အစွယ်ခြောက်ချောင်း နတ်ဆင်
Vol. 103 Ch. 1545
မဟာအလင်းနည်းစနစ်သည် နတ်ဘုရားမျိုးနွယ်၏ အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုဖြစ်ပြီး အလွန်တရာ စွမ်းအားကြီးမားလေသည်။ သားရဲဘုရင် ၁၀ပါးနှင့် သွေးနီရောင်လိပ်ပြာ၏ ခုခံမှုနှင့်ပင်လျှင် အလင်းတန်းများသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထဲသို့ စိမ့်ဝင်လာခဲ့ပြီဖြစ်၏။
အလင်းများက နူးညံ့သိမ်မွေ့သည်ဟု ထင်ရသော်လည်း ၎င်းက သေစေနိုင်သော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကို ပိုင်ဆိုင်ထား၏။
အလင်းသည် အသက်ဓာတ်ကို ဆောင်ကြဉ်းပေးနိုင်သော်လည်း ၎င်းက ပျက်စီးထိခိုက်မှုကိုလည်း ဖြစ်စေနိုင်လေသည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသွေးအသားများနှင့် အင်္ဂါအစိတ်အပိုင်းများသည် အလင်း၏ ထိုးဖောက်မှုအောက်မှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာ၏။
သူ၏ အသားက လျင်မြန်စွာ ညိုးခြောက်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များက ငြိမ်းသေသွား၏။ သူ၏ တောင်ပံများက မှေးမှိန်သွားပြီး တဖြည်းဖြည်း ပျက်စီးထိခိုက်လာလေသည်။
အဲဒါက ဘာပဲပြောပြော အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ တုန်လှုပ်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်းနှင့်ပင်လျှင် အဲဒါက အရာမရောက်နိုင်ပေ။
၎င်းသည် အသိစိတ် ရှိသည့်အလား… အလင်းသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲသို့ တိုးဝင်လာပြီး မည်သည့် အဟန့်အတားမှ မရှိဘဲ ချိုးဖျက်ဝင်ရောက်လာလေသည်။
အလင်းသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အမြုတေစိတ်ဝိညာဉ်ကို သတ်ဖြတ်ချင်လေသည်။
သို့သော်လည်း အလင်းသည် အသိစိတ်ထဲသို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် အနည်းငယ် မှင်တက်သွား၏။ အဲဒီမှာ အမှန်တကယ်ပင် အသိစိတ်ပင်လယ်တစ်ခု ရှိနေ၏။
သူ၏ ကြီးမား၍ သန့်စင်သော စိတ်ဝိညာဉ်အသိစိတ်သည် သမုဒ္ဒရာတစ်ခုအဖြစ် စုဖွဲ့ထားနိုင်လေသည်။
အဲဒါက မှောင်မိုက်အေးစက်၍ နက်ရှိုင်းနေ၏။
ထိုသမုဒ္ဒရာထဲမှာ ဧရာမ စိတ်ဝိညာဉ်လိပ်တစ်ကောင် ရှိနေ၏။
စွမ်းအားကြီးမား၍ စူးစူးရှရှ အော်သံတစ်သံက မိုးကောင်းကင်ထက်ကနေ ထွက်ပေါ်လာ၏။
ဧရာမ ရွှေငှက်သည် ကောင်းကင်ဘုံကိုးလွှာကို ဖြတ်သန်း၍ ပျံသန်းလာပြီး ၎င်း၏ တောင်ပံများကို ဖြန့်ကြက်ကာ ကီလိုမီတာ ထောင်ချီကို ချက်ချင်းပင် အုပ်မိုးသွား၏။
ဧရာမ ရွှေငှက်သည် ကောင်းကင်ထက်မှာ လှည့်ပတ်နေရင်း သူ၏အကြည့်က စူးရှနေကာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာသော အလင်းကို စိုက်ကြည့်နေ၏။
သူ့အသိစိတ်၏ အလယ်မှာ လက်သီးဆုပ်အရွယ် အလင်းလုံးနှစ်လုံးသည် သွေးနီရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်ကို ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ လှည့်ပတ်နေကြ၏။ သူတို့က ဘာကို ပြုစုပျိုးထောင်နေသလဲ မသိရပေ။
