← Chapters

အရမ်းကိုကြီးမားသော လက်ဆောင်တစ်ခု

Vol. 103 Ch. 1536

အရမ်းကိုကြီးမားသော လက်ဆောင်တစ်ခု

Vol. 103 Ch. 1536

“ဟားဟားဟားဟား”

ထိုစဥ်မှာပင် ခန်းမထဲကနေ နှစ်ထောင်းအားရရှိသော ရယ်သံတစ်သံထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို တုန်ခါသွားစေ၏။

လူရိုင်းမျိုးနွယ်၏ သခင်လေးက မတ်တတ်ထရပ်ပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာဘက်သို့ သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

“ညီကိုလုံမို...အပြင်ကို ထွက်လာပြီး မကြိုဆိုပေးနိုင်ခဲ့တဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပေးပါ”

“ညီကိုလုံမို... ကျေးဇူးပြုပြီး ထိုင်ပါဦး”

လူရိုင်းမျိုးနွယ်၏ သခင်လေးက မည်သည့်ကြံဖန်မှုမှ မရှိသည့်အလား ရင်းနှီးဖော်ရွေစွာဖြင့် စိတ်ရင်းမှန်ကန်သည့်ပုံပေါ်နေ၏။

ဤကဲ့သို့ သန်မာ၍ ကြွက်သားတုတ်ခိုင်သော ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သောအခါ သူသည် သန်မာသောခြေလက်များနှင့် ရိုးရှင်းသောစိတ်ထားတစ်ခုရှိသည်ဆိုသော ထင်မြင်ချက်ကိုရစေ၏။

သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အချက်တစ်ချက်ကို ကောင်းကောင်းသိထား၏။

မျိုးနွယ်စုတစ်စု၏ သခင်လေးဖြစ်လာနိုင်သူ မည်သူမဆို အရူးများ မဟုတ်ကြပေ။

လူရိုင်းမျိုးနွယ်၏ သခင်လေးသည် သူ့ကို နတ်ဘုရားမျိုးနွယ်မှ လူတိုင်းနှင့် တွေ့ဆုံစေပြီး လူရိုင်းနန်းတော်ထဲတွင် သူတို့ကို တမင်သက်သက် တေ့ဆိုင်ပေးလိုက်သည်မှာ သိသာလေသည်။ သူ၏ နောက်ဆုံးရည်ရွယ်ချက်က လူရိုင်းမျိုးနွယ်အတွက် ကြီးမားသော အကျိုးအမြတ်များ ရရှိဖို့ ဖြစ်ကောင်းဖြစ်နိုင်လေသည်။

“ကျွန်မတို့ဘာလုပ်ရမလဲ... ကြည့်ရတာတော့ နတ်ဘုရားမျိုးနွယ်က လူရိုင်းမျိုးနွယ်ကို စည်းရုံးသိမ်းသွင်းနိုင်ထားတဲ့ပုံပဲ... နောက်ပြီး နတ်ဘုရားမျိုးနွယ်မှာ ဘိုးဘေးနတ်ဘုရားသုံးယောက်ရှိနေတယ်”

လုံရှီသည် စိုးရိမ်ပူပန်နေပြီး စိတ်ဝိညာဥ်အသိစိတ်ဖြင့် မေးမြန်းလိုက်၏။

“သခင်လေး... ရှင်က မြင့်မြတ်တဲ့ ဂုဏ်အဆင့်အတန်းရှိတယ်... ကျွန်မတို့ နဂါးအရိုးတောင်ကြားကို အခုချက်ချင်းပဲ ပြန်သွားကြရင် မကောင်းဘူးလား”

“မရဘူး... ငါတို့မသွားနိုင်ဘူး”

လုံစန်းက သူ၏ ခေါင်းကိုညင်သာစွာခါယမ်းပြီး အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဒါက... လူရိုင်းမျိုးနွယ်ရဲ့ ပိုင်နက်နယ်မြေပဲ... ဒီနေရာမှာ သူတို့က အရှင်သခင်ပဲ... နတ်ဘုရားမျိုးနွယ်က ဘယ်သူ့ကိုမှ တိုက်ခိုက်ရဲမှာ မဟုတ်ဘူး... နောက်ပြီး မန်ဟူရဲ့နောက်မှာ စောင့်ရှောက်နေတဲ့ လူရိုင်းမျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်လည်းရှိနေတယ်”

