အခန်း (၆၃၅)
Vol. 46 Ch. 635
လန်လဲ့၏ခန္ဓာကိုယ် ပေါက်ကွဲသွားသည့်အခိုက်အတန့်တွင် လန်လဲ့ထံမှ ရှေးဦးတံဆိပ်တစ်ခု ကျဆင်းလာခဲ့ပြီး မြေကြီးထုထဲသို့ စိမ့်ဝင်ပျောက်ကွယ်သွားသည်ကို စန်းရိမြို့တော်ကျင့်ကြံသူများအားလုံး မသိလိုက်ကြပေ။
တစ်ပြိုင်နက်တည်းပင် ယခင်က တိတ်ဆိတ်နေခဲ့သော တံဆိပ်ပြားနေရာလွတ်နယ်မြေတွင် အလင်းတန်းနှစ်ခု ရုတ်တရက်ထိုးဖောက်သွား၏။ အနီးကပ်သေချာကြည့်ရှုပါက ၎င်းအလင်းတန်းနှစ်ခုမှာ ဧရာမမျက်လုံးကြီးတစ်စုံဖြစ်ကြောင်း မြင်တွေ့နိုင်မည်ဖြစ်သည်။
“လီထျန်းနဂါးမိစ္ဆာရဲ့အငွေ့အသက်လား?”
“ဘယ်လိုဖြစ်နိုင်မှာလဲ? သူက သေသွားပြီးပြီမဟုတ်ဘူးလား?”
ကြမ်းရှသော ရှေးကျကြီးရင့်သည့်အသံတစ်ခု ပဲ့တင်ထပ်သွား၏။ ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သည့်အလား ဝန်းကျင်တစ်ခွင်ရှိ အဖြူရောင်မြူခိုးထုများကို လွင့်စင်ပျောက်ကွယ်သွားစေပြီး ရှေးဟောင်းဘီလူးကြီး၏ ဧရာမခန္ဓာကိုယ်ကြီး ထွက်ပေါ်လာခဲ့သည်။
“လီထျန်းနဂါးမိစ္ဆာ!”
“အဲဒီ့တုန်းက မင်းကြောင့်သာမဟုတ်ခဲ့ရင် ငါက ဘယ်လိုလုပ်ပြီး အဲဒီ့ကောင်ရဲ့မှော်လက်နက်နဲ့ ဖိနှိပ်တာကို ခံခဲ့ရမှာလဲ?”
“အခုလည်း မင်းက ငါမကြာသေးခင်ကမှ လက်ခံထားတဲ့တပည့်ကို သတ်လိုက်ပြန်ပြီ”
“ဒီရန်ငြိုးက ကောင်းကင်ဘုံကတောင် မျှဝေခံစားပေးနိုင်မှာ မဟုတ်ဘူးပဲ!”
ရှေးဟောင်းဘီလူးကြီးထံမှ စကားသံသည် တံဆိပ်ပြားနေရာလွတ်နယ်မြေအတွင်း ပဲ့တင်ထပ်သွား၏။ အသံလှိုင်းများသည် မုန်တိုင်းကဲ့သို့ ပျံ့နှံ့တိုက်ခတ်နေသည်။
သူ၏ဧရာမမျက်လုံးကြီးများမှာ မီးတောက်များတောက်လောင်နေသည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှ၏။
“မဟုတ်ဘူး!”
“လီထျန်းနဂါးမိစ္ဆာက သေဆုံးသွားခဲ့ပြီ.. ပြန်ထွက်ပေါ်လာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး!”
“ဒါက သူ့ရဲ့အမွေဆက်ခံသူက အသုံးပြုထားတဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုပဲ!”
ဂရုတစိုက်လေ့လာအကဲခတ်ပြီးနောက် ရှေးဟောင်းဘီလူးကြီးမှ ပြောသည်။
“အရင်တုန်းက ငါမင်းကြောင့် ထိခိုက်ခဲ့ရတယ်။ အခု ငါ့ရဲ့တပည့်က မင်းရဲ့အမွေဆက်ခံသူကြောင့် ထိခိုက်ရပြန်ပြီ!”