မဟာအလင်းနည်းစနစ်၏ အလင်းက လျင်မြန်စွာ စုစည်းသွားပြီး တစ်ခဏချင်းမှာပင် တဖျတ်ဖျတ်တလက်လက် လှံတစ်လက်ကို ဖြစ်ပေါ်လာစေ၏။ ၎င်းက သွေးနီရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို ထိုးဖောက်ဖို့အတွက် ဝင်ရောက်လာလေသည်။
ဝှစ်…
အလင်းကနေ ဖြစ်ပေါ်လာသော လှံက နားပင်းမတတ် အသံတစ်သံနှင့်အတူ လေထုကို ဆုတ်ဖြဲလာခဲ့၏။
အလင်းလှံတွင် နတ်ဘုရားစွမ်းအားများ၏ စွမ်းအား ပါဝင်ပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသွေးအသားကပင်လျှင် အဲဒါကို မခုခံနိုင်ပေ။ သွေးနီရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်က ၎င်းနှင့် ထိတွေ့ရိုက်ခတ်မိပါက သေချာပေါက် သေကြေပျက်စီးရပေလိမ့်မည်။
အသိစိတ်ထဲမှာ စိတ်ဝိညာဉ်လိပ်က တိတ်တဆိတ် လွင့်မျောနေ၏။
ဧရာမ ရွှေငှက်ကလည်း ကောင်းကင်ထက်မှာ ပျံသန်း၍ မဆင်မခြင် ပြုမူခြင်း မရှိပေ။
သားရဲဘုရင်နှစ်ပါးသည် အေးစက်နေသော အကြည့်များနှင့်အတူ အလင်းလှံကိုသာ စိုက်ကြည့်နေကြ၏။
အလင်းလှံက သွေးနီရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်နှင့် ထိခတ်တော့မည့်ဆဲဆဲမှာပင် သူ့ကို လှည့်ပတ်နေသော အလင်းလုံးတစ်လုံးက လွင့်မျောပေါ်ထွက်လာပြီး ၎င်းကို ပိတ်ဆို့တားဆီးလိုက်၏။
ဖောက်…
အဲဒါသည် အလင်းလှံ၏ စွမ်းအားက သန်မာလွန်းတာပဲလား သို့မဟုတ် အလင်းလုံးက အားပျော့လွန်းတာပဲလား မပြောတတ်ပေ။
အလင်းလှံက ဆင်းသက်လာသည့် ခဏမှာပင် အလင်းလုံးက ထိုးဖောက်ခံလိုက်ရ၏။
အချိန်က ရပ်တန့်သွားသည်ဟု ထင်ရ၏။
ပျံသန်းနေသော ဧရာမ ရွှေငှက်ကပင်လျှင် လေထဲမှာ ရပ်တန့်သွားရ၏။
နောက်ခဏ၌…
ကမ္ဘာမြေနှင့် တောင်တန်းများက လှုပ်ခါသွား၏။
အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခုက အလင်းလုံးကနေ ပေါက်ကွဲထွက်ပေါ်လာပြီး အလွန်ကြီးမားသည့် သားရဲတောကောင်တစ်ကောင်က ရှေးကျသော အော်ရာတစ်ခုနှင့်အတူ ဆင်းသက်ရောက်ရှိလာ၏။
အဲဒါက နတ်ဆင်တစ်ကောင် ဖြစ်၏။
ဒဏ္ဍာရီလာ နတ်ဆင်သည် အလွန်တရာ သန်မာပြီး လှုပ်ရှားမှုတစ်ခုနှင့်အတူ တောင်တန်းများကို ဖြိုချနိုင်၏။ သူ၏ နှာမောင်းရိုက်ချက်တစ်ချက်က ကောင်းကင်ထက်ရှိ ကြယ်များကိုပင် ဖျက်ဆီးပစ်နိုင်လေသည်။
နတ်ဆင်၏ ကြီးမားသည့် ခန္ဓာကိုယ်ပေါ်ရှိ အသားတစ်လက်မချင်းစီတိုင်းတွင် ရုန်းကန်ပေါက်ကွဲစွမ်းအားတစ်ခုစီ ပါဝင်လေသည်။ အထင်ရှားဆုံးအရာမှာ ၎င်း၏ နှာမောင်း၏ တစ်ဖက်တစ်ချက်စီတွင် ရှိသော ဆင်စွယ်များ ဖြစ်လေသည်။ သာမန်နတ်ဆင်တစ်ကောင်မှာ ဆင်စွယ်တစ်စုံသာလျှင် ပါရှိလေသည်။
သို့သော်လည်း ဤနတ်ဆင်မှာတော့ ဆင်စွယ်သုံးစုံ သို့မဟုတ် အစွယ်ခြောက်ချောင်း ပါရှိလေသည်။
ကျောက်စိမ်းဖြူရောင် ဆင်စွယ်များသည် ၎င်း၏ ပါးပြင်တစ်ဖက်တစ်ချက်စီကနေ ပြူထွက်နေကြ၏။ သူတို့က ထက်ရှ၍ အရာရာတိုင်းကို ထိုးဖောက်နိုင်သည့်အလား နတ်ဘုရားစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားကြ၏။
၁၁ပါးမြောက် သားရဲဘုရင်က မွေးဖွားပေါ်ထွက်လာလေပြီ။
အစွယ်ခြောက်ချောင်း နတ်ဆင်…
“အောင်း….”
