← Chapters

ကောင်းကင်ဘုံနတ်ဘုရား ဆင်းသက်လာခြင်း

Vol. 103 Ch. 1541

ကောင်းကင်ဘုံနတ်ဘုရား ဆင်းသက်လာခြင်း

Vol. 103 Ch. 1541

မဟာယာနအဆင့်၌ သွေးကနေ ပြန်လည်မွေးဖွားခြင်း နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ထားသည့် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ဖို့က အရမ်းကို ခဲယဉ်းလေသည်။

သူတို့၏ ကိုယ်ကာယခန္ဓာကိုယ်များက ဖျက်ဆီးခံလိုက်ရသည်ဆိုလျှင်တောင် သူတို့၏ အမြုတေစိတ်ဝိညာဉ်က အသက်ရှင်နေသေးပြီး သွေးတစ်စက် ကျန်ရှိနေသေးသမျှ သူတို့သည် သူတို့၏ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီး သွေးတစ်စက်ကနေ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန်လည်တည်ဆောက်နိုင်လေသည်။

ဝှစ်.. ဝှစ်..

သူတို့၏ စိတ်ဝိညာဉ်အသိစိတ်၏ အတွေးတစ်ချက်နှင့်အတူ ဧရာမဓား ဓမ္မရတနာနှင့် နဂါးဦးခေါင်းတောင်ဝှေးသည် အလင်းတန်းများအသွင်ပြောင်းလဲပြီး သူတို့၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာ၏။

“လူရိုင်းမျိုးနွယ်က တာအိုရောင်းရင်းတို့… ဘာမှ ထိန်ချိန်နေစရာ မလိုတော့ဘူး.. ခင်ဗျားတို့ရဲ့ နတ်ဘုရားစွမ်းအားတွေကို ထုတ်ဖော်လိုက်ကြ”

သက်လတ်ပိုင်းအရွယ် နတ်ဘုရားမျိုးနွယ်သက်ရှိက အေးစက်စွာ ပြောလိုက်၏။

“ကောင်းကင်ဘုံနတ်ဘုရား ဆင်းသက်ခြင်း”

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားနှင့် အမျိုးသမီးအိုက တစ်ချိန်တည်းမှာ အော်ပြောလိုက်ကြ၏။

အင်အားကြီးမားသော စွမ်းပကားတစ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်များထဲကနေ ရွှေရောင်အလင်းများက ပေါက်ကွဲထွက်ပေါ်လာ၏။

အဲဒါသည် နတ်ဘုရားမျိုးနွယ်ဝင်များအနေဖြင့် နားလည်ဆင်ခြင်ဖို့ အလွယ်ကူဆုံး သာမန်နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လေသည်။

ထိုနတ်ဘုရားစွမ်းအားသည် ဘယ်ဆီဘယ်ဝယ် မသိရသော တည်နေရာတစ်ခုမှ ရှေးပဝေသဏီ ကောင်းကင်ဘုံနတ်ဘုရား၏ စွမ်းအားကို အသုံးချပြီး အချိန်တိုတစ်ခုအတွင်းမှာ သူတို့၏ ခွန်အားကို ဆပွားများစွာ တိုးမြင့်လာစေလေသည်။

တကယ်ဆို.. ဘိုးဘေးနတ်ဘုရားနှစ်ယောက်၏ နောက်ဘက်မှာ ဧရာမ ကောင်းကင်ဘုံနတ်ဘုရား ပုံရိပ်ယောင်နှစ်ခုက ပေါ်ထွက်လာ​ပြီး သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုနှင့်အတူ ဝင်းလက်တောက်ပနေ၏။

“လူရိုင်းခွန်အား”

လူရိုင်းမျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်သည် သူတို့၏ နတ်ဘုရားစွမ်းအားများကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်ကြ၏။

လူရိုင်းနတ်ဘုရားစွမ်းအားကို ထုတ်ဖော်သောအခါ ထိုလူရိုင်းနှစ်ယောက်ထံမှ အော်ရာစီးကြောင်းများက တလိပ်လိပ်တက်လာပြီး မရေမတွက်နိုင်သော ကြွက်လေးများက သူတို့၏ ခန္ဓာကိုယ်အရေပြားပေါ်မှာ ရှပ်ပြေးနေသည့်အလား ဖြစ်လာ၏။

