← Chapters

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ

Vol. 103 Ch. 1533

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ

Vol. 103 Ch. 1533

ပဟေဠိနန်းတော်တွင်…

“အဘိုးကြီး.. ကျုပ်တို့ ဘာလုပ်ရမလဲ”

လင်းရွှမ်ကျီက စိုးရိမ်ပူပန်နေသော အမူအရာတစ်ခု ရှိပြီး တစ်မူထူးခြားစွာ တည်တံ့နေ၏။

“ရှင်းသန့်လေပြေဘုရားကျောင်းနဲ့ သန့်စင်နှလုံးသား သီလရှင်ကျောင်းက ဖျက်ဆီးခံလိုက်ရပြီး လူသားမျိုးနွယ်ရဲ့ ကပ်ဆိုးက ရောက်ရှိလာတော့မယ်… ကျုပ်တို့က လက်တုံ့မပြန်ဘူးဆိုရင် အင်မော်တယ်ဂိုဏ်း၊ မိစ္ဆာဂိုဏ်းတွေနဲ့ ဗုဒ္ဓကျောင်းတော်တွေက ကမ္ဘာဦးမျိုးနွယ် ၆ စုရဲ့ တစ်ခုပြီးတစ်ခု ဖျက်ဆီးခြင်းကို ခံရလိမ့်မယ်”

“အဲဒီအချိန်ကျရင် လူသားမျိုးနွယ်က မျိုးနွယ်စုတစ်သောင်းရဲ့ ကျွန်ပြုခြင်းကို ခံရတဲ့ ကမ္ဘာဦးခေတ်လိုမျိုးခေတ်တစ်ခုကို ပြန်လည်ရောက်ရှိသွားဖို့ များတယ်”

ပုံပြောအဘိုးအိုက တာအိုနန်းတော်တစ်ခုပေါ်မှာ မတ်တတ်ရပ်ပြီး အဝေးတစ်နေရာသို့ တိတ်တဆိတ်ဖြင့် ငေးကြည့်နေ၏။

“သားရဲနယ်မြေတွေမှာ ကြီးကြီးမားမား တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ပုံ ရတယ်လို့လည်း ကျုပ်ကြားထားတယ်.. သူတို့ထဲက တချို့တစ်ဝက်က ကမ္ဘာဦးမျိုးနွယ် ၆စုထံမှာ အညံ့ခံပြီးသွားပြီ”

လင်းရွှမ်ကျီက ဆက်ပြောလိုက်၏။

“အချိန်ကြာလာတာနဲ့.. ကမ္ဘာဦးမျိုးနွယ် ၆ စုရဲ့ ခွန်အားက ပိုပြီး တိုးလာဖို့ပဲ ရှိတယ်.. အဲဒီအချိန်ကျရင် ကျုပ်တို့က ဘယ်လိုခုခံရမှာလဲ”

ပုံပြောအဘိုးအိုက ခဏမျှ တိတ်ဆိတ်ငြိမ်သက်ပြီး ရုတ်တရက် ပြောလိုက်၏။

“ပဟေဠိနန်းတော်က မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို လက်ခံကျင်းပပြီး ညှိနှိုင်းဆွေးနွေးဖို့အတွက် ကမ္ဘာဦးမျိုးနွယ်တွေနဲ့ ထိပ်သီးဂိုဏ်းကြီးတွေကို ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းကို လွှင့်ပေးလိုက်”

လင်းရွှမ်ကျီက ဆတ်ခနဲ တုန်ယင်သွား၏။

ပုံပြောအဘိုးအိုက ဆက်ပြောလိုက်၏။

“ငါတို့က ခြေတစ်လှမ်း​ နောက်ဆုတ်ပေးရမယ်.. ကမ္ဘာဦးမျိုးနွယ် ၆စုက ပိုင်နက်နယ်မြေတွေကို လိုချင်တယ်ဆိုမှတော့ ငါတို့က သူတို့ကို အဲဒါ ပေးလိုက်ရတာပေါ့… အဲဒီတိုက်ပွဲက အခုချက်ချင်းလက်ငင်း ပေါ်ထွက်မလာဖို့ ငါတို့က အတတ်နိုင်ဆုံး ကြိုးစားပြီး အချိန်ဆွဲရမယ်”

