← Chapters

လျှို့ဝှက်ရတနာသိုက်၏ ဂိတ်တံခါးငါးခု

Vol. 84 Ch. 1295

လျှို့ဝှက်ရတနာသိုက်၏ ဂိတ်တံခါးငါးခု

Vol. 84 Ch. 1295

နတ်ဘုရားနယ်မြေ၊ အင်ပါယာကြယ်ဂြိုလ်၊ အင်ပါယာသင်္ချိုင်း၏ အပြင်ဘက်ဝယ်…

အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။

ရုပ်တုက ရွှီချင်း၏ နတ်ဘုရားကွပ်မျက်စင်ကြောင့် ဖျက်ဆီးခံလိုက်ရသည်နှင့်ချက်ချင်း ဤနေရာမှ ရုပ်တုအားလုံးက ချက်ချင်း တုန်ယင်လာကြသည်။ ၎င်းတို့အားလုံးက တစ်ပြိုင်နက် မျက်လုံးဖွင့်လိုက်ကြသည်။ အနက်ရောင်အလင်းသည် ၎င်းတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ၎င်းတို့၏ ကျောက်ရုပ်ခန္ဓာကိုယ်က အသွေးအသားများဖြင့် အစားထိုးခံလိုက်ရသည်။

၎င်းတို့အားလုံး အသက်ပြန်ရှင်လာကြသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး လေနှင့် တိမ်တိုက်များကို လှုံ့ဆော်လိုက်သည်။ မကြာမီ ဧရာမဝဲကတော့တစ်ခုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ ဝဲကတော့သည် အင်ပါယာသင်္ချိုင်းကို ဗဟိုပြု၍ လှည့်ပတ်နေသည်။ ဝုန်းခနဲမြည်သံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

အနက်ရောင်လျှပ်စီးများသည် ဝဲကတော့ထဲမှာ ရွေ့လျားကူးခတ်နေကြသည်။ ဤသည်မှာ နတ်ဘုရားတစ်ပါးက ဤလောကအတွက် သတ်ဖြတ်သူတစ်ယောက်ကို ပုံကြမ်းရေးဆွဲနေသည့်အလားပင်။

တစ်ချိန်တည်းမှာ အင်ပါယာကြယ်ဂြိုလ်၏ အပြင်ဘက်တွင် ပင့်ကူအိမ်များပေါ်မှာ နှစ်ချိုက်စွာ အိပ်ပျော်နေသော လူမျက်နှာသစ်ပင်များသည် နိုးထလာကြပြီး အပြင်းအထန် လှုပ်ယမ်းသွားကြသည်။

လူမျက်နှာသစ်ပင်အားလုံးသည် ၎င်းတို့၏ အနီရောင်မျက်လုံးကို တစ်ပြိုင်နက် ဖွင့်လိုက်ကြသည်။ စူးရှသော အော်မြည်သံများသည် ၎င်းတို့ထံမှ ပဲ့တင်ထပ်လာသည်။

ထိုအသံထဲမှာ အံ့ဖွယ်ကောင်းသော စွမ်းအားနှင့် အဆုံးမဲ့သော နာကျည်းမှုတို့ ပါရှိသည်။ ဤသည်မှာ ငရဲပြည်သို့သွားရာ ဂိတ်တံခါးက ပွင့်သွားပြီး ငရဲပြည်မှ အသံများက လူသားလောကဆီသို့ ကျဆင်းလာနေဟန် ရ၏။ တစ္ဆေများနှင့် နတ်ဘုရားများ၏ အော်သံများသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။

မရေမတွက်နိုင်သော အသံများက အတူတကွ စုဝေးသွားလေရာ ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး လေနှင့် တိမ်တိုက်များက ရွေ့လျားသွားကြသည်။ ဘေးပတ်ဝန်းကျင်မှ မုန်တိုင်းသည်ပင် ဤအခိုက်အတန့်မှာ ရပ်တန့်သွားသည်။

ကောင်းကင်ပေါ်မှ ဝဲကတော့သည် ထိုအသံကြောင့် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရသည်။ ဤသည်မှာ ဧရာမမျက်လုံးတစ်လုံးက ကောင်းကင်ပေါ်မှာ မျက်လုံးဖွင့်လှစ်သွားဟန် ရ၏။

ဤသည်မှာ ကြယ်ဂြိုလ်က ပြန်လည်ရှင်သန်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလားပင်။

