← Chapters

အခန်း (၆၃၆)

Vol. 46 Ch. 636

အခန်း (၆၃၆)

Vol. 46 Ch. 636

ပျက်စီးယိုယွင်းနေသော ဖုန့်ဟွာခန်းမအတွင်း၌ ယန်ရှန်းနှင့်လန်လင်းတို့သည် ပါးစပ်အဟောင်းသားလေးဖြင့် အဝေးလေဟာပြင်ထက်ရှိ မဟာနတ်ဆိုးရွှမ်ရှ၏ ခမ်းနားထည်ဝါလှစွာသောပုံရိပ်ကို အံ့အားသင့်စွာ ငေးမောကြည့်နေကြသည်။

သူတို့၏မျက်လုံးများတွင် ချစ်ကြောက်ရိုသေလေးစားမှုများ ထင်ဟပ်နေ၏။

ကနဦး၌ လန်လင်းသည် သူ၏ခမည်းတော်ဧကရာဇ်ကို အနည်းငယ်မျှဖြစ်စေ အကူအညီပေးနိုင်ရန်အတွက် မဟာနတ်ဆိုးရွှမ်ရှကို တိုက်ခိုက်ပေးပါရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် မဟာနတ်ဆိုးရွှမ်ရှသည် စန်းရိမင်းဆက်ကြီးတစ်ခုလုံးကို ကယ်တင်‌‌ခဲ့သည့် တုနှိုင်းမဲ့သူရဲကောင်းကြီးဖြစ်လာလိမ့်မည်ဟူ၍မူ လန်လင်း မထင်မှတ်ထားခဲ့ပေ။

ဤတိုက်ပွဲကို မဟာနတ်ဆိုးရွှမ်ရှတစ်ဦးတည်းအင်အားဖြင့် အနိုင်ရခဲ့လေသည်။

သူမ၏ နက်နက်ရှိုင်းရှိုင်းလျှို့ဝှက်ထားသော ယောက္မတော်ပင်လျှင် မဟာနတ်ဆိုးရွှမ်ရှအတွက် အနှောင့်အယှက်တစ်ရပ်သာ ဖြစ်ခဲ့ရသည်။ ဤတိုက်ပွဲအတွင်း၌ စန်းရိမင်းဆက်ကြီး၏ များစွာသော အဆင့်အတန်းမြင့်စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများအားလုံးသည် မဟာနတ်ဆိုးရွှမ်ရှအတွက် အနှောင့်အယှက်မျှသာဖြစ်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

တစ်ဦးတည်းအင်အားဖြင့် ရန်သူများကို ပြိုလဲပျက်စီးစေပြီး မင်းဆက်တစ်ခုလုံးကို ကယ်တင်ခဲ့သည်။

ဒါက ဘယ်လို သူကောင်းအင်အားမျိုးများလဲ? ဘယ်လိုတောင် ယုံကြည်ကိုးထိုက်တဲ့ပုဂ္ဂိုလ်ကြီးပါလဲ?!

“နေ့ရက်အများစုမှာ အသံစည်းလွတ်နေတတ်တဲ့ အပြင်စည်းအကြီးအကဲချုပ်ဆိုတဲ့သရုပ်ကိုပဲ ကြည့်‌လို့မရဘူး။ မဟာနတ်‌ဆိုးရွှမ်ရှ တကယ်တမ်း အင်အားထုတ်သုံးတဲ့အခါ ကမ္ဘာလောကကို ကိုင်လှုပ်ပစ်နိုင်စွမ်းရှိတယ်!”