လင်းရွှမ်ကျီက မျက်မှောင်ကြုတ်လိုက်၏။

“ကမ္ဘာဦးမျိုးနွယ်တွေက အခုချိန်မှာ သူတို့ရဲ့ အထွတ်အထိပ်အချိန်တစ်ခုကို ရောက်​နေကြပြီ.. သူတို့က ကျုပ်တို့နဲ့ ဘယ်လိုလုပ် ပုံမှန်အတိုင်း ညှိနှိုင်းဆွေးနွေးနိုင်ပါ့မလဲ”

“အဲဒီအချိန်ကျရင်… ကမ္ဘာဦးမျိုးနွယ်တွေက မတော်တရော် တောင်းဆိုမှုတွေကို သေချာပေါက် ပြုလုပ်လာလိမ့်မယ်.. အဲဒီ မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကလည်း ပျက်ပြားသွားဖို့ များတယ်”

“ညှိနှိုင်းဆွေးနွေးမှုက မအောင်မြင်ဘူးဆိုရင်တောင် အခြေအနေက ဒီထက်ပိုဆိုးလာစရာ မရှိဘူး”

ပုံပြောအဘိုးအိုက ပြောလိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက ငါက ကမ္ဘာဦးမျိုးနွယ် ၆စုကို အတူတကွ ခုခံဖို့အတွက် လူသားမျိုးနွယ်က ဧကရာဇ်တွေကို ဆင့်ခေါ်ခဲ့ပြီးပြီ.. ဒါပေမဲ့ တုံ့ပြန်လာတဲ့ ဧကရာဇ်တွေက သိပ်ပြီးတော့ များများစားစား မရှိဘူး”

“ငါတို့ တချို့ကို မပြောနဲ့… လောကရဲ့ ဧကရာဇ်တွေအကုန်​ စုဝေးလာကြမယ်ဆိုရင်တောင် ငါတို့က ကမ္ဘာဦးမျိုးနွယ် ၆စုကို တိုက်ခိုက်နိုင်ချင်မှ တိုက်ခိုက်နိုင်လိမ့်မယ်”

ပုံပြောအဘိုးအိုက သူ့ကိုယ်သူ အပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။

“နောက်ဆုံးမှာတော့ ငါက လူသားဧကရာဇ် မဟုတ်ဘူး.. ငါ့မှာ သူ့ရဲ့ ဩဇာတိက္ကမမျိုး မရှိဘူး”

ရှေးဟောင်းခေတ်တုန်းက မည်သူကမှ လူသားဧကရာဇ်၏ အမိန့်ကို မနာခံဘဲ မနေရဲကြပေ။

“ဒါပေမဲ့.. ဘိုးဘေး လူသားဧကရာဇ်က အထက်ဘုံကို တက်လှမ်းသွားတာ ကြာခဲ့ပြီ.. အာ…”

လင်းရွှမ်ကျီက ညင်သာစွာ သက်ပြင်းချလိုက်၏။

ပုံပြောအဘိုးအိုက ပြုံးလိုက်၏။

“သွားပြီးတော့ အဲဒီအမိန့်ကို ပေးလိုက်တော့”

“ကောင်းပါပြီ”

လင်းရွှမ်ကျီက လေးနက်စွာ ​ခေါင်းညိတ်၍ လှည့်ထွက်သွား၏။

ပုံပြောအဘိုးအိုက သူ၏ ခေါင်းကို မော့ပြီး မိုးကောင်းကင်ထက်သို့ မော့ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။

“ဘိုးဘေး လူသားဧကရာဇ်.. ဒီကပ်ဘေးကို ဖြတ်ကျော်ဖို့အတွက် လူသားမျိုးနွယ်ကို ကျေးဇူးပြုပြီး ကောင်းချီးပေးပါဦး”

သန့်စင်နှလုံသား သီလရှင်ကျောင်း ဖျက်ဆီးခံလိုက်ရခြင်းသည် ကျင့်ကြံရေးလောကတစ်ခုလုံးကို လှုပ်ခတ်သွားစေ၏။