ဤအခိုက်အတန့်မှာ ရွှီချင်းနှင့် ခေါင်းဆောင်သည် အံ့ဩထိတ်လန့်သွားကြသည်။ သူတို့က မည်သည့်စကားမှ မပြောဘဲ အမြန်အနောက်ဆုတ်သွားကြသည်။ သို့သော်လည်း အဆုံးမှာ သူတို့က ပြန်လည်ရှင်သန်နေသော ကြယ်ဂြိုလ်၏ အစွမ်းဖြင့် သက်ရောက်ခံလိုက်ရဆဲပင်။

ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်သည် ချက်ချင်း ပြိုကွဲသွားသည်။ သူ၏ ခုခံကာကွယ်မှုအားလုံးက အက်ကွဲသွားကြသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကိုယ်တွင်းအင်္ဂါများလည်း ပရမ်းပတာ လှုပ်ခတ်သွားကြသည်။

ခေါင်းဆောင်သည်လည်း ထို့အတူပင်။ သူ၏ ခန္ဓာကိုယ်သည် ကြမ်းကြုတ်သော ထိုအရှိန်အဝါအောက်မှာ ပြိုကွဲတော့မည့် လက္ခဏာများ ပြလာသည်။

သေခြင်းကပ်ဘေးသည် သူတို့၏ စိတ်ထဲမှာ တိုက်ရိုက် ထွက်ပေါ်လာသည်။ ဤသည်မှာ နောက်အခိုက်အတန့်တွင် သူတို့က ဤနေရာမှ ဖယ်ရှားခံရတော့မည့်အလားပင်။ ကံကောင်းစွာဖြင့် သူတို့၏ လက်ရှိနေရာသည် တောင်ထဲမှ လမ်းကြောင်းနှင့် အလွန်နီးကပ်သည်။ အပြောင်းအလဲဖြစ်ပေါ်လာသည်နှင့်ချက်ချင်း သူတို့က အလင်းအကာအကွယ်ထဲသို့ ခြေချလိုက်ကြပြီး အပြင်လောကနှင့် သီးခြားခွဲထုတ်လိုက်သည်။

သူတို့က အထဲရောက်ရှိသွားသည့်အခိုက် ရွှီချင်းသည် သွေးတစ်ပွက် အန်လိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးသည် အပြင်းအထန် နာကျင်နေသည်။ သူ၏ ဝိညာဉ်သည်ပင် ကြမ်းတမ်းစွာ ဆုတ်ဖြဲခံနေရသည်။ သူက ချက်ချင်း တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ဒဏ်ရာများကို ပြန်ကုသရန် အသက်ရှူသွင်းရှူထုတ် ပြုလုပ်လိုက်သည်။

ခေါင်းဆောင်သည်လည်း မတောင့်ခံနိုင်ပေ။ သူ၏ ခန္ဓာကိုယ်က ပြိုကွဲသွားပြီး အရေအတွက်များပြားသော အပြာရောင်ပိုးကောင်များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ပိုးကောင်များက ပြန်စုဝေးသွားကြပြီး ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ထပ်မံ ဖွဲ့စည်းလိုက်သည်။ ဤတစ်ကြိမ်တွင် ခေါင်းဆောင်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေသည်။

အချိန်အတော်ကြာပြီးနောက် သူတို့၏ ဒဏ်ရာများက ပြန်ကောင်းမွန်သွားသည့်အခါ သူတို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ခေါင်းဆောင်သည် ချောင်းဟန့်လိုက်သည်။

“ ဂျူနီယာညီလေး… ဒီတစ်ကြိမ် မင်းရဲ့ ရူးသွပ်မှုက ငါနဲ့ အတော်လေး တူတယ်… ဒါပေမဲ့ နောက်တစ်ခါ မင်းအဲ့လိုမလုပ်ခင် ငါ့ကို ကြိုပြောထားလို့ ရမလား… ”

ခေါင်းဆောင်သည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသွားသည်။ ရုပ်တုက ဖျက်ဆီးခံရလျှင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း သူခန့်မှန်းထားခဲ့သည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ ယင်းက ခန့်မှန်းမှုသာ ဖြစ်သည်။ ယင်းက ကြယ်ဂြိုလ်ကို အသက်ဝင်လာစေပြီး အမြစ်ဖြတ်သုတ်သင်ခြင်းစွမ်းအားကို သူတို့အပေါ်သို့ ပစ်ချစေလိမ့်မည်ဟု သူလုံးဝမမျှော်လင့်ထားခဲ့ပေ။

ထို့ပြင် အတိတ်၌ သေလမ်းရှာသူသည် အမြဲတမ်း သူသာဖြစ်ပြီး ရွှီချင်းက သူ့ကြောင့် ပါဝင်ပတ်သက်ခံရသူ ဖြစ်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ရွှီချင်းက သူ၏ နေရာကို လုယူသွားခဲ့သည်။

