အခန်း (၆၃၉)
Vol. 46 Ch. 639
အရိုးများပေါင်းစည်းသွားသောအခါ ဝမ်ဖုန်းသည် တစ်မူထူးခြားသောအခြေအနေတစ်ခုသို့ ကျရောက်နေခဲ့ပြီဖြစ်သည်။ ဝမ်ဖုန်းသည် အသိစိတ်ကပ်နေသည့်တိုင် အတွေးတစ်စမျှရှိမနေဘဲ ဗလာကြီးဖြစ်နေသည်။
ရှေးဟောင်းဒယ်စောက်ကြီးထံမှ ထွက်ပေါ်နေသည့် မိစ္ဆာမှော်စွမ်းအင်သည် ပို၍ပို၍ပြင်းထန်လာပြီး ယဇ်ပူဇော်နေရာတစ်ခုလုံးကို မဲမှောင်သွားစေသည်။ သစ္စာစွမ်းအင်သာလျှင် တောက်ပနေ၏။ မိစ္ဆာမှော်စွမ်းအင်ပင်လျှင် သစ္စာစွမ်းအင်၏တောက်ပမှုကို မဖုံးကွယ်နိုင်ချေ။
ဂျစ်!
သစ္စာစွမ်းအင်၏လောင်ကျွမ်းမှုအောက်တွင် အရိုးနှစ်ခု တဖြေးဖြေးပေါင်းစည်းသွားပြီး ကျောရိုးအသစ်တစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းသွားသည်။
၎င်းကျောရိုးသည် မီးခိုးရောင်ဖြစ်ပြီး မီးခိုးရင့်ရောင်မျဉ်းကြောင်းများ အပြည့်လွှမ်းခြုံေနသည်။ ထိုမီးခိုးရင့်ရောင်မျဉ်းကြောင်းများသည် အလင်းခပ်ဖျော့ဖျော့တောက်ပနေရာ ကျောရိုး၏သွင်ပြင်မှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားနေတော့သည်။
ကျောရိုးအသစ်ထွက်ပေါ်လာပြီးနောက်၌ ရွှေရောင်သစ္စာစွမ်းအင်မီးလျှံသည် တဖြေးဖြေး မှိန်ဖျော့သွားပြီး ကျောရိုးအသစ်ထဲသို့ ပေါင်းစည်းသွားသည်။
ကျောရိုးသည် အသက်ဝင်လာသည့်အလား အဆုံးမဲ့သော အသက်စွမ်းအင်နှင့် စိတ်ဝိဉာဉ်စွမ်းအင်တို့ကို ထုတ်လွှတ်လာခဲ့သည်။ ကျောရိုးထက်ရှိ မီးခိုးရောင်မျဉ်းကြောင်းများသည် မီးခိုးရင့်ရောင်နဂါးတစ်ကောင်ကဲ့သို့ တောက်ပလာခဲ့သည်။
ဂျစ်!
ထိုအခိုက်အတန့်၌ မြင့်သွန်းသောပုံရိပ်ကြီး၏ လက်နှစ်ဖက်တွင်လည်း အားကောင်းသောသစ္စာစွမ်းအင်များ စုဝေးနေသည်။ သူ၏လက်နှစ်ဖက်တွင် ရွှေရောင်သစ္စာစွမ်းအင်များသည် စူးရှတောက်ပသော နေလုံးကြီးကဲ့သို့ အလွန်တရာ စူးရှတောက်ပနေသည်။
ထိုမြင့်သွန်းသောပုံရိပ်ကြီးမှ လက်ဝှေ့ယမ်းလိုက်သည်တွင် ရွှေရောင်သစ္စာစွမ်းအင်သည် ကျောရိုးကဲ့သို့ ရှည်လျားသိပ်သည်းသော ရွှေရောင်ပုံရိပ်ကြီးအဖြစ်သို့ ဖွဲ့စည်းဖြစ်တည်သွားသည်။
ဘုန်း!
