← Chapters

အခန်း (၆၄၀)

Vol. 46 Ch. 640

အခန်း (၆၄၀)

Vol. 46 Ch. 640

ရှုပ်ထွေးပွေလီသော နားလည်ရန်ခက်ခဲနက်နဲ‌လှစွာသော ယဇ်ပူဇော်မန္တာန်ရွတ်ဆိုသံများသည် ယဇ်ပူဇော်နယ်မြေအတွင်း ပဲ့တင်ထပ်နေဆဲပင်။ လီထျန်းမျိုးနွယ်စုများကို အားကောင်းသော မိစ္ဆာမှော်စွမ်းအင်ကြီးမှ လွှမ်းခြုံဝန်းရံထားလေရာ မြင်ကွင်းမှာ မိစ္ဆာသခင်ကြီးကို ကိုးကွယ်နေကြသည့် မိစ္ဆာငယ်လေးများကဲ့သို့ပင် ထင်မှတ်ရပေသည်။

ဤယဇ်ပူဇော်နယ်မြေအတွင်းတွင် အချိန်ယန္တရားဟူသည် အဓိပ္ပာယ်မရှိသည့်အလားပင်..။

ယဇ်ပူဇော်စင်မြင့်ထက်၌ ဝမ်ဖုန်းသည် မျက်လုံးများဖိမှိတ်လျက် တင်ပျဉ်‌ေခွထိုင်နေသည်။ မိစ္ဆာမှော်စွမ်းအင်များဝန်းရံ၍ မိစ္ဆာသခင်ကြီးကဲ့သို့ လေဟာပြင်ထက်တွင် မျောလွင့်နေလျက် လီထျန်းမျိုးနွယ်စုများ၏ ကိုးကွယ်မှုတွင် ပျော်မွေ့နေ၏။

အချိန်မည်မျှကြာမြင့်သွားခဲ့ပြီမသိပေ.. နောက်ဆုံးတွင်တော့ ဝမ်ဖုန်းသည် ကျောရိုးအသစ်မှ သယ်ဆောင်လာသည့် စွမ်းအင်များကို လက်ခံပြီးဆုံးခဲ့လေပြီ။ သူ၏ကျင့်ကြံဆင့်သည် တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်မှ ကြယ်စင်ဧကရာဇ်အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက်တက်လှမ်းသွား၏။ ဧကရာဇ်ဘိုးဘေးအဆင့်သို့ တက်လှမ်းနိုင်ရန် ခြေလှမ်းဝက်ခန့်သာ လိုအပ်တော့ပေသည်။

ဝမ်ဖုန်း၏ရုပ်ခန္ဓာသည် မူလ၌ပင် စိတ်ကူးမှန်းဆ၍မရနိုင်လောက်အောင် အင်အားကြီးမားနေခဲ့ပြီးဖြစ်ရာ ဧကရာဇ်ဘိုးဘေးအဆင့်ရှိ လက်နက်ပင်လျှင် သူ၏ရုပ်ခန္ဓာကာကွယ်မှုကို မထိုးဖောက်နိုင်ဟု ခံစားရပေသည်။

ဂျစ်!

သူ၏ခန္ဓာကိုယ်တွင်းစွမ်းအင်ကို ခံစားကြည့်ပြီးနောက် ဝမ်ဖုန်း ပျော်ရွှင်သွား၏။ ဤသို့သော ကြီးမားသည့်ပြောင်းလဲမှုကြီးသည် လီထျန်းမျိုးနွယ်စုတွင် ဖြစ်ပေါ်လိမ့်မည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပေ။

လက်ရှိ၌ သူ၏ခန္ဓာကိုယ်မှာ အားအင်ပြည့်လျှံလွန်းသောကြောင့် သူ၏လက်သီးတစ်ချက်သည် ဧကရာဇ်ဘိုးဘေးအဆင့်ကျင့်ကြံသူကိုပင် အနိုင်သိပ်ပစ်နိုင်မည်ဟု ခံစားနေရသည်။ ‌မိမိကိုယ်ကို လောကပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကြီးဟု ခံစားနေရပေသည်။