ရွှီချင်းသည် ယင်းကို ကြားသောအခါ အံ့ဩသွားပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ စီနီယာအကိုကြီး… မင်းရော ငါ့ကို ဘယ်တုန်းက ကြိုပြောဖူးလို့လဲ ”

ခေါင်းဆောင်သည် ကိုးရိုးကားရား ပြုံးလိုက်သည်။

“ အဲ့ဒါ စီနီယာအကိုကြီးက မင်းကို မလန့်စေချင်လို့ မဟုတ်ဘူးလား ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။

“ ငါလည်း အဲ့ဒီအတိုင်းပဲ ”

ခေါင်းဆောင်သည် မျက်ခုံးပင့်တင်လိုက်သည်။ ရွှီချင်းက အကျင့်ဆိုးများကို သင်ယူခဲ့သည်ဟု သူတွေးလိုက်သည်။

‘ အဲ့လိုမဖြစ်ရဘူး… အကြောက်အရွံ့မဲ့တယ်ဆိုတာ ဘယ်လိုမျိုးလဲ… အဆင်အခြင်မဲ့တယ်ဆိုတာ ဘယ်လိုမျိုးလဲ… ရူးသွပ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ သူ့ကို ငါသင်ပေးရမယ် ’

ထို့ကြောင့် ခေါင်းဆောင်သည် တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောသည်။

“ ဂျူနီယာညီလေး… အပြင်ဘက်က ဟာက အသေးအမွှားလေးပါ… စီနီယာအကိုကြီးက မင်းကို ဒီခေါ်လာတာ ကိစ္စကြီးလုပ်ဖို့ပဲ… လာ ငါတို့ဆက်သွားကြရအောင် ”

ခေါင်းဆောင်သည် စကားပြောပြီးနောက် အနိုင်မခံအရှုံးမပေးသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူက ဦးဆောင်လိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။

ထိုမြင်ကွင်းကို မြင်သွားသောအခါ ရွှီချင်းက သက်ပြင်းချလိုက်သည်။ ခေါင်းဆောင်က သေလမ်းရှာသည့်နေရာမှာပါ သူ့ကို ယှဉ်ပြိုင်နေကြောင်း သူခံစားမိသွားသည်။

ထို့ကြောင့် သူက ခေါင်းဆောင်၏ အနောက်သို့ မလိုက်မီ အရှိန်လျော့လိုက်သည်။

ရွှီချင်းသည် မထွက်သွားခင် အလင်းအကာအကွယ်၏ အပြင်ဘက်မှ မုန်တိုင်းကို ကြည့်လိုက်သည်။ ရုပ်တုတစ်ခုတည်းသာ ပျက်စီးသွားကြောင်း မြင်လိုက်ရသောအခါ သူက အနည်းငယ် နောင်တရသွားသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ရုပ်တုများကို ဆက်ပြီး အမဲလိုက်ရန် မသင့်တော်ကြောင်း သူသိသည်။ ထို့ကြောင့် သူက အကြည့်ပြန်ရုပ်လိုက်ပြီး ခေါင်းဆောင်၏ အနောက်သို့ လိုက်သွားသည်။

ဤအခိုက်အတန့်မှာ သူတို့က လူလုပ်လမ်းကြောင်းထဲမှာ ခရီးဆက်နေကြသည်။ ဘေးပတ်ဝန်းကျင်မှ နံရံများပေါ်တွင် ရှုပ်ထွေးသော မှော်သင်္ကေတများကို ရေးထွင်းထားသည်။ ရံဖန်ရံခါ မှော်သင်္ကေတတချို့သည် အရောင်တလက်လက် တောက်ပလာလေ့ ရှိသည်။

လမ်းတစ်လျှောက်တွင် တခြားဦးတည်ရာများဆီသို့ ခွဲထွက်နေသော လမ်းကြောင်းအခွဲများကိုလည်း သူတို့မြင်ခဲ့ကြသည်။ ဤနေရာတွင် လမ်းကြောင်းသည် တစ်သတ်မတ်တည်း မရှိပေ။

ယင်းက ဝင်္ကပါတစ်ခုနှင့် ဆင်တူသည်။

သို့သော်လည်း ခေါင်းဆောင်သည် အရှိန်မလျော့ခဲ့ပေ။ သူက အရှေ့သို့ ဆက်လက် လျှောက်သွားသည်။ ဤသည်မှာ သူက သေချာသော လမ်းကြောင်းကို သိထားသည့်အလားပင်။ သူက မြန်ဆန်စွာ ဆက်လျှောက်သွားနေသည်။

