အခန်း (၆၃၈)
Vol. 46 Ch. 638
ဝမ်ဖုန်း၏ စူးနင့်သောညည်းတွားသံကို ကြားလိုက်ရသည်တွင် လီထျန်းမျိုးနွယ်စုများသည် တုန်ယင်သွားကြပြီး ယဇ်ပူဇော်မန္တာန်ရွတ်ဆိုခြင်းကို ခဏရပ်တန့်သွားကြသည်။ ထို့နောက် ချက်ချင်းပြန်ရွတ်ဆိုကြ၏။
ဤမျှစူးဝါးသောအော်ဟစ်သံကို ကြားသည့်တိုင် သူတို့သည် ဦးမော့မကြည့်ရဲကြပေ။ နတ်ဘုရားကို အနှောင့်အယှက်ပြုမိမည်စိုးသောကြောင့် ပို၍ပင် မြေပြင်သို့ဝပ်တွားသွားကြလေသည်။
နတ်ဘုရားကို အနှောင့်အယှက်ပြုမိပါက နတ်ဘုရား၏ အပြစ်ပေးခံရမည်ကို စိုးရွံ့ကြသည်။
“အား…!”
ယဇ်ပူဇော်နယ်မြေထဲတွင် စူးဝါးသည့်အော်ညည်းသံသည် ဆက်တိုက်ထွက်ပေါ်နေ၏။ ဝမ်ဖုန်း၏မျက်နှာမှာ အလွန်ပျက်ယွင်းနေကာ ဝတ်ရုံသည်လည်း ချွေးများရွှဲနစ်နေခဲ့ပြီဖြစ်သည်။
သံကြိုးသဏ္ဍာန်မှော်စွမ်းအင်သည် သူ၏ကျောရိုးကို တစ်ဆစ်ချင်းစီ ဆွဲထုတ်နေ၏။ အရိုးဆစ်များဆွဲထုတ်ခံရသည့် နာကျင်မှုသည် ကိုယ်တိုင်မကြုံတွေ့ရပါက သိနိုင်မည်မဟုတ်လောက်သည်အထိ စကားလုံးဖြင့်မဖော်ပြနိုင်လောက်အောင် ပြင်းထန်လှသည်။
ဝမ်ဖုန်းသည် စိတ်ဓာတ်မာကြောသောကြောင့် မဟုတ်ခဲ့လျှင် ဤနာကျင်မှုကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ဘဲ သတိမေ့မြောသွားခဲ့လောက်သည်။ ကြမ္မာဝိဉာဉ်သည် ဝမ်ဖုန်း သတိမေ့မြောမသွားစေရန် ကာကွယ်ထားခဲ့ပြီး ပြင်းထန်သောနာကျင်မှုကို သတိမြဲလျက် ခံစားစေသည်။
ဝမ်ဖုန်းမှာ မိမိ၏ဘဝကို သံသယဝင်လာရ၏။
ဒါက ငါ့ရဲ့ဝိဉာဉ်ရော ဟုတ်သေးရဲ့လား? ဘယ်လိုဖြစ်ပြီး ငါ့ဆန္ဒအတိုင်းမဖြစ်ရတာလဲ? ခဏလောက်တောင် မူးမေ့သွားလို့မရနိုင်ဘူး!
ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအင်ဖြင့် ထိတွေ့ပြီးနောက် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲအကျိုးဆက်ဖြစ်သည်။ ကြမ္မာဝိဉာဉ်မှ ဝမ်ဖုန်းအတွက် ကောင်းမွန်သည်ဟု သုံးသပ်ဆုံးဖြတ်ထားသ၍ ဝမ်ဖုန်း ခံနိုင်ရည်ရှိသည်ဖြစ်စေ၊ ခံနိုင်ရည်မရှိသည်ဖြစ်စေ ခွင့်ပြုထားမည်ဖြစ်၏။ သို့သော် ကြမ္မာဝိဉာဉ်မှ ဟန့်တားရန်ဆုံးဖြတ်ထားလျှင်လည်း ကျိန်းသေပေါက် ဟန့်တားမည်ဖြစ်သည်။
တစ်နာရီ၏လေးပုံတစ်ပုံခန့် ကြာမြင့်ပြီးနောက်၌ ဝမ်ဖုန်း၏ကျောရိုးတစ်ခုလုံး ဆွဲထုတ်ခံလိုက်ရပြီး လေဟာပြင်ထက်တွင် မျောလွင့်သွားခဲ့သည်။
ကျောရိုးသည် ကျောက်သလင်းကဲ့သို့ကြည်စင်၍ နတ်ဘုရားရောင်ခြည်ကဲ့သို့ ရောင်ဝါဖျော့ဖျော့ တောက်ပနေသည်။ လူအရိုးနှင့် လားလားမျှမတူဘဲ မှော်စွမ်းအင်လေထုအတွင်း မျောလွင့်နေသည့် ကျောက်စိမ်းရူယိနှင့် ဆင်တူပေသည်။
ကျောရိုးတစ်ခုလုံး ဆွဲထုတ်ခံလိုက်ရသောကြောင့် ဝမ်ဖုန်းသည် ခန္ဓာကိုယ်တစ်ခုလုံး အင်အားထောက်ပံ့မှုမရှိတော့ဟု ခံစားလိုက်ရပြီး လဲကျလုမတတ်ဖြစ်သွားရသည်။ သို့သော် လဲမကျမီ၌ မိစ္ဆာမှော်စွမ်းအင်သည် ဝမ်ဖုန်းကို ဆွဲယူ၍ တင်ပျဉ်ခွေအနေအထားသို့ ထိုင်စေခဲ့သည်။
ဒါက ဘာတွေဖြစ်နေတာတုန်းဟ?!
ဝမ်ဖုန်း မခံမရပ်နိုင်စွာ ဒေါသဖြင့် ရေရွတ်လိုက်သည်။ ပြင်းထန်သောနာကျင်မှုသည် နှလုံးအိမ်အတွင်း တိုက်စားနေဆဲပင်။ ခန္ဓာကိုယ်သည်လည်း မထိန်းချုပ်နိုင်စွာ တုန်ရီနေသည်။ ထိုအခိုက်အတန့်၌ ဝမ်ဖုန်း၏ သိမြင်စွမ်းရည်သည် အနိမ့်ဆုံးအခြေအနေသို့ ကျဆင်းနေခဲ့ပြီး ရှေးဟောင်းဒယ်စောက်ကြီး၌ မည်သည့်အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို မသိရှိနိုင်ပေ။
ဝမ်ဖုန်း၏ဦးခေါင်းထက် မှော်စွမ်းအင်မြူခိုးထုထဲတွင် အရွယ်အစားကြီးသော အရိုးကြီးနှင့် အရွယ်အားသေးငယ်သော အရိုးငယ်များ နိမ့်ချည်မြင့်ချည် မျောလွင့်နေသည်။ အလွန်တရာဆန်းကြယ်လှစွာ တစ်ခုသည် ကျောက်သလင်းကဲ့သို့ ကြည်စင်၍ တစ်ခုသည် မင်ရောင်ကဲ့သို့ မည်းနက်သည်။
ယဇ်ပူဇော်မန္တာန်သံများ ပဲ့တင်ထပ်လာခြင်းနှင့်အတူ မည်းနက်နေသောရုပ်အလောင်းသည် လျှို့ဝှက်ဆန်းကြယ်သောအင်အားတစ်ခု၏ နှောင့်ယှက်ခြင်းခံလိုက်ရသည့်အလား ဝမ်ဖုန်း၏ကျောရိုးသို့ ရုတ်တရက်ဦးတည်လာခဲ့သည်။
မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ ဝမ်ဖုန်း၏ကျောရိုးနှင့် ရုပ်အလောင်းတို့ ထိခတ်သွားကြသည်။ သို့သော် မျှော်လင့်ထားသည်ကဲ့သို့ အားပြင်းသည့်ထိခတ်မှုကြီး မဟုတ်ခဲ့ပေ။ ထိုထိခတ်မှုပြီးနောက်၌ မမျှော်လင့်စွာဖြင့် စည်းချက်ညီနေခဲ့သည်။
ရုပ်အလောင်းထံမှ အနက်ရောင်မျဉ်းကြောင်းများ ထွက်ပေါ်လာပြီး တစ်ခဏအတွင်း ဝမ်ဖုန်း၏ကျောရိုးကို ရစ်ပတ်လွှမ်းခြုံသွားသည်။ ထိုမြင်ကွင်းမှာ အရိုးစုနှစ်ခု အတူတကွ ဖိညှစ်ခံနေရသည့်အလားပင်ဖြစ်နေသည်။
ဂျစ်!
