဖြစ်ပေါ်လာသော ဒုတိယနတ်ဘုရားရတနာသိုက်၊ ခရမ်းလစွမ်းအားကြောင့် ဖြစ်ပေါ်လာသော တတိယနတ်ဘုရားရတနာသိုက်နှင့် ဧကရာဇ်ဓားလျှို့ဝှက်ရတနာသိုက်သည် စိတ်ဝိညာဉ်မရှိသော ရတနာသိုက်များ ဖြစ်ကြသည်။
စိတ်ဝိညာဉ်သည် ကောင်းကင်ဘုံတာအိုကို ရည်ညွှန်းသည်။ ကောင်းကင်ဘုံတာအိုမရှိသော လျှို့ဝှက်ရတနာသိုက်သည် မပြည့်စုံပေ။ ထို့ကြောင့် ရွှီချင်း၏ ရတနာသိုက်ငါးခုစလုံးသည် အားအင်အပြည့်ကို မထုတ်လွှတ်နိုင်သလို နိယာမများနှင့် ဥပဒေသများကို အင်တိုက်အားတိုက် မဖွဲ့စည်းနိုင်ကြပေ။ ယင်းက သူ့ကို ဗလာနတ္ထိအဆင့်သို့ တတ်လှမ်းရန် အခက်တွေ့စေသည်။
ထို့ကြောင့် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်လာသည့် ရွှီချင်း၏ ရည်ရွယ်ချက်ထဲမှာ မဟာရွှမ်ထျန်းစစ်သူကြီး၏ သရုပ်အဆင့်အတန်းအပြင် ကောင်းကင်ဘုံတာအိုများကို ရယူရန်လည်း ပါဝင်သည်။
လမ်းတစ်လျှောက်တွင် သူက နတ်ဘုရားနယ်မြေထဲမှာ သက်ရှိအများစုကို တွေ့ကြုံခဲ့သည်။ ၎င်းတို့အများစုသည် ကောင်းကင်ဘုံတာအိုအဖြစ် ပြောင်းလဲနိုင်ကြသည်။ သို့သော်လည်း အကြောင်းအရင်းအမျိုးမျိုးကြောင့် ၎င်းတို့ကို သူလက်လျော့ခဲ့သည်။
ယင်းက ယခုမတိုင်ခင်အထိ ဖြစ်သည်။
ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိပြီး နဖူးပေါ်တွင် လအမှတ်အသားပါသော ရုပ်တုများသည် သူ၏ တတိယနတ်ဘုရားရတနာသိုက်ကို ပြင်းထန်သော တုံ့ပြန်မှုဖြစ်ပေါ်စေသည်။ ဤသည်မှာ ပထမဆုံးအကြိမ် ထိုသို့ဖြစ်ပျက်ဖူးခြင်း ဖြစ်သည်။
ထူးဆန်းသော အလင်းရောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ ခေါင်းဆောင်၏ အသံသည် အရှေ့မှ ပျံ့လွင့်လာသည်။
“ ဂျူနီယာညီလေး… မြန်မြန်လာ… ငါတို့မှာ အချိန်မရှိဘူး ”
ခေါင်းဆောင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏ အသံက လေထဲမှာ အဝေးကြီးသို့ မပျံ့လွင့်သွားပေ။ ယင်းကို ရွှီချင်းကြားသွားသည့်အခါ အသံသည် လေကြမ်းကြောင့် အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ရုပ်တုထံမှ အကြည့်ပြန်ရုပ်လိုက်သည်။ သူက အဝေးမှ အရပ်မျက်နှာအဘက်ဘက်တွင် တိုက်ခတ်နေသော မုန်တိုင်းကို လှမ်းကြည့်လိုက်သည်။ လေကြမ်းသည် သူ့အပေါ်သို့ ကျဆင်းလာနေသည်။ ယင်းက ထက်ရှသော ဓားသွားများပမာ သူ့ကို အဘက်ဘက်မှ ထိုးစိုက်နေသည်။
ထို့ကြောင့် သူက အနည်းငယ် ခေါင်းငုံ့လိုက်သည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ခေါင်းဆောင်ဆီသို့ ဦးတည်သွားသည်။
ရွှီချင်းက အနောက်မှ လိုက်လာသည်ကို မြင်သောအခါ ခေါင်းဆောင်သည် အလျင်ကုန်သုံး၍ ပြေးသွားသည်။ မကြာမီ သူတို့က အင်ပါယာသင်္ချိုင်းရှိရာ တောင်ဆီသို့ ရောက်ရှိသွားကြသည်။
ထိုနေရာသို့ ရောက်ရှိသွားသည့်အခါ သူတို့၏ အနောက်မှ မုန်တိုင်းသည် ပိုပြီးအားကောင်းလာသည်။ အဝေးမှကြည့်လျှင် ၎င်းက အနက်ရောင်ဓာတ်ငွေ့ထုနှင့် ဆင်တူသည်။ ကောင်းကင်နှင့်မြေပြင်သည် မုန်တိုင်း၏ ဖုံးလွှမ်းမှုအောက်မှာ ဝေဝါးနေသည်။ ဤသည်မှာ နတ်ဆိုးများက အမြစ်ဖြတ်သုတ်သင်ခြင်းအစွမ်းနှင့်အတူ ဤလောကထဲသို့ ကျူးကျော်ဝင်လာနေသည့်အလားပင်။