ဤသည်ကို မြင်သောအခါ ရွှီချင်းသည် လမ်းကြောင်းကို ဂရုမစိုက်တော့ပေ။ သူက ခေါင်းဆောင်၏ အနောက်မှ လိုက်သွားနေရင်း သူ၏ စိတ်အာရုံကို အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်လိုက်သည်။

အသိစိတ်ပင်လယ်၏ အပေါ်တွင် ကြီးမားသော ဂိတ်တံခါးငါးခု ရှိသည်။

ဂိတ်တံခါးတစ်ခုစီသည် ပေတစ်သိန်းရှည်လျားပြီး အလွန်ကြီးမားကြသည်။ ယင်းတို့က ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါနှင့် ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေကြသည်။ ယင်းတို့က မတူညီသော အရပ်မျက်နှာတစ်ခုစီမှာ တည်ရှိနေကြသည်။

ပထမဂိတ်တံခါးက ဖွင့်လှစ်နေလေရာ အထဲမှ ကျယ်ပြောသော လောကတစ်ခုကို မြင်နိုင်လိမ့်မည်။ မိုဆာဆောသည် ထိုလောကထဲမှာ ရွေ့လျားကူးခတ်နေပြီး ရံဖန်ရံခါ ဟိန်းဟောက်နေသည်။ ၎င်း၏ ဟိန်းသံသည် လောကတစ်ခွင်လုံး ပဲ့တင်ထပ်နေသည်။

ယင်းက ရွှီချင်း၏ ပထမနတ်ဘုရားရတနာသိုက်ဖြစ်သည်။

ဒုတိယဂိတ်တံခါးသည် ပိတ်နေသည်။ သို့သော်လည်း ထိုဂိတ်တံခါးထဲမှာ တားမြစ်အဆိပ်၏ အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။ ယင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်စုံတစ်ယောက်သည် နှလုံးတုန်သွားလိမ့်မည်။ ယင်းက ကြောက်စရာကောင်းသော ယိုယွင်းတိုက်စားမှုကို ထုတ်လွှတ်နေသည်။

တတိယဂိတ်တံခါးသည်လည်း ပိတ်နေသည်။ ဂိတ်တံခါး၏ အထဲတွင် ခရမ်းလစွမ်းအားက ပျံ့နှံ့နေသည်။ ဂိတ်တံခါးထဲတွင် ဆေးမီးဖိုက လှည့်ပတ်နေသည့်အလား ဝုန်းခနဲ မြည်သံများကို ထုတ်လွှတ်နေသည်။

စတုတ္ထဂိတ်တံခါးသည် တခြားဂိတ်တံခါးများနှင့် ခြားနားသည်။ ယင်းက ပိတ်နေဆဲဖြစ်သော်လည်း ဧကရာဇ်၏ စိတ်ဆန္ဒသည် ဂိတ်တံခါးထဲမှ စိမ့်ထွက်နေပြီး ကောင်းကင်အထိ ပျံ့နှံ့နေသည်။ ဧကရာဇ်အရှိန်အဝါသည် အလွန်သိပ်သည်းပြီး ကြီးကျယ်မြင့်မြတ်သည်။ ဤသည်မှာ သက်ရှိအားလုံးကို ဖိနှိပ်နိုင်ပြီး သတ်ပစ်နိုင်သော ဘုရင်တစ်ပါးက လောကကို အထင်သေးရှုံ့ချစွာ ငုံ့ကြည့်နေသည့်အလားပင်။

ပဉ္စမဂိတ်တံခါးသည် ဂမ္ဘီရမှော်တာအိုဖြစ်သည်။ ထိုဂိတ်တံခါးသည် တစ်ဝက်နီးပါး ပွင့်နေသည်။ သို့ဖြစ်၍ ဂိတ်တံခါးထဲမှ အသူရာချောက်နက်အတွင်းမှာ ကြီးကျယ်မြင့်မြတ်သော ပုံရိပ်တစ်ခုက ထိုင်နေပြီး လောကကို ထမ်းပိုးထားကြောင်း မြင်နိုင်လိမ့်မည်။ အော်ဟစ်ညည်းတွားသံများလည်း ဂိတ်တံခါးထဲမှ ပဲ့တင်ထပ်နေသည်။