အချိန်အတော်ကြာမြင့်ပြီးနောက်တွင်မှ ယန်ရှန်း သက်ပြင်းရှည်ကြီးရှူထုတ်လိုက်သည်။ သူ၏ဘေးရှိ လန်လင်းသည်တော့ ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံနေ၏။

ယနေ့တွင် ရှန်ရှန့်ကျုံဂိုဏ်း အပြင်စည်းအကြီးအကဲချုပ်ကြီး မဟာနတ်ဆိုးရွှမ်ရှ၏ ကြောက်မက်တုန်လှုပ်ဖွယ်အင်အားကို မျက်မြင်တွေ့ခဲ့ရသည်။ ယခင်အချိန်များ၌ လန်လင်းသည် အပြင်စည်းအကြီးအကဲချုပ်ဖြစ်သော မဟာနတ်ဆိုးရွှမ်ရှသည် ဤမျှ‌ကြောက်မက်တုန်လှုပ်ဖွယ် အင်အားကြီးမားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးထင်ခဲ့ဖူးပါချေ။

လန်လင်း မိမိကိုယ်ကို အင်မတန်ကံကောင်းသည်ဟု ခံစားမိ၏။ ဆရာသခင်နှင့် တွေ့ဆုံခွင့်ရခဲ့သည့်အတွက် ကံကောင်းသည်၊ ရှန်ရှန့်ကျုံဂိုဏ်းတပည့်တစ်ဦး ဖြစ်လာနိုင်သည့်အတွက် ကံကောင်းလွန်းသည်။ နောက်ဆုံးတွင်တော့ ဆရာသခင်ကဲ့သို့သော အမျိုးသမီးတစ်ဦးသည် အဘယ်ကြောင့် ဂိုဏ်းချုပ်၏မိန်းကလေးအဖြစ်နေရန် ဆန္ဒရှိသည်ကို နားလည်သွားခဲ့လေပြီ။

ဂိုဏ်းချုပ်သည် မှန်းဆ၍မရနိုင်သော ပဟေဠိတစ်ခုကဲ့သို့ သူ၏နောက်ဆုံးသောအကန့်အသတ်ကို ခန့်မှန်းရန်မှ အဘယ်သို့မျှ မဖြစ်နိုင်ချေ။

ရှန်ရှန့်ကျုံဂိုဏ်း၏ လုပ်နိုင်စွမ်းအကန့်အသတ်သို့ ရောက်ရှိခဲ့ပြီဟု တွေးထင်လိုက်ချိန်တွင် ခဏအကြာ၌ ရှန်ရှန့်ကျုံဂိုဏ်းသည် ကမ္ဘာလောကကိုတုန်လှုပ်စေမည့် ပို၍ကြောက်မက်ဖွယ်သောအင်အားကို ပြသပေလိမ့်မည်ဖြစ်သည်။

လန်လင်းသာမက စန်းရိမြို့တော်ကျင့်ကြံသူများအားလုံး၏ စိတ်နှလုံး၌ ထိုသို့တွေးတောနေကြသည်ဖြစ်၏။ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းကို အကြွင်းမဲ့သော ကြောက်ရွံ့ရိုသေလေးစားမှု ထားရှိရုံမျှမက အဆုံးမဲ့သော စိတ်ဝင်စားမှုများလည်း တည်ရှိနေပေသည်။

ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်နိုင်ပြီး မှန်းဆ၍မရနိုင်လောက်အောင် အင်အားကြီးမားသော ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားတစ်ဦး ဖြစ်လိုကြသည်။

…..

တစ်ချိန်တည်း၌ လီထျန်းမျိုးနွယ်စုတွင်ဖြစ်သည်။

ဝမ်ဖုန်းသည် တုန်ခါနေသည့် ရှေးဟောင်းဒယ်စောက်ကြီးကို အကြည့်မလွှဲတမ်း ကြည့်ရှုနေသည်။ ယဇ်ပူဇော်နယ်မြေတစ်ခုလုံး၌ ဝမ်ဖုန်းတစ်ဦးသာလျှင် မတ်တပ်ရပ်နေခဲ့ပြီး ကျန်လီထျန်းမျိုးနွယ်စုသားအားလုံးသည်း ဦးတိုက်ဂါရဝပြုနေကြ၏။

ဂျစ်!