“နတ်ဘုရားမျိုးနွယ်က လှုပ်ရှားမှုတစ်ခုပြုလုပ်ရဲမယ်ဆိုရင် လူရိုင်းမျိုးနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေကလည်း သေချာပေါက် ဝင်ပါလာလိမ့်မယ်”

တစ်ကိုယ်တော်တိမ်စိုင်ကလည်း ခေါင်းညိတ်လိုက်၏။

“ကျုပ်ထောက်ခံတယ်... အခုအချိန်မှာ လူရိုင်းမျိုးနွယ်ရဲ့နေရာမှာ နေတာက အန္တရာယ်အကင်းဆုံးပဲ... ကျုပ်တို့က မဆင်မခြင်ထွက်ခွာပြီး နတ်ဘုရားမျိုးနွယ်က နောက်ကနေ လိုက်လာမယ်ဆိုရင် ကျုပ်တို့က အန္တရာယ်ရှိလာလိမ့်မယ်”

သူတို့သုံးယောက်က စိတ်ဝိညာဥ်အသိစိတ်ဖြင့် တိတ်တဆိတ် ဆွေးနွေးလိုက်ကြ၏။

တကယ်တော့... သူတို့သုံးယောက်ပြောဆိုနေသည့်အကြောင်းအရာများကို နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကလည်း ကြားနိုင်လေသည်။

သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်၍ အမူအရာကင်းမဲ့နေ၏။ သူက ဘာကိုတွေးနေသလဲ သူတို့သုံးယောက် မသိရှိကြပေ။

လူများစွာ၏ အကြည့်များနှင့် နတ်ဘုရားမျိုးနွယ်၏ သိပ်သည်းသောရန်လိုစိတ်အောက်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက မှင်သေသေဖြင့် ရှိနေပြီး လူရိုင်းနန်းတော်ထဲသို့ အရင်ဆုံးခြေချလှမ်းဝင်ကာ ခန်းမ၏ အလယ်မှာ မတ်တတ်ရပ်လိုက်၏။

“မင်းက လုံမိုလား”

မိုးကောင်းကင်ပဒေသရာဇ်က ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး တောက်ပသောအကြည့်နှင့်အတူ ပြောလိုက်၏။

“ငါက မင်းအကြောင်းအများကြီး တကယ်ပဲ ကြားဖူးပါတယ်”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက မိုးကောင်းကင်ပဒေသရာဇ်ကို လှည့်ပင်မကြည့်ပေ။ သူက ခန်းမ၏ အလယ်မှာ မတ်တတ်ရပ်ပြီး လူရိုင်းမျိုးနွယ်၏ သခင်လေးကိုကြည့်ကာ လိုရင်းကိုတန်းပြောလိုက်၏။

“အချိန်တွေဖြုန်းမနေတော့ဘူး... ကျုပ်က ဒီကိုရောက်လာတယ်ဆိုတာ လူရိုင်းမျိုးနွယ်ရဲ့ ထောက်ခံမှုကို ရရှိချင်လို့ပဲ”

“မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ကမ္ဘာဦးမျိုးနွယ် ၆စုကို ဆန့်ကျင်ပြီး လူသားမျိုးနွယ်ဘက်ကနေ ရပ်တည်ဖို့အတွက် လူရိုင်းမျိုးနွယ်က ကျုပ်တို့နဂါးမျိုးနွယ်နဲ့ ပူးပေါင်းစေချင်တယ်”

“ခွီ...”