သို့သော် အချိန်ခဏကြာပြီးနောက် ဝမ်ဖုန်း အသိစိတ်ပြန်ဝင်လာခဲ့၏။ ထိုအတွေးတို့မှာ ကြီးမားသည့်ပြောင်းလဲမှုကြီးပြီးနောက်တွင် သူ၏အသိစိတ်မှ အင်အားကိုအမှီပြု၍ ဖန်တီးထားသော စိတ်ကူးယဉ်အတွေးသာဖြစ်ကြောင်းကို အသိဝင်လာခဲ့ပေသည်။

ဝမ်ဖုန်း အသက်ရှူနှုန်းကိုထိန်းချုပ်၍ မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ၏မျက်လုံးအစုံ၌ အလင်းတစ်စတောက်ပသွားပြီး လေဟာပြင်ကို ထိုးဖောက်သွားခဲ့သည်။

“စနစ် ငါဘာတွေဖြစ်သွားခဲ့တာလဲ”

အချိန်ခဏကြာတွေးတောပြီးနောက် ဝမ်ဖုန်း စိတ်ထဲမှ မေးမြန်းလိုက်သည်။

သူ၏ခန္ဓာကိုယ်သည် ဆင့်ကဲပြောင်းလဲမှုတစ်မျိုးအား ဖြတ်ကျော်ခဲ့ရသည်ကို ခံစားမိသော်ငြား ဦးနှောက်မှာ ဗလာဖြစ်နေဆဲဖြစ်၏။ ဖြစ်ပျက်နေသည့်အရာများကို ဝမ်ဖုန်း လုံးလုံးလျားလျား နားမလည်ပါချေ။ သူအသိပြန်ဝင်လာခဲ့ချိန်၌ ခန္ဓာကိုယ်၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်မှာ ပြီးဆုံးနေခဲ့လေပြီ။

“ဒင်! ဒါက နဂါးကျောရိုးကိုအသက်သွင်းနိုင်တဲ့ ကံကြမ္မာပိုင်ရှင်အတွက် လီထျန်းနဂါးမိစ္ဆာ ပြင်ဆင်ထားခဲ့တဲ့ နဂါးယဇ်ပလ္လင်ပါ”

“အဲဒီ့နဂါးယဇ်ပလ္လင်နဲ့ နဂါးကျောရိုးအသက်သွင်း‌ခြင်းဆိုတာတွေက အင်အားကြီးမားတဲ့အရာတွေပါ။ နဂါးကျောရိုးအသက်သွင်းကြမ္မာပိုင်ရှင်ဟာ ကိုယ်တိုင်ရဲ့အရိုးကို ယဇ်ပူဇော်စွန့်လွှတ်ပြီး သစ္စာစွမ်းအင်နဲ့ နဂါးကျောရိုးကို အသက်သွင်းပြီး ကျောရိုးဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ကို လုပ်ဆောင်ပါတယ်”

“ဆိုလိုတာက ဆင့်ကဲပြောင်းလဲပြီးနောက်မှာ ကြမ္မာပိုင်ရှင်ရဲ့ကျောရိုးက သာမန်ကျောရိုးလို့ ထင်ရပေမယ့် တကယ်တမ်းမှာ လီထျန်းနဂါးမိစ္ဆာရုပ်အလောင်းရဲ့ အနှစ်သာရတွေအားလုံးနဲ့ သစ္စာစွမ်းအင်၊ ကြမ္မာပိုင်ရှင်ရဲ့ရုပ်ခန္ဓာအင်အားတွေကို ပေါင်းစည်းထားတာဖြစ်ပါတယ်”

“အဲဒါကြောင့် သခင်ရဲ့လက်ရှိကျောရိုးက ဟုန်မန်နတ်ဘုရားနယ်ပယ်လက်နက်တွေထက် ပိုအင်အားကြီးသန်မာပါတယ်။ နတ်လက်နက်တွေနဲ့လည်း ခုတ်ပိုင်းမစွမ်းနိုင်ပါဘူး”

စိတ်ထဲမှထွက်ပေါ်လာသည့် အေးစက်သည့်အသံကြောင့် ဝမ်ဖုန်း အံ့ဩမင်သက်သွား၏။ ထို့နောက် စိတ်လှုပ်ရှားလာခဲ့သည်။