“စောင့်နေလိုက်! တစ်နေ့နေ့မှာ မင်းသေချာပေါက် တန်ကြေးပြန်ပေးဆပ်ရမယ်!”
အသံနက်ကြီး ထပ်မံထွက်ပေါ်လာပြန်သည်။ ထိုအသံနှင့်အတူ ကြောက်မက်ဖွယ်အဟုန်လည်း ပျံ့နှံ့လာခဲ့ရာ တံဆိပ်ပြားနေရာလွတ်နယ်မြေမှာ တုန်ယင်နေ၏။ သူ၏မူလခန္ဓာကိုယ်ကို နဂါးလေးကောင်ဖြင့် ချိတ်ပိတ်ထားလေရာ ဟိန်းဟောက်သံထုတ်လွှတ်မှုကြောင့် ရှေးဟောင်းဘီလူးကြီးသည် သေလုမျောပါး ဖိနှိပ်ခံနေရသည်။
ခြေလက်များကို ချုပ်နှောင်ခံထားရသောကြောင့် ရှေးဟောင်းဘီလူးကြီးသည် အလိုမကျစွာဖြင့် အော်ဟစ်ပြောဆိုသည်။
“ငါဒီဒုက္ခထဲက ထွက်လာနိုင်တာနဲ့ သေချာပေါက် မင်းကို အစိတ်စိတ်အမွှာမွှာထုချေသတ်ပစ်မယ်!”
ဘုန်း!
ထို့နောက် ချက်ချင်းပင် ရှေးဟောင်းဘီလူးကြီး၏ ခန္ဓာကိုယ်မှ ကြောက်ခမန်းလိလိသော စွမ်းအင်လှိုင်းဂယက်များ ဖြာထွက်လာ၏။ ခန္ဓာကိုယ်တွင်းစွမ်းအင်များကို တွန်းအားဖြင့်စီးဆင်းစေ၍ သူ၏ခန္ဓာကိုယ်အထက်မှ ဖိနှိပ်မှုကိုခုခံနေသည်။ မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ စွမ်းအင်များစုစည်းသွားပြီး ရှေးဟောင်းဘီလူးကြီး၏ အထက်တွင် ဧရာမဝဲဂယက်ကြီး ဖွဲ့စည်းဖြစ်ပေါ်လာသည်။
ဘုန်း!
ထိုကြောက်ခမန်းလိလိသောအင်အားကြီး၏ တိုက်တွန်းမှုကြောင့် လောကတစ်ခွင်၌ မိုးကြိုးလျှပ်စီးများ ရုတ်ချည်းဖြစ်တည်လာခဲ့သည်။ ဤတံဆိပ်ပြားနေရာလွတ်နယ်ေမြသည်ပင် ရှေးဟောင်းဘီလူးကြီး၏ စွမ်းအင်ကို ကြောက်ရွံ့နေသည့်အလားပင်။
ဂါးး!
ရှေးဟောင်းနဂါးကြီး၏ ခြေလက်တို့ကို ချုပ်နှောင်ထားသည့် နဂါးလေးကောင်ထံမှ ဟိန်းဟောက်သံများလည်း အဆက်မပြတ်မြည်ဟီးနေသည်။ နဂါးခန္ဓာကိုယ်မှလည်း စူးရှတောက်ပစွာသော အလင်းများ ဖြာထွက်တောက်ပနေသည်။
သို့သော် ၎င်းသည် ရှေးဟောင်းဘီလူးကြီး၏ အင်အားဖြာထွက်ပေါက်ကွဲမှုကို အဆုံးသတ်မသွားစေနိုင်ပေ။ ရှေးဟောင်းဘီလူးကြီးသည် ခြေလက်များကို အသုံးမပြုနိုင်သည်ဖြစ်ရာ အသံဖြင့် စွမ်းအင်များကိုအသုံးပြု၏။
ဟမ်!
