← Chapters

မဟာအလင်းနည်းစနစ်

Vol. 103 Ch. 1544

မဟာအလင်းနည်းစနစ်

Vol. 103 Ch. 1544

“အဲဒါက မျိုးဆက်သွေးနယ်မြေတစ်ခုလား”

ဘိုးဘေးနတ်ဘုရားနှစ်ယောက်၏ သူငယ်အိမ်များက တင်းကျပ်သွား၏။

ဘယ်လိုမျိုးဆက်သွေးနယ်မြေက ဤကဲ့သို့သော မြင်ကွင်းမျိုးကို ထွက်ပေါ်စေနိုင်တာလဲ..။ သားရဲဘုရင် ၁၀ပါးကနေ ထုတ်ဖော်လိုက်သော အော်ရာသည် အရမ်းကို တုန်လှုပ်စရာကောင်းလေသည်။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်၏ နောက်ဘက်ရှိ ကောင်းကင်ဘုံနတ်ဘုရား ပုံရိပ်ယောင်များသည် သားရဲဘုရင် ၁၀ပါး၏ အော်ရာနှင့် ရင်ဆိုင်ရချိန်မှာ ဝေဝါးလာခဲ့ပြီး ပျက်ပြယ်သွားတော့မည့်အလား စတင်ယိမ်းထိုးလာ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲမှာ ဒုတိယမြောက် အလင်းလုံး၏ နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ပြီးနောက် မျိုးဆက်သွေးနယ်မြေ၏ စွမ်းအားသည် နောက်ထပ် သားရဲဘုရင်တစ်ပါး ထပ်ပေါင်းလာခြင်းနှင့်အတူ ဆပွားတိုးလာခဲ့၏။

အမျိုးသမီးအိုက တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ရင်တစ်ချက်ထိတ်သွား၏။

ရုတ်တရက်.. သူမသည် နောက်သို့ဆုတ်ပြီး မိုးကောင်းကင်ပဒေသရာဇ်၏ အလောင်းဘေးသို့ ရောက်ရှိလာ၏။ သူမသည် ဆတ်ခနဲ လှုပ်ရှား၍ ထိုသူ၏ လက်တွင် စွပ်ထားသော သိုလှောင်လက်စွပ်ကို ဖြုတ်ယူလိုက်၏။

“သတ်”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက မျက်မှောင် အနည်းငယ်ကြုတ်၍ တစ်စုံတစ်ရာကို ဝိုးတဝါး နားလည်သဘောပေါက်သွား၏။ သူက သားရဲဘုရင် ၁၀ပါးကို စေညွှန်ပြီး သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားနှင့် အမျိုးသမီးအိုရှိရာသို့ ပြေးဝင်လာ၏။

သားရဲဘုရင် ၁၀ပါးက ဟိန်းဟောက်၍ သားရဲချီများကို တလိပ်လိပ်တက်လာစေပြီး သူတို့၏ ချီများက မြင်မြင်သမျှ အရာရာတိုင်းကို ဝါးမျိုတော့မည့်အလားပင်။

အမျိုးသမီးအို၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး သူမသည် မိုးကောင်းကင်ပဒေသရာဇ်၏ သိုလှောင်လက်စွပ်ထဲကနေ ကျောက်စိမ်းယင်းလိပ်တစ်ခုကို ဆွဲထုတ်လိုက်၏။ သူမက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို မကောင်းဆိုးဝါးဆန်ဆန် ပြုံးပြပြီး ကျောက်စိမ်းယင်းလိပ်ကို ချိုးချေလိုက်လေသည်။

ဇီး….

လေဟာနယ်က တုန်ခါသွား၏။

ကျောက်စိမ်းယင်းလိပ်သည် ကြေမွသွားပြီး လူရိုင်းနန်းတော်ထဲမှ အမှောင်ထုအားလုံးကို ဖယ်ရှားရှင်းလင်းပစ်မည့် မနှိုင်းယှဉ်သာအောင် ကျိန်းစပ်နေသော အလင်းတစ်ခုကို ထုတ်ပေးလာ၏။ အလင်းတန်းများက ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ လေထဲမှာ ပြည့်နှက်သွားလေသည်။

“မကောင်းတော့ဘူး”

“အဲဒါက နတ်ဘုရားမျိုးနွယ်ရဲ့ နတ်ဘုရားစွမ်းအား မဟာအလင်းနည်းစနစ်ပဲ”

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က အံ့အားတသင့် ရေရွတ်၍ အလင်းတန်းများကို ရှောင်ရှားဖို့အတွက် နောက်သို့ ခုန်ဆုတ်လိုက်ကြ၏။