သိပ်မကြာခင်.. ပဟေဠိနန်းတော်ကနေ ပို၍ပင် တုန်လှုပ်စရာကောင်းသော သတင်းတစ်ခုက ထျန်ဟွမ်ကုန်းမြေတိုက်ကြီး တစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်လာစေ၏။

ပဟေဠိနန်းတော်က မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ဧည့်ခံကျင်းပပေးပေတော့မည်။

မျိုးနွယ်စုတစ်သောင်းက အမြဲတမ်း တည်ရှိခဲ့ကြ၏။

သို့သော်လည်း ကမ္ဘာဦးခေတ် စစ်ပွဲအပြီး၌ မျိုးနွယ်စုတစ်သောင်းသည် လွင့်ပါးသွားပြီး သူတို့ထဲမှာ များစွာက ဖျက်ဆီးခံခဲ့ရ၏။ ကျန်ရှိနေသော မျိုးနွယ်ဝင်များသည် အတူတကွ ပေါင်းစည်းပြီး သူတို့ကို သားရဲမျိုးနွယ်အဖြစ် ခေါ်ခဲ့ကြလေသည်။

သို့သော်လည်း ပဟေဠိနန်းတော်သည် ဤတစ်ခေါက်မှာ ဤကဲ့သို့ ကြီးကြီးမားမား ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်လာစေ၏။

ပဟေဠိနန်းတော်သည် လူသားမျိုးနွယ်၏ အထွတ်အမြတ်ကုန်းမြေတစ်ခုဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံးဖြစ်၏။

ကမ္ဘာဦးမျိုးနွယ်စုများကြားမှာပင်.. ပဟေဠိနန်းတော်က အလွန်တရာ မြင့်မားသော ဂုဏ်အဆင့်အတန်းတစ်ခု ရှိလေသည်။

နောက်ဆုံးမှာတော့ အဲဒါကို အတိတ်ကာလတုန်းက နတ်မိမယ်လင်းလုံက တည်ထောင်ခဲ့ခြင်းဖြစ်၏။

နတ်မိမယ်လင်းလုံကတော့ လူသားဧကရာဇ်၏ ဇနီးဖြစ်လေသည်။

ထိုသတင်းကို ကြားရသောအခါ မည့်သည့်ဂိုဏ်း၊ မည်သည့် အဖွဲ့အစည်းကမှ ငြင်းပယ်ကြလိမ့်မည် မဟုတ်ပေ။

ရှင်းသန့်လေပြေဘုရားကျောင်းနှင့် သန့်စင်နှလုံးသား သီလရှင်ကျောင်း ဖျက်ဆီးခံရခြင်းသည် ထိပ်သီးဂိုဏ်းကြီးများရှိ ကျင့်ကြံသူများကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားစေ၏။

ပဟေဠိနန်းတော်က ယခု စတင်၍ ဦးဆောင်လာသောအခါ သူတို့သည် ကမ္ဘာဦးမျိုးနွယ် ၆စုနှင့် ညှိနှိုင်းဆွေးနွေးနိုင်မည်ဆိုလျှင် သူတို့သည် ဤအကျပ်အတည်းကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်ပေလိမ့်မည်။

ထိပ်သီးဂိုဏ်းကြီးများက အရင်ဆုံး စ၍ တုံ့ပြန်လာကြ၏။

. . . .

နတ်ဘုရားမျိုးနွယ်၏ တားမြစ်ကုန်းမြေတွင်…

ကြောက်စရာကောင်းသော အော်ရာများနှင့်အတူ လူ ၆ယောက်သည် နန်းတော်ထဲမှာ ထိုင်နေပြီး ဧကရာဇ်များ၏ စွမ်းပကားကို ဖြာထုတ်ပေးနေကြ၏။ သူတို့ ဘေးပတ်လည်ရှိ လေဟာနယ်က တုန်ခါ၍ တွန့်လိမ်နေ၏။

“လူသားမျိုးနွယ်ရဲ့ ပဟေဠိနန်းတော်က ဒီလိုမျိုး လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လာပြီဆိုတော့… စိတ်ဝင်စားစရာပဲ”

