အခန်း (၆၃၇)
Vol. 46 Ch. 637
ကံကောင်းထောက်မစွာဖြင့် ထိုရုပ်အလောင်းထံမှ အန္တာရာယ်ပြုလိုသည့်အငွေ့အသက်ကို မခံစားရပေ။ ဝမ်ဖုန်းသည် မည်သည့်စိတ်မသက်မသာမှုကိုမျှ မခံစားရဘဲ ရှေးဟောင်းယဇ်ပလ္လင်ထက်တွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။ ထို့ပြင် ထူးဆန်းစွာဖြင့် လွန်စွာသက်သောင့်သက်သာဖြစ်နေသေးလေသည်။
နွေးထွေးသည့်သမုဒ္ဒရာထက်တွင် ယိမ်းနွဲ့နေသည့်အလား သက်သောင့်သက်သာဖြစ်လှသည်။ ခန္ဓာကိုယ်တွင်းစွမ်းအင်များလည်း ခပ်ဖျော့ဖျော့တိုးမြင့်လာ၏။
ထို့ကြောင့် ဝမ်ဖုန်း၏ ထိတ်လန့်နေသောနှလုံးအိမ်သည် တဖြေးဖြေး ပြန်လည်တည်ငြိမ်လာခဲ့သည်။ သို့သော် အနည်းငယ် စိတ်လှုပ်ရှားနေဆဲဖြင့် ရှေးဟောင်းဒယ်စောက်ကြီးထံမှ ဆက်နွယ်သက်ရောက်မှု တုံ့ပြန်လာမည်စိုးသောကြောင့် ခန္ဓာကိုယ်ကို မလှုပ်ရှားဝံ့ပေ။
ရှေးဟောင်းဒယ်စောက်ကြီးနှင့် ရုပ်အလောင်းသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လွန်းသည်။ အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းသောကြောင့် ဝမ်ဖုန်းမှာ စိုးစဉ်းသော်မျှ လှုပ်ရှားမှုမပြုဝံ့ပါချေ။
“စနစ် ဒါကဘာလဲ”
တွေးတောစဉ်းစားနေပြီးနောက် ဝမ်ဖုန်း စနစ်ကိုမေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ဖုန်းသည် စနစ်အပေါ် မှီခိုခြင်းကို ဖြေးဖြေးချင်းလျှော့ချနေခဲ့ပြီး စနစ်ကို လုံးဝမှီခိုမည့်အစား မိမိ၏ ကျင့်ကြံမှုလမ်းစဉ်အတွက် အထောက်အပံ့တစ်ခုအဖြစ်သာ အသုံးပြုရန် ကြိုးစားနေခဲ့သည်။
ဝမ်ဖုန်းသည် တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာ၊ လျိုယင်းဝိဉာဉ်၊ ကြမ္မာဝိဉာဉ်တို့ဖြင့် ရှင်သန်နေခြင်းဖြစ်ပြီး သူ၏အထုံပါရမီသည် စိတ်ကူးမှန်းဆ၍မရနိုင်လောက်အောင် မြင့်သွန်း၏။ စနစ်မရှိလျှင်သော်မှ အသက်ရှင်သန်နေသ၍ အမြင့်ဆုံးသို့ တက်လှမ်းနိုင်စွမ်းရှိပေသည်။
သို့သော် ဤသို့ အလွန်တရာလျှို့ဝှက်ဆန်းကြယ်သောအရာကြီးနှင့် ကြုံတွေ့နေရသည်ဖြစ်ရာ စနစ်ကို မေးမြန်းခြင်းမှအပ သူ၏သံသယကို ရှင်းလင်းပေးနိုင်မည့် အခြားအရာမရှိပေ။
“ဒင်! ရုပ်အလောင်းကို စုံစမ်းစစ်ဆေးလိုပါက ဂိုဏ်းအမှတ်တစ်ထရီလီယံကို အသုံးပြုရပါမယ်”
စိတ်ထဲတွင်ပေါ်ထွက်လာသည့် အေးစက်သည့်အသံကြောင့် ဝမ်ဖုန်း၏မျက်နှာ မည်းမှောင်သွား၏။
ဒီခွေးစနစ်ကတော့ အရမ်းတွေ သနားဖို့ကောင်းနေဦးမယ်!