ကျောက်စိမ်းယင်းလိပ်တစ်ခုထဲမှာ နတ်ဘုရားစွမ်းအားတစ်ခုကို ချိပ်ပိတ်ထားဖို့အတွက် အလွန်တရာ အဆင့်မြင့်သော နည်းလမ်းတစ်ခုကို လိုအပ်လေသည်။

ကျောက်စိမ်းယင်းလိပ်ထဲမှာ ချိပ်ပိတ်ထားသော အဆင့်မြင့် နတ်ဘုရားစွမ်းအားသည် မိုးကောင်းကင်ပဒေသရာဇ်အတွက် ပြင်ဆင်ပေးထားသော အသက်ကယ်နည်းလမ်းတစ်ခု ဖြစ်၏။

သို့သော်လည်း နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ဆိုင်းမဆင့် ဗုံမဆင့် တိုက်ခိုက်ခဲ့ပြီး သတ်ဖြတ်ကွက်များစွာကို ဆက်တိုက်ထုတ်ဖော်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။ အသက်နှစ်ရှိုက် သုံးရှိုက်စာမျှနှင့် သူသည် မိုးကောင်းကင်ပဒေသရာဇ်ကို သတ်ဖြတ်ခဲ့လေသည်။

ထိုသူသည် ကျောက်စိမ်းယင်းလိပ်ကို ထုတ်ဖော်ဖို့ပင် အခွင့်အရေး မရခဲ့ပေ။

ကျောက်စိမ်းယင်းလိပ်ထဲမှာ နတ်ဘုရားစွမ်းအားကို ချိပ်ပိတ်ထားခြင်းဖြင့်​ ၎င်း၏ စွမ်းအားအများစုက သေချာပေါက် ပျက်ပြယ်သွားပေလိမ့်မည်။

ထိုသို့ဆိုလျှင်တောင် ကျောက်စိမ်းယင်းလိပ်ထဲမှာ ချိပ်ပိတ်ထားသည်က အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လေသည်။

အဲဒါက​ တောက်ပ၍ ပျံ့နှံ့ကာ နေရာတစ်ခုလုံးကို ပြည့်နှက်သွားစေ၏။

ဆူဇီမိုသည် သူ၏ အဆုံးစွန် အလျင်အဟုန် နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ထားသည်ဆိုလျှင်တောင် သူ့မှာ ပုန်းကွယ်စရာ နေရာမရှိတော့ပေ။

မဟာအလင်းနည်းစနစ်ကနေ ထွက်ပေါ်လာသော အလင်းတန်းတစ်ခုချင်းစီတိုင်းသည် ဆံချည်မျှင်ကဲ့သို့ ပါးလွှာပြီး သာမန်မျက်လုံးဖြင့် ခွဲခြားဖို့ ခက်ခဲလေသည်။ သို့သော်လည်း သူတို့က အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထား၏။

သားရဲဘုရင် ၁၀ပါးသည် မဟာအလင်းနည်းစနစ်ဖြင့် လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး နာကျင်သော အမူအရာများကို ထုတ်ဖော်ပြသလာကြ၏။ သူတို့၏ အသားများက ထိုးဖောက်ခံလိုက်ရပြီး လတ်ဆတ်သော သွေးများက တစက်စက်စီးကျလာ၏။

ထိုအဆင့်မြင့် နတ်ဘုရားစွမ်းအား၏ စွမ်းအားက လျော့ကျနေမည်ဆိုလျှင်တောင် အဲဒါက မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ပင်လျှင် အနားသို့ ချဉ်းကပ်မလာရဲကြပေ။

လူရိုင်းမျိုးနွယ်စု၏ ကိုယ်ကာယက တကယ့်ကို သန်မာပြီး သူတို့၏ ခံစစ်အားက တုန်လှုပ်စရာကောင်းလေသည်။

သို့သော်လည်း သူတို့သည် အစောပိုင်း မဟာယာနအဆင့်မှာသာ ရှိပြီး သာမန်နတ်ဘုရားစွမ်းအား အချို့ကိုသာ နားလည်ဆင်ခြင်နိုင်သေးလေသည်။ သူတို့သည် အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခု၏ စွမ်းအားကို မခုခံနိုင်ကြပေ။

“လုံမို.. မင်းက ဒီနေ့ သေချာပေါက် သေရမယ်”

