မိုးကောင်းကင် ပဒေသရာဇ်
Vol. 103 Ch. 1535
လူရိုင်းမျိုးနွယ်က အလွန်တရာ အရပ်အမောင်း မြင့်မားကြ၏။
လူရိုင်းမျိုးနွယ် တစ်ယောက်ချင်းစီသည် ပေ ၃၀ကျော် မြင့်မားပြီး သူတို့၏ ခါးမှာ တောကောင်သားရေများကို ရစ်ပတ်ထားကြ၏။ သူတို့၏ ခန္ဓာကိုယ်အပေါ်ပိုင်းကိုတော့ ဗလာကျင်းထားလေသည်။ သူတို့၏ ခန္ဓာကိုယ်များက သားမွေးများဖြင့် ပြည့်နှက်နေပြီး သူတို့၏ ခြေလက်များက ကြီးမားတုတ်ခိုင်လေသည်။ သူတို့၏ အရေပြားက ကြမ်းထော်၍ သူတို့သည် အသားကို စားသုံး၍ အသွေးကို သောက်သုံးသော ယဉ်ကျေးမှု မရှိသည့် အရိုင်းအစိုင်းလူများနှင့် တူလေသည်။
နဂါးမျိုးနွယ်သည် သာမန်လူများထက် အရပ်အမောင်း ပိုမိုမြင့်မားလေသည်။ သို့သော်လည်း လူရိုင်းမျိုးနွယ်၏ ရှေ့တွင် သူတို့က ထိုသူများ၏ ဒူးခေါင်းလောက်သာလျှင် ရှိလေသည်။
လူရိုင်းမျိုးနွယ်နှင့် ယှဉ်လျှင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် အရပ်ပုသည့်ပုံပေါ်သွား၏။ သို့သော်လည်း အော်ရာချင်း ယှဉ်လျှင် သူက လူရိုင်းမျိုးနွယ်မှ လူများစွာကို ဖိနှိမ်နိုင်လေသည်။
လူရိုင်းမျိုးနွယ်သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထံမှ မျိုးဆက်သွေး ဖိနှိမ်မှုတစ်ခုကို ခံစားနေရ၏။
“ခင်ဗျားက နဂါးမျိုးနွယ်ရဲ့ သခင်လေး လုံမိုလား”
ဦးဆောင်လာသော လူရိုင်းသည် ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိလေသည်။ သူက နဂါးများစွာ၏ ရှေ့သို့ ရောက်ရှိလာသောအခါ သူသည် သူ၏ ဦးခေါင်းကို အနည်းငယ်ညွှတ်ပြီး အရှေ့တွင်ရှိသော နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်၏။
“ဟုတ်တယ်”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ခေါင်းညိတ်ပြလိုက်၏။
“ကျုပ်က မန်ဖုန်.. သခင်လေးရဲ့ ကိုယ်ရံတော်တစ်ယောက်ပဲ… နဂါးမျိုးနွယ်က တာအိုရောင်းရင်းတို့.. ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ပေးပါ”
ထိုသို့ပြောပြီးနောက်.. သူသည် တစ်ဘက်သို့ လှည့်ပြီး မဟာကျောက်တုံးတောအုပ်ဆီသို့ ဦးဆောင်သွားလေသည်။
လူရိုင်းမျိုးနွယ်သည် အရမ်းကို ကြီးမားပြီး တောအုပ်ကို သူတို့ ဖြတ်လျှောက်လာသောအခါ မြေပြင်က တသိမ့်သိမ့် လှုပ်ခါနေ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် တည်ငြိမ်သော အမူအရာတစ်ခု ရှိပြီး လူရိုင်းမျိုးနွယ် နေထိုင်ရာ အရပ်သို့ မန်ဖုန်နောက်ကနေ လိုက်ပါသွား၏။
သို့သော်လည်း လုံစန်း၊ လုံရှီနှင့် အခြားသူများက မျက်နှာသိပ်မကောင်းကြပေ။
“လူရိုင်းမျိုးနွယ်ရဲ့ သခင်လေးက တော်တော်မောက်မာတာပဲ”
လုံစန်းက ညင်သာစွာ ပြုံး၍ လှောင်ပြောင်ထေ့ငေ့ါဟန်ဖြင့် ပြောလိုက်၏။
“သူက နဂါးမျိုးနွယ်ရဲ့ သခင်လေးကို ကြိုဆိုလက်ခံဖို့အတွက် ကိုယ်ရံတော်တစ်ယောက်ကိုပဲ လွှတ်ပေးတယ်ဆိုတော့..”