အစွန်းဖျားနားမှ ရုပ်တုများသည် အနက်ရောင်သဲမုန်တိုင်းထဲမှာ နစ်မြုပ်သွားကြသည်။ အင်ပါယာသင်္ချိုင်း၏ တောင်သည်ပင် သဲမုန်တိုင်း၏ ဖုံးလွှမ်းခံလိုက်ရဟန် ရ၏။
သို့သော်လည်း ခေါင်းဆောင်သည် ကြိုပြင်ဆင်ထားခဲ့ပြီး သူ၏ ပစ်မှတ်သည် အလွန်ရှင်းလင်းသည်။ သို့ဖြစ်၍ သူက တောင်နားသို့ ရောက်ရှိသွားသည်နှင့် သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။
ပမာဏများပြားသော သွေးသည် ခေါင်းဆောင်၏ ပါးစပ်ထဲမှ ထွက်ကျလာသည်။
ယင်းက လူရွယ်တစ်ယောက်မှာ ရှိသင့်သော စုစုပေါင်း သွေးပမာဏနှင့် နှိုင်းယှဉ်နိုင်သည်။
သူက သွေးအန်ပြီးသည်နှင့် ညာလက်ကို မြှောက်လိုက်ပြီး သွေးကို ဝှေ့ယမ်းလိုက်သည်။
သွေးကို မင်ရည်အဖြစ် အသုံးပြု၍ သူက ကျောက်နံရံတစ်ခုပေါ်မှာ ရေးဆွဲလိုက်သည်။
သူက စက်ဝိုင်းခြမ်းတစ်ခုကို ရေးဆွဲနေသည်။
ခေါင်းဆောင်သည် ရပ်တန့်ခြင်းမရှိဘဲ အပြီးသတ်ဆွဲပြီးသည်အထိ ဆယ့်ခုနစ်ကြိမ်တိုင်အောင် သွေးအန်ခဲ့ရသည်။ နောက်ဆုံးမှာတော့ ရွှီချင်း၏ အကြည့်အောက်မှာ ခေါင်းဆောင်သည် ကျောက်နံရံပေါ်တွင် ပြီးပြည့်စုံသော စက်ဝိုင်းတစ်ခုကို ရေးဆွဲပြီးသွားသည်။
ထို့နောက် ဝမ်းနည်းကြေကွဲသော ငိုသံသည် ခေါင်းဆောင်၏ ပါးစပ်ထဲမှ ပဲ့တင်ထပ်လာသည်။
“ အဟီး… သနားဖို့ကောင်းတဲ့ ငါ့ရဲ့ ခမည်းတော်… နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားတယ်… ”
“ ခမည်းတော်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ကောင်းကောင်း ငါနားလည်တယ်… ခမည်းတော်က ငါတို့ကို သူ့ဘဝရဲ့ တန်ဖိုးအရှိဆုံးအရာလို့ သဘောထားတယ်… ”
“ ဒါပေမဲ့ ကံတရားက ငါ့ကို မျက်နှာသာမပေးဘူး… ငါ့မိသားစုဝင်တွေနဲ့ ငါ့ကို ခွဲခဲ့တယ်… ငါ့ဝိညာဉ်က ငရဲပြည်မှာ လှည့်ပတ်နေပြီး အသံမထွက်အောင် ငိုကြွေးနေတယ်… ငါ့နှလုံးသားက တစ်စစီ ကြေမွပျက်စီးနေတယ်… ငါ့ရဲ့ ခံစားချက်တွေကို ဘယ်လိုဖော်ပြနိုင်ပါ့မလဲ ”
ခေါင်းဆောင်၏ စကားလုံးတိုင်းမှာ ဝမ်းနည်းကြေကွဲမှုဖြင့် ပြည့်နှက်နေသည်။ လေက သူ၏ အသံကို ဆုတ်ဖြဲပစ်လိုက်သော်လည်း ယင်း၏ အဓိပ္ပာယ်ကိုတော့ မပျောက်ကွယ်သွားစေနိုင်ပေ။ ယင်းက ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည်။
ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသော ခေါင်းဆောင်က အနောက်သို့လှည့်ပြီး သူ့ကို မျက်စိမမှိတ်ပြလျှင် အင်ပါယာသင်္ချိုင်းထဲမှာ မြှုပ်နှံထားသော ပုဂ္ဂိုလ်က ခေါင်းဆောင်၏ အဖေဖြစ်လိမ့်မည်ဟု ရွှီချင်း အမှန်တကယ် ခံစားမိလိမ့်မည်။ ထို့ပြင် ခေါင်းဆောင်၏ မျက်လုံးထဲမှာ ဘဝမြင့်သော အရိပ်အယောင်လည်း ရှိသေး၏။
နောက်အခိုက်အတန့်မှာ ခေါင်းဆောင်သည် အော်ပြောပြီးနောက် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်လိုက်သည်။ သူက ခန္ဓာကိုယ်ထဲမှ အသည်းကို ထုတ်လိုက်ပြီး ကျောက်နံရံပေါ်မှ သွေးဖြင့် ရေးဆွဲထားသော စက်ဝိုင်းထဲသို့ ဖိထည့်လိုက်သည်။