တစ်ခဏချင်းမှာပင်.. လူရိုင်းမျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်၏ အသားများက ပြန့်ကားလာခဲ့၏။

“အခြေအနေ မကောင်းတော့ဘူး”

လုံစန်းက တိတ်တဆိတ် ထိတ်လန့်သွားပြီး သူ၏ သိုလှောင်အိတ်ပေါ်ကို လက်တင်လိုက်၏။ သူသည် သူတို့ကို လာရောက်ကယ်တင်ဖို့အတွက် နဂါးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်များကို ဆင့်ခေါ်ရန် နဂါးအရိုးတောင်ကြားဆီသို့ သတင်းပေးပို့ချင်လေသည်။

“မင်းတို့တွေက နတ်ဘုရားမျိုးနွယ်က ငါတို့ရဲ့ သခင်လေးကို သတ်ဖြတ်ပြီးတာတောင် ထွက်သွားချင်သေးတာလား”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ တုန်ခါလှိုင်းကြောင့် သွေးအန်ခဲ့ရသော နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် အဲဒါကို သတိထားမိသွားပြီး လုံစန်းနှင့် အခြားသူများထံသို့ ပြေးဝင်လာကြ၏။

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို အရိုးထိတိုင် မုန်းတီးလေသသည်။

သို့သော်လည်း သူတို့သည် ထိုသူကို မည်သို့မှ အနိုင်မရနိုင်သည့်အတွက် သူတို့၏ ရင်ထဲမှာသာ ဒေါသမီးများ လောင်ကျွမ်းနေစေရ၏။ ယခု သူတို့သည် နောက်ဆုံးမှာ သူတို့၏ အမျက်ဒေါသများကို ဖွင့်ထုတ်နိုင်မည့် အခွင့်အလမ်းတစ်ခုကို တွေ့ရှိသွားလေပြီ။

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် လူရိုင်းမျိုးနွယ်ထံသို့ မိုးကောင်းကင်ပဒေသရာဇ်နှင့်အတူ လိုက်ပါလာနိုင်သည့်အတွက် သူတို့က နတ်ဘုရားမျိုးနွယ်၏ ပြိုင်စံရှားများ ဖြစ်ကြ၏။ သူတို့သည် နဂါးများကို သတ်ဖြတ်နိုင်သည်ဟု ယုံကြည်မှု ရှိလေသည်။

“ဟမ်”

လုံစန်း၏ အမူအရာက သတ်ဖြတ်လိုစိတ်နှင့်အတူ ညိုမည်းသွားပြီး အေးစက်စွာ ပြောဆိုလိုက်၏။

“မင်းတို့လို နှစ်ကောင်က ငါ့ကို ထိဖို့ ဘယ်လိုတောင် စိတ်ကူးရဲတာလဲ”

သူသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာနှင့် မျိုးနွယ်စုခေါင်းဆောင် ၄ယောက်၏ တိုက်ပွဲကြားမှာ ဝင်မပါနိုင်ပေ။

သို့သော်လည်း သူသည် လက်သည်းငါးဖက် နတ်နဂါးတစ်ကောင် ဖြစ်၏။ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက လွဲလျှင် သူသည် အဆင့်တူချင်းမှာ မည်သူ့ကိုမှ မကြောက်ရွံ့ပေ။

သူသည် လူရိုင်းနန်းတော်ထဲသို့ ဝင်ရောက်လာခဲ့စဉ်က နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က သူ့ကိုပင် ငေါက်ငမ်းခဲ့သေးလေသည်။

ထိုအချိန်ကတည်းက လုံစန်း၏ သတ်ဖြတ်လိုစိတ်က ထကြွနေခဲ့ပြီ ဖြစ်၏။

သို့သော်လည်း လူရိုင်းနန်းတော်ထဲမှာ ဘိုးဘေးအဆင့် ပညာရှင် ငါးယောက်၏ ရှေ့မှောက်တွင် သူက နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ကို မတိုက်ခိုက်ရဲသည့်အတွက် ချုပ်တည်းနေခဲ့ရ၏။

သို့သော် ယခုအခါ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက တိုက်ခိုက်နေခဲ့ပြီဖြစ်ပြီး မိုးကောင်းကင်ပဒေသရာဇ်နှင့် ဘိုးဘေးနတ်ဘုရားတစ်ယောက်ကိုပါ သတ်ဖြတ်ခဲ့ပြီးလေပြီ။

လုံစန်းသည် ဆက်လက်၍ ငဲ့ကွက်ထိန်ချန်ခြင်း မရှိတော့ပေ။

အလွန်ဆုံး စိတ်ကျေနပ်အားရသည်အထိ သတ်ဖြတ်ပြီးမှသာ နောက်ဆက်တွဲ အကြောင်းများကို သူ စဉ်းစားပေတော့မည်။

“သတ်”

လုံစန်း၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ထံသို့ လျှောက်လှမ်းသွားလေသည်။

ဘန်း.. ဘန်း.. ဘန်း..