ယင်းက ဂျိဒုန်းဇီ၏ အသံဖြစ်သည်။

ထိုဧရာမဂိတ်တံခါးငါးခုသည် အသိစိတ်ပင်လယ်တစ်ခုလုံးကို နတ်ဘုရားများသဖွယ် ဖုံးလွှမ်းထားကြသည်။ ၎င်းတို့က အထွတ်အမြတ်တည်ရှိမှုများ ဖြစ်ကြသည်။

ဤသည်မှာ ဝိညာဉ်သိုက်အဆင့်မှ လျှို့ဝှက်ရတနာသိုက်များ၏ ဂိတ်တံခါးများ ဖြစ်ကြသည်။ သို့သော်လည်း ရွှီချင်းမှာတော့ လျှို့ဝှက်ရတနာသိုက်များ မရှိပေ။ ယင်းအစား သူ့မှာ နတ်ဘုရားရတနာသိုက်သုံးခု၊ ဧကရာဇ်ရတနာသိုက်တစ်ခုနှင့် ဂမ္ဘီရမှော်ဝင်ရတနာသိုက်တစ်ခု ရှိသည်။

ဝိညာဉ်သိုက်အဆင့်တွင် လျှို့ဝှက်ရတနာသိုက်များ၏ ဂိတ်တံခါးများကို ဖွဲ့စည်းရလိမ့်မည်။ လျှို့ဝှက်ရတနာသိုက်တစ်ခု ဖြစ်ပေါ်လာတိုင်း အသိစိတ်ပင်လယ်ထဲမှာ ဂိတ်တံခါးတစ်ခု ထွက်ပေါ်လာလိမ့်မည်။

အကယ်၍ လျှို့ဝှက်ရတနာသိုက်ထဲမှာ ကောင်းကင်ဘုံတာအိုရှိလျှင် ဂိတ်တံခါးက ပွင့်နေလိမ့်မည်။ အကယ်၍ စိတ်ဝိညာဉ်မရှိလျှင် ဂိတ်တံခါးက ပိတ်နေလိမ့်မည်။

ယခု ရွှီချင်း၏ ရတနာသိုက်ဂိတ်တံခါးငါးခုထဲမှာ တစ်ခုသည် အပြည့်အဝ ပွင့်နေပြီး တစ်ခုသည် တစ်ဝက်ပွင့်နေသည်။ ကျန်ဂိတ်တံခါးသုံးခုသည်တော့ ပိတ်နေကြသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ပိတ်နေသော တတိယဂိတ်တံခါးထဲတွင် လရောင်ခြည်အမျှင်တန်းများဖြင့် ပေါင်းစပ်မှုအောက်မှာ အသိစိတ်ပင်လယ်ထဲမှ ကောင်းကင်နှင့် ပင်လယ်ကို ပရမ်းပတာ လှုပ်ခါသွားစေမည့် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

ထိုလရောင်ခြည်သည် သက်တမ်းအရှည်ဆုံး လစန္ဒာထံမှဖြစ်ပြီး အစွန်းရောက် ယင်တာအိုပါရှိသည်။ ယင်းက ခရမ်းလမှ ဖြစ်ပေါ်လာသော နတ်ဘုရားရတနာသိုက်နှင့် ဇစ်မြစ်တူညီသည်။ အမှန်မှာ ယင်းက ပိုပြီးရှေးကျသည်။ လရောင်ခြည်အမျှင်တန်းများ၏ ထွက်ပေါ်လာမှုသည် နတ်ဘုရားရတနာသိုက်တစ်ခုလုံးကို လင်းထိန်သွားစေသည်။ ထို့နောက် ကမ္ဘာတုန်ဟီးစေမည့် အသံသည် နတ်ဘုရားရတနာသိုက်ထဲမှ ပဲ့တင်ထပ်လာသည်။

ဝုန်းခနဲ မြည်သံများနှင့်အတူ ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှ တတိယမြောက် ရတနာသိုက်ဂိတ်တံခါးသည် ပိုပြီးကြီးမားလာပြီး အားလုံးထက် သာလွန်သွားသည်။ နောက်ဆုံးမှာတော့ အဟရာတစ်ခုသည် ပိတ်နေသော တတိယမြောက် ရတနာသိုက်ဂိတ်တံခါးထံမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

ယင်းက အဟရာတစ်ခုသာ ဖြစ်သော်လည်း အကျိုးအမြတ်ရရှိခြင်း၏ သက်သေအထောက်အထား ဖြစ်သည်။ ယင်းက အလွန်တန်ဖိုးရှိပြီး ကြီးမားသော အဓိပ္ပာယ်ရှိသည်။