ရှေးဟောင်းဒယ်စောက်ကြီးသည် တုန်ခါလျက် သန့်စင်အားကောင်းသောမှော်စွမ်းအင်များကို ထုတ်လွှတ်နေသည်။ ‌၎င်းသန့်စင်‌ေသာမှော်စွမ်းအင်နှင့်အတူ အားကောင်းပြင်းထန်သည့် အင်အားတစ်ခုလည်း တည်ရှိနေသည်။

၎င်းစွမ်းအင်ကြောင့် ဝမ်ဖုန်းမှာ ကိုယ်ပေါ်၌ ပေတစ်ရာခန့်‌အရွယ်ရှိတောင်လုံးကြီးဖြင့် ဖိနှိပ်ခံနေရသည်ဟု ခံစားနေရပေသည်။ ခန္ဓာကိုယ်တစ်ခုလုံး လွှမ်းခြုံဖိနှိပ်ခံရလိုက်ရသည့်အလား ကြိုးပဲ့အက်ကွဲသံပင် ထွက်ပေါ်သွားတော့မည်ထင်ရ၏။

ဝမ်ဖုန်း အံကိုတင်းတင်းကြိတ်ထား၏။ နဖူးမှာလည်း ချွေးစေးများစီးကျနေကာ ခန္ဓာကိုယ်တွင်းစွမ်းအင်တို့ကို လည်ပတ်စီးဆင်းစေပြီး ဒူးထောက်ကျမသွားစေရန်အတွက် ၎င်းကြောက်မက်ဖွယ်ဖိနှိပ်အားကြီးကို ခုခံနေခဲ့သည်။

တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာနှင့် လျိုယင်းနှလုံးသားတို့သည်လည်း အရှိန်ပြင်းစွာ လှုပ်ရှားနေကြပြီး ဝမ်ဖုန်း၏ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော တစ်ဖက်လောကအရှိန်အဝါတစ်မျိုး ဖြာထွက်‌ေစသည်။ ထိုသို့အရှိန်အဝါဖြာထွက်သွားပြီးနောက်တွင် ဝမ်ဖုန်းကိုဖိနှိပ်နေသည့် အင်အားသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ ‌ခြေရာလက်ရာမကျန်ရစ်ဘဲ ပျောက်ကွယ်သွားခဲ့သည်မှာ ၎င်းအင်အားကြီးသည် တစ်ကြိမ်တစ်ခါမျှ မဖြစ်တည်ခဲ့ဖူးသည့်အလားပင်။

ကျွီ!

ရှေးဟောင်းဒယ်စောက်ကြီးထံမှ အရာဝတ္ထုပွတ်တိုက်သည့် ကြမ်းရှရှအသံထွက်ပေါ်လာသည်။ ထိုအသံကြောင့် ဝမ်ဖုန်းထိတ်လန့်သွားပြီး ရှေးဟောင်းဒယ်စောက်ကြီးသို့ ရုတ်ချည်းကြည့်လိုက်သည်။ သူ၏စိတ်နှလုံးအတွင်းရှိ ကြမ္မာဝိဉာဉ်သည် ဝမ်ဖုန်းကို မိစ္ဆာဝိဉာဉ်စွမ်းအင်များအတွင်း နစ်မြုပ်သွားခြင်းမှ ကာကွယ်ရန်အတွက် အရှိန်အဟုန်ပြင်းစွာ ‌လှုပ်ရှားနေ၏။

ရှေးဟောင်း‌ဒယ်စောက်ကြီးထံမှ မှောင်မိုက်သောမှော်စွမ်းအင်မြူခိုးထုတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထိုမှော်စွမ်းအင်မြူခိုးထုထဲတွင် နက်စွေးသောပုံရိပ်တစ်ခု ဝိုးတဝါးတည်ရှိနေ၏။

ဝမ်ဖုန်း စိတ်နှလုံးတုန်လှုပ်သွားပြီး စွမ်းအင်စီးဆင်းစေလိုက်ရာ မျက်လုံးအစုံ၌ ရွှေရောင်အလင်းတောက်ပသွားပြီး ထိုပုံရိပ်ကို အာရုံစိုက်ကြည့်လိုက်သည်။

မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဝမ်ဖုန်း ပို၍အံ့သြထိတ်လန့်သွားရ၏။

မှော်စွမ်းအင်မြူခိုးထုထဲရှိ နက်စွေးသောပုံရိပ်သည် အလောင်းတစ်လောင်းဖြစ်လေသည်။

ထိုအလောင်းသည် မကောင်းဆိုးဝါးတစ်ကောင်၏ ခါးဆစ်ရိုးကဲ့သို့ မည်းနက်စွေးနေကာ အနက်ရောင်အလင်းဖျော့ဖျော့အချို့လည်း တောက်ပနေသည်။

ဂါး!