သူ၏ အသံသည် ပိုပြီးဝမ်းနည်းဖွယ်ကောင်းလာသည်။
“ ငါ့ရဲ့ ဝမ်းနည်းမှုကို ဖော်ပြဖို့အတွက် အသည်းကို ယဇ်ပူဇော်ပါတယ်… ကွယ်လွန်သွားတဲ့ ခမည်းတော်ရဲ့ ဝိညာဉ်က ငါ့အသည်းကို စားပြီး ငါ့ရဲ့ ဝမ်းနည်းမှုကို နားလည်နိုင်ပါစေ… ”
ကျောက်နံရံတစ်ခုလုံး တုန်ယင်သွားသည်။ ထို့နောက် ခေါင်းဆောင်သည် ကျောက်ကပ်များ၊ သရက်ရွက်နှင့် အဆုတ်များကို ထုတ်လိုက်ပြီး ကျောက်နံရံပေါ်မှ သွေးစက်ဝန်းထဲသို့ တစ်ခုပြီးတစ်ခု ထည့်သွင်းလိုက်သည်။ နောက်ဆုံးမှာ သူက နှလုံးကိုပင် ထုတ်လိုက်ပြီး တခြားအစိတ်အပိုင်းများ၏ အပေါ်မှာ ထားလိုက်သည်။
ယင်းတို့က သူ၏ ယဇ်ပူဇော်မှုဖြစ်သည်။
သူက ခမည်းတော်၏ ဝိညာဉ် လာရောက်စားသုံးမည်ကို စောင့်ဆိုင်းနေသည်။
လောကကြီးသည် ဝုန်းခနဲ မြည်သွားပြီး အင်ပါယာတောင်သည် တုန်ခါသွားသည်။ ဤအခိုက်အတန့်မှာ မုန်တိုင်းသည် ပိုပြီးကြောက်စရာကောင်းလာသည်။ မုန်တိုင်းက ပိုပြီးနီးကပ်လာသည့်အခါ ခေါင်းဆောင်သည် လက်နှစ်ဖက်စလုံးဖြင့် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။ သူ၏ မျက်လုံးထဲမှာ ရူးသွပ်မှု ထွက်ပေါ်လာသည်။ သူက ခန္ဓာကိုယ်ကို အနောက်သို့ ကိုင်းညွတ်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ရုတ်တရက် ရွေ့လျားသွားပြီး သူ့အရှေ့မှ ကျောက်နံရံဖြင့် အကြမ်းပတမ်း ဝင်ဆောင့်လိုက်ကာ အော်ပြောလိုက်သည်။
“ ငါ့ရဲ့ ယဇ်ပူဇော်မှုကို စားသောက်ဖို့ မင်းကို တောင်းဆိုပါတယ် ”
သူက ခွန်အားအကုန်ကို အသုံးပြုလိုက်သည်။
ထိုအခါ ခရက်ဟူသော မြည်သံနှင့်အတူ အက်ကွဲရာတစ်ခုသည် ခေါင်းဆောင်၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။
ရွှီချင်း၏ အမူအရာသည် ထပ်မံ ပြောင်းလဲသွားသည်။
ခေါင်းဆောင်၏ လုပ်ဆောင်မှုများသည် အင်ပါယာသင်္ချိုင်းတောင်ကို အပြင်းအထန် တုန်လှုပ်သွားစေသည်။ ကျောက်နံရံပေါ်မှ သွေးစက်ဝိုင်းထဲတွင် အစောနက ဦးခေါင်းဖြင့် သူဝင်ဆောင့်ခဲ့သော နေရာမှာ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။
ခေါင်းဆောင်၏ အမူအရာသည် ပိုပြီးရူးသွပ်သွားသည်။ သူက ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အသံကို ထုတ်ဖော်လိုက်ပြီး ဦးခေါင်းဖြင့် ကျောက်နံရံကို နောက်တစ်ကြိမ် အကြမ်းပတမ်း ဝင်ဆောင့်လိုက်သည်။
“ ငါ့ရဲ့ ယဇ်ပူဇော်မှုကို စားသောက်ဖို့ မင်းကို တောင်းဆိုပါတယ် ”
မြေကြီးသည် တုန်ယင်သွားပြီး တောင်သည် လှုပ်ခါသွားသည်။
သူ၏ နဖူးပေါ်မှ အက်ကွဲရာသည် ပိုပိုပြီး ကြီးမားလာသည်။ ထို့အတူ ကျောက်နံရံပေါ်မှ အက်ကွဲကြောင်းသည်လည်း ပိုပိုပြီး များပြားလာသည်။
နောက်ဆုံးမှာတော့ ခေါင်းဆောင်သည် တစ်ကြိမ်တည်း ကိုးခါဆက်တိုက် ခေါင်းဆောင့်လိုက်သည်။ ကျောက်နံရံပေါ်မှ သွေးစက်ဝိုင်းသည် ကျယ်လောင်သော မြည်သံနှင့်အတူ ပြိုကျသွားပြီး လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။