ဘေးဘက်ကနေ လှောင်ပြောင်ရယ်မောသံတစ်သံက ထွက်ပေါ်လာ၏။

မိုးကောင်းကင်ပဒေသရာဇ်သည် သရော်လိုသောအမူအရာတစ်ခုရှိပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို အထင်သေးစွာကြည့်နေ၏။

အစကတော့ လုံမိုသည် မဟာတဗူးသုံးမျိုးထဲမှ တစ်ယောက်အနေဖြင့် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ရမည်ဟု သူကတွေးထင်ထား၏။ ယခုတော့ သူက ဤမျှအထိပင် စိတ်ရှည်သည်းခံတတ်ခြင်း မရှိပေ။

“ဟီးဟီး”

မိုးကောင်းကင်ပဒေသရာဇ်နောက်ဘက်ရှိ နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ကလည်း အသံထွက်၍ ရယ်မောလိုက်ကြ၏။

မိုးကောင်းကင်ပဒေသရာဇ်က အေးအေးလူလူပင် ပြောလိုက်၏။

“အဲ့ဒီ တဗူးနဂါးဖီးနစ်လို့ခေါ်တဲ့သူက လူသားအထီးကျန်သိုင်းသခင်ရဲ့ ကိုယ်ပွားတစ်ခုသာပဲလို့ ငါကြားထားတာကြာပြီ... အစကတော့ ငါအဲ့ဒါကို မယုံခဲ့ဘူး”

“အခု.. အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့မှပဲ ကောလာဟလတွေက အမှန်ဆိုတာ သိလိုက်ရတော့တယ်”

မိုးကောင်းကင်ပဒေသရာဇ်က လုံစန်းနှင့်အခြားသူများကို ကြည့်လိုက်၏။

“မင်းတို့တွေက လူသားကိုယ်ပွားတစ်ယောက်ကို မင်းတို့ရဲ့သခင်လေးအဖြစ် အသိအမှတ်ပြုထားတာလား... သူက နဂါးမျိုးနွယ်တစ်ခုလုံးကို အဆုံးမဲ့ချောက်နက်ထဲ ဆွဲခေါ်သွားမှာကို မင်းတို့မကြောက်ကြဘူးလား”

“နဂါးမျိုးနွယ်သခင်လေးရဲ့ အဆင့်အတန်းဆိုတာ မင်းလိုအပြင်လူတစ်ယောက် ဝေဖန်ပြောဆိုနိုင်တဲ့ တစ်စုံတစ်ရာမဟုတ်ဘူး”

လုံစန်းက စိမ်းသက်သောလေသံဖြင့် အေးစက်စွာနှစ်တစ်ချက်မှုတ်လိုက်၏။

“မိုက်ရိုင်းလိုက်တာ”

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က အော်ငေါက်လိုက်၏။

“ငါ့သခင်စကားပြောနေတဲ့အချိန်မှာ မင်းက ကြားဖြတ်ဝင်ပြောစရာ အကြောင်းမရှိဘူး”

လုံစန်း၏ အမူအရာက ညိုမည်းလာပြီး သူ၏ အကြည့်က အေးစက်လာခဲ့၏။ သူသည် နဂါးမျိုးနွယ်၏ သခင်လေး မဟုတ်သော်လည်း မြင့်မြတ်သောမျိုးဆက်သွေးနှင့်အတူ လ​က်သည်းငါးဖက် နတ်နဂါးတစ်ကောင်ဖြစ်၏။ တဗူး၏ မွေးဖွားပေါ်ထွက်လာမှုကြောင့်သာမဟုတ်လျှင် သူက ယခုအချိန်မှာ နဂါးမျိုးနွယ်၏ သခင်လေး ဖြစ်နေပေလိမ့်မည်။

သူသည် ပေါင်းစည်းခန္ဓာအဆင့်မှာသာရှိပြီး မိုးကောင်းကင်ပဒေသရာဇ်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး တစ်ယောက်ဖြစ်သော်လည်း သူသည် ထိုသူကို အချိန်မရွေး သေချာပေါက်စိန်ခေါ်ရဲလေသည်။ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကလွဲလျှင် မည်သူကမှ သူ့ကို ဤကဲ့သို့ မငေါက်ငမ်းဖူးပေ။

“ဟားဟား”

ထိုစဥ်မှာပင် လူရိုင်းမျိုးနွယ်၏ သခင်လေးက ရယ်မော၍ တင်းမာလာသောအခြေအနေကို ဖြေလျှော့ပေးလိုက်လေသည်။

“ညီကိုလုံမို... ခင်ဗျားရဲ့စိတ်နေစရိုက်ကို ကျုပ်ကြိုက်တယ်... ခင်ဗျားက တကယ်ပဲ တဲ့တိုးဆန်ပြီးတော့ အပိုတွေကို မပြောတတ်ဘူး... ဒါပေမဲ့...”