သူသည် နတ်ဘုရားမျိုးနွယ် သက်ရှိနှစ်ယောက်နှင့် အနီးကပ်တိုက်ခိုက်လိုက်ပြီး သူတို့၏ အော်ရာ၊ အသားနှင့် အရိုးများက ခပ်ထိုင်းထိုင်းအသံများနှင့်အတူ ထပ်တလဲလဲ ထိတွေ့ရိုက်ခတ်သွားကြ၏။

ချက်ချင်းပင် လုံစန်းနှင့် နတ်ဘုရားမျိုးနွယ် သက်ရှိနှစ်ယောက်၏ မျိုးဆက်သွေးများက ဆူနာမီသွေးအဆင့်ထိ မြင့်တက်လာလေသည်။

သို့သော်လည်း.. သူတို့က တိုက်ခိုက်ဖလှယ်လိုက်သည့် ခဏမှာပင် နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် ဆတ်ခနဲ တုန်ယင်သွားပြီး သူတို့၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြည့်နှက်လာခဲ့၏။

သူတို့နှစ်ယောက်သည် နတ်ဘုရားမျိုးနွယ်၏ ပြိုင်စံရှားများ ဖြစ်ကြပြီး အတူပူးပေါင်းထားသော်လည်း သူတို့သည် လုံစန်း၏ ဖိနှိမ်ခြင်းကို ခံရဆဲဖြစ်၏။

ထိပ်တိုက်ရင်ဆိုင်မှု အချီရေ အနည်းငယ်မျှအပြီး၌ သူတို့၏ လက်များက တုန်ခါမှုဖြင့် ထုံကျဉ်လာပြီး သူတို့၏ သွားများက နာကျင်ကိုက်ခဲကာ သူတို့၏ ကိုယ်တွင်းအင်္ဂါများက ပြင်းထန်စွာ လှုပ်ခါလာခဲ့၏။

အဲဒါက ခွန်အားအရာမှာ ပကတိဖိနှိမ်ခံရခြင်း ဖြစ်၏။

ပို၍ပင် ကြောက်စရာကောင်းသည့် အရာမှာ လုံစန်းသည် ယခုချိန်ထိ နဂါးတစ်ကောင်အဖြစ် သူ၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲရခြင်း မရှိသေးပေ။

လုံစန်းက သူ၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲလိုက်မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားက အနည်းဆုံး ၃၀% တိုးမြင့်လာပေလိမ့်မည်။

“မျိုးဆက်သွေးနယ်မြေ”

နတ်ဘုရားမျိုးနွယ် သက်ရှိနှစ်ယောက်သည် တွေဝေတုံ့ဆိုင်းမနေဘဲ သူတို့၏ မျိုးဆက်သွေးနယ်မြေများကို ချက်ချင်းပင် ထုတ်ဖော်လိုက်ကြ၏။ ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်သော ပိရမစ်များက သူတို့၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး သန်းနှင့်ချီသော သက်ရှိများက ရိုကျိုးခယသော အမူအရာများနှင့်အတူ ဝပ်တွားနေကြလေသည်။

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ထံသို့ အဆုံးမဲ့ စွမ်းအင်စီးကြောင်းနှစ်ခုက တလိပ်လိပ် တိုးဝင်လာ၏။

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ အော်ရာများက အလျင်အမြန် မြင့်တက်လာနေလေသည်။

“ဂါး…”

ရုတ်တရက်ဆိုသလို…

လုံစန်းက သူ၏ ခေါင်းကို မော့ပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်ကာ ကျယ်လောင်သော နဂါးဟိန်းသံကို ထုတ်ဖော်လိုက်၏။