မြင့်သွန်းသောပုံရိပ်ကြီး၏အားကြောင့် ရွှေရောင်ပုံရိပ်သည် ကျောရိုးအသစ်သို့ ဦးတည်သွားပြီး မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ ကျောရိုးအသစ်နှင့် ပေါင်းစည်းသွားသည်။
ကျောရိုးအသစ်သည် ရွှေရောင်ချပ်ဝတ်တန်ဆာတစ်ထပ် ဆင်မြန်းလိုက်သည့်အလားပင်။ စူးရှတောက်ပသော ရွှေရောင်အလင်းသည် ကျောရိုး၏မီးခိုးရောင်အလင်းနှင့် ရောယှက်သွားပြီး ယဇ်ပူဇော်နယ်မြေကို အိပ်မက်နယ်မြေတစ်ခုကဲ့သို့ သရုပ်ဖော်နေခဲ့သည်။
ထိုမြင့်သွန်းသောပုံရိပ်ကြီး၏ ရည်ရွယ်ချက်ကို မည်သူမျှမသိနိုင်ပေ။ ထိုမြင့်သွန်းသောပုံရိပ်ကြီးနှင့် ဝမ်ဖုန်း၏ဆက်နွယ်မှုကိုလည်း မည်သူမျှ မသိကြပေ။ ထိုမြင့်သွန်းသောပုံရိပ်ကြီးသည် အဘယ်အကြောင်းကြောင့် ဝမ်ဖုန်း ပြောင်းလဲဖွဲ့စည်းရာ၌ ကူညီခဲ့သည်ကိုလည်း မည်သူမျှမသိနိုင်ပါချေ။
အားကောင်းသည့်သစ္စာစွမ်းအင်နှင့် ကျောရိုးအသစ်တို့ ပေါင်းစည်းသွားသောအခါ မြင့်သွန်းသောပုံရိပ်ကြီးသည် ဝမ်ဖုန်းကို စူးစိုက်ကြည့်လာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။
ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် မှော်အလင်းစလေးများသည် ပိုးစုန်းကြူးလေးများကဲ့သို့ ကျောရိုးအသစ်ဆီသို့ တစ်ဟုန်ထိုးဦးတည်လာကြသည်။ ထို့နောက် ယဇ်ပူဇော်စင်မြင့်ထက်မှလည်း သိပ်သည်းသောမှော်စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှော်စွမ်းအင်များသည်လည်း ကျောရိုးအသစ်သို့ စုဝေးဦးတည်ကြ၏။
ဂျစ်!
ကြောက်ခမန်းလိလိသော မိစ္ဆာမှော်စွမ်းအင်များနှင့် မှော်အလင်းစများ စုပြုံရောက်ရှိလာခြင်းကြောင့် ကျောရိုးအသစ်သည် အဆက်မပြတ်တုန်ခါလာခဲ့ပြီး အံ့ချီးဖွယ်သောပြောင်းလဲမှုကြီးများ ကျောရိုးအတွင်း ဖြစ်ပေါ်လာခဲ့သည်။
ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူတစ်ဦးမှ ထိုကျောရိုးအသစ်ကို မြင်တွေ့ခဲ့လျှင် အလွန်တရာ အံ့ဩထိတ်လန့်သွားပေလိမ့်မည်။
ဤသေးငယ်သောကျောရိုးအတွင်း၌ သစ္စာစွမ်းအင်၊ သန့်စင်သောမှော်စွမ်းအင်၊ တစ်ဖက်လောကလျိုယင်းစွမ်းအင်နှင့် နဂါးစွမ်းအင်ဟူသည့် ကြောက်ခမန်းလိလိသောစွမ်းအင်ကြီးလေးခု ပေါင်းစပ်ပါဝင်နေပေသည်။
ထိုစွမ်းအားများ အားလုံးပေါင်းစည်းပြီးနောက်၌ အဘယ်သို့သော မှော်စွမ်းအင်မျိုး ထွက်ပေါ်လာလိမ့်မည်နည်း။
ထို့ပြင် ဤကျောရိုးအတွင်း ရောယှက်နေသည့် စွမ်းအင်လေးမျိုးသည် ကွဲပြားဆန့်ကျင်မနေကြဘဲ အတူတကွ ပြီးပြည့်စုံစွာ ပေါင်းစည်းနေကြသည်မှာ ဤစွမ်းအင်လေးမျိုးသည် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအင်အသစ်တစ်ခု ဖြစ်ပေါ်လာစေရန်အတွက် မွေးဖွားဖြစ်တည်လာခဲ့သည်ဟုပင် ထင်မှတ်ရသည်။
ဘုန်း!