သူက စကားလမ်းကြောင်းပြောင်းလိုက်၏။

“အဲ့ဒါက... လောနေစရာမလိုပါဘူး ညီကိုလုံမို ကျေးဇူးပြုပြီး ထိုင်ပါဦး... ကျုပ်တို့က သောက်ရင်းစားရင်း ဆွေးနွေးကြတာပေါ့”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ မလှုပ်မယှက် ရှိနေဆဲ ဖြစ်ပြီး သူကမေးလိုက်၏။

“အဲ့လိုဆိုရင် လူရိုင်းမျိုးနွယ်က အခုအချိန်ထိ ဆုံးဖြတ်ချက်တစ်ခု မချရသေးဘူးပေါ့”

လူရိုင်းမျိုးနွယ်၏ သခင်လေးက ပြုံးလိုက်၏။

“ဒီကိစ္စက အရမ်းကို အရေးကြီးတယ်... အဲ့ဒီဆုံးဖြတ်ချက်က လူရိုင်းမျိုးနွယ်နဲ့ ကျုပ်တို့ရဲ့ အနာဂတ်ကံကြမ္မာပေါ်ပါ သက်​ရောက်မှုရှိနေတယ်... ကျုပ်က သေချာစဥ်းစားမှရမယ်”

ရုတ်တရက်... လူရိုင်းမျိုးနွယ်သခင်လေး၏ ကိုယ်ရံတော် မန်ဖူက မေးလိုက်၏။

“နဂါးမျိုးနွယ်က လက်ဆောင်တစ်ခုခု ယူလာသေးလား”

“လက်ဆောင်တွေလား”

နဂါးများက အနည်းငယ်မှင်တက်သွားကြ၏။

လုံစန်း ၊ လုံရှီနှင့် အခြားသူများသည် အိုးတိုးအမ်းတမ်းအမူအရာများနှင့်အတူ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

သူတို့သည် ဤတစ်ခေါက် ရောက်လာရသည့်အကြောင်းရင်းမှာ လူရိုင်းမျိုးနွယ်ထံ သူတို့၏ ရပ်တည်မှုကို ရှင်းပြပြီး တဗူး၏ ဂုဏ်သတင်းကို အသုံးချကာ လူရိုင်းမျိုးနွယ်ကို စည်းရုံးသိမ်းသွင်းဖို့သက်သက်ဖြစ်၏။

သူတို့သည် လက်ဆောင်တစ်ခုခုယူလာဖို့ တကယ်ပင် မတွေးမိခဲ့ကြပေ။

“ဟဲဟဲ”

မိုးကောင်းကင်ပဒေသရာဇ်က စိတ်လက်ပေါ့ပါးစွာဖြင့် ပြုံးလိုက်၏။

“ဘာလို့လဲ... နဂါးမျိုးနွယ်က တာအိုရောင်းရင်းတို့... ခင်ဗျားတို့က ဒီနေရာကိုလက်ဗလာနဲ့ လာခဲ့ကြတာလား”

လုံစန်းနှင့် အခြားသူများက အမူအရာပျက်ယွင်းသွားပြီး တိတ်ဆိတ်ငြိမ်သက်နေကြ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အမူအရာက ပြောင်းလဲမှု မရှိသေးပေ။

လူရိုင်းမျိုးနွယ်၏ သခင်လေးသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အမူအရာကို တစ်ချိန်လုံး အာရုံစိုက်ကြည့်နေ၏။ သို့သော်လည်း ယခုအချိန်ထိကို သူသည် ထိုသူ၏ စိတ်ကို လုံးဝမဖတ်မိနိုင်ပေ။

အဲ့ဒါက တကယ့်ကိုအံ့မခန်းဖြစ်၏။

အဲ့ဒါက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာအပေါ် လူရိုင်းမျိုးနွယ်သခင်လေး၏ အကဲဖြတ်မှုဖြစ်၏။