ဝမ်ဖုန်းအောက်ရှိ ရှေးဟောင်းသုံးချောင်းထောက်သည် ရုတ်တရက်တုန်ခါလာကာ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။
ဝမ်ဖုန်း မျက်လုံးဖိမှိတ်လိုက်သောအခါ ရှေးဟောင်းသုံးချောင်းထောက်ထံမှ ရွှေရောင်မီးလျှံထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ ဝမ်ဖုန်း၏ခန္ဓာကိုယ်ထက်သို့ မျောလွင့်သွားပြီး ဝမ်ဖုန်း၏ဦးခေါင်းထက်၌ ရပ်တန့်သွားသည်။
ရွှေရောင်မီးလျှံဝန်းကျင်ရှိ လေဟာပြင်သည် အလွန်တရာ အပူချိန်မြင့်မားသောမီးဖြင့် လောင်ကျွမ်းခံလိုက်ရသည့်အလား သာမန်မျက်လုံးဖြင့် မြင်နိုင်သည့်အနေအထားအထိ ပုံပျက်သွားခဲ့သည်။ ထူးဆန်းစွာဖြင့် ဝမ်ဖုန်းသည် ထိုကြောက်ခမန်းလိလိသောအပူချိန်ကို မခံစားရဘဲ နွေးထွေးသည့် လေစီးကြောင်းတစ်ခုအတွင်း နစ်မြုပ်နေသည်ဟု ခံစားရလေသည်။ ပြင်းထန်သောနာကျင်မှုသည်ပင် အတော်လေး သက်သာသွားခဲ့၏။
ရွှေရောင်မီးလျှံသည် ဝမ်ဖုန်း၏ဦးခေါင်းထက် အရိုးစုနှစ်ခု၏အောက်တွင် မျောလွင့်တည်ရှိနေသည်။ ထိုအရိုးစုနှစ်ခုကို မီးမြှိုက်၍ ပေါင်းစည်းသွားစေရန် ကြိုးပမ်းနေသကဲ့သို့ပင်။
ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူတစ်ဦး ဤနေရာ၌ရှိနေခဲ့လျှင်ပင် ကြောက်ရွံ့ထိတ်လန့်လိမ့်မည်ဖြစ်၏။ ထိုရွှေရောင်မီးလျှံသည် ဒဏ္ဍာရီလာသစ္စာမီးလျှံဖြစ်ပေသည်။
ဟုန်မန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိပြီး ဟုန်မန်နတ်ဘုရားနယ်ပယ် နတ်ဘုရားဘုံလောကကို ဖွဲ့စည်းတည်ဆောက်နိုင်လျှင် ကိုးကွယ်ယုံကြည်မှုနှင့် သစ္စာစွမ်းအင်ကို အလွယ်တကူရရှိနိုင်သည်။