ဝမ်ဖုန်း အလောင်းကိုစူးစိုက်ကြည့်နေ၏။ နဂါးဟိန်းဟောက်သံကဲ့သို့ မြည်ဟီးသံကြီး ရုတ်တရက်ထွက်ပေါ်လာကာ ဝမ်ဖုန်း၏စိတ်နှလုံးတွင် ပဲ့တင်ထပ်သွားသည်။ ဝိဉာဉ်ကိုထိုးဖောက်သွားတော့မည်ကဲ့သို့ ဝမ်ဖုန်းမှာ ဝိဉာဉ်ထိတိုင် တုန်လှုပ်သွားရသည်။

ဝမ်ဖုန်း၏ဝိဉာဉ်သည် ကြမ္မာဝိဉာဉ်အဖြစ် ပေါင်းစည်းပြီးသောကြောင့် မဟုတ်ခဲ့လျှင် ဤဟိန်းဟောက်သံကြီး၏သက်ရောက်မှုကြောင့် ပျောက်ကွယ်သွားခဲ့လောက်၏။

ထိုဟိန်းဟောက်သံကြောင့် ဝမ်ဖုန်းမှာ ပုံရိပ်ယောင်တစ်ခုအတွင်းသို့ ဆွဲငင်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ ပုံရိပ်ယောင်အတွင်း၌ တုနှိုင်းမဲ့လောက်အောင် ကြီးမားသော ဧရာမနဂါးနက်ကြီးတစ်ကောင် ရစ်ဝဲနေ၏။ ကြယ်စုံသောညဉ့်ကောင်းကင်ထက်တွင် ပျံသန်းရစ်ဝဲနေသည့် နဂါးတစ်ကောင်၏မြင်ကွင်းပုံရိပ်ကဲ့သို့ မြင်တွေ့ရသူအပေါင်း၏စိတ်နှလုံးတွင် စွဲထင်ကျန်ရစ်စေနိုင်ပေသည်။

ထိုနဂါးခန္ဓာကိုယ်ရှိ နဂါးကြေးခွံများသည် နံဘေးတွင်ဝဲလွင့်နေသော ကြယ်စင်များထက် ပို၍ကြီးမားသည်။ ထိုနဂါးနက်ကြီးထံမှ ပြင်းထန်ကြမ်းတမ်းသော အရှိန်အဝါလည်း ထုတ်လွှတ်နေလေရာ ဝမ်ဖုန်းမှာ မထိန်းချုပ်နိုင်စွာ တုန်ရီနေတော့၏။

ထိုမြင်ကွင်းဖြစ်ပေါ်သည်မှာ အလွန်အချိန်တိုတောင်းလှသောကြောင့် ဝမ်ဖုန်းသည် အမှန်တကယ်မြင်တွေ့ခဲ့ရခြင်းလောဟူ၍ပင် သံသယဝင်မိရသည်။

…!

…!

ရှေးဟောင်းယဇ်ပူဇော်မန္တာန်ရွတ်ဆိုသံများ ယဇ်ပူဇော်နယ်မြေတစ်ခွင် အဆက်မပြတ် ပဲ့တင်ထပ်လာခဲ့သည်။ ရှေးဟောင်းဒယ်စောက်ကြီးသည်လည်း ဆက်လက်တုန်ခါနေဆဲဖြစ်၏။ လူအားလုံးသည် ခန္ဓာကိုယ်တုန်ယင်လျက် ဘုရားသခင်၏ကောင်းချီးကို ဆုတောင်းနေကြသည်။

ရှပ်!