စကားပြောလိုက်သောသူက သူ၏ နှာရောင်ပေါ်တွင်​ ဒေါင်လိုက် မျက်လုံးတစ်လုံး ရှိနေ၏။ အဲဒါက ဒီဘက်မျိုးဆက် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ဧကရာဇ် ‘ကောင်းကင်ဘုံမျက်လုံးဧကရာဇ်’ ဖြစ်လေသည်။

သွေးဧကရာဇ်က လှောင်ရယ်လိုက်၏။

“လူသားမျိုးနွယ်ရဲ့ ဧကရာဇ်တွေက ကြောက်နေကြပြီပဲ… အဲဒါကြောင့်လည်း သူတို့က မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ကျင်းပချင်နေကြတာ.. ငါတို့က အဲဒါကို ဘာလို့ အရေးလုပ်နေရဦးမှာလဲ”

“ဂျူနီယာတွေကို တစ်ချက်သွားကြည့်ခိုင်းမယ်ဆိုရင်လည်း ဘာမှ ထိခိုက်စရာတော့ မရှိဘူး”

နတ်ဘုရားဧကရာဇ်က ညင်သာစွာ ပြုံးလိုက်၏။

“လူသားမျိုးနွယ်စုခေါင်းဆောင်တွေက လွဲရင် သူတို့ကို ဘယ်သူကမှ မခြိမ်းခြောက်နိုင်ဘူး.. ငါတို့က ဒီကိစ္စကို သူတို့ဘာသာသူတို့ ကိုင်တွယ်စေလိုက်ရုံပဲ”

“နောက်ပြီး.. လူသားမျိုးနွယ်ရဲ့ ထိပ်သီးဂိုဏ်းတချို့က ငါတို့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ရှာဖွေပြီး အညံ့ခံဖို့အတွက် ရွေးချယ်ခဲ့ပြီးကြပြီ.. ဟီးဟီး”

ရွှေရောင်မီးတောက်များဖြင့် တောက်လောင်နေသော နောက်ထပ် ဧကရာဇ်တစ်ပါးက မသိမသာ ခေါင်းညိတ်ပြလိုက်၏။

“ငါတို့က လူသားမျိုးနွယ်ကို တတ်နိုင်သမျှ မြန်မြန်ကိုင်တွယ်ရမယ်.. အဲဒါပြီးရင် နဂါးမျိုးနွယ်ကို ကိုင်တွယ်ဖို့အတွက် အတူပူးပေါင်းရလိမ့်မယ်.. ငါတို့က အဲဒီ နဂါးဖီးနစ်ကို ကြီးထွားခွင့်ပေးလို့ မဖြစ်ဘူး”

“မပူပါနဲ့.. အဲဒါက နှစ်အများကြီး ကျန်သေးတယ်.. အဲဒီ နဂါးဖီးနစ်က တကယ်တမ်း အစွမ်းအစရှိလာဖို့ အဝေးကြီးလိုသေးတယ်”

ပဟေဠိနန်းတော်မှ သတင်းက ပျံ့နှံ့သွားပြီးနောက်.. ကမ္ဘာဦးမျိုးနွယ် ၆စုသည် နောက် ၁၀ရက်နေလျှင် ပဟေဠိနန်းတော်ကို ရောက်လာဖို့ သဘောတူလိုက်၏။

ထို့နောက် ချက်ချင်းပင်.. သားရဲနယ်မြေ ရှစ်ခွင်ကလည်း အဲဒါကို သဘောတူလိုက်၏။

လောကတစ်ခုလုံးက လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့၏။

ထိပ်သီးဂိုဏ်းကြီးများ၊ အဖွဲ့အစည်းများနှင့် ထျန်ဟွမ်ကုန်းမြေတိုက်၏ ထောင်ပေါင်းများစွာသော မျိုးနွယ်စုများ အားလုံးနီးပါးသည် ဤမျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ စုစည်းလာကြပေလိမ့်မည်။ အဲဒါက သေချာပေါက် အံ့မခန်း​ ဖြစ်စဉ်တစ်ခု ဖြစ်၏။

. . . . .