သို့သော် သစ္စာမီးလျှံသည် အကြွင်းမဲ့သစ္စာစွမ်းအင်မှ ဖွဲ့စည်းဖြစ်တည်လာသည့် စွမ်းအင်အမြုတေဖြစ်၏။ သာမန်ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူများဖြစ်ပါက ရောင်ခြည်တန်းတစ်ခုကိုသော်မျှ အလွယ်တကူ မဖြစ်တည်စေနိုင်ပေ။ သစ္စာစွမ်းအင်၏ ရောင်ခြည်တန်းတစ်ခုစီတိုင်းသည် ဟုန်မန်နတ်ဘုရားနယ်ပယ်အတွက် အလွန်တရာအဖိုးတန်သော ရတနာဖြစ်လေသည်။
သစ္စာစွမ်းအင်နတ်လက်နက်ကို ဖန်တီးရန်ဖြစ်စေ၊ မိမိကိုယ်တွင်းသို့ ပေါင်းစည်းရန်ဖြစ်စေ၊ မိမိ၏ ကိုယ်ပိုင်နတ်ဘုရားဘုံလောကကို ဖွဲ့စည်းတည်ဆောက်ရန်ဖြစ်စေ ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူများအတွက် အသက်တမျှအဖိုးတန်သော ဆွဲဆောင်မှုကြီးဖြစ်၏။
သို့သော် ယခု၌ သစ္စာစွမ်းအင်မီးလျှံသည် ရုပ်အလောင်းတစ်ခုနှင့် အရိုးစုတစ်ခုကို လောင်ကျွမ်းစေရန်အတွက် အသုံးပြုခံနေရ၏။ ဤမြင်ကွင်းကို ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူများ မြင်တွေ့ခဲ့လျှင် ရင်ဘတ်စည်တီး၍ငိုကြွေးသွားလောက်ပေသည်။
သစ္စာစွမ်းအင်မီးလျှံ၏လောင်ကျွမ်းမှုကြောင့် အရွယ်အစားကွာခြားသော အရိုးများ၏ လုံးလုံးလျားလျား ဆန့်ကျင်နေကြသောစွမ်းအင်များသည် အမှန်တကယ်ပင် ပေါင်းစည်းလာခဲ့သည်။ ထိုအရိုးများ၏ပတ်ပတ်လည်တွင် မှော်စွမ်းအင်ပုံရိပ်များ တောက်ပနေသည်။ ရွှေရောင်သစ္စာစွမ်းအင်မီးလျှံသည်လည်း အရှိန်တငြီးငြီးတောက်ပနေသည်ဖြစ်ရာ မြင်ကွင်းမှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်နေတော့သည်။
ဘုန်း!
ရှေးဟောင်းဒယ်စောက်ကြီး၏ အထက်လေဟာပြင်ရှိ မှော်စွမ်းအင်မြူခိုးထုများ ပြောင်းလဲသွားသည်။ ၎င်းမှော်စွမ်အင်မြူခိုးထုသည် တုနှိုင်းမဲ့သောဧရာမမှော်နဂါးကြီးအသွင်သို့ ပြောင်းလဲသွားပြီး ဝမ်ဖုန်းနှင့်အရိုးများကို ခြံရံစောင့်ကြပ်ပေးသည်။
ရှပ်!