အမျိုးသမီးအိုက မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်၏။

မဟာအလင်းနည်းစနစ် ဆင်းသက်လာသည့်​ ခဏမှာပင်.. သားရဲဘုရင် ၁၀ပါးသည် ထိုနတ်ဘုရားစွမ်းအား၏ ဖျက်ဆီးခြင်းကို ခံရပြီး သူတို့၏ ခန္ဓာကိုယ်များက ဇကာပေါက်များအဖြစ် ထိုးဖောက်ခံလိုက်ရ၏။

“ဖွီး…”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကလည်း ပါးစပ်အပြည့် သွေးများကို ထွေးထုတ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ ငှက်မွေးတောင်များက ကျွတ်ကျလာခဲ့၏။

သူက သူ၏ နည်းလမ်းများ အားလုံးကို ထုတ်ဖော်ခဲ့ပြီးလေပြီ။

အဲဒါသည် ဘိုးဘေးနတ်ဘုရားနှစ်ယောက်သာဆိုလျှင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ၏ တိုက်ခိုက်ရည်ခွန်အားအရ ဤနေရာမှာ သူတို့ကို သေချာပေါက် သတ်ဖြတ်နိုင်ပေလိမ့်မည်။

သို့သော် ယခုအခါ သေးငယ်သော ကျောက်စိမ်းယင်းလိပ်က အခြေအနေတစ်ရပ်လုံးကို လုံးဝ ပြောင်းလဲသွားစေ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် အန္တရာယ်ကို အာရုံခံမိသွားသည့်အလား.. သူ၏ ခန္ဓာကိုယ်အတွင်းမှ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို လှည့်ပတ်လိုက်၏။ သားရဲဘုရင် ၁၀ပါး ပျက်ပြယ်သွားပြီးနောက်.. သူတို့သည် ကြွယ်ဝသော သားရဲချီများအဖြစ် အလျင်အမြန် ပြောင်းလဲသွား၏။

သွေးနီရောင် သားရဲချီများက တလိပ်လိပ်ထိုးတက်လာပြီး သွေးရောင်လိပ်ပြာတစ်ကောင်က နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ နောက်ဘက်မှာ တစ်ခဏချင်း ပေါ်ထွက်လာ၏။

သွေးနီရောင်လိပ်ပြာသည် တောက်ပသော လပြည့်ဝန်းနှစ်ခုပုံ ခတ်နှိပ်ထားသော သူ၏ တောင်ပံများကို ဖြန့်ကြက်ပြီး အေးစက်နေသော မျက်ဝန်းတစ်စုံနှင့်အတူ ဘိုးဘေးနတ်ဘုရားနှစ်ယောက်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်၏။

သွေးရောင်လိပ်ပြာက ၁၀​ပေ ဝန်းကျင်လောက်သာ ကျယ်ပြန့်လေသည်။ သို့သော်လည်း ဘိုးဘေးနတ်ဘုရားနှစ်ယောက်သည် ခေါင်းနပန်းကြီး၍ တုန်လှုပ်ချောက်ချားမှုကို ခံစားရ၏။

“အဲဒါ ဘာကြီးလဲ”

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက ဗလုံးဗထွေး ရေရွတ်လိုက်၏။

ရုတ်တရက်ဆိုသလို…

သွေးရောင်လိပ်ပြာ၏ နောက်ကျောပေါ်ရှိ တောင်ပံများက ညင်သာစွာ ခတ်လာလေသည်။

အနည်းငယ်မျှသော ထိုတုန်ခါမှုက ထောက်လှမ်းသိရှိဖို့ မဖြစ်နိုင်သလောက်နီးပါး ဖြစ်သော်လည်း ၎င်းသည် တုန်လှုပ်စရာကောင်းသော မုန်တိုင်းတစ်ခုကို ဆင့်ခေါ်လိုက်လေသည်။

ပတ်ဝန်းကျင်ရှိ လေဟာနယ်က တွန့်လိမ်ပြောင်းလဲသွားပြီး ပြိုကျချိုင့်ဝင်လာခဲ့၏။

လေထဲမှာ ဖြန့်ကြက်လာသော အလင်းသည်ပင် တွန့်လိမ်သွားလေသည်။

သွေးရောင်လိပ်ပြာ၏ တောင်ပံခတ်မှုအောက်မှာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဘေးပတ်လည်တွင် ရှားရှားပါးပါး အမှောင်ထုတစ်ခုက ပေါ်ထွက်လာ၏။