အစွယ်ခြောက်ချောင်း နတ်ဆင်က ၎င်း၏ နှာမောင်းကို လွှဲယမ်းပြီး ကောင်းကင်ထက်သို့ အော်ဟစ်လိုက်၏။ အလွန်တရာ ကျယ်လောင်၍ ဒေါသတကြီး ဟိန်းဟောက်သံက ထွက်ပေါ်လာပြီး ၄င်း၏ အစွယ်ခြောက်ချောင်းကနေ ကြောက်စရာကောင်းသော အော်ရာတစ်ခုက ဖြာထွက်လာ၏။
အစွယ်ခြောက်ချောင်း နတ်ဆင်၏ ခြေရင်းတွင်.. မြေကြီးများက စုဖွဲ့လာပြီး အဆက်မပြတ် ပြန့်ကားလာခဲ့၏။
အစကတော့.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲမှာ စိတ်ဝိညာဉ်အသိစိတ်ကနေ စုဖွဲ့ထားသော အထီးကျန်သမုဒ္ဒရာတစ်စင်းသာလျှင် ရှိလေသည်။
အထီးကျန်သမုဒ္ဒရာထဲမှာ စိတ်ဝိညာဉ်လိပ်တစ်ကောင်က လွင့်မျောနေ၏။
ကောင်းကင်ထက်မှာတော့ ဧရာမ ရွှေငှက်က ၎င်း၏ တောင်ပံများကို ဖြန့်ကြက်ထား၏။
အစွယ်ခြောက်ချောင်း နတ်ဆင် ဆင်းသက်လာခြင်းသည် အံ့ခန်း ထူးခြားမှုတစ်ခုကို ဖြစ်စေပြီး ကြီးမားသော မြေစိုင်ခဲများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။
နွားရိုင်းသားရဲဘုရင်၊ ကျောက်တုံးဝက်ဝံသားရဲဘုရင်၊ အနာကွန်နာ သားရဲဘုရင်၊ မျှော်လင့်ချက်မျောက်ဝံ သားရဲဘုရင်…။
မြေစိုင်ခဲများ ပေါ်ထွက်လာခြင်းနှင့်အတူ စောစောက မတွေ့မြင်ခဲ့ရသော သားရဲဘုရင်များသည် တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာကြ၏။
သားရဲဘုရင် ၁၁ပါးသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲမှာ အလွန်တရာ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ မာန်ဖီဟိန်းဟောက်၍ သိပ်သည်းပြင်းထန်သော သားရဲချီများကို ထုတ်ဖော်လာကြ၏။
အလင်းလှံက အလင်းလုံးကို ထိုးဖောက်ပြီး အစွယ်ခြောက်ချောင်း နတ်ဆင် ဆင်းသက်လာသည့် ခဏမှာပင် အလင်းလှံသည် နတ်ဆင်၏ နှာမောင်းရိုက်ချက်ဖြင့် ချေမွဖျက်ဆီးခံလိုက်ရပြီး ဘာမှမကျန်အောင် ပျက်ပြယ်သွားရ၏။
သွေးနီရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်က နိုးထလာပြီး အစွယ်ခြောက်ချောင်း နတ်ဆင်နှင့် အကြည့်ချင်း ဆုံမိသွား၏။
သူတို့၏ အကြည့်ချင်းဆုံမိသည့် ခဏမှာပင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသိစိတ်က တရုန်းရုန်း ထကြွလာပြီး လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားစွမ်းအား နားလည်ဆင်ခြင်မှုတစ်ခုသည် သူ၏ စိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။
မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်၏ အဆုံးသတ်၌ နတ်ဘုရားစွမ်းအား ၄ မျိုး ပါရှိလေသည်။
တတိယမြောက် နတ်ဘုရားစွမ်းအားက ပေါ်ထွက်လာခဲ့လေပြီ။
နတ်ဘုရားစွမ်းအား ၄ ခုကြားမှာ ပထမ ၂ ခုသည် သူ၏ အသက်ကို ထောက်ပံ့ခြင်းနှင့် ကာကွယ်ခြင်းမှာသာ အထူးပြုလေသည်။
ဥပမာအားဖြင့် စိတ်ဝိညာဉ်လိပ်ဒိုင်းကာသည် ပကတိ ကြောက်စရာကောင်းသော ခုခံအားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာပင်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် စိတ်ဝိညာဉ်လိပ်ဒိုင်းကာနှင့်အတူ မျိုးနွယ်စုခေါင်းဆောင် ၄ယောက်၏ တိုက်ခိုက်မှုများကိုပင် ပိတ်ဆို့တားဆီးနိုင်ခဲ့လေသည်။