လုံစန်းနှင့် အခြားသူများ၏ ရင်ထဲတွင် ကမ္ဘာဦးမျိုးနွယ်များ၏ သခင်လေးများအနေဖြင့် တစ်ယောက်က တစ်ယောက်ထံသို့ အလည်လာရောက်သောအခါ သူတို့ကိုယ်တိုင် ကြိုဆိုလက်ခံမှသာလျှင် သင့်လျော်ပေလိမ့်မည်။
ဒါ့အပြင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက တဗူးမျိုးနွယ် ဖြစ်၏။
လူရိုင်းမျိုးနွယ်၏ ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်က.. သူ့ကို ကိုယ်တိုင်ကိုယ်ကျ လက်ခံကြိုဆိုမည် ဆိုလျှင်တောင် အဲဒါက သာမန်သာ ဖြစ်ပေလိမ့်မည်။
လူရိုင်းမျိုးနွယ်သည် ပေါင်းစည်းခန္ဓာအဆင့် လူရိုင်းအချို့နှင့် သူတို့ သခင်လေး၏ ကိုယ်ရံတော်တစ်ယောက်ကိုသာလျှင် စေလွှတ်ပေးလိုက်သည်ဆိုတော့…။
“သခင်.. လူရိုင်းမျိုးနွယ်ရဲ့ စိတ်နေသဘောထားက သိပ်ပြီး ကောင်းတဲ့ပုံမပေါ်ဘူး”
တစ်ကိုယ်တော်တိမ်စိုင်က နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထံသို့ အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“စောင့်ကြည့်ရသေးတာပေါ့”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။
မန်ဖုန်သည် လုံစန်း၏ လှောင်ပြောင်ထေ့ငေါ့မှုကို ကြားရသောအခါ သူက ဒေါသထွက်သွားခြင်း မရှိဘဲ ရူးသွပ်စွာ ရယ်မောလိုက်၏။
“ကျုပ် တကယ်ကို စိတ်မကောင်းပါဘူး… တိုက်တိုက်ဆိုင်ဆိုင်ပဲ လူရိုင်းမျိုးနွယ်မှာ ဒီနေ့ ဧည့်သည်တချို့ ရှိနေတယ်.. ကျုပ်တို့ရဲ့ သခင်လေးက သူတို့ကို လက်ခံတွေ့ဆုံနေရတဲ့အတွက် တကယ်ပဲ မအားမလပ်နိုင်ဘူး ဖြစ်နေတယ်”
“အို…”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် စဉ်းစားတွေးတောရင်း ရင်တစ်ချက်ထိတ်သွား၏။
လူရိုင်းမျိုးနွယ်၏ တားမြစ်ကုန်းမြေသို့ ဝင်ရောက်နိုင်ပြီး သူတို့ သခင်လေး၏ ကြိုဆိုလက်ခံခြင်းကို ရရှိနိုင်သော ထိုသူများသည် သေချာပေါက် ကမ္ဘာဦးမျိုးနွယ် ၉စုမှ ဖြစ်ရပေမည်။
သို့သော်လည်း ဘယ်ကမ္ဘာဦးမျိုးနွယ်က ဤနေရာသို့ ရောက်ရှိလာသလဲ သူမသိပေ။
“ဘယ်ကမ္ဘာဦးမျိုးနွယ်ကများ ဒီနေရာကို ရောက်နေသလဲ ကျုပ်သိချင်မိတယ်”
လုံစန်းကလည်း တူညီသော အတွေးရှိပြီး မေးမြန်းလိုက်၏။
“နဂါးမျိုးနွယ်က တာအိုရောင်းရင်းတို့.. ခဏနေရင် ခင်ဗျားတို့ သိရပါလိမ့်မယ်”
မန်ဖုန်က ပြောလိုက်၏။
“လူရိုင်းနန်းတော်ထဲမှာ သခင်လေး ရှိနေတယ်.. သူက ခင်ဗျားတို့ အားလုံးကို အတူတကွ လက်ခံတွေ့ဆုံပေးလိမ့်မယ်”
လုံစန်းနှင့် အခြားသူများက အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
ပြောစရာ မလိုအောင်ပင်.. ထိုကမ္ဘာဦးမျိုးနွယ်သည် ဤနေရာသို့ ရောက်ရှိလာသည့် အကြောင်းရင်းမှာ လူရိုင်းမျိုးနွယ်နှင့် ပတ်သက်ဆက်နွယ်မှုတစ်ခု ချည်နှောင်ဖို့ ဖြစ်လေသည်။
ဤနှစ်များအတွင်း လူရိုင်းမျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ နယ်မြေလုပွဲများနှင့် လူသားမျိုးနွယ်၏ ပဋိပက္ခများအပေါ် ကြားနေအဖြစ်သာ ရှိနေခဲ့၏။