ထို့နောက် ချက်ချင်းပင် သူ၏ သွေးချီက တလိပ်လိပ်တက်လာပြီး တဟုန်ထိုး မြင့်တက်လာခဲ့လေသည်။ တစ်ခဏချင်းမှာပင်.. ကြောက်စရာကောင်း၍ ကြီးမားသော နတ်နဂါးတစ်ကောင်က သူ၏ နောက်မှာ ပေါ်ထွက်လာ၏။

နတ်နဂါးကို အစိမ်းရောင် ကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ထက်ရှသော အကြည့်တစ်ခု ရှိလေသည်။ သူ၏ ဦးခေါင်းပေါ်မှာ ဦးချိုနှစ်ဖက် ရှိပြီး သူ၏ ဝမ်းဗိုက်အောက်မှာ အေးစက်စက် အလင်းနှင့် တောက်ပနေသော လက်သည်းငါးဖက် ရှိလေသည်။

နဂါးမျိုးနွယ်၏ သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုက ဆင်းသက်ရောက်ရှိလာခဲ့လေပြီ။

“လက်သည်းငါးဖက် နတ်နဂါး”

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က နတ်နဂါးပုံရိပ်ယောင်ကို တွေ့မြင်သောအခါ ပြူးကျယ်သွားသော မျက်လုံးများနှင့်အတူ အံ့အားတသင့် ရေရွတ်မိလိုက်ကြ၏။

လက်သည်းငါးဖက် နတ်နဂါးသည် နဂါးမျိုးနွယ်၏ အမြင့်မြတ်ဆုံးနှင့် စွမ်းအားအကြီးမားဆုံး မျိုးဆက်သွေးကို ပိုင်ဆိုင်ထားလေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဤနောက်လိုက်က အမှန်တကယ်ပင် လက်သည်းငါးဖက် နတ်နဂါးတစ်ကောင် ဖြစ်နေလိမ့်မည်ဟု သူတို့နှစ်ယောက်က ထင်မှတ်မထားခဲ့ကြပေ။

လက်သည်းငါးဖက် နတ်နဂါး ပေါ်ထွက်လာပြီးနောက်.. ပိရမစ်၏ ပတ်လည်မှာ ဒူးထောက်နေသည့် သန်းနှင့်ချီသော သက်ရှိများသည် ထိတ်လန့်တကြား အမူအရာများနှင့်အတူ သူတို့၏ ခေါင်းများကို မော့လာကြ၏။

ပိရမစ်များပေါ်ရှိ နတ်ဘုရားများပင်လျှင် သူတို့ကို ကာကွယ်ပေးနိုင်တော့ပေ။

ဘုန်း…

နတ်နဂါး ပုံရိပ်ယောင်က လေထဲသို့ ထိုးတက်လာပြီး ကျယ်လောင်သော မြည်သံနှင့်အတူ ပိရမစ်နှစ်ခုကို ပစ်တိုက်ချလိုက်၏။

ဖျောက်.. ဖျောက်.. ဖျောက်…

ပိရမစ်များပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာ​ပြီး မရေမတွက်နိုင်သော ကျောက်ခဲများက လိမ့်ဆင်းလာ၏။

ပိရမစ်များက လဲပြိုသွားလေပြီ။

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ဆတ်ခနဲ တုန်ခါသွားကြ၏။

ထိုစဉ်မှာပင်.. နောက်ထပ် နဂါးဟိန်းသံက ထွက်ပေါ်လာ၏။

ကြောက်စရာကောင်းသော လက်သည်းငါးဖက် နတ်နဂါးက သူတို့ထံသို့ ပြေးဝင်လာလေပြီ။

“အဲဒါက မျိုးဆက်သွေးနယ်မြေတစ်ခုပဲ.. မင်းမှာ စွမ်းအား ဘယ်လောက်များများ ကျန်ရှိဦးမှာမို့လဲ”

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ဟိန်းဟောက်၍ သူ့လက်ထဲရှိ ဓားကို ဝှေ့ယမ်းကာ နတ်နဂါးပုံရိပ်ယောင်ကို ချေမွဖျက်ဆီးပစ်ချင်လေသည်။

သူ၏ ထင်မြင်ချက်အရ… နတ်နဂါးပုံရိပ်ယောင်သည် သူတို့၏ ပိရမစ်များကို ဖျက်ဆီးပစ်ခဲ့သော်လည်း ၎င်းသည် စွမ်းအားအများစုကို ဆုံးရှုံးခဲ့ရပြီဖြစ်ပြီး လောက်လောက်လားလား ဘာမှမကျန်ရှိတော့ပေ။

ချွမ်း..