ဧရာမ ရွှေငှက်၏ အဆုံးစွန် အလျင်အဟုန် နတ်ဘုရားစွမ်းအားက သူ၏ လှုပ်ရှားမှု အမြန်နှုန်းကို ထောက်ပံ့ပေးနိုင်လေသည်။
အဆုံးစွန် အလျင်အဟုန် နတ်ဘုရားစွမ်းအားနှင့်အတူ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ကမ္ဘာဦးမျိုးနွယ်များမှ မျိုးနွယ်စုခေါင်းဆောင် ၄ ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ မထိမခိုက် ရှောင်တိမ်းနိုင်လေသည်။
သို့သော်လည်း ထိုနတ်ဘုရားစွမ်းအားနှစ်ခုတွင် သန်မာသော သတ်ဖြတ်ခြင်းစွမ်းအား မပါရှိဘဲ သူတို့က မည်သည့် တိုက်ခိုက်ရေး အစွမ်းအစကိုမှလည်း ထုတ်ဖော်မပေးနိုင်ပေ။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ နိုးထစေလိုက်သော တတိယမြောက် နတ်ဘုရားစွမ်းအားသည် ပကတိ တိုက်ခိုက်ခြင်းစွမ်းအားတစ်ခု ဖြစ်လေသည်။
အစွယ်ခြောက်ချောင်းနတ်ဆင်သည် ကျယ်ပြောလှသော မဟာအရိုင်းကမ္ဘာမှာ ကုန်းမြေ၏ နတ်ဘုရား ဖြစ်လေသည်။ ကုန်းမြေမှာဆို အထီးကျန်သမုဒ္ဒရာ နဂါးဘုရင်ပင်လျှင် နောက်ဆုတ်ပေးရပေလိမ့်မည်။ ခွန်အားအရာမှာ မည်သည့်သတ္တဝါကမှ သူ့ကို မယှဉ်နိုင်ကြပေ။
အစွယ်ခြောက်ချောင်းနတ်ဆင်သည် ကုန်းမြေပေါ်မှာ အရာရာတိုင်းကို ဖယ်ရှားရှင်းလင်းပစ်နိုင်လေသည်။
တတိယမြောက် နတ်ဘုရားစွမ်းအား၊ အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အား..။
ထိုနတ်ဘုရားစွမ်းအား နိုးထလာသည့် ခဏမှာပင်.. သူ၏ စွမ်းအားက ဆပွားများစွာ တိုးလာပေလိမ့်မည်။
သူသည် ဆင်စွယ်နှစ်ချောင်းကို ကျင့်ကြံနိုင်မည်ဆိုလျှင် သူ၏ ခွန်အားက နှစ်ဆဖြစ်လာပေလိမ့်မည်။
ခွန်အားတိုးမြင့်မှုသည်. သူ၏ ကိုယ်ကာယအပေါ်မှာသာ သက်ရောက်ခြင်း မဟုတ်ပေ။
အဲဒါသည် မျိုးဆက်သွေးစွမ်းအား၊ အမြုတေစိတ်ဝိညာဉ်၊ ဓမ္မစွမ်းအားများနှင့် နတ်ဘုရားစွမ်းအားများ အပေါ်မှာပင် သက်ရောက်မှု ရှိလေသည်။
သူ၏ ခွန်အားများ အားလုံးက နှစ်ဆဖြစ်လာပေလိမ့်မည်။
သူသည် ဆင်စွယ် ၄ချောင်းကို ကျင့်ကြံနိုင်မည်ဆိုလျှင်.. သူ၏ ခွန်အားက ၄ဆ တိုးလာပေလိမ့်မည်။
၎င်း၏ အထွတ်အထိပ်တွင် သူ၏ခွန်အားက အမြင့်ဆုံး ၆ဆအထိ တိုးမြင့်လာနိုင်လေသည်။
အဲဒါသည် ကျင့်ကြံမှုအဆင့်တစ်ခု၏ ကန့်သတ်ချုပ်နှောင်မှုကို အမှန်တကယ်ပင် ချိုးဖျက်နိုင်သော နတ်ဘုရားစွမ်းအား နည်းစနစ်တစ်ခု ဖြစ်၏။
အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အားကို နားလည်ဆင်ခြင်ပြီးနောက်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထံမှ ကြောက်စရာကောင်းသော အော်ရာတစ်ခုက ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာ၏။