မိစ္ဆာေမှ်ာစွမ်းအင်မျှင်တန်းများ ထွက်ပေါ်လာပြီး ယဇ်ပူဇော်ရာစင်မြင့်ထက် ပျံ့နှံ့သွားသည်။ မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ မိစ္ဆာမှော်စွမ်းအင်မျှင်တန်းများသည် ယဇ်ပူဇော်စင်မြင့်ထက်တွင် ရပ်နေသော မြင့်သွန်းသည့်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
သို့သော် ၎င်းမြင့်သွန်းသည့်ပုံရိပ်ကို ဝမ်ဖုန်းအပါအဝင် လီထျန်းမျိုးနွယ်စုများလည်း မမြင်တွေ့နိုင်ကြချေ။
ကာလံဒေသံနှင့်နေရာအပိုင်းအခြားတို့ကို ဖြတ်ကျော်ပေါင်းကူးလာခဲ့သည်ကဲ့သို့သော အကြည့်တစ်ခုသည် ဝမ်ဖုန်း၏ကိုယ်ပေါ်သို့ ကျရောက်လာသည်။ အချိန်အတော်ကြာ ကြည့်နေခဲ့ပြီးနောက် ထိုအကြည့်သည် ပျောက်ကွယ်သွား၏။
ထို့နောက် ချက်ချင်းပင် မြင့်သွန်းသည့်ပုံရိပ်ကြီး လှုပ်ရှားလာခဲ့ပြီး ကြီးမားလှစွာသောဝိုးတဝါးလက်များကို အားပြင်းပြင်းဝှေ့ယမ်းသည်။
ထိုလက်အဝှေ့တွင် လီထျန်းမျိုးနွယ်စုများအားလုံး တုန်ယင်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်ထံမှ ရွှေရောင်အလင်းအနည်းငယ် စိမ့်ထွက်လာခဲ့ပြီး မြင့်သွန်းသည့်ပုံရိပ်ကြီးထံသို့ ဦးတည်သွား၍ ပေါင်းစည်းသွားကြသည်။
ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူမှ ဤမြင်ကွင်းကိုမြင်တွေ့ခဲ့လျှင် လီထျန်းမျိုးနွယ်စုများထံမှ ထွက်ရှိနေသည့် ရွှေရောင်အလင်းများမှာ သစ္စာစွမ်းအင်ဖြစ်ကြောင်းကို သိရှိလိမ့်မည်ဖြစ်သည်။
လီထျန်းမျိုးနွယ်စုများ ခံနိုင်ရည်မရှိမည်ကို စိုးရွံ့သည့်အလား ရှေးဟောင်းဒယ်စောက်ကြီးထံမှ မိစ္ဆာမှော်စွမ်းအင်အမျှင်များ ထွက်ပေါ်လာပြီး လီထျန်းမျိုးနွယ်စုများ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့ပြီး သူတို့၏ခန္ဓာကိုယ်နှင့်ဝိဉာဉ်တို့ကို အားဖြည့်ပေးနေသည်။
ထိုမျှကြီးမားမြင့်သွန်းသောခန္ဓာကိုယ်ကြီးမှ သစ္စာစွမ်းအင်များကို စုပ်ယူနေသည်ဖြစ်ရာ သူ့အား ယုံကြည်သက်ဝင်သူများအတွက် အလွန်အန္တရာယ်ကြီးမားပေသည်။ ပုံမှန်အားဖြင့် ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူများသည် သူတို့၏ယုံကြည်သက်ဝင်သူများထံမှ သစ္စာစွမ်းအင်တို့ကို အလွယ်တကူထုတ်ယူကြလိမ့်မည် မဟုတ်ပေ။ စွမ်းအင်ဟူသည် မိမိ၏ဘဝကို ကိုယ်တိုင်ဖျက်ဆီးခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ယုံကြည်သက်ဝင်သူများမှ သစ္စာစွမ်းအင်များကို သဘာဝအလျောက် ဖြာထွက်သည့်အချိန်သာလျှင် ရိတ်သိမ်းရန်အကောင်းဆုံးအချိန် ဖြစ်ပေသည်။
သို့သော် ယခုတွင်တော့ ထိုပုံရိပ်ကြီးသည် ထိုအကြောင်းအရာများကို ဂရုမစိုက်ချေ။ သူ့အား ယုံကြည်သက်ဝင်ကြသော လီထျန်းမျိုးနွယ်စုများထံမှ သစ္စာစွမ်းအင်များကို အားကုန်စုပ်ယူနေသည်။ များပြားထူထပ်သော ရွှေရောင်အလင်းများသည် မရေမတွက်နိုင်သော ပိုးဖလံများကဲ့သို့ ထိုမြင့်သွန်းသောပုံရိပ်ကြီးသို့ တစ်ဟုန်ထိုးဦးတည်သွားနေကြေပသည်။