အချိန်မည်မျှကြာမြင့်သွားခဲ့ပြီမသိပေ.. ကျောရိုးသည် အပြည့်အဝ ဆင့်ကဲ့ပြောင်းလဲပြီးသွားခဲ့ပြီး ယခင်က မီးခိုးရောင်မှ မင်ရည်ကဲ့သို့ နက်စွေးသည့်အရောင်သို့ ပြောင်းလဲသွားခဲ့ကာ ယခင်ကဲ့သို့ပင် နဂါးအသွင်ဆောင်၏။ သို့သော် ကွာခြားချက်မှာ အရိုးဆစ်များ၌ ရွှေရောင်ဖျော့ဖျော့တံခွန်အချို့ ထင်ဟပ်နေခြင်းပင်ဖြစ်သည်။
ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးသွားပြီးနောက် ကျောရိုးသည် အပြင်းအထန်တုန်ခါလျက် ဝမ်ဖုန်းသို့ ဦးတည်ပျံသန်းလာသည်။ အချိန်ခဏလေးအတွင်း၌ ကျောရိုးသည် ဝမ်ဖုန်း၏ဦးခေါင်းထက်သို့ ရောက်ရှိဝဲလွင့်၏။ လျှို့ဝှက်ဆန်းကြယ်သောအရှိန်အဝါများ ကျောရိုးထံမှ ဖြာထွက်ကျဆင်းလာသည်။ ဝမ်ဖုန်းသည် ထိုအရှိန်အဝါ၏ လွှမ်းခြုံခြံရံခြင်း ခံလိုက်ရသည်။
လျှို့ဝှက်ဆန်းကြယ်သောအရှိန်အဝါ၏ ခြံရံခြင်းခံလိုက်ရသည်တွင် ဝမ်ဖုန်း၏ခန္ဓာကိုယ်သည် ရုတ်တရက်တုန်ခါသွားပြီး အဓိကအစိတ်အပိုင်းများဖြစ်သော တစ်ဖက်လောကလျိုယင်းခန္ဓာ၊ လျိုယင်းနှလုံးသားနှင့် ကြမ္မာဝိဉာဉ်တို့သည် ကွဲပြားခြားနားစွာ စတင်လှုပ်ရှားလာကြသည်။ ထို့နောက် ဝမ်ဖုန်းထံမှ အံ့ချီးဖွယ်သော လျှို့ဝှက်ဆန်းကြယ်သောအရှိန်အဝါများ ဖြာထွက်လာပြီး လေဟာပြင်တစ်ခုလုံးကို အဆက်မပြတ် တုန်ခါနေစေသည်။
ဝမ်ဖုန်း၏ကျောပြင်၌ မီးခိုးရောင်အမျှင်တန်းများ ရုတ်တရက်ထွက်ပေါ်လာသည်။ ၎င်းမှာ တစ်ဖက်လောကလျိုယင်း၏ စွမ်းအင်ကြောင့် ဖွဲ့စည်းဖြစ်တည်လာသည့် တစ်ဖက်လောကအက္ခရာများဖြစ်သည်။ ထိုအက္ခရာများသည် မီးခိုးရောင်သံကြိုးသဏ္ဍာန်သုံးခုအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပြီး ကျောရိုးအသစ်ကို ရစ်ပတ်ချိတ်တွယ်သည်။
မျက်တောင်တစ်ခတ်မျှသောအချိန်အတွင်း၌ မီးခိုးရောင်သံကြိုးသဏ္ဍာန်များသည် ကျောရိုးတစ်ခုလုံးကို ကပ်ငြိတွယ်ခံလိုက်ရပြီး ဆုတ်ဖြဲသည့်အသံများ ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။ ၎င်းမီးခိုးရောင်သံကြိုးသဏ္ဍာန်များသည် ကျောရိုးကို ဝမ်ဖုန်း၏ခန္ဓာကိုယ်ထဲသို့ ဖြေးဖြေးချင်းဆွဲသွင်းနေခဲ့သည်။
ဝမ်ဖုန်း၏ကျောရိုးကို ပြန်ဆက်ပေးနေခြင်းဖြစ်လေသည်။
ကျောရိုးအသစ်သည်လည်း ဆန့်ကျင်ခြင်းမရှိဘဲ ချောမွေ့စွာပူးပေါင်းဆောင်ရွက်သည်။ အချိန်ခဏအတွင်း ကျောရိုးအသစ်သည် ဝမ်ဖုန်း၏နောက်ကျောထဲသို့ ဝင်ရောက်နစ်မြုပ်သွားခဲ့ပြီး ဝမ်ဖုန်း၏ခန္ဓာကိုယ်ထဲတွင် အံဝင်ခွင်ကျနေရာယူလိုက်လေသည်။
ဝမ်ဖုန်း၏ကျောရိုးနှင့် ဆက်နွယ်နေသည့် သွေးကြောများစွာတို့သည်လည်း ပြန်လည်ဆက်နွယ်ကြသည်။ ၎င်းကျောရိုးအသစ်မှာ နဂိုမူလတည်းကပင် ဝမ်ဖုန်း၏ကျောရိုးဖြစ်သည့်အလား တွန်းကန်ဆန့်ကျင်မှု အလျဉ်းမရှိချေ။
ဘုန်း!