ပင်ယန်းမြို့တွင်…

သူ၏ အခန်းထဲမှာ သီးခြားကျင့်ကြံနေသော သိုင်းတာအိုပင်မခန္ဓာသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ လှစ်ခနဲဆို သူက သူ၏ ခုတင်ပေါ်ကနေ ဆင်းပြီး အခန်းတံခါးကို တွန်းဖွင့်လိုက်၏။

သိပ်မကြာခင်.. ကြော့ရှင်းသော ပုံရိပ်တစ်ခုက ပင်ယန်းမြို့၏ ကောင်းကင်ထက်မှာ​ ပေါ်ထွက်လာ၏။

ထိုအမျိုးသမီးက အရမ်းကို ချောမောလှပပြီး သွယ်လျသော ခန္ဓာကိုယ် ရှိလေသည်။ သူမသည် လေထဲမှာ မတ်တတ်ရပ်ပြီး တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ အောက်ဘက်ရှိ သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်၏။

ထိုအမျိုးသမီးက ဆန်းကြယ်တောင်ထွတ်ကနေ အပြေးနှင်လာခဲ့သော ယက္ခယု ဖြစ်လေသည်။

“တစ်ခုခုပြောစရာ ရှိလို့လား”

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် မေးလိုက်၏။

ယက္ခယုက မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ၏ သတင်းကို ပြန်ပြောလိုက်၏။

“အို..”

သိုင်းတာအိုပင်မခန္ဓာက သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။

ယက္ခယုက သူမ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်လိုက်၏။

“အထီးကျန်သိုင်းသခင်.. လူသားမျိုးနွယ်က စတင်ဦးညွှတ်လာရပြီ.. မျိုးနွယ်စုတစ်သောင်း စုဝေးပွဲပြီးရင် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ရှိတဲ့ အခြေအနေက သေချာပေါက် ပြောင်းလဲသွားပြီး လူသားမျိုးနွယ်က မျိုးနွယ်စုတစ်သောင်းရဲ့ အောက်ခြေကို နောက်တစ်ဖန် ပြန်ပြီးရောက်ရှိသွားလိမ့်မယ်”

“နင်က ဘယ်လို ပြန်ဝင်စား မွန်းစတားပဲဖြစ်ဖြစ်… နင်က အဆင့်တူချင်းကြားမှာ ဘယ်လောက်ပဲ ပြိုင်ဘက်ကင်းကင်း.. နင်က မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ဧကရာဇ်တွေကို ခုခံနိုင်မှာ မဟုတ်ဘူး”

“နင်က တစ်ယောက်တည်းနဲ့ လူသားမျိုးနွယ်ကို ကယ်တင်ပေးနိုင်မှာ မဟုတ်ဘူး”

သိုင်းတာအိုပင်မခန္ဓာက ယိမ်းယိုင်သွားခြင်း မရှိဘဲ မပြောင်းမလဲသော အမူအရာတစ်ခုနှင့်ပင် မေးလိုက်၏။

“အဲ့တော့…”

“အဲဒါကြောင့် ငါက နင့်ကို အခွင့်အရေးတစ်ခု ပေးနိုင်တယ်”

ယက္ခယုက ပြောလိုက်၏။

“ငါက နင့်ကို အညံ့ခံခိုင်းမှာ မဟုတ်ဘူး.. နင်က ယက္ခမျိုးနွယ်ကို ဝင်ရောက်လိုတာနဲ့အမျှ.. ယက္ခမျိုးနွယ်က နင့်ရဲ့ အသက်နဲ့ နင်နဲ့ ပတ်သက်ဆက်နွယ်တဲ့ ဘယ်သူ့ကိုမဆို ရန်မရှာဖို့ ငါက ဆုံးဖြတ်ချက်ချပေးနိုင်တယ်”

သိုင်းတာအိုပင်မခန္ဓာက လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးလိုက်၏။