သူ၏ ဧရာမ ဓားက နတ်နဂါးနှင့် ထိတွေ့ရိုက်ခတ်သောအခါ ထိုလက်နက်သည် ဧရာမ နဂါးကြေးခွံများတစ်လျှောက် လျှောတိုက်၍ မီးပွားများက တဖြန်းဖြန်း စင်ထွက်လာ၏။

သူ၏ လက်နက်က အဲဒါကို မလှီးဖြတ်နိုင်ပေ။

“ဟမ်”

နတ်ဘုရားမျိုးနွယ် သက်ရှိ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွားပြီး စိတ်ထဲကနေ ထိတ်လန့်တကြား ရေရွတ်ကာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။

“တစ်ခုခုတော့ လွဲနေပြီ.. အဲဒါက မျိုးဆက်သွေးနယ်မြေတစ်ခု မဟုတ်ဘူး”

မျိုးဆက်သွေးနယ်မြေတစ်ခုက ဘယ်လောက်ပင် အသက်ဝင်သည်ဖြစ်စေ.. အဲဒါကို သွေးချီကနေ ဖွဲ့တည်ထားခြင်းသာ ဖြစ်၏။

နတ်ဘုရားမျိုးနွယ် သက်ရှိက ခုတ်ပိုင်းချလိုက်သောအခါ.. သူသည် အစစ်အမှန် နဂါးကြေးခွံများနှင့် အသားတို့ကို ထိတွေ့ရိုက်ခတ်မိလေသည်။

“မကောင်းတော့ဘူး”

နတ်ဘုရားမျိုးနွယ် သက်ရှိက အော်ပြောလိုက်လေသည်။

“အဲဒါက သူ့ရဲ့ အစစ်အမှန် ပုံစံပဲ… လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်ရဲ့ အစစ်အမှန်ပုံစံပဲ”

အဲဒါကို သူနားလည်သွားသော်လည်း နောက်ကျသွားခဲ့လေပြီ။

လုံစန်းက သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ခဲ့စဉ်.. တစ်ချိန်တည်းမှာပင် လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်အဖြစ် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး ရှေ့သို့ ပြေးဝင်လာခဲ့ခြင်းဖြစ်၏။ သူသည် နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်များကို ချိန်ဆတိုက်ခိုက်ဖို့ အခွင့်အရေး လုံးဝ မပေးခဲ့ပေ။

လုံစန်းသည် သူ၏ ဧရာမ ပါးစပ်ကို ဖွင့်ဟပြီး နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို ကိုက်ချလိုက်၏။

လုံစန်း၏ ပါးစပ်က စေ့သွားလေသည်။

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်က ပျောက်ကွယ်သွားပြီး လုံစန်း၏ ပါးစပ်ထဲမှာ အသားပျော့ဖတ်တစ်ခု ဖြစ်သည်အထိ ကြိတ်ချေခံလိုက်ရ၏။ လုံစန်း၏ သွားကြားထဲမှ ရွှေရောင် နတ်ဘုရားသွေးများက ဖြည်းဖြည်းချင်း စီးကျလာ၏။

ဘုန်း…

လုံစန်းက သူ၏အမြီးကိုလည်း ဝှေ့ယမ်းလိုက်၏။

အခြားသော နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်က မတုံ့ပြန်နိုင်ခင်မှာပင်.. ကြီးမားသည့် အရိပ်တစ်ခုက သူ့အပေါ် လွှမ်းခြုံလာပြီး သူ၏ ခန္ဓာကိုယ်ကို အလောင်းပင် မကျန်ရှိစေဘဲ သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားစေ၏။

နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်များက သွေးကနေ ပြန်လည်မွေးဖွားခြင်းကဲ့သို့ အစွမ်းအစများကို ပိုင်ဆိုင်ထားခြင်း မရှိကြပေ။

ထိုစွမ်းအားကြီးပုဂ္ဂိုလ်၏ ခန္ဓာကိုယ်နှင့် အမြုတေစိတ်ဝိညာဉ်သည် နဂါးအမြီးရိုက်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရပြီး နေရာမှာပင် သေဆုံးသွားရ၏။

လုံစန်းက သူ၏ စွမ်းပကားကို ထုတ်ဖော်လိုက်သောအခါ နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က သေဆုံးသွားရလေပြီ။

All Chapters