မကြာမီက မဟာနတ်ဆိုးရွှမ်ရှ၏တိုးတက်မှုအတွက် ဂိုဏ်းအမှတ်၃ထရီလီယံကို အသုံးပြုခဲ့ရသည်ဖြစ်ရာ စုဆောင်းထားသည့်ဂိုဏ်းအမှတ်မှာ ကုန်ဆုံးသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လီပိုင်နှင့်အခြားသူများမှ ဂိုဏ်းအမှတ်များ ပြန်လည်ရှာဖွေပေးနိုင်ခဲ့၏။
ဝမ်ဖုန်း ဤယဇ်ပူဇော်နေရာသို့ ရောက်လာခဲ့ပြီးနောက်၌ လီပိုင်နှင့်အခြားသူများ ဂိုဏ်းအမှတ်ရှာဖွေပေးခဲ့သည့် အသိပေးချက်ကို ကြားသိခဲ့ရသည်။ သို့သော် ထိုအချိန်က ဝမ်ဖုန်းသည် ဤလျှို့ဝှက်ဆန်းကြယ်သော ယဇ်ပူဇော်နယ်မြေကို အလွန်တရာစိတ်ပါဝင်စားနေခဲ့သောကြောင့် ထိုအချိန်က လီပိုင်တို့ထံမှ ရရှိခဲ့သည့်ဆုလာဘ်ကို အာရုံမစိုက်မိခဲ့ပေ။
“သုံးမယ်!”
ဝမ်ဖုန်း အံတင်းတင်းကြိတ်လိုက်ပြီး နောက်ဆုံးတွင်တော့ ဂိုဏ်းအမှတ်များသုံးစွဲရန် သဘောတူညီလိုက်သည်။
ထိုရုပ်အလောင်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်လွန်း၏။ လျှို့ဝှက်ဆန်းကြယ်လွန်းသောကြောင့် ဝမ်ဖုန်း စိတ်မအေးနိုင်ပေ။
“ရုပ်အလောင်းကို စုံစမ်းစစ်ဆေးရန်အတွက် ဂိုဏ်းအမှတ်တစ်ထရီလီယံကို အသုံးပြုလိုက်ပါပြီ”
“ဒင်! ဒီရုပ်အလောင်းက လီထျန်းနဂါးမိစ္ဆာသေဆုံးပြီးနောက် ဖြစ်တည်လာတဲ့ကိုယ်ထည်ဖြစ်ပါတယ်။ ကြံမ္မာယှက်နွယ်သူကို စောင့်ဆိုင်းဖို့အတွက် ဒီနေရာမှာ ကျန်ရှိနေခဲ့တာပါ”
“လီထျန်းနဂါးမိစ္ဆာက လမ်းစဉ်တစ်သောင်းနတ်မိစ္ဆာလို့ ကျော်ကြားတဲ့ လီထျန်းမျိုးနွယ်စုရဲ့ နတ်ဘုရားကြီးဖြစ်ပါတယ်။ လီထျန်းနဂါးမိစ္ဆာဟာ ကောင်းကင်ဘုံနဲ့ကမ္ဘာမြေကြီးရဲ့ ပထမဆုံးသော မိစ္ဆာမှော်စွမ်းအင်အလင်းတန်းကနေ ဖြစ်တည်လာခဲ့တာပါ။ မိစ္ဆာကျင့်ကြံသူ မီလီယံများစွာကို ဦးဆောင်တဲ့ အဆုံးမဲ့ဩဇာအာဏာကိုပိုင်ဆိုင်တဲ့ ခမ်းနားကြီးကျယ်လှတဲ့ နတ်မိစ္ဆာကြီးတစ်ပါးဖြစ်ပါတယ်”
“ဒီရုပ်အလောင်းက လီထျန်းနဂါးမိစ္ဆာရဲ့အကြွင်းအကျန် လီထျန်းနဂါးမိစ္ဆာခန္ဓာရဲ့ ပဓာနကိုယ်ထည်ပါ”