“နင်ပြန်သွားလို့ ရပြီ.. နင်က ဆန်းကြယ်တောင်ထွတ်ကို ဆက်ပြီးတော့ စောင့်ရှောက်ပေးစရာ မလိုတော့ဘူး.. ဒါပေမဲ့ နင်က ငါနဲ့ ပတ်သက်တဲ့ ဘယ်အရာကိုမှ ထုတ်ဖော်မပြောဖို့ မှတ်ထားရလိမ့်မယ်”

ယခုအချိန်မှာ မျိုးနွယ်စုတစ်သောင်း စုဝေးပွဲက ကျင်းပတော့မည်ဖြစ်ပြီး ဆန်းကြယ်တောင်ထွတ်ကို မည်သူကမှ ပစ်မှတ်ထားတော့မည် မဟုတ်ပေ။ ယက္ခယုအနေဖြင့် ဆန်းကြယ်တောင်ထွတ်ကို ဆက်လက်၍ ကာကွယ်စောင့်ရှောက်ပေးစရာ မလိုတော့ပေ။

ထိုသို့ ပြောပြီးသည်နှင့် သိုင်းတာအိုပင်မခန္ဓာက သူ၏ အခန်းထဲသို့ လှည့်ပြန်သွား၏။

“နင်…”

ယက္ခယုက ဒေါသတကြီး အမူအရာနှင့်အတူ သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။

ဤနှစ်များအတွင်း.. သူမသည် သိုင်းတာအိုပင်မခန္ဓာကို စိန်ခေါ်ဖို့ ကြိုးစားခဲ့ပြီးလေပြီ။ သို့သော်လည်း သူမသည် အဆင့်တစ်ခု ချိုးဖျက်တက်လှမ်းပြီး သို့မဟုတ် သူမ၏ တိုက်ခိုက်ရည်ခွန်အားက တိုးတက်လာပြီးနောက် တစ်ကြိမ်စီတိုင်းမှာ သိုင်းတာအိုပင်မခန္ဓာကို စိန်ခေါ်ခဲ့၏။ သို့သော်လည်း သူမက အလွန်တရာ ဆိုးဆိုးဝါးဝါးပုံစံဖြင့် ဖိနှိမ်ခံရဆဲဖြစ်၏။

လွန်ခဲ့သည့် နှစ်နှစ်ဆယ်က သူမသည် အဆင့်ချိုးဖျက်တက်လှမ်းပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက် ဖြစ်လာခဲ့၏။

သူမသည် ယုံကြည်မှု ရှိစွာဖြင့် သိုင်းတာအိုပင်မခန္ဓာကို စိန်ခေါ်ဖို့ ရောက်လာခဲ့၏။

သို့သော်လည်း သူမက အညှာအတာ ကင်းမဲ့စွာဖြင့် ချိုးနှိမ်ခံရဆဲဖြစ်၏။

ယက္ခယုသည် သိုင်းတာအိုပင်မခန္ဓာအပေါ် တွေဝေရှုပ်ထွေးသော ခံစားချက်တစ်ခု ရှိနေ၏။

သူမ နှလုံးသား၏ အနက်ပိုင်းထဲမှာ သူမသည် သိုင်းတာအိုပင်မခန္ဓာကို မုန်းတီးဖို့အတွက် သူမကိုယ်သူမ ဖိအားမပေးနိုင်ပေ။

ကမ္ဘာဦးမျိုးနွယ် ၆စုက ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများကို စတင်တိုက်ခိုက်လာသည်ကို သူမ သိရသောအခါ.. သူမ၏ ပထမဆုံးအတွေးမှာ သူမ၏ ဂုဏ်အဆင့်အတန်းကို အသုံးချပြီး သိုင်းတာအိုပင်မခန္ဓာကို ကာကွယ်ပေးဖို့ ဖြစ်၏။

“သူက ငါ့ရဲ့ စေတနာကို တကယ်နားမလည်ဘူးပဲ”

ယက္ခယုက ဒေါသတကြီး ကျိန်ဆဲလိုက်၏။

“မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ ပြီးရင်.. နင်က ငါ့ဆီကို ဘယ်လိုလာပြီး အသနားခံ တောင်းပန်မလဲ ကြည့်ရသေးတာပေါ့”

All Chapters