လမ်းကြောင်းထဲတွင် အလင်းအကာအကွယ်တစ်ခု ရှိသည်။ ယင်းက တောင်၏ အတွင်းပိုင်းနှင့် အပြင်လောကကို စည်းခြားထားသည်။
“ ဟား ဟား… နောက်ဆုံးတော့ ပွင့်သွားပြီ ”
ခေါင်းဆောင်၏ မျက်နှာပေါ်တွင် သွေးဖြင့် ပြည့်နှက်နေသော်လည်း ရူးသွပ်သော သူ၏ အမူအရာက အထင်အရှား မြင်သာနေဆဲပင်။ သူက အလင်းအကာအကွယ်ထဲသို့ ပြေးဝင်သွားသည်။ သူက ပြေးသွားနေစဉ် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရွှီချင်းကို အော်ပြောလိုက်သည်။
“ ချင်းလေး… ဒီဟာက ငါ့အရင်ဘဝမှာ အင်ပါယာသင်္ချိုင်းဆီ ဝင်ရောက်နိုင်ဖို့ ငါချန်ထားခဲ့တဲ့ အနောက်တံခါးပဲ… လျှို့ဝှက်စကားတွေကို အသုံးပြုပြီးမှပဲ မင်းဖွင့်နိုင်လိမ့်မယ်… ဒီအလင်းအကာအကွယ်က အလယ်မှာ စည်းခြားထားတာကြောင့် အပြင်က အန္တရာယ်တွေ အထဲကို ဝင်မလာနိုင်ဘူး ”
“ ဟား ဟား ရတနာတွေက ငါတို့ကို စောင့်ဆိုင်းနေတယ်… လာ မြန်မြန် သွားကြမယ် ”
ခေါင်းဆောင်သည် စကားပြောပြီးသည်နှင့် အရှေ့သို့ ပြေးသွားသည်။ သို့သော်လည်း သူက ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် ရွှီချင်းက သူ့အနောက်မှ မလိုက်လာကြောင်း အာရုံခံမိသွားသည်။ ထို့ကြောင့် သူက အနောက်လှည့်လိုက်လေရာ အံ့ဩသွားသည်။
“ ဂျူနီယာညီလေး… မင်းဘာလုပ်နေတာလဲ ”
အလင်းအကာအကွယ်၏ အပြင်ဘက်တွင် ရွှီချင်းသည် အစက ခေါင်းဆောင်နှင့်အတူ အထဲလိုက်ရန် စဉ်းစားထားသည်။ သို့သော်လည်း အပြင်မှ အန္တရာယ်များက အထဲမဝင်နိုင်ကြောင်း ခေါင်းဆောင်ထံမှ သူကြားလိုက်ရသည့်အခါ ရွှီချင်းသည် နှလုံးတုန်သွားသည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့ကြောင့် သူက စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
သန်းပေါင်းများစွာသော ဝီညာဉ်ချည်မျှင်များက ပျံ့နှံ့ထွက်လာပြီး ခရမ်းအရှင်သခင်၏ ခန္ဓာကိုယ်ကို ဖွဲ့စည်းရန် မြန်ဆန်စွာ စုဝေးသွားကြသည်။ ကျူးလီ၏ ဦးခေါင်းကိုးလုံး၏ အစွမ်းမြှင့်တင်ပေးမှုကြောင့် သူ၏ တိုက်ပွဲစွမ်းအားသည် အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိသွားသည်။ သူက အနီးဆုံးမှ ရုပ်တုတစ်ခုကို ပစ်မှတ်ထားလိုက်သည်။
နတ်ဘုရားအရင်းအမြစ်သည် ပျံ့နှံ့ထွက်လာပြီး ပုံရိပ်ယောင် ဧရာမလက်ကို ဖွဲ့စည်းသွားသည်။ ဧရာမလက်သည် ရုပ်တုဆီသို့ ဦးတည်သွားသည်။
သူက ထိုနေရာမှ ရုပ်တုတစ်ခုကို သတ်ဖြတ်ချင်ပြီး ၎င်း၏ ဝိညာဉ်ကို သူ၏ ကောင်းကင်ဘုံတာအိုအဖြစ် ပြောင်းလဲပစ်ချင်သည်။
ဤအခိုက်အတန့်မှာ ‘ မဟုတ်ဘူး ’ နှင့် ‘ စကားလုံး ’၏ ဖုံးကွယ်မှုသည် လွင့်ပြယ်သွားသည်။
ရုပ်တုသည် ရုတ်တရက် တုန်ခါသွားပြီး မှိတ်ထားသော မျက်လုံးကို ဖွင့်လိုက်သည်။ ၎င်း၏ ကျောက်ရုပ်ခန္ဓာကိုယ်သည် အသွေးအသားများဖြင့် မြန်ဆန်စွာ အစားထိုးသွားသည်။ ကျဆင်းလာတော့မည့် ဧရာမလက်ဖြင့် ရင်ဆိုင်ရသောအခါ ၎င်းက စကားလုံးတစ်လုံးကို ပြောသည်။
“ ချုပ်နှောင်စမ်း ”