ရှေးဟောင်းဘီလူးကြီးထံမှ တစ်မူထူးခြားသည့် စွမ်းအင်အချို့ စီးဆင်းတည်ရှိနေပုံရသည့် စကားလုံးအချို့အားရွတ်ဆိုသံ ထွက်ပေါ်လာခဲ့သည်။ ၎င်းအသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေဟာပြင်ထက်ရှိ ဝဲဂယက်ကို ဆွဲငင်သွားခဲ့သည်။
အချိန်မည်မျှကြာမြင့်သွားခဲ့ပြီမသိပေ.. ဧရာမဝဲဂယက်ကြီးသည် ရှေးဟောင်းဘီလူးကြီး၏ ထူးခြားသည့်စကားလုံးရွတ်ဆိုသံအောက်တွင် လူတစ်ကိုယ်စာခန့်အရွယ်အစားရှိသည့် ဧရာမပိုးအိမ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲဖြစ်တည်သွားခဲ့သည်။
၎င်းဧရာမပိုးအိမ်အလယ်တွင် ထွားကြိုင်းသန်မာသည့်ပုံရိပ်တစ်ခုကို ဝိုးတဝါးမြင်တွေ့နိုင်သည်။
“မင်းငါ့ကို ဒီနေရာမှာ အချိန်ခဏ အဖော်ပြုပေး”
“မင်းရဲ့ပြောင်းလဲမှုအောင်မြင်သွားတဲ့အခါ မင်းရဲ့ရန်သူက ဘယ်သူပဲဖြစ်ပါစေ မင်းကိုခုခံဟန့်တားနိုင်စွမ်းရှိနိုင်မှာ မဟုတ်တော့ဘူး”
“ယောကျာ်းကောင်းတစ်ယောက်အတွက် လက်စားချေဖို့နောက်ကျတယ်ဆိုတာ မရှိဘူး”
“မင်းအမှန်တကယ်အင်အားကြီးမားတဲ့အခါ မင်းရဲ့ရန်သူတွေက အတိတ်ရဲ့တိမ်စိုင်လေးတွေပဲ ဘာမှမဟုတ်ဘူးဆိုတာကို နားလည်သွားလိမ့်မယ်။ မဟာတာ့အိုလမ်းစဉ်ကသာ မင်းစိတ်ပါဝင်စားသင့်တဲ့ တစ်ခုတည်းသောပန်းတိုင်ပဲ!”
ရှေးဟောင်းဘီလူးကြီးသည် ဧရာမပိုးအိမ်ကို တောက်ပေသာမျက်လုံးအစုံဖြင့်ကြည့်လျက် ခပ်ဖျော့ဖျော့ပြော၏။
စကားသံအဆုံး၌ လောကတစ်ခွင်သည် ပြန်လည်ငြိမ်သက်အေးချမ်းသွားခဲ့သည်။ ရှေးဟောင်းဘီလူးကြီး၏ ခန္ဓာကိုယ်ကို အဖြူရောင်နှင်းမြူခိုးထုများ ပြန်လည်ဖုံးလွှမ်းသွားပြီး ဧရာမပိုးအိမ်ကြီးသာလျှင် မြူခိုးထုများကြားထဲတွင် နှလုံးအိမ်ကဲ့သို့ မျောလွင့်ကျန်ရစ်ခဲ့လေသည်။ တစ်ချက်ခုန်လှုပ်တိုင်းတွင် အဆုံးမဲ့သောအသက်စွမ်းအင်တို့ ပါဝင်နေ၏။
တစ်ပြိုင်နက်တည်း၌ အပြင်ဘက်ရှိ စန်းရိမြို့တော်တွင်…
လေးရောင်ခြယ်နဂါးသည် လေဟာပြင်ထက်ရှိ နဂါးမိစ္ဆာသို့ ကြောက်မက်ဖွယ်အရှိန်နှုန်းဖြင့် ဦးတည်တိုက်ခိုက်၏။ ညဉ့်ကောင်းကင်ယံတွင် အရှိန်ပြင်းစွာဖြတ်သန်းသည့် ကြယ်ပျံတစ်စင်းကဲ့သို့ အလွန်စူးရှတောက်ပလွန်းလှသည်။
ဂါးး!