ထို့ကြောင့်ပင်လျှင်.. တခြားသော အဖွဲ့အစည်းများက သူတို့ဘက်သို့ ဆွဲခေါ်ဖို့အတွက် လူရိုင်းမျိုးနွယ်နှင့် ပတ်သက်ဆက်နွယ်မှု တစ်ခုကို တည်ဆောက်ချင်လာကြ၏။
နဂါးမျိုးနွယ်က အဲဒါကို တွေးမိသည်ဆိုလျှင် အခြားသော ကမ္ဘာဦးမျိုးနွယ် ၆စုကလည်း တွေးမိနိုင်လေသည်။
နဂါးမျိုးနွယ်သည် လူရိုင်းမျိုးနွယ်နှင့် ရင်းနှီးမှု တည်ဆောက်ဖို့အတွက် အစကတည်းက ယုံကြည်မှုကောင်းကောင်း မရှိပေ။
ယခု အခြားသော ကမ္ဘာဦးမျိုးနွယ်က ဤနေရာသို့ ရောက်ရှိလာပြီး နဂါးမျိုးနွယ်အတွက် ဤခရီးစဉ်ကို ပို၍ပင် အခက်တွေ့လာစေ၏။
မန်ဖုန်သည် ဆူဇီမိုနှင့် အခြားသူများကို ရှေ့ကနေ ဦးဆောင်သွား၏။ အတန်းလိုက် ရှိနေသော ကျောက်တုံးများကို ဖြတ်ကျော်ပြီးနောက် ကျောက်တုံးများသည် ယိမ်းနွဲ့ကာ တစ်ဖန်ထပ်၍ ကန့်လန့်ဖြတ် ထိစပ်သွားကြ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက လှည့်ကြည့်လိုက်၏။
ကျောက်တုံးများ၏ ဆင်းသက်ရာ အမှတ်များသည် အတော်လေး သီးခြားဆန်ပြီး တစ်မူထူးခြား၍ လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါတစ်ခုကို ဖြစ်ပေါ်စေ၏။
လူရိုင်းမျိုးနွယ်က ခေါ်ဆောင်လာခြင်းကြောင့်သာ မဟုတ်လျှင် သူတို့သည် ခွင့်ပြုချက် မရှိဘဲ ဤနေရာသို့ အတင်းအကျပ် ဝင်ရောက်ပါက ထောင်ချောက်တစ်ခုထဲမှာ ကျဆင်းသွားဖို့ အခွင့်များလေသည်။
သိပ်မကြာခင်…
ကြီးမား၍ ရှေးကျသော နန်းတော်တစ်ခုက အားလုံး၏ ရှေ့မှာ ပေါ်ထွက်လာ၏။
နန်းတော်ကို ဧရာမ ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး ပေပေါင်းထောင်ချီ မြင့်မားလေသည်။ အဲဒီမှာ အလှဆင်ထားသော ပြတင်းပေါက်များ သို့မဟုတ် တံခါးချပ်များ မရှိဘဲ အဆောက်အုံပုံစံက ရိုးရှင်း၍ ကြမ်းတမ်းကာ ကမ္ဘာဦးခေတ်၏ အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။
ဧရာမ ကျောက်တုံးတစ်တုံးချင်းစီသည် အဖုအထစ်များ၊ အခေါင်းပေါက်များဖြင့် ပြည့်နှက်နေပြီး ဂမ္ဘီရလက်နက်များနှင့် စစ်ပွဲမီးတောက်များ၏ အရိပ်လက္ခဏာများကို ပြသပေးနေ၏။
နန်းတော်ထိပ်ရှိ ဧရာမ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ကြီးမားသော စကားလုံးနှစ်လုံးကို ရေးထိုးထား၏။
လူရိုင်းနန်းတော်…
လူတိုင်းက လူရိုင်းနန်းတော်သို့ ဝင်ရောက်မလာခင်မှာပင်.. အထဲတွင်ရှိသော နှစ်ဦးနှစ်ဖက်သည် ကောင်းမွန်သော စိတ်ခံစားချက်များ ရှိနေကြသည့်အလား.. နှစ်ထောင်းအားရ ရယ်သံများကို သူတို့ ကြားလိုက်ကြရ၏။
လုံစန်းနှင့် အခြားသူများက ရင်ထဲမှာ နင့်သွား၏။
ယခု တစ်ဖက်အဖွဲ့က အရင်ဦးစွာ ရောက်ရှိလာပြီး အားသာချက်ကို တည်ဆောက်ကာ သူတို့အတွက် အခြေအနေ မကောင်းတော့သည့်ပုံပင်။