၎င်း၏ ပါးစပ်မှ ထိုစကားလုံး ထွက်ပေါ်လာသည့်အခါ လောကသည် ဝုန်းခနဲ မြည်သွားသည်။ အဖြူရောင်အရိုးသံကြိုးများသည် ဟင်းလင်းပြင်ထဲမှ ဆင်းသက်လာပြီး ရွှီချင်း၏ ပုံရိပ်ယောင် ဧရာမလက်ကို တိုက်ရိုက် ချုပ်နှောင်လိုက်ကြသည်။ ထိုအခါ ဧရာမလက်သည် အရှေ့သို့ ဆက်လက် မရွေ့လျားနိုင်တော့ပေ။
တန်ပြန်ဆိုးကျိုးလည်း ရှိသေးသည်။ ရုပ်တုက စကားပြောလိုက်သည်နှင့် တန်ပြန်ဆိုးကျိုးသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် သက်ရောက်လာသည်။
ရွှီချင်းသည် ခပ်အုပ်အုပ်ညည်းလိုက်ပြီး အနောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။ ချက်ချင်းဆိုသလို ရုပ်တု၏ အရှိန်အဝါသည် ပိုပြီးကြမ်းတမ်းလာပြီး ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်လိုက်သည်။ ခေါင်းသုံးလုံးသည် ရွှီချင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ထို့နောက် ၎င်းက ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားပြီး လက်ခြောက်ဖက်ဖြင့် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။
ရွှီချင်း၏ နှလုံးသည် တည်ငြိမ်သည်။ သူက ခန္ဓာကိုယ်ထဲမှ တန်ပြန်ဆိုးကျိုးကို ဖိနှိပ်လိုက်ပြီး သူ့ဆီသို့ ဓားသွားတစ်စင်းနှယ် ပြေးလာနေသော ရုပ်တုကို စိုက်ကြည့်လိုက်သည်။ သူက အနောက်ဆုတ်သွားနေရင်း ညာလက်ကို မြှောက်လိုက်ပြီး သူ့ဘေးမှ ဟင်းလင်းပြင်ကို ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းဆိုသလို ဟင်းလင်းပြင်သည် ဆုတ်ပြဲသွားပြီး မီးတောက်များက ပေါ်လျှိုးလာသည်။ အနက်ရောင်လှံသည် မီးတောက်များကြားထဲမှ ပျံသန်းထွက်လာသည်။ ရွှီချင်းက လှံကို ဖမ်းဆုပ်လိုက်သည့်အခါ ဝံပုလွေခန္ဓာကိုယ်နှင့် နဂါးဦးခေါင်းရှိသော သားရဲတစ်ကောင်သည် ရွှီချင်း၏ ခန္ဓာကိုယ်အပြင်သို့ ခုန်ထွက်လာသည်။ ၎င်းက အနက်ရောင်လှံနှင့် ပေါင်းစပ်သွားပြီး လှံကို အစွမ်းမြှင့်တင်ပေးလိုက်သည်။
ထိုသားရဲသည် အလွန်သွေးဆာပြီး တိုက်ခိုက်ခြင်းကို နှစ်သက်သော ရာဇီဖြစ်သည်။
ရွှီချင်း၏ မျက်လုံးသည် အေးစက်မှုနှင့် ပြည့်နှက်သွားသည်။ သူက လက်မြှောက်လိုက်ပြီး လှံကို သူ့အရှေ့မှ ရုပ်တုဆီသို့ အကြင်နာမဲ့စွာ ပစ်လွှတ်လိုက်သည်။
မီးတောက်များသည် အရပ်မျက်နှာအဘက်ဘက်တွင် တစ်ဟုန်ထိုး ပေါ်လျှိုးလာသည်။ ရာဇီသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထိုအခါ အနက်ရောင်လှံသည် ရာဇီ၏ ဟိန်းသံနှင့်အတူ အမှောင်ထုကို ဖြတ်သန်းသွားပြီး ရုပ်တုဆီသို့ ပျံသန်းသွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ ရုပ်တုသည် ရုတ်တရက် ရပ်တန့်သွားပြီး ၎င်း၏ လက်လေးဖက်ကို မြှောက်လိုက်သည်။ ၎င်းက သူ့ဆီသို့ ပျံသန်းလာနေသော လှံကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။