ထိုအဟရာမှတဆင့် တစ်စုံတစ်ယောက်သည် အစက မှေးမှိန်နေသော တတိယနတ်ဘုရားရတနာသိုက်ထဲမှာ ဝေဝါးဝါး အဖြူရောင်စက်လုံးတစ်လုံး ထွက်ပေါ်လာကြောင်း မြင်နိုင်လိမ့်မည်။

စက်လုံးသည် ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ယင်းက ရှေးခေတ်မှ ပစ္စည်းတစ်ခုဖြစ်ဟန် ရ၏။

စက်လုံးမှ ထုတ်လွှတ်နေသော အအေးဓာတ်သည် အချိန်နှင့် လေဟာနယ်ကို အေးခဲပစ်နိုင်စွမ်း ရှိပုံပေါ်သည်။ ဤသည်မှာ လရောင်ခြည် ဖြတ်သန်းသွားသည့်နေရာတိုင်း မဟာတာအိုသည်ပင် အေးခဲသွားမည့်သဘော ရှိသည်။

ယင်းက တတိယနတ်ဘုရားရတနာသိုက်အတွက် ကောင်းကင်ဘုံတာအို၏ သန္ဓေသားလောင်းပုံစံ ဖြစ်သည်။

ယင်းက အစွန်းရောက်ယင်မှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်း၏ ရှေးခေတ်နာမည်သည် ငရဲရောင်ဝါဖြစ်သည်။

ငရဲရောင်ဝါထွက်ပေါ်လာသည်နှင့်ချက်ချင်း တတိယမြောက် ရတနာသိုက်ဂိတ်တံခါးထဲမှ အဟရာသည် ပွင့်သွားသည်။ ဤသည်မှာ မီးတောင်တစ်ခုက ပေါက်ကွဲသွားသည့်အလား ကမ္ဘာတုန်ဟီးစေမည့် အရှိန်အဝါသည် ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ ပြည့်နှက်သွားသည်။ ထိုအရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အညစ်အကြေးအားလုံးကို သန့်စင်ပေးလိုက်ကာ အရာအားလုံးကို အစွမ်းတိုးမြှင့်ပေးလိုက်သည်။

အင်ပါယာသင်္ချိုင်းဝင်္ကပါထဲမှ လမ်းကြောင်းထဲတွင် အရှေ့သို့ ဆက်လျှောက်သွားနေသော ရွှီချင်းသည် တုန်ယင်သွားသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားသည် ဘန်းဟူသော မြည်သံနှင့်အတူ ပေါ်လျှိုးထွက်လာသည်။ ယင်းက အတိတ်တုန်းက သူ၏ တိုက်ပွဲစွမ်းအားထက် ကျော်လွန်သွားသည်။ သို့သော်လည်း သူက ယင်းကို ချက်ချင်း ဖိနှိပ်လိုက်သည်။ သူက မျက်လုံးဖွင့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှ စိတ်ဝိညာဉ်သည် ယခင်ထက် ပိုပြီးသက်ဝင်လာသည်။ ထို့အတူ သူ၏ မျက်လုံးသည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ အမှောင်ထဲတွင် သူ၏ မျက်လုံးသည် ဝင်းလက်သွားသည်။

အရှေ့မှ လျှောက်နေသော ခေါင်းဆောင်သည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက အနောက်လှည့်လိုက်ပြီး ရွှီချင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။ ယင်းအစား သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေရာ သူ၏ ပုံရိပ်က သူ့အရှေ့မှ ကျောက်နံရံထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ရွှီချင်းသည် ကျောက်နံရံကို စိုက်ကြည့်လိုက်သည်။ သူက တုံ့ဆိုင်းမနေပေ။ သူက ကျောက်နံရံကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထိုအခါ သူက ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်ကျော်သွားသည့်အလား လှိုင်ဂူတစ်ခုထဲမှာ ပြန်ပေါ်လာသည်။

ထိုလှိုင်ဂူသည် စောစောတုန်းက ဝင်္ကပါနှင့် ခြားနားသည်။ ယင်းက သဘာဝအလျောက် ဖြစ်ပေါ်နေဟန် ရ၏။ ဘေးပတ်ဝန်းကျင်သည် ဟာလာဟင်းလင်းဖြစ်နေပြီး မည်းမှောင်နေသည်။ ယင်းက ဗလာနတ္ထိနယ်မြေတစ်ခုဖြစ်ပုံပေါ်သည်။ ဝဲကတော့ကိုးခုသာလျှင် လှိုင်ဂူ၏ အပေါ်မှာ တည်ရှိသည်။ ဝဲကတော့ကိုးခုစလုံးသည် ကြယ်အလင်းရောင်နှင့်အတူ လှည့်ပတ်နေကြသည်။ ယင်းတို့က တိတ်တဆိတ် လှည့်ပတ်နေပြီး အလင်းရောင်ဖျော့ဖျော့ကို ထုတ်လွှတ်နေကြသည်။