“လီထျန်းမျိုးနွယ်စုရဲ့ နှစ်ပေါင်းများစွာ ယဇ်ပူဇော်မှုပြီးနောက်မှာ ရှေးဟောင်းယဇ်ပူဇော်ခြင်းဆိုင်ရာ ကိုးကွယ်ယုံကြည်မှုတွေနဲ့ ငြိစွန်းသွားခဲ့ပြီး ထူးခြားတဲ့အပြောင်းအလဲတစ်ခု ဖြစ်သွားခဲ့တယ်။ အဲဒါကြောင့် ရုပ်အလောင်းမှာ အင်မတန်အံ့ချီးဖွယ်စွမ်းအင်တွေ တည်ရှိနေပြီး ယခင်မူလအခြေအနေထက် ပိုပြီးကြောက်မက်ဖွယ်အနေအထားကို ဆင့်ကဲပြောင်းလဲသွားခဲ့ပါတယ်”
“ထပ်ပေါင်းအချက်အလက်: ရှေးဟောင်းဒယ်စောက်ကြီးက လီထျန်းတင်းလို့အမည်ရပါတယ်။ လီထျန်းနဂါးမိစ္ဆာကိုယ်တိုင်ပြုလုပ်ထားခဲ့တဲ့ အကူပစ္စည်းတစ်မျိုးဖြစ်ပြီး တိုက်ခိုက်နိုင်တဲ့စွမ်းရည်မရှိပါဘူး။ ဒါပေမဲ့ သာမန်အကူပစ္စည်းတွေထက် ပိုမိုအားကောင်းတဲ့စွမ်းဆောင်ရည်ရှိပါတယ်။ လီထျန်းတင်းရဲ့စွမ်းရည်ကတော့ သခင်ဖြစ်သူကို သစ္စာစွမ်းအင်တွေ စုဆောင်းပေးနိုင်မှာဖြစ်ပါတယ်”
“သစ္စာစွမ်းအင်ဟာ ကမ္ဘာလောကရဲ့ အသန့်စင်ဆုံးသောစွမ်းအင်ဖြစ်ပြီး ယုံကြည်သက်ဝင်သူ မီလီယံပေါင်းများစွာရဲ့ ယုံကြည်သက်ဝင်မှုစွမ်းအင်ကနေ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်တယ်။ ဟုန်မန်နတ်ဘုရားနယ်ပယ်ထက်တောင် သစ္စာစွမ်းအင်က ပိုအင်အားကြီးမားပါတယ်”
ဝမ်ဖုန်း ဂိုဏ်းအမှတ်တစ်ထရီလီယံကို သုံးစွဲလိုက်ပြီးနောက် စနစ်၏အေးစက်သည့်အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ဝမ်ဖုန်း၏မျက်နှာအမူအရာလည်း ပြောင်းလဲသွားပြီး စိတ်နှလုံးလည်း တုန်လှုပ်လာရသည်။
ဤရုပ်အလောင်းသည် ဟုန်မန်နတ်ဘုရားနယ်ပယ်၏ ခမ်းနားကြီးကျယ်လှစွာသော နတ်မိစ္ဆာတစ်ပါး၏ရုပ်အလောင်းမှ ဖြစ်တည်လာခဲ့သည့် ပဓာနကိုယ်ထည်ဖြစ်နေမည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပေ။
ဟုန်မယ်နတ်ဘုရားနယ်ပယ်တွင် နတ်ဘုရားတစ်ပါးအဖြစ် ရပ်တည်နိုင်လေရာ လီထျန်းနဂါးမိစ္ဆာကြီး၏အင်အားသည် လောကတစ်ခွင်၌ အင်အားအကြီးမားဆုံးဖြစ်လောက်ပေသည်။
ဒါပေမဲ့ ဒီလောက်အင်အားကြီးမားတဲ့ လီထျန်းနဂါးမိစ္ဆာကို သတ်ဖြတ်နိုင်ခဲ့တဲ့ရန်သူက ဘယ်လိုပုဂ္ဂိုလ်ကြီးဖြစ်လောက်မလဲ?