လုံစန်းနှင့် အခြားသူများသည် စူးစမ်းလိုသော အမူအရာများနှင့်အတူ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို အလိုလိုကြည့်လိုက်ကြ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အမူအရာ ကင်းမဲ့နေပြီး လူရိုင်းနန်းတော် ရှိရာသို့ မန်ဖုန်နောက်ကနေ ဆက်လက်လိုက်ပါနေ၏။
သူတို့သည် နန်းတော်ဝင်ပေါက်ဝသို့ ဝင်ရောက်လာသောအခါ သူတို့သည် နန်းတော်ထဲမှာ ထိုင်နေသည့် လူတစ်အုပ်စုကို တွေ့မြင်လိုက်ရ၏။ လူတိုင်းက သောက်စား၍ ရွှင်ပျစွာဖြင့် စကားများ ပြောဆိုနေကြပြီး သက်ဝင်လှုပ်ရှားနေကြ၏။
အရပ်အမောင်း မြင့်မားသော လူရိုင်းတစ်ယောက်က အလယ်တွင်ရှိသော ခုံမြင့်တစ်ခုပေါ်မှာ ထိုင်နေ၏။
ကြည့်ရသည်မှာ.. အဲဒါက လူရိုင်းမျိုးနွယ်၏ သခင်လေး မန်ဟူ ဖြစ်ပုံရလေသည်။
သူ၏ ညာဘက်တွင် ရုပ်ရည်ချောမောသော အမျိုးသားတစ်ယောက်က ကြမ်းပြင်ပေါ်မှာ ထိုင်နေပြီး သူ့မျက်နှာထက်ရှိ အပြုံးတစ်ခုနှင့်အတူ အရက်ခွက်ကို ကိုင်မြှောက်နေ၏။
အမျိုးသားက ရွှေရောင်ဆံပင်၊ မျက်လုံးပြာပြာ ရှိပြီး ရွှေရောင်ဖျော့ဖျော့ ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထား၏။ သူ၏ သွေးချီက သန်မာပြီး သူ ပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုချင်းစီသည် မြင့်မြတ်သော အော်ရာတစ်ခုကို ထုတ်ပေးနေ၏။
နတ်ဘုရားမျိုးနွယ်…
နတ်ဘုရားမျိုးနွယ် အမျိုးသား၏ ကျင့်ကြံမှုသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာ ရှိလေသည်။
တကယ်တော့ ဤနှစ်များအတွင်း ဘိုးဘေးနဂါးကုန်းမြေမှာ ကျင့်ကြံရင်း နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ကျင့်ကြံမှုသည်လည်း တိုးမြင့်တက်လှမ်းလာပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်သို့ ရောက်ရှိနေလေပြီ။
“တော်တော်သန်မာတာပဲ”
လုံရှီက နတ်ဘုရားမျိုးနွယ် အမျိုးသားကို တွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွား၏။
နတ်ဘုရားမျိုးနွယ် အမျိုးသားက သူမကို အလွန်တရာ အန္တရာယ်များသော ခံစားချက်တစ်ခု ပေးနေ၏။
လုံစန်းပင်လျှင် တည်တံ့သော အမူအရာတစ်ခု ရှိလာပြီး မျက်မှောင်ကြုတ်၍ ဆူဇီမိုထံသို့ အသံတစ်ခု ပို့လွှတ်လိုက်၏။
“အဲဒါက အခုချိန်မှာ နတ်ဘုရားမျိုးနွယ်ရဲ့ နာမည်အကြီးဆုံး ပြန်ဝင်စား မွန်းစတားတွေထဲက တစ်ယောက်ပဲ.. သူက နတ်ဘုရားမျိုးနွယ်ရဲ့ သခင်လေး မိုးကောင်းကင်ပဒေသရာဇ်ပဲ”
နတ်ဘုရားမျိုးနွယ်၏ ဒီဘက်မျိုးဆက်တွင် ပြန်ဝင်စား မွန်းစတားနှစ်ယောက် ရှိလေသည်။
မိုးကောင်းကင်ပဒေသရာဇ်နှင့် နတ်မိမယ် ရှောင်ရှန်း ဖြစ်၏။
ပြီးခဲ့သည့် နှစ်တစ်ရာအတွင်း ဤပြန်ဝင်စား မွန်းစတားနှစ်ယောက်သည် သုံးကြိမ်သာလျှင် တိုက်ခိုက်ခဲ့ပြီး ကျင့်ကြံရေးလောက၏ အဆင့်မြင့်ဂိုဏ်း ၃ဂိုဏ်းက ချက်ချင်းလက်ငင်း ဖျက်ဆီးခံခဲ့ရ၏။ အဲဒါက ထျန်ဟွမ်ကုန်းမြေတိုက်တစ်ခုလုံးကို တုန်လှုပ်သွားစေ၏။