ကြမ်းကြုတ်ခက်ထန်သော နဂါးမြည်ဟိန်းသံကြီး စန်းရိမြို့တော်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ မည်းမှောင်နေသော အထက်ကောင်းကင်၌ ကြီးမားသည်နဂါးခန္ဓာကြီး ဖြတ်သန်းသွားပြီး ကြောက်မက်ဖွယ်မြည်ဟိန်းသံကြီးလည်း ပဲ့တင်ထပ်သွားခဲ့သည်။ ပေါက်ကွဲသံကြီးကြောင့် မြို့တော်အတွင်းရှိ လူအားလုံးမှာ နားစည်ကွဲလုမတတ် ခံစားလိုက်ရသည်။
ဘုန်း!
၎င်းကြောက်မက်ဖွယ်မြည်ဟီးသံကြီးနှင့်အတူ ပြင်းထန်သည့်မုန်တိုင်းကဲ့သို့သော စွမ်းအင်ကြီးတစ်ခု ပျံ့နှံ့တိုက်ခတ်သွားသောကြောင် စန်းရိမြို့တော်ကြီး တုန်ခါသွား၏။
စန်းရိမြို့တော်ကျင့်ကြံသူများအားလုံးမှ စွမ်းအင်ဖြည့်တင်းကာကွယ်နေသည့်တိုင် စန်းရိမြို့တော်ကြီးမှာ ကြီးမားသည့်အက်ကွဲကြောင်းကြီးများ ဖြစ်တည်သွားခဲ့သည်။ တိုက်ပွဲနေရာအနီးရှိ အဆောက်အဦးများအားလုံး ပြိုလဲပျက်စီးသွားပြီး နန်းတော်ကိုစောင့်ကြည့်နေသည့် ဘုန်းတော်ကြီးများသည်လည်း လွင့်ထွက်ကုန်ကြသည်။ ပါးစပ်မှ သွေးများအန်ထွက်လျက် ဒဏ်ရာအပြင်းအထန်ရသွားကြသည်။
ကျင့်ကြံဆင့်နိမ့်ပါးသူအချို့မှာ အရိုးအစအနပင် မကျန်ရစ်ဘဲ ကြေမွသေဆုံးသွားရ၏။
ထိုမျှကြောက်မက်ဖွယ်သောအင်အားကြောင့် အားလုံး မင်သက်ကြောင်အ,ကုန်ကြ၏။ စန်းရိမြို့တော်ကျင့်ကြံသူအားလုံး ပူးပေါင်းကာကွယ်နေခြင်းကြောင့် မဟုတ်ခဲ့လျှင် ဤစန်းရိမြို့တော်ကြီးမှာ အလုံးစုံပျက်သုဉ်းသွားနိုင်ပေသည်။
ဘုန်း!