ရှေးဟောင်းယဇ်ပူဇော်မန္တာန်များအောက်၌ ရုပ်အလောင်းသည် အပြင်းအထန်တုန်ယင်လာပြီး ထိုအလောင်းထံမှ အက္ခရာစာလုံးတန်းများ ထွက်ပေါ်လာသည်။ ဝမ်ဖုန်း ထပ်မံအံ့သြထိတ်လန့်သွားရပြန်၏။

ဘုန်း!

ဝမ်ဖုန်း အံ့ဩထိတ်လန့်နေစဉ်တွင် ရုပ်အလောင်းထံမှ ကြောက်ခမန်းလိလိသောဆွဲငင်ခြင်းစွမ်းအင်ကြီး ရုတ်တရက်ဖြာထွက်လာသည်။ လီထျန်းမျိုးနွယ်စုသားများသည် ထိုဆွဲငင်ခြင်းစွမ်းအင်ကို ခံစားမိပုံမရချေ။ မြေပြင်ထက်တွင် ဦးတိုက်ဂါရဝပြုနေကြဆဲပင်။

ဝမ်ဖုန်းတစ်ဦးတည်းသာ ထိုပြင်းထန်အားကောင်းလှသော ဆွဲငင်ခြင်းစွမ်းအင်ကို ခံစားနေရပြီး ထိုဆွဲငင်မှု‌အားကြောင့် လူတစ်ကိုယ်လုံး ယဇ်ပလ္လင်သို့ စုပ်ယူခံရတော့မည့်အလား ဖြစ်နေခဲ့သည်။

ထိုသို့ရုတ်တရက်ပြောင်းလဲသွားသည့် အခြေအနေကြောင့် ဝမ်ဖုန်း မျက်နှာအမူအရာပြောင်းလဲသွား၏။ ထို့နောက် ထိုကြောက်ခမန်းလိလိသော ဆွဲငင်ခြင်းစွမ်းအင်ကို အားကုန်သုံး၍ ခုခံတော့သည်။

ဝမ်ဖုန်းထံမှ အင်အားကြီးမားလှစွာသောစွမ်းအင်များ ဖြာထွက်နေပြီး တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်စွမ်းအင်များသည် ကျယ်ပြောသောပင်လယ်ပြင်ကဲ့သို့ ဖြာထွက်‌ေပါက်ကွဲထွက်လာသည်။ ဤစွမ်းအင်သည် တော်ဝင်ဧကရာဇ်အထွတ်အထိပ်စွမ်းအင်ထက်များစွာကျော်လွန်ပေသည်။

ဝမ်ဖုန်းသည် ကြီးလှစွာသော ကပ်ပေးအန္တရာယ်ကို ခံစားလိုက်ရသောကြောင့် စွမ်းအင်အလုံးစုံကို အားကုန်ထုတ်သုံးခုခံ၏။ ကပ်ဘေးအန္တရာယ်ကို ရင်ဆိုင်ရချိန်တွင် ကြမ္မာဝိဉာဉ်နှင့် သူ၏ခန္ဓာကိုယ်တွင်းမှ ဇာမဏီဥတို့သည်လည်း စွမ်းအင်ထုတ်လွှတ်လာမည်ဟု ဝမ်ဖုန်းတွေးထင်ထားခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် ကြမ္မာဝိဉာဉ်နှင့် ဇာမဏီဥတို့သည် နစ်မြုပ်နေကြလေရာ မိမိ၏စွမ်းအင်တစ်ခုတည်းကိုသာ ကိုးစားနိုင်ပေသည်။

သို့သော် ဝမ်ဖုန်း၏စွမ်းအင်သည် ဤကြောက်မက်ဖွယ်ဆွဲငင်ကြီးစွမ်းအင်ကို ခုခံနိုင်စွမ်းမရှိပေ။ မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ ဝမ်ဖုန်းသည် ရှေးဟောင်းယဇ်ပလ္လင်ကြီးသို့ ဆွဲငင်ခံလိုက်ရပြီး သုံးချောင်းထောက်ပလ္လင်ထက်တွင် ထိုင်နေလျက်သား ဖြစ်သွားခဲ့သည်။ ရုပ်အလောင်းသည်တော့ သူ၏ဦးခေါင်းထက်တွင် မျောလွင့်နေပေသည်။

All Chapters