ကျင့်ကြံရေးလောကတွင် မိုးကောင်းကင်ပဒေသရာဇ်နှင့် နတ်မိမယ် ရှောင်ရှန်းသည် နှစ်ပေါင်းသောင်းချီအတွင်း နတ်ဘုရားမျိုးနွယ်၏ အသန်မာဆုံး ပြန်ဝင်စား မွန်းစတားနှစ်ယောက် ဖြစ်ကြသည်ဟု ဆိုလေသည်။ ဒါ့အပြင် သူတို့နှစ်ယောက်က တာအိုလက်တွဲဖော်များဖြစ်ပြီး အစစ်အမှန်ရွှေစုံတွဲဟု သတ်မှတ်နိုင်လေသည်။
မိုးကောင်းကင်ပဒေသရာဇ်၏ နောက်တွင် ပေါင်းစည်းခန္ဓာအဆင့် နတ်ဘုရားမျိုးနွယ် သက်ရှိနှစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်၍ မတ်တတ်ရပ်နေကြ၏။
ကြည့်ရသည်မှာ ထိုသူများက မိုးကောင်းကင်ပဒေသရာဇ်၏ အစေခံများ ဖြစ်ရပေမည်။ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက လူရိုင်းနန်းတော်ထဲသို့ ဝင်ရောက်လာခါစမှာပင် မိုးကောင်းကင်ပဒေသရာဇ်က သူ၏ အရက်ခွက်ကို ချပြီး ဟန်လုပ်အပြုံးတစ်ခုနှင့်အတူ မသိမသာ လှည့်ကြည့်လိုက်၏။
သူက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို အကဲခတ်ကြည့်ရင်း သူ၏ မျက်လုံးအနက်ပိုင်းထဲမှာ သတ်ဖြတ်လိုစိတ်တစ်ခုက ဖျတ်ခနဲလက်သွား၏။
သို့သော်လည်း.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အကြည့်က အစေခံနှစ်ယောက်၏ နောက်ဘက်ရှိ လူသုံးယောက်အပေါ် ရွှေ့ပြောင်းရောက်ရှိသွားပြီဖြစ်၏။
နတ်ဘုရားမျိုးနွယ်သက်ရှိ သုံးယောက်ကြားတွင် အဲဒီမှာ အသက်ကြီးကြီး အမျိုးသားတစ်ယောက်၊ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ပါရှိလေသည်။
သူတို့၏ ကျင့်ကြံမှုအဆင့်များက သိသာထင်ရှားမှု မရှိသော်လည်း သူတို့ထံမှ အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခု ဖြာထွက်နေ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သူ၏မျက်လုံးနှစ်ဖက်ကို အနည်းငယ် မှေးကျဉ်းလိုက်၏။
“အားလုံးပဲ သတိထားကြ.. အဲဒီလူတွေက ဘိုးဘေးအဆင့်နတ်ဘုရားတွေ ဖြစ်နိုင်တယ်”
လုံစန်းက တည်တံ့သော လေသံနှင့်အတူ ရုတ်တရက် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
နတ်ဘုရားမျိုးနွယ်၏ ဘိုးဘေးအဆင့် သက်ရှိများ…
သူတို့က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ မဟုတ်ကြပေ။
သူတို့က အစစ်အမှန် မျိုးနွယ်စုခေါင်းဆောင်များ ဖြစ်ကြ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အကြည့်ကို ခံစားမိသွားပြီး ဘိုးဘေးနတ်ဘုရား သုံးယောက်က တစ်ချိန်တည်းမှာ လှည့်ကြည့်လာကြ၏။
သူတို့၏ အကြည့်များက လေထဲမှာ တွေ့ဆုံသွားပြီး မီးပွားများ စင်ထွက်သွားသည်ဟု ထင်ရ၏။
လူရိုင်းနန်းတော်ထဲရှိ လေထုက ချက်ချင်းပင် သိပ်သည်းလေးလံလာခဲ့၏။
စောစောကတင် ခန်းမထဲရှိ လူများသည် သူတို့၏ ဝိုင်ခွက်များကို ကိုင်မြှောက်ပြီး သက်ဝင်လှုပ်ရှားနေခဲ့ကြ၏။ တစ်ခဏချင်းမှာပင် အပ်ကျသံပင် ကြားရနိုင်သည်အထိ သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။