စွမ်းအားနှစ်ခုက လူရိုင်းနန်းတော်ထဲမှာ ထိတွေ့ရိုက်ခတ်သွားကြ၏။

ခဏနေပြီးနောက်.. အလင်းက တဖြည်းဖြည်း ပျက်ပြယ်သွားလေသည်။

သွေးနီရောင်လိပ်ပြာကလည်း ပျောက်ကွယ်သွား၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အမူအရာက ညိုးငယ်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ကာ လေထဲကနေ ကျဆင်းလာခဲ့၏။ အလင်းစွမ်းအားဖြင့် ထိုးဖောက်ခံရပြီးနောက်.. သူ၏ ခန္ဓာကိုယ်မှ သွေးများက တစက်စက်စီးကျကာ သူက ဒဏ်ရာအပြင်းအထန် ရရှိသွားလေပြီ။

တကယ်ဆို.. သားရဲဘုရင် ၁၀ပါး၏ ကာကွယ်မှုနှင့် သွေးရောင်လိပ်ပြာ၏ နောက်ဆုံးခုခံမှုကြောင့် မဟုတ်လျှင် မဟာအလင်းနည်းစနစ်သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို သတ်ဖြတ်ပစ်ဖို့ လုံလောက်ပေလိမ့်မည်။

သူက တဗူးတစ်ကောင် ဖြစ်သော်လည်း သူသည် တစ်ပိုင်းမျိုး နွယ်စုဘိုးဘေးအဆင့်မှာသာ ရှိနေသေး၏။

အဆင့်မြင့် နတ်ဘုရားစွမ်းအား၏ စွမ်းအားက သူ၏ ခံနိုင်ရည်ထက် အပြတ်အသတ် ကျော်လွန်နေခဲ့လေသည်။

“သူက သေမသွားဘူးလား”

အမျိုးသမီးအိုက မယုံကြည်နိုင်စွာဖြင့် ခပ်စူးစူး အော်လိုက်၏။

“သူက ဘာပဲပြောပြော တဗူးနဂါးဖီးနစ်တစ်ကောင်ပဲ… သူ့ရဲ့ အသက်ဓာတ်အားက အရမ်းကို သန်မာလွန်းတယ်”

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက အေးစက်စွာ ပြောလိုက်၏။

“ဒါပေမဲ့ ကိစ္စမရှိဘူး.. နဂါးဖီးနစ်က ဒဏ်ရာအပြင်းအထန် ရရှိသွားပြီ.. သူက အခုဆိုရင် ခုတ်ပိုင်းခံရဖို့ စောင့်ဆိုင်းနေရတဲ့ စဉ်းတီတုံးပေါ်က ငါးတစ်ကောင်လိုပဲ”

“သခင်လေး..”

လုံစန်းနှင့် အခြားသူများက အော်ဟစ်၍ ရှေ့သို့ ပြေးတက်ချင်ကြလေသည်။

သို့သော်လည်း မြင့်မားသော ပုံရိပ်တစ်ခုက နဂါးများ၏ ရှေ့မှာ ပေါ်ထွက်လာပြီး သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။

လူရိုင်းမျိုးနွယ်၏ သခင်လေး…

“မန်ဟူ.. မင်း ထပ်လုပ်ပြန်ပြီလား”

လုံစန်း၏ အမူအရာက အေးစက်လာပြီး သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာ၏။

“ညီအစ်ကို လုံစန်း.. စိတ်ကို လျှော့ပါ”

မန်ဟူက တည်တံ့စွာဖြင့် ပြောလိုက်၏။

“အခုချိန်မှာ ရှေ့ကို တက်သွားတာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ဘာများကွာခြားလို့လဲ”

“အဲဒါနဲ့ပဲ.. ငါတို့ရဲ့ သခင်လေး သတ်ဖြတ်ခံရမှာကို ငါက ခွင့်ပြုပေးလိုက်ရမှာလား”

လုံစန်းက အော်ပြောလိုက်၏။

ထိုစဉ်မှာပင်.. လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က ပေါ်ထွက်လာပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ရှေ့မှာ ရပ်ကာ ဘိုးဘေးနတ်ဘုရားနှစ်ယောက်၏ လမ်း​ကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။

“မင်းတို့တွေက ဘာလုပ်ကြတာလဲ”

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရား၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား​ပြီး ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။

ဘယ်ဘက်တွင်ရှိသော လူရိုင်းမျိုးနွယ်စုခေါင်း​ဆောင်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“တာအိုရောင်းရင်း… ကျုပ်တို့ လူရိုင်းနန်းတော်ထဲမှာ မိုးကောင်းကင်ပဒေသရာဇ် သေဆုံးခဲ့ရမှုအတွက် လူရိုင်းမျိုးနွယ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် အပြစ်တင်နိုင်တယ်”

“ဒါပေမဲ့.. အဲဒီ အမှားက ဖြစ်ပြီးသွားပြီ.. လူရိုင်းမျိုးနွယ်က ဒုတိယမြောက်အမှားတစ်ခုကို ထပ်ပြီး ခွင့်ပြုမပေးနိုင်တော့ဘူး”