ယင်းတို့က မတူညီသော လောကကိုးခုနှင့် ဆက်သွယ်ထားသော ဝင်ပေါက်ကိုးခုဖြစ်ဟန် ရ၏။

ရွှီချင်းက ကြယ်ဝဲကတော့ကိုးခုကို စိုက်ကြည့်နေစဉ် ခေါင်းဆောင်၏ အသံက ထွက်ပေါ်လာသည်။

“ အင်ပါယာသင်္ချိုင်းရဲ့ အပြင်ဘက်အလွှာက ပရမ်းပတာဖြစ်နေတဲ့ ဝင်္ကပါပဲ… တကယ်လို့ တစ်ယောက်ယောက်က လမ်းကြောင်းအမှန်ကို မသိထားဘူးဆိုရင် ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်ဆိုရင်တောင် ဝင်္ကပါကို ဖြတ်နိုင်ဖို့ ခက်ခဲလိမ့်မယ်… ဒါပေမဲ့ ငါ့အတွက်တော့ အဲ့ဒါက အလွယ်လေးပဲ ”

“ ဒီနေရာက ဝင်္ကပါရဲ့ အဓိကအချက်အချာပဲ… အပေါ်က ကြယ်ဝဲကတော့ကိုးခုက လမ်းကြောင်းကိုးခုကို ကိုယ်စားပြုတယ်… အဲ့ဒီထဲမှာ ရှင်သန်ခြင်းလမ်းကြောင်းငါးခုနဲ့ သေခြင်းလမ်းကြောင်းလေးခု ရှိတယ်… ပြီးတော့ အဲ့ဒါတွေက အချိန်တိုင်း ပြောင်းလဲနေတာဖြစ်လို့ ဘယ်ဟာက ရှင်သန်ခြင်းလမ်းကြောင်း ဘယ်ဟာက သေခြင်းလမ်းကြောင်းလဲဆိုတာ ခွဲခြားဖို့ ခက်ခဲတယ် ”

ခေါင်းဆောင်သည် လေထဲမှာ မတ်တတ်ရပ်နေပြီး လက်နောက်ပစ်ထားသည်။ သူက ဂုဏ်ယူဝင့်ကြွားသော အမူအရာနှင့်အတူ ကြယ်ဝဲကတော့ကိုးခုကို ကြည့်နေသည်။

“ ဒါပေမဲ့ အရင်ဘဝတုန်းက ငါ့ရဲ့ စူးစမ်းလေ့လာမှုတွေနဲ့ ပြင်ဆင်မှုတွေကြောင့် ဒီလမ်းကြောင်းကိုးခုက ဘယ်လိုပဲ ပြောင်းလဲနေပါစေ ငါက လမ်းတစ်လမ်းကို ရွေးလိုက်တာနဲ့ အဲ့ဒါက ငါ့အတွက် အလိုအလျောက် ရှင်သန်ခြင်းလမ်းကြောင်း ဖြစ်သွားလိမ့်မယ် ”

ခေါင်းဆောင်သည် ခေါင်းမော့လိုက်ပြီး အင်္ကျီလက်ကို လှုပ်ခါလိုက်သည်။ သူ၏ စကားက မည်မျှအံ့ဖွယ်ကောင်းကြောင်း စိတ်ထဲမှာ တွေးလိုက်သည်။ ချင်းလေး၏ မြန်ဆန်သော တုံ့ပြန်မှုအရဆိုလျှင် သူက နောက်အခိုက်အတန့်မှာ အံ့ဩထိတ်လန့်သွားပြီး ချီးကျူးလေးစားသော အမူအရာကို ထုတ်ဖော်ပြလိမ့်မည်။

သူက တစ်ခဏကြာ စောင့်ဆိုင်းသည်။ သို့သော်လည်း အောက်ဘက်မှ မည်သည့်တုံ့ပြန်မှုမှ ထွက်ပေါ်မလာပေ။ ထို့ကြောင့် ခေါင်းဆောင်သည် ခေါင်းငုံ့လိုက်ပြီး အောက်သို့ တစ်ချက်ကြည့်လိုက်သည်။