ရွှီချင်းသည် လှံကို ပစ်လွှတ်ပြီးသည်နှင့် ရပ်မနေပေ။ သူက ဘယ်လက်ကို ချက်ချင်း မြှောက်လိုက်သည်။ သူ၏ လက်လေးချောင်းသည် ထက်ရှသော ဓားထိပ်ဖျားများနှယ် ကောင်းကင်ပေါ်သို့ ညွှန်ပြနေကြပြီး သူ၏ လက်မောင်းသည် ဓားတစ်ချောင်းနှယ် ဖြောင့်တန်းသည်။ ထို့နောက် ဝဲကတော့တစ်ခုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ ရှေးဟောင်းဘုရားကျောင်းသည် ဝဲကတော့ထဲမှ ဆင်းသက်လာပြီး ကောင်းကင်နှင့် မြေပြင်ကြားထဲမှာ ထွက်ပေါ်လာသည်။
ဘုရားကျောင်း၏ ဂိတ်တံခါးက တိတ်တဆိတ် ပွင့်သွားလေရာ ယဇ်ပလ္လင်ပေါ်တွင် ဆေဘာဓားကိုင်ထားသော ရုပ်တုတစ်ခု ထွက်ပေါ်လာသည်။ ရုပ်တုသည် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဘုရားကျောင်း၏ ဂိတ်တံခါးကို ဖြတ်ကျော်သွားသည်။ ထို့နောက် ၎င်းက ဆေဘာဓားကို ဆွဲထုတ်လိုက်ပြီး ခုတ်ပိုင်းလိုက်သည်။
လောကကြီးသည် လင်းထိန်သွားသည်။
ထိုဘုရားကျောင်းကို အစွန်းရောက် ကောင်းကင်ဘုံဟုခေါ်ပြီး ရုပ်တုဆီမှာ ရွှီချင်း၏ မျက်နှာရှိသည်။
ဆေဘာဓားသည်တော့ ကောင်းကင်ဘုံတာအိုနှင့် ပေါင်းစပ်ထားသောကြောင့် ကောင်းကင်ဘုံဆေဘာဟု ခေါ်သည်။
ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်က မြင့်တတ်သွားသည်နှင့်အမျှ ထိုဆေဘာဓားသည် ပိုပြီးကြောက်စရာကောင်းလာသည်။ ယင်းက ဆေဘာပုံရိပ်တစ်ခုမျှသာ မဟုတ်တော့ပေ။ ယင်းက ဘုရားကျောင်းနှင့် ရုပ်တုနှင့်အတူ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြန်နိုးထလာသော ရုပ်တု၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ ၎င်း၏ ကျန်ရှိသော လက်နှစ်ဖက်က လေထဲသို့ မြန်ဆန်စွာ မြှောက်တတ်သွားပြီး စစ်ပုဆိန်များကို ဖွဲ့စည်းလိုက်သည်။ ၎င်း၏ ဦးခေါင်းသုံးလုံးသည် ကျယ်လောင်စွာ ပါးစပ်ဟလိုက်ကြပြီး ကောင်းကင်ကို ဟိန်းဟောက်လိုက်ကြသည်။
လောက၏ အရောင်သည် ပြောင်းလဲသွားသည်။ ကောင်းကင်ဘုံဆေဘာဓား၏ ခုတ်ချက်အောက်မှာ စစ်ပုဆိန်များသည် ပျက်စီးသွားကြသည်။ ထိုမျှတင်မကသေးပေ။ ရုပ်တု၏ လက်နှစ်ဖက်နှင့် ဦးခေါင်းတစ်လုံးသည်လည်း ပြိုကွဲသွားကြသည်။
ထို့နောက် ကောင်းကင်ဘုံဆေဘာဓားသည် လွင့်ပြယ်သွားသည်။
ရုပ်တုသည် အရှိန်မသတ်နိုင်ခင် ပေတစ်ထောင်အကွာအဝေးသို့ ဆုတ်ခွာသွားရသည်။ ကျန်ရှိသော ဦးခေါင်းနှစ်လုံးနှင့် မျက်လုံးလေးလုံးသည် အနက်ရောင်လေကို ထုတ်လွှတ်လိုက်သည်။ ၎င်းက ရွှီချင်းဆီသို့ အံ့ဖွယ်ကောင်းသော အလျင်နှင့်အတူ ထပ်မံ ပြေးသွားသည်။ ၎င်းက လက်လေးဖက်ကို ဖြန့်ကားလိုက်ပြီး ဖမ်းဆုပ်ရန် ဟန်ပြင်ထားသည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ အမြန်အနောက်ဆုတ်သွားသည်။ ရုပ်တုက ပြေးလာသည်နှင့်ချက်ချင်း သူက ကျောက်နံရံထဲမှ အလင်းအကာအကွယ်ထဲသို့ ဆုတ်သွားသည်။
ထိုအခိုက်အတန့်မှာ ရုပ်တုက အနားကပ်လာသည်။ ဝုန်းခနဲ မြည်သံများကြားမှာ ၎င်း၏ လက်လေးဖက်က အလင်းအကာအကွယ်ပေါ်သို့ ကျရောက်သွားသည်။
အလင်းအကာအကွယ်သည် ပြင်းထန်စွာ တုန်ယင်သွားပြီး ရုပ်တုကို တားဆီးလိုက်သည်။