ဝမ်ဖုန်းသည် ရရှိလာသည့်သတင်းအချက်အလက်များကြောင့် အချိန်အတော်ကြာ အံ့ဩမင်သက်နေခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲတိတ်ဆိတ်လျက် အချိန်အတော်ကြာအထိ အသိစိတ်ပြန်ဝင်မလာခဲ့ပေ။
ဝမ်ဖုန်း မင်သက်နေချိန်တွင်လည်း လီထျန်းမျိုးနွယ်စု၏ ယဇ်ပူဇော်ရွတ်ဆိုသံများ ရပ်တန့်မသွားခဲ့ပေ။ လီထျန်းမျိုးနွယ်စုသားများသည် ဦးတိုက်ဂါရဝပြုနေကြချိန်တွင် မပြစ်မှားဝံ့ကြသောကြောင့် ဝမ်ဖုန်း ရှေးဟောင်းယဇ်ပလ္လင်ထံမှ ဆွဲငင်ခံလိုက်ရသည်ကို မသိကြချေ။
ထိုမြင်ကွင်းကို လီထျန်းမျိုးနွယ်စုသားများ မြင်တွေ့ခဲ့လျှင် ဝမ်ဖုန်းအား သူတို့ကိုးကွယ်ရာနတ်ဘုရား၏ ပြန်လည်ဝင်စားသူဟု မှတ်ယူကြပြီး ဝမ်ဖုန်းကို အရူးအမူးယုံကြည်သက်ဝင်ကြလောက်ပေသည်။
ဤမြင်ကွင်းကို လီထျန်းမျိုးနွယ်စုများ မမြင်လိုက်ကြသည်မှာ အလွန်နှမြောတသဖွယ်ပင်။ ထိုမှော်စွမ်းအင်သည် သူတို့၏ခန္ဓာကိုယ်ကို ဖိနှိပ်ထားရုံမျှမက သူတို့၏သိမြင်စွမ်းရည်ကိုလည်း ဖိနှိပ်ထားခဲ့သည်။ ထို့ကြောင့် ယဇ်ပလ္လင်ထက်ရှိအခြေအနေကို မသိရှိနိုင်ကြပေ။
ဟမ်!
လီထျန်းမျိုးနွယ်စုများသည် လျှို့ဝှက်ဆန်းကြယ်သော ယဇ်ပူဇော်မန္တန်များကို ရွတ်ဆိုနေကြဆဲပင်။ ၎င်းမန္တန်ရွတ်ဆိုသံများသည် ပဲ့တင်ထပ်နေကာ ရှေးဟောင်းဒယ်စောက်ကြီးသည်လည်း ပို၍ပြင်းထန်စွာတုန်ခါလာသည်။
ရုပ်အလောင်းသည်လည်း ရုတ်တရက်တုန်ခါလာပြီး မိစ္ဆာမှော်စွမ်းအင်မျှင်တန်းများ ထိုရုပ်အလောင်းထံမှ ထွက်ပေါ်လာသည်။ ထို့နောက် ဝမ်ဖုန်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။
ထိုပြောင်းလဲမှုကြောင့် ဝမ်ဖုန်း အသိစိတ်လွင့်မြောနေရာမှ ပြန်လည်လာကာ အလွန်တရာအံ့အားသင့်သွားခဲ့၏။
ဘုန်း!