ကြင်ယာတော်ယဲ့နှင့်အခြားသူများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကြ၏။ ယခင်တည်းက ရှိနေခဲ့သောဒဏ်ရာများသည် ပို၍ပြင်းထန်သွားခဲ့သည်။ သို့သော် ခန္ဓာကိုယ်မှ သွေးများ မရပ်မနားစီးကျနေသည့်တိုင် မိမိကိုယ်ကို ဂရုမစိုက်နိုင်ဘဲ လေဟာပြင်ထက်ရှိ တိုက်ပွဲကိုသာ အာရုံစူးစိုက်ကြည့်ရှုနေကြသည်။
လေးရောင်ခြယ်နဂါးကြီးသည် ကြောက်ခမန်းလိလိသောအင်အားကြီး၏ သက်ရောက်မှုခံထားရဟန်တူ၏။ အဆုံးမဲ့မှော်စွမ်းအင်မြူခိုးထုထဲတွင် ငြိတွယ်ပိတ်မိနေကာ အသည်းအသန်ရုန်းကန်နေလေသည်။ သူ၏အငွေ့အသက်သည်လည်း ပို၍အားနည်းလာနေ၏။
နောက်ဆုံး၌ နဂါးပုံရိပ်သည် အလုံးစုံပေါက်ကွဲသွားပြီး မိုးရေစက်များကဲ့သို့ အလင်းစက်များအဖြစ် ပြောင်းလဲရွာသွန်း၍ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးအလယ်တွင် ပျောက်ကွယ်သွားတော့သည်။ အေးစက်ခက်ထန်သောအရှိန်အဝါသည် အငွေ့ပျံသွားသည့်အလား ခြေရာလက်ရာမကျန်ရစ်ဘဲ ပျောက်ကွယ်သွားခဲ့ပြီး ပုံရိပ်လည်းပျောက်ကွယ်သွားခဲ့သည်။
တစ်နာရီကြာမြင့်ပြီးနောက်၌ လေဟာပြင်ထက်ရှိ မှော်စွမ်းအင်မြူခိုးထု ပျောက်ကွယ်သွားပြီး ကောင်းကင်သည် ပြန်လည်ကြည်လင်လာခဲ့သည်။ တိမ်စိုင်မြူခိုးများကို ဖြတ်ကျော်၍ နေရောင်ခြည်ကျဆင်းလာ၏။ မဟာနတ်ဆိုးရွှမ်ရှသည်လည်း လက်ကိုနောက်ပစ်လျက် တည်ကြည်လေးနက်သည့် ကိုယ်နေဟန်ထားဖြင့် ကောင်းကင်ထက်တွင် ရပ်နေဆဲပင်။ ထိုမြင်ကွင်းကြောင့် စန်းရိမြို့တော်ကျင့်ကြံသူများမှာ မထိန်းချုပ်နိုင်စွာ တုန်ရီနေကြေတာ့သည်။
အထူးသဖြင့် ဖြာကျနေသော နေရောင်ခြည်အောက်ရှိ မြင့်သွန်းဖြောင့်တန်းသည့် ထိုကိုယ်ဟန်ပုံရိပ်သည် အလွန်တရာ ယုံကြည်အားထားဖွယ်ဖြစ်လေသည်။ ထိုပုံရိပ်၊ထိုမြင်ကွင်းတို့သည် စန်းရိမြို့တော်ကျင့်ကြံသူအားလုံး၏ နှလုံးအိမ်တွင် ပုံနှိပ်ရိုက်နှိပ်ထားခဲ့ပြီဖြစ်ပြီး တစ်သက်တာလုံး ဘယ်သောအခါမျှ မေ့ပျောက်သွားလိမ့်မည်မဟုတ်ချေ။
ကောင်းကင်ထက်၌ လောက၏ကိုးကွယ်မှုကို ဝမ်းမြောက်စွာခံစားနေသော မဟာနတ်ဆိုးရွှမ်ရှသည် သူ၏ခန္ဓာကိုယ်တွင်း စီးဆင်းသွားသည့် အလွန်တရာမောဟိုက်နွမ်းနယ်မှုကို ရုတ်တရက်ခံစားလိုက်ရသည်။ ထို့ကြောင့် တစ်ကိုယ်လုံးတုန်ယင်လျက် မြေပြင်သို့ ပြုတ်ကျလုနီးပင် ဖြစ်သွားရ၏။
လူသူအပေါင်း၏ အလေးထားကိုးကွယ်ခံရသော ဤအခိုက်အတန့်လေးကို ပိုမိုရှည်ကြာစေရန်အတွက် မဟာနတ်ဆိုးရွှမ်ရှသည် အသက်ပြင်းပြင်းရှူသွင်း၍ ကောင်းကင်ထက်တွင် ခမ်းနားထည်ဝါစွာ ဆက်လက်ရပ်တည်နေခဲ့ပေသည်။