ခေါင်းဆောင်၏ ပြောစကားသည် မှန်သည်။ ထိုအလင်းအကာအကွယ်သည် အပြင်ဘက်မှ အန္တရာယ်များကို အမှန်တကယ် ကာကွယ်ပေးနိုင်သည်။ အကာအကွယ်အပြင်ဘက်မှ ရုပ်တုသည်တော့ ရွှီချင်းကို အေးတိအေးစက် စိုက်ကြည့်နေသည်။ တစ်ခဏကြာပြီးနောက် ၎င်းက အနောက်ဆုတ်သွားပြီး မူလနေရာမှာ ပြန်ရပ်လိုက်သည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်က ကျောက်ရုပ်ပြန်ဖြစ်သွားသည်။
သို့သော်လည်း ပျက်စီးသွားသော အစိတ်အပိုင်းများက ပြန်ကောင်းမွန်ရန် အလွန်ခက်ခဲသည်။
ဤသည်ကိုမြင်သောအခါ ခေါင်းဆောင်က တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။ သို့သော်လည်း သူက ပါးစပ်မဟနိုင်ခင်မှာ အကာအကွယ်ထဲမှ ရွှီချင်းသည် ရုတ်တရက် အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူက အကာအကွယ်၏ အပြင်သို့ ရောက်ရှိသွားပြီး ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။ ထိုအခါ နတ်ဘုရားအတတ်ပညာ၏ အစွမ်းသည် ဥက္ကာပျံတစ်စင်းနှယ် ကျဆင်းလာသည်။
ရုပ်တုသည် ပြန်နိုးထလာပြီး ထပ်မံ တိုက်ခိုက်သည်။
ချက်ချင်းဆိုသလို ပေါက်ကွဲသံများနှင့် အားလှိုင်းအတတ်အကျများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ ရွှီချင်းသည် တစ်ခါတစ်ရံမှာ အနောက်ဆုတ်ပြီး တစ်ခါတစ်ရံမှာ အရှေ့တတ်သည်။
အကာအကွယ်အတွင်းမှ ခေါင်းဆောင်သည် ထိုမြင်ကွင်းကို မြင်သွားသောအခါ အံ့ဩသွားသည်။ ရွှီချင်းက အကာအကွယ်ကို အခွင့်ကောင်းယူ၍ ရုပ်တုကို သေသည်အထိ ဖိအားပေးနေကြောင်း သူသိသည်။
ဤနေရာမှ ရုပ်တုများက မသေနိုင်ကြောင်း ရွှီချင်းကို သူသတိပေးချင်သည်။ ယခင်ဘဝတုန်းက သူ၏ စူးစမ်းလေ့လာမှုများအရ အကယ်၍ ဤနေရာမှ ရုပ်တုများက ဖျက်ဆီးခံရမည်ဆိုလျှင် ကြီးမားသော အပြောင်းအလဲများက ဖြစ်ပေါ်လာရန် အလွန်ရာခိုင်နှုန်းများသည်။
သို့သော်လည်း ယင်းကို နောက်တစ်ကြိမ် သူစဉ်းစားကြည့်လိုက်သည့်အခါ အကယ်၍ သူသာ ထိုသို့ပြောမည်ဆိုလျှင် စီနီယာအကိုကြီးဟူသော သူ၏ ဂုဏ်အရှိန်အဝါက မှေးမှိန်သွားလိမ့်မည်။
ဂုဏ်အရှိန်အဝါသည် သေခြင်းရှင်ခြင်းထက် ပိုပြီးအရေးကြီးသည်။
ထို့ကြောင့် သူက စိတ်လှုပ်ရှားသော အမူအရာကို အမြန်ထုတ်ဖော်လိုက်သည်။
“ ဂျူနီယာညီလေး… ငါမင်းကို ကူညီပေးမယ် ”
ခေါင်းဆောင်သည် စကားပြောပြီးနောက် အရှေ့သို့ ပြေးထွက်သွားပြီး ရုပ်တုကို ဖိနှိပ်ရန် ရွှီချင်းနှင့် အတူတကွ ပူးပေါင်းလိုက်သည်။
ထိုဖြစ်စဉ်သည် သံသရာစက်ဝန်းတစ်ခုသဖွယ် ထပ်ခါတလဲလဲ ဖြစ်ပျက်နေသည်။ ရုပ်တုသည် ဆက်ပြီး ပျက်စီးနေသည်။ တစ်ခဏကြာပြီးနောက် ကောင်းကင်ဘုံဆေဘာဓားသည် အလင်းအကာအကွယ်၏ အပြင်ဘက်မှာ ထွက်ပေါ်လာသည်။
သို့သော်လည်း ဤတစ်ကြိမ်သည် ယခင်နှင့် မတူညီပေ။
ကောင်းကင်ဘုံတာအိုသည် ဆေဘာဓားအဖြစ် ပြောင်းလဲသွားပြီး တားမြစ်အဆိပ်သည် ဓားသွားအဖြစ် ပြောင်းလဲသွားသည်။ ကျောက်ရှာအလင်းသည်တော့ ဓားအလင်းအဖြစ် ပြောင်းလဲသွားသည်။
တစ္ဆေအင်ပါယာတောင်ကုန်းသည် ကွပ်မျက်စင်အဖြစ် ပြောင်းလဲသွားပြီး (ဃ၁၃၂)၏ ကမ္မသည် ဆေဘာဓား၏ မျှော့ကြောင်းဖြစ်လာသည်။
ရွှေကျီးကန်းသည် ဆေဘာဓားနှင့် နတ်ဘုရားကွပ်မျက်စင်ကြားမှ ဆက်နွယ်မှုဖြစ်လာပြီး ခရမ်းလသည် ချိပ်တံဆိပ်ဖြစ်လာသည်။