အခြားသော လူရိုင်းမျိုးနွယ်စုခေါင်းဆောင်ကလည်း ခေါင်းညိတ်လိုက်၏။

“ခင်ဗျားတို့တွေက တဗူးနဂါးဖီးနစ်ကို ဒီနေရာမှာ သတ်ဖြတ်လိုက်မယ်ဆိုရင်.. လူရိုင်းမျိုးနွယ်က နဂါးမျိုးနွယ်ကို ဘယ်လိုရင်ဆိုင်ရမှာလဲ”

“ဘာလို့လဲ.. နင်တို့ လူရိုင်းတွေက သူ့ကို ကာကွယ်ပေးချင်တာလား”

အမျိုးသမီးအိုက အော်ပြောလိုက်လေသည်။

“သူက ငါတို့ရဲ့ သခင်လေးကို အရင်ဆုံး သတ်ဖြတ်ခဲ့တယ်ဆိုတာကို မမေ့လိုက်နဲ့.. အသက်တစ်သက်အတွက် အသက်တစ်သက်ပဲ.. နင်တို့တွေက အဲဒါကို ရှင်းမပြနိုင်စရာ အကြောင်းမရှိဘူး”

“ဒီကိစ္စက အရမ်းကို အရေးကြီးတယ်… ကျုပ်တို့နှစ်ယောက်က အဲဒါအတွက် ဆုံးဖြတ်ချက်ချမပေးနိုင်ဘူး”

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က တွေဝေတုံ့ဆိုင်းနေ၏။

“ဒါက နတ်ဘုရားမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်ကြားက ပြဿနာပဲ.. လူရိုင်းမျိုးနွယ်က ကြားဝင်ညပ်ခံမှာ မဟုတ်ဘူး”

“ဟီးဟီး”

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက လှောင်ရယ်လိုက်၏။

“အခုဆိုရင် ထျန်ဟွမ်ကုန်းမြေတိုက်က ဖရိုဖရဲ ဖြစ်နေပြီ.. ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုက အတူပူးပေါင်းပြီးတော့ ထျန်ဟွမ်ကုန်းမြေတိုက်ကို နောက်တစ်ဖန် အုပ်စိုးဖို့ ပြင်ဆင်နေကြတယ်.. လူရိုင်းမျိုးနွယ်က ယိုယွင်းပျက်စီးနေတဲ့ ဒီနေရာမှာ အပယ်ခံဘဝနဲ့ ဆက်ပြီးနေချင်သေးတာလား”

“ငါတို့ ကမ္ဘာဦးမျိုးနွယ် ၉စုက ကမ္ဘာဦးခေတ် စစ်ပွဲမှာ ကြီးမားစွာ ထိခိုက်ဆုံးရှုံးခဲ့ရတယ်.. အဲဒါကြောင့်ပဲ လူသားမျိုးနွယ်က အခွင့်ကောင်းယူပြီး ရှေးဟောင်းခေတ်စစ်ပွဲကို အနိုင်ရခဲ့တာ”

“လူသားမျိုးနွယ်က အချောင်ဝင်နှိုက်ထားတဲ့ ပုရွက်ဆိတ်တစ်အုပ်စုပဲ.. အခုက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို အုပ်စိုးခွင့်ကို အဲဒီပုရွက်ဆိတ်တွေဆီက ပြန်ယူရမယ့်အချိန်ပဲ… လူရိုင်းမျိုးနွယ်က ရှေးဟောင်းခေတ်က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုကို ကျေကျေနပ်နပ် လက်ခံထားတယ်လို့ ငါ့ကို မပြောလိုက်နဲ့”

“လူရိုင်းမျိုးနွယ်က ထျန်ဟွမ်ကုန်းမြေတိုက်ကို နောက်တစ်ဖန် သိမ်းပိုက်ပြီး မျိုးနွယ်စုတစ်သောင်းကို မအုပ်စိုးချင်တော့ဘူးလား”

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားထံမှ ထပ်တလဲလဲ ထွက်ပေါ်လာသော မေးခွန်းများသည် လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ စိတ်ကို ယိမ်းယိုင်သွားစေ၏။

ကမ္ဘာဦးမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင် လေးယောက်က အချေအတင် ဖြစ်နေကြစဉ်မှာ မလှမ်းမကမ်းရှိ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက တဖြည်းဖြည်း အသွင်ပြောင်းလဲလာနေသည်ကို မည်သူကမှ သတိမထားမိကြပေ။

All Chapters