လူရိုင်းမျိုးနွယ်သခင်လေးက ရယ်မော၍ ကိစ္စများကို ချောမွေ့စေဖို့ကြိုးစားလိုက်၏။

“အဲ့ဒါက အဆင်ပြေပါတယ်... ရောက်လာတဲ့ ဘယ်သူမဆို ဧည့်သည်တွေပဲ လက်ဆောင်တွေဘာတွေမလိုပါဘူး... ကျုပ်တို့အားလုံးက ကမ္ဘာဦးမျိုးနွယ်ဝင်တွေပဲ... အဲ့လိုမျိုး လောကဝတ်တွေ ပြုနေစရာမလိုပါဘူး”

“အဲ့လိုဆိုရင်တောင်... သူတို့က လက်ဗလာနဲ့ရောက်လာပြီး ခင်ဗျားတို့ကို တံခါးပိတ်ကျင့်ကြံရာကနေ ဖိတ်ခေါ်လိုက်တယ်ဆိုတာ... သူတို့က လူရိုင်းမျိုးနွယ်ကို အထင်သေးနေတာ မဟုတ်ဘူးလား”

မိုးကောင်းကင်ပဒေသရာဇ်က ထိုအခွင့်အရေးကိုလက်လွှတ်မခံပဲ နဂါးမျိုးနွယ်ကို စကားလုံးများဖြင့် ထပ်မံတိုက်ခိုက်လိုက်၏။

“ကျုပ်က ဒီနေရာကို လက်ဆောင်ကြီးကြီးတစ်ခုနဲ့ရောက်လာခဲ့တာ... အဲ့ဒါမှပဲ ကျုပ်တို့နတ်ဘုရားမျိုးနွယ်ရဲ့ စိတ်ရင်းမှန်ကန်မှုကို ဖော်ပြနိုင်မယ်မလား”

ထိုသို့ပြောရင်း သူက သိုလှောင်အိတ်တစ်အိတ်ကို ဆွဲထုတ်ကာ သူ၏ အသိစိတ်ကို လှုပ်ရှားစေလိုက်၏။

သိုလှောင်အိတ်ထဲရှိပစ္စည်းများက မြေပြင်ပေါ်ကို ပြန့်ကျဲကျဆင်းလာပြိး နတ်ဘုရားဆန်ဆန် အလင်းများက ဖြာထွက်လာ၏။

အဲ့ဒီမှာ လက်နက်များ ၊ ဆေးလုံးများနှင့် အခြားပစ္စည်းများပါဝင်လေသည်။

တကယ်ဆို အဲ့ဒီမှာ ကျင့်ကြံမှုနည်းစနစ်နှင့် လျှို့ဝှက်အတတ်အချို့ပင် ပါဝင်လေသည်။

“ဒါက... အမြုတေယန်သဲလား”

လူရိုင်းမျိုးနွယ်၏ သခင်လေးက ကြမ်းပြင်ပေါ်ရှိ လက်တစ်ဆုပ်စာ ကျောက်စရစ်ခဲမှုန်မှုန်လေးများကို စိုက်ကြည့်ပြီး သူ့မျက်လုံးထဲရှိ အလင်းတစ်ချက်နှင့်အတူ တည်တံ့စွာ မေးမြန်းလိုက်၏။

“အဲ့ဒါ ဟုတ်တာပေါ့”

မိုးကောင်းကင်ပဒေသရာဇ်က ဝံ့ကြွားစွာဖြင့် ပြောလိုက်၏။

“လူရိုင်းမျိုးနွယ်က သူတို့ရဲ့ခန္ဓာကိုယ်ကို မီးဆေးဖို့အတွက် အမြုတေယန်သဲက အရမ်းကိုအရေးပါတယ်ဆိုတာ ကျုပ်ကြားထားတယ်... အဲ့ဒါကြောင့် ကျုပ်က ခင်ဗျားအတွက် အဲ့ဒါကို ယူလာခဲ့တာပဲ... ညီကိုမန်ဟူ ကျုပ်က အဲ့ဒါကို ကမ္ဘာဦးအပျက်အစီးနယ်မြေတစ်ခုထဲ ဝင်ရောက်ပြီးမှ ရလာခဲ့တာပဲ”

“ဟားဟားဟားဟား”