ယင်းတို့ထဲမှာ အချိန်နိယာမပါဝင်ပြီး အားလုံးကို နေနာရီသက်စောင့်မီးအိမ်ဖြင့် အမိန့်ပေးနိုင်သည်။
၎င်းသည် နတ်ဘုရားကွပ်မျက်စင်မှလွဲ၍ တခြားမဟုတ်ချေ။
ကောင်းကင်ဘုံဆေဘာဓားက ကျဆင်းလာသည့်အခါ အကာအကွယ်အပြင်ဘက်၌ လက်တစ်ဖက်သာ ကျန်ရှိတော့သော ရုပ်တုသည် အပြင်းအထန် တုန်ယင်သွားသည်။ ၎င်း၏ တစ်ပိုင်းတစ်စ ပျက်စီးနေသော ဦးခေါင်းနှင့် ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ပြိုကွဲထွက်သွားသည်။ ၎င်းက နေရာမှာတင် လုံးဝပျက်စီးသွားသည်။
ရုပ်တုက ပျက်စီးသွားသည်နှင့်ချက်ချင်း လရောင်ခြည်အမျှင်တန်းများသည် ၎င်း၏ အက်ကွဲနေသော ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
ရွှီချင်း၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ တတိယနတ်ဘုရားရတနာသိုက်သည် ကျယ်လောင်စွာ ပွင့်ဟသွားပြီး လမ်းပြစွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုစွမ်းအင်၏ လမ်းပြမှုအောက်မှာ လရောင်ခြည်အမျှင်တန်းများသည် ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားပြီး သူ၏ နတ်ဘုရားရတနာသိုက်ထဲသို့ ပေါင်းစပ်သွားသည်။
အနက်ရောင်နတ်ဘုရားရတနာသိုက်ထဲ၌ မီးအိမ်တစ်ခုကို ထွန်းညှိလိုက်သည့်အလား အရောင်လင်းထိန်သွားသည်။
တစ်ချိန်တည်းမှာ အင်ပါယာသင်္ချိုင်းတောင်နှင့် ဝေးကွာပြီး ထိုကြယ်ဂြိုလ်ပေါ်မှ အနောက်ဘက်ခြမ်း တစ်နေရာတွင် ပုံရိပ်တစ်ခုသည် ထူးခြားဆန်းကြယ်သော ရိုးရာဓလေ့တစ်ခုကို အစပျိုးနေသည်။
ရိုးရာဓလေ့သည် နေ၊ လ၊ ကြယ်၏ စွမ်းအားကို စုစည်းနေပြီး မြေပြင်ပေါ်တွင် အရွယ်အစားကြီးမားသော တြိဂံပုံသဏ္ဍာန်တိုတမ်တစ်ခုကို ဖွဲ့စည်းသွားသည်။
တိုတမ်၏ ဘေးပတ်ဝန်းကျင်တွင် ကြမ်းတမ်းသော လေပြင်းက တိုက်ခတ်နေပြီး တိုတမ်၏ အလယ်မှာ တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခုရှိသည်။
ထိုလူက အဝတ်အစားကို လျော့တိလျော့ရဲ ဝတ်ဆင်ထားလေရာ ကြွက်သားများက အထင်အရှား ပေါ်လွင်နေသည်။ လေတိုက်ခတ်သည့်အခါတိုင်း သူ၏ အဝတ်အစားများက တဖျပ်ဖျပ်လှုပ်ခတ်သွားလေရာ ဆွဲဆောင်မှုရှိပြီး ပြစ်ချက်မဲ့သော ကိုယ်လုံးအသွင်သဏ္ဍာန်က ထွက်ပေါ်လာသည်။
သူ၏ မျက်နှာသည် ပြိုင်ဘက်ကင်းလုနီးပါး ချောမောလှပသည်။ သူ၏ အသားအရေသည် နှင်းထက် ပိုပြီးဖြူဝင်းသည်။ တစ်ခုတည်းသော ပြစ်ချက်မှာ သူ၏ အမူအရာက အေးစက်နေပြီး သတ်ဖြတ်ချင်သောစိတ်ဆန္ဒတချို့ ကိန်းအောင်းနေသည်။
ထိုလူသည် ရွှမ်မီးလျှံဖြစ်သည်။
ရိုးရာဓလေ့သည် ဤအခိုက်အတန့်မှာ အရောင်တောက်ပလာပြီး အလင်းတန်းတစ်ခုကို ဖွဲ့စည်းသွားသည်။ အလင်းတန်းသည် ကောင်းကင်ပေါ်သို့ ပျံတတ်မသွားပေ။ ယင်းအစား ၎င်းက မြေကြီးထဲသို့ တိုးဝင်သွားပြီး ကြယ်ဂြိုလ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ထို့နောက် အလင်းတန်းသည် အင်ပါယာသင်္ချိုင်းနှင့် ဆက်သွယ်သွားသည်။
နောက်အခိုက်အတန့်မှာ တိုတမ်ထဲမှ ရွှမ်မီးလျှံ၏ ပုံရိပ်သည် ပျောက်ကွယ်သွားသည်။