ကျောရိုးနှင့်သွေးကြောများ ဆက်နွယ်ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်း၏ခန္ဓာကိုယ်သည် ထိတ်လန့်သွားပြီး ရုတ်တရက်ပင် ကျောရိုးထံမှ ကြောက်ခမန်းလိလိသောစွမ်းအင်းများ ထွက်ပေါ်လာပြီး သွေးကြောများမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ဖြာထွက်ပျံ့နှံ့သွားသည်။
ဝမ်ဖုန်းထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် ဝမ်ဖုန်း၏ အနီးဝန်းကျင်ရှိလေဟာပြင်သည် အဆက်မပြတ်တုန်ခါနေကာ သူ၏တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံဆင့်သည် တဖြေးဖြေးတိုးတက်ခဲ့သည်။
ဝမ်ဖုန်းသည် ရှေးဟောင်းသုံးချောင်းထောက်ထက်တွင် တင်ပျဉ်ခွေထိုင်နေဆဲဖြစ်ပြီး မိစ္ဆာမှော်စွမ်းအင်မြူခိုးထုများ လွှမ်းခြုံနေလျက် နောက်ကျောပြင်သည် မင်ရောင်ကဲ့သို့နက်စွေးသောရောင်ဝါဖြင့် နဂါးမိစ္ဆာတစ်ကောင်အလား တောက်ပနေေပသည်။
အဝေးမှကြည့်ရှုလျှင် ဝမ်ဖုန်း၏ခန္ဓာကိုယ်အား အနက်ရောင်နဂါးပုံရိပ်ကြီးမှ ခြံရံထားသည်ကို မြင်တွေ့နိုင်သည်။ ထိုမြင်ကွင်းမှာ နဂါးနတ်ဘုရားတစ်ပါးကဲ့သို့ အလွန်တရာ ခမ်းနားထည်ဝါလှပေသည်။
ဝမ်ဖုန်း၏ခန္ဓာကိုယ်တွင်း စီးဆင်းနေသည့် မှော်စွမ်းအင်စီးကြောင်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အံ့ချီးဖွယ်အရာအားလုံးကို ဆက်နွယ်သွား၏။ ဤကျောရိုးအသစ်၏ ဆက်နွယ်မှုသည် မပြေပြစ်ခြင်း အလျဉ်းမရှိသည့်အပြင် ဝမ်ဖုန်း၏ တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာ၊ လျိုယင်းနှလုံးသား၊ ကြမ္မာဝိဉာဉ်တို့နှင့်လည်း ဆက်နွယ်သွားခဲ့သည်။ အပိုင်းအစများအားလုံးသည် ပြီးပြည့်စုံစွာ ကိုက်ညီနေကြပေသည်။
ဤတစ်ကြိမ်တွင်တော့ ဝမ်ဖုန်းကိုယ်တိုင်သည်လည်း သူ၏ရုပ်ခန္ဓာမှာ မည်သည့်အရာအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားခဲ့သည်ကို မသိပါတော့ချေ။ ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူရောက်လာခဲ့လျှင်သော်မှာ ရှုပ်ထွေးနေလောက်ပါ၏။
ရှေးယခင်အချိန်များစွာမှ ယနေ့အထိ ဝမ်ဖုန်းကဲ့သို့ အံ့ချီးဖွယ်စွမ်းအင်များစွာကို တစ်ဦးတည်းပိုင်ဆိုင်ခဲ့ဖူးသူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးပါချေ။ ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်းရှိ ထိုစွမ်းအင်လေးမျိုးမှ မည်သည့်တစ်ခုပင်ဖြစ်စေ ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူများကို အံ့ဩထိတ်လန့်သွားစေရန် လုံလောက်၏။
သို့သော် ယခု၌မူ အံ့ချီးဖွယ်စွမ်းအင်လေးမျိုးသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်း ပြီးပြည့်စုံစွာ ပေါင်းစည်းစုဝေးနေကြသည်။ ထိုအံ့ချီးဖွယ်စွမ်းအင်လေးမျိုးဖြင့် ဝမ်ဖုန်း၏အထုံပါရမီစွမ်းရည်သည် အမည်မသိရှိသောအဆင့်တစ်ခုသို့ တက်လှမ်းသွားခဲ့သည်။