လူရိုင်းမျိုးနွယ်၏ သခင်လေးက ဟားတိုက်ရယ်မော၍ သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။

“ခင်ဗျားကတော်တော်သဘောကောင်းတာပဲ... ညီကို မိုးကောင်းကင်ပဒေသရာဇ်”

“သခင်လေး... ကျုပ်တို့ ဘာလုပ်ရမလဲ”

လုံစန်းက မျက်မှောင်အနည်းငယ်ကြုတ်၍ စိတ်ဝိညာဥ်အသိစိတ်ဖြင့် မေးမြန်းလိုက်၏။

“ကျုပ်တို့က... ဘာမှပြင်ဆင်မလာမိဘူး... အခုတော့ ကျုပ်တို့က ဒီမိုးကောင်းကင်ပဒေသရာဇ်ရဲ့ အသာစီးရယူမှုကို ခံနေရပြီ... ကြည့်ရတာတော့ လူရိုင်းမျိုးနွယ်က နတ်ဘုရားမျိုးနွယ်နဲ့ ပူးပေါင်းတောမဲ့ပုံပဲ”

ရုတ်တရက်... နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ပြောလိုက်၏။

“တကယ်တော့... ကျုပ်ကလည်း လူရိုင်းမျိုးနွယ်အတွက် လက်ဆောင်ကြီးကြီးတစ်ခု ပြင်ဆင်ထားတာပေါ့”

“အို... အဲ့ဒါက ဘယ်လိုမျိုး လက်ဆောင်ကြီးကြီးလဲ”

မန်ဟူက စိတ်ဝင်စားသော အမူအရာတစ်ခုကို ပြသလိုက်၏။

သူက ယခုအချိန်မှာ အဲ့ဒါကို တွေ့ချင်မြင်ချင်နေ၏။

မျိုးနွယ်စုနှစ်စုက တစ်ဖက်နှင့်တစ်ဖက် ပြိုင်ဆိုင်ကြမည်ဆိုလျှင် လူရိုင်းမျိုးနွယ်က ကြားထဲကနေ ကြီးမားစွာအမြတ်ထွက်ပေလိမ့်မည်။

“အဲ့ဒီလက်ဆောင်က အရမ်းကိုအဖိုးတန်တယ်... လူရိုင်းမျိုးနွယ်က အဲ့ဒါကို သေချာပေါက်သဘောကျလိမ့်မယ်လို့ ကျုပ်အာမခံတယ်”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ပြုံး၍ အဓိပ္ပါယ်ပါပါပြောလိုက်၏။

လူရိုင်းမျိုးနွယ်၏ သခင်လေးက ပို၍ပင် သိချင်စိတ်ပြင်းပြလာပြီး မတ်တတ်ပင်ထရပ်လာ၏။

“ညီကိုလုံမို... အခု အဲ့ဒါကို ခင်ဗျားပြောမှပဲ ကျုပ်က ပိုပြီးတော့တောင်သိချင်လာပြီ”

လုံစန်းနှင့်အခြားသူများက ငေးငိုင်ပျောက်ဆုံးနေသော အမူအရာများကို ထုတ်ဖော်ပြသလာ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဘယ်လိုလက်ဆောင်ကို ပြင်ဆင်လာခဲ့သလဲ သူတို့ပင် မသိရှိပေ။

မိုးကောင်းကင်ပဒေသရာဇ်က အထင်အမြင်သေးသော အမူအရာတစ်ခုကို ထုတ်ဖော်ပြသပြီး လှောင်ရယ်လိုက်၏။

“ဘာမှလျှို့ဝှက်ဆန်းကြယ်သလို ဟန်ဆောင်မနေနဲ့... မင်းက ဘယ်လိုလက်ဆောင်အကြီးကြီးတစ်ခုကို ယူလာတာမို့လဲ... လူတိုင်းသိအောင် မြန်မြန်ထုတ်ပြလိုက်စမ်းပါ”

“ဒါပေါ့”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက မိုးကောင်းကင်ပ​ဒေသရာဇ်ကိုလှည့်ကြည့်လိုက်၏။

“ငါပြင်ဆင်ထားတဲ့ လက်ဆောင်ကတော့ မင်းရဲ့ခေါင်းပဲ”

All Chapters