အလွန်တရာ သန်မာသော နတ်ဘုရားစွမ်းအားတစ်ခုက ဆင်းသက်လာပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထဲသို့ တလိပ်လိပ်တိုးဝင်ကာ သူ၏ ကိုယ်တွင်းအင်္ဂါများ၊ အရိုးများနှင့် မျိုးဆက်သွေးတို့ကို လွှမ်းခြုံသွား၏။
တစ်ခဏချင်းမှာပင်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထဲမှာ ကျန်ရှိနေသော အလင်းစွမ်းအားက ဖယ်ရှားရှင်းလင်းခံလိုက်ရ၏။
နတ်ဘုရားစွမ်းအား၏ သက်ရောက်မှုအောက်တွင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသက်ဓာတ်အားက မြင်နိုင်သော နှုန်းထားဖြင့် ပြန်လည်ဖြည့်တင်းလာနေ၏။
သူ၏ ညှိုးခြောက်သွားသော အသားများက လျင်မြန်စွာ ပြန့်ကားလာပြီး အသက်ဓာတ်အားဖြင့် ပြည့်နှက်လာ၏။
သူ၏ မှေးမှိန်သွားပြီဖြစ်သော တောင်ပံများကလည်း သွေးနီရောင်အလင်းတစ်ခုနှင့်အတူ နောက်တစ်ဖန် တောက်ပလာ၏။
သိပ်မကြာခင် နဂါးဖီးနစ်မီးတောက်များကလည်း နောက်တစ်ဖန် လောင်ကျွမ်းလာခဲ့၏။
ထိုနတ်ဘုရားစွမ်းအား၏ မွမ်းမံသန့်စင်မှုအောက်တွင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ခန္ဓာကိုယ်၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်ကပင်လျှင် နောက်တစ်ဖန် အသွင်ပြောင်းလဲသွားပြီး ပို၍ပင် သန်မာလာခဲ့၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အော်ရာက အလျင်အမြန် မြင့်တက်လာနေ၏။
တကယ်ဆို.. သာမန်အခြေအနေအောက်မှာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် မဟာယာနအဆင့်သို့ ဝင်ရောက်ပြီးမှသာ တတိယမြောက် နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်ပေလိမ့်မည်။
သို့သော်လည်း.. မဟာအလင်းနည်းစနစ်ကဲ့သို့ အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခု၏ ထိတွေ့ရိုက်ခတ်မှုကြောင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲမှာ ထိုအလင်းလုံးသည် အချိန်စော၍ ကြေမွသွားပြီး တတိယမြောက် နတ်ဘုရားစွမ်းအားက ပေါ်ထွက်လာခဲ့၏။
ထိုနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်ခြင်းက ပို၍ပင် ကြီးမားသော ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးလာခဲ့၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် မဟာယာနအဆင့်ကို အမှန်တကယ်ပင် ခံစားမိလာနိုင်၏။
သူသည် မဟာယာနအဆင့်၏ အဟန့်အတားကို ထိတွေ့လာနိုင်ခဲ့လေပြီ။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အလိုရှိသည်နှင့်အမျှ သူသည် သူ့ရှေ့တွင်ရှိသော ထိုအဟန့်အတားကို ချိုးဖျက်ဖို့အတွက် ထိုနတ်ဘုရားစွမ်းအားကို အသုံးချနိုင်လေသည်။
သို့သော်လည်း.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သူ၏ ဆင်ခြင်တုံတရားကို ထိန်းထားနိုင်ဆဲဖြစ်ပြီး ထိုသို့ မပြုလုပ်ပေ။
ဤနေရာက လူရိုင်းနန်းတော် ဖြစ်၏။
သူ၏ ရှေ့တည့်တည့်မှာ ဘိုးဘေးနတ်ဘုရားနှစ်ယောက် ရှိနေ၏။
သူက ဤနေရာမှာ အဆင့်ချိုးဖျက်တက်လှမ်းဖို့ ရွေးချယ်မည်ဆိုလျှင် မကောင်းတာတစ်ခုခု ဖြစ်လာဖို့က မလွဲဧကန်ပင်။