ဝမ်ဖုန်း လှုပ်ရှားရန်ကြိုးစားလိုက်သည်တွင် ရုပ်အလောင်းထံမှ အလွန်တရာကြောက်မက်ဖွယ်သော တင်းကြပ်မှုကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်ပေါ်သို့ အမြင့်ေပသန်းချီမြင့်မားသည့် တောင်လုံးကြီးဖိနှိပ်နေသည့်အလား ခံစားလိုက်ရသည်။ ခန္ဓာကိုယ်တွင်းစွမ်းအင်ကိုပင် မလှုပ်ရှားနိုင်ဘဲ သေလုမျောပါး ဖိနှိပ်ခံနေရသည်။
ထိုကြောင့် ဝမ်ဖုန်း၏မျက်နှာထက်တွင် ကြောက်ရွံ့ထိတ်လန့်မှုအငွေ့အသက်အချို့ ဖြတ်ပြေးသွားရပြီး အနည်းငယ် စိတ်ပျက်အားလျော့သွားရသည်။
ဤရုပ်အလောင်းမှ သူ့အား သတ်ဖြတ်လိုခဲ့လျှင် ဝမ်ဖုန်းမှာ စိုးစဉ်းသော်မျှ ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
ထိတ်လန့်ကြောက်ရွံ့နေခြင်းနှင့်အတူ နောက်ကျောမှ ပူနွေးမှုကို ဝမ်ဖုန်း ခံစားမိလိုက်၏။ နှလုံးအိမ်သို့ မီးမြှိုက်ခံနေရသည့်ခံစားချက်မျိုး ဖြစ်ပေါ်လာခဲ့ပြီးနောက် နဖူးထက်တွင် ချွေးစေးများစီးကျလာရသည်။
အကယ်၍များ သူ၏ကျောပြင်သည် မြေအောက်ဘုံကိုးထပ်မိစ္ဆာမီးလျှံဖြင့် လောင်ကျွမ်းခံနေရခြင်းဖြစ်ခဲ့လျှင် သူ၏ကျောရိုးတစ်ခုလုံး အရည်ပျော်သွားလောက်၏။ အရိုးကြေလုမတတ်သော နာကျင်မှုကြောင့် ဝမ်ဖုန်း တွန့်လိမ်သွားရကာ မျက်နှာသည်လည်း ပို၍ဖြူဖျော့လာခဲ့သည်။
ဤရှင်းပြ၍မရနိုင်သော မှော်စွမ်းအင်လက်အောက်၌ ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန်တုန်ယင်နေသည်မှာ ထိန်းချုပ်နိုင်စွမ်း လုံးဝမရှိတော့ချေ။
ဘုန်း!
ဝမ်ဖုန်း၏ခံစားချက်ကို စိုးစဉ်းမျှ ဂရုမစိုက်သည့်အလား ရုပ်အလောင်းသည်လည်း ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်နေ၏။ ရုပ်အလောင်းထံမှ စိမ့်ထွက်နေသည့် မိစ္ဆာမှော်စွမ်းအင်များသည် နဂါးမိစ္ဆာငယ်လေးများအလား ဝမ်ဖုန်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြသည်။
ထိုမိစ္ဆာစွမ်းအင်များသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်း မနေထိုင်ကြဘဲ ဝမ်ဖုန်း၏နောက်ကျောရှိ ကျောရိုးထဲသို့ စုပြုံတိုးဝင်ကြ၏။ အချိန်အနည်းငယ်ကြာပြီးနောက်၌ ဝမ်ဖုန်း၏ကျောရိုးမှာ မှော်စွမ်းအင်မျဉ်းကြောင်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထိုမှော်စွမ်းအင်မျဉ်းကြောင်းများသည် သံကြိုးများကဲ့သို့ ဝမ်ဖုန်း၏ကျောရိုးတွင် တင်းတင်းကျပ်ကျပ် ကပ်တွယ်နေကြသည်။
“ဘာလဲဟ!”
ထို့နောက် ချက်ချင်းပင် နှလုံးအိမ်မှ စူးရှသည့်နာကျင်မှုကို ဝမ်ဖုန်း ခံစားလိုက်ရသည်။ မထိန်းချုပ်နိုင်စွာဖြင့် စူးစူးဝါးဝါးမြည်တမ်းသံ ထွက်ပေါ်သွားရပြီး မျက်နှာမှာ စက္ကူတစ်စကဲ့သို့ ဖြူဖျော့ကာ နဖူးမှလည်း မိုးရေစက်များအလား ချွေးစေးများစီးကျနေသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အဆက်မပြတ် တုန်ယင်နေ၏။
ဝမ်ဖုန်း၏ကျောရိုးသည် မှော်စွမ်းအင်သံကြိုးများ၏ ဆွဲထုတ်ခံလိုက်ရ၏။ ဝမ်ဖုန်း၏ကျောပြင်မှ ကျောရိုး၏အသွေးအသားစများ ထိုးဖောက်ခံလိုက်ရလေရာ မြင်ကွင်းမှာ အလွန်တရာ ထိတ်လန့်ချောက်ချားဖွယ်ကောင်းလှပေသည်။