သို့သော်လည်း ရွှီချင်း၏ အကြည့်က ခေါင်းဆောင်ပေါ်မှာ မရှိပေ။ ယင်းအစား သူက သတ္တမမြောက်ဝဲကတော့ကို စိုက်ကြည့်နေသည်။ ထူးဆန်းသော အလင်းရောင်သည်ပင် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အဲ့ဒါက သေခြင်းလမ်းကြောင်း… ပြီးတော့ အဆိုးဆုံး သေခြင်းလမ်းကြောင်းပဲ… အဲ့ဒါကို ကြည့်မနေနဲ့ ”

ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး သတိပေးလိုက်သည်။

ရွှီချင်းသည် ခေါင်းဆောင်ကို လျစ်လျူရှုထားသည်။ သူ၏ မျက်လုံးထဲမှ ထူးဆန်းသော အလင်းရောင်သည် ပိုပြီးသိပ်သည်းလာသည်။ သတ္တမမြောက်ဝဲကတော့ထဲမှာ မည်သည့်အရာရှိကြောင်း သူမသိပေ။ သို့သော်လည်း ဤနေရာသို့ သူရောက်လာသည်နှင့်ချက်ချင်း တားမြစ်အဆိပ်မှ ဖြစ်ပေါ်လာသော သူ၏ ဒုတိယနတ်ဘုရားရတနာသိုက်သည် လပူဇော်ရုပ်တုကို သူမြင်ခဲ့စဉ်ကလို အားလှိုင်းအတတ်အကျများ ထုတ်လွှတ်လာသည်။

ထိုအားလှိုင်းအတတ်အကျသည် ပြင်းပြသော လိုအင်ဆန္ဒကို ဖော်ပြနေသည်။

ခေါင်းဆောင်သည် မျက်ခုံးပင့်တင်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ လှိုင်ဂူ၏ အခြားတစ်ဖက်တွင် ဟင်းလင်းပြင်သည် ပုံပျက်တွန့်လိမ်သွားသည်။ ထို့နောက် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့်အတူ ထွက်ပေါ်လာသည်။

လေသည် သူ၏ အနောက်မှ ပင့်တတ်လာသဖြင့် အဝတ်အစားများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ တွယ်ကပ်သွားသည်။ ထိုအခါ သူ၏ ကြော့ရှင်းတင့်တယ်သော ကိုယ်လုံးက မြင်သာစွာ ထွက်ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်တစ်ဝက်သည် တောင်တန်းသဖွယ် နိမ့်ချည်မြင့်ချည် ရှိသည်။ ကျန်တစ်ဝက်သည်တော့ လျှိုမြောင်သဖွယ် သွယ်လျသည်။ ယင်းတို့ကို သူ၏ တာအိုဝတ်ရုံဖြင့် တွဲဖက်မြင်လိုက်သည့်အခါ ကြည့်ရှုသူများကို ထူးဆန်းသော စိတ်ခံစားချက် ဖြစ်ပေါ်လာစေသည်။

သူက ရွှမ်မီးလျှံဖြစ်သည်။

သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းနှင့် အားညိုကို မြင်သွားသည်။ အစတွင် သူက အံ့ဩသွားသည်။ ထို့နောက် သူ၏ မျက်လုံးထဲမှ အလင်းရောင်သည် နေနှင့်လကဲ့သို့ ပေါက်ကွဲထွက်လာသည်။ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် သူ၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။

ရွှီချင်း၏ အကြည့်သည် အေးခဲသွားပြီး ခေါင်းဆောင်သည် ဆွံ့အသွားသည်။ ထို့နောက် သူ၏ အမူအရာက သိသာစွာ ပျက်ယွင်းသွားပြီး သူက အလန့်တကြား အော်ပြောလိုက်သည်။

“ ယီး… မင်းက ဒီကို ဘယ်လိုရောက်လာတာလဲ ”

ခေါင်းဆောင်သည် စကားဆုံးသည်နှင့် အနောက်လှည့်လိုက်ပြီး ထွက်ပြေးရန် ပြင်လိုက်သည်။ ရွှမ်မီးလျှံ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ကမ္ဘာဖျက်ဆီးနိုင်လုနီးပါး အလွန်အားကောင်းသည်။ သူ၏ ကြောက်စရာကောင်းသော အရှိန်အဝါသည် ဝိညာဉ်စုစည်းခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သည်။ ယင်းက လှိုင်ဂူတစ်ခုလုံးကို တုန်ယင်သွားစေသည်။ သူက ခြေတစ်လှမ်းဖြင့် ဝဲကတော့ကိုးခု၏ ဘေးသို့ ရောက်ရှိသွားပြီး ခေါင်းဆောင်ကို လက်သီးဖြင့် ထိုးလိုက်သည်။

“ သေစမ်း ”

All Chapters