ဟုန်မန်နတ်ဘုရားနယ်ပယ်၏ ခမ်းနားထည်ဝါလှစွာသော နတ်မိစ္ဆာများထဲမှ တစ်ပါးအပါအဝင်ဖြစ်သော လီထျန်းနဂါးမိစ္ဆာသည် မည်မျှအင်အားကြီးမားသည်ကို ဝမ်ဖုန်း မသိပါချေ။ သို့သော် လီထျန်းနဂါးမိစ္ဆာ၏အရိုးတစ်ချောင်းသည်ပင် အလွန်တရာအင်အားကြီးမားလွန်းလှသည်ကိုတော့ ဝမ်ဖုန်းသိပါ၏။

သို့ဖြစ်ရာ ဤရုပ်အလောင်းကို လီထျန်းနဂါးမိစ္ဆာမှ ချိတ်ပိတ်ထားခဲ့ပြီး အပြင်‌ေလာကသို့ စိုးစဉ်းသော်မျှ စွမ်းအင်ထုတ်လွှတ်ခြင်းမရှိခဲ့ပေ။ သို့မဟုတ်ပါက ရုပ်အလောင်း၏အရှိန်အဝါဖြင့်ပင် ချန်ခွမ်းအထွတ်အမြတ်ဘုံတစ်ခုလုံး ကြေမွပျက်စီးသွားနိုင်ပေသည်။

ဤရုပ်အလောင်း၏အနှစ်သာရဖြစ်‌ေသာ အမြုတေသည် မည်မျှအင်အားကြီးမားလိမ့်မည်ကို ဝမ်ဖုန်း စိတ်ကူးမှန်းဆရန် မဝံ့ရဲပေ။

ဝမ်ဖုန်းသည် ဤလီထျန်းမျိုးနွယ်စုအကြောင်းကို စူးစမ်းလိုစိတ်ပြင်းပြလွန်းသောကြောင့်သာ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဤသို့ကံကောင်းမှုကြီးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ကောင်းကင်ကနေ ပိုင်မုန့်ကြီးပြုတ်ကျလာသလိုပဲဟ!

သေချာပေါက်ပင် ကနဦး၌ ဝမ်ဖုန်းသည် လီထျန်းနဂါးမိစ္ဆာ၌ အကြံအစည်တစ်ခုခုရှိလိမ့်မည်ဟု ‌တွေးမိပါသေး၏။ သို့သော် ကျောရိုးနှင့် သူ၏ခန္ဓာကိုယ်တို့ ပေါင်းစည်းသွားပြီးနောက်တွင် ဆန့်ကျင်တွန်းကန်သည့် မူမမှန်သည့်အရာ တစ်စုံတစ်ရာသော်မျှ မခံစားရပေ။ သူ၏ကြံမ္မာဝိဉာဉ်နှင့် စနစ်သည်လည်း ထို့နည်းတူပင်ဖြစ်လေသည်။

ဤလျှို့ဝှက်ဆန်းကြယ်သောအရာနှစ်ခုကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ လီထျန်းနဂါးမိစ္ဆာ၌ အကြံအစည်တစ်ခုခုရှိလျှင်သော်မှ ထိုအရာနှစ်ခု၏ သိမြင်နိုင်စွမ်းအောက်မှ အဘယ်သို့မျှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ဝမ်ဖုန်း မိမိကိုယ်ကို ဂရုတစိုက်ဆန်းစစ်ကြည့်လိုက်သည်တွင် ခန္ဓာကိုယ်တစ်ခုလုံး ပြီးပြည့်စုံစွာ အားအင်စုစည်းနေသည်။ ကျောရိုးအသစ်နှင့် ပေါင်းစည်းသွားပြီးနောက်၌ သူ၏ရုပ်ခန္ဓာသည် အမှန်တကယ်ပြီးပြည့်စုံသွားခဲ့ပြီဖြစ်ပေမည်။

ဝမ်ဖုန်းစဉ်းစားတွေးတောနေစဉ်တွင် ‌ယဇ်ပူ‌ဇော်မန္တာန်ရွတ်ဆိုသံများ တဖြေးဖြေးရပ်တန့်သွားသည်။ လီထျန်းမျိုးနွယ်စုများကို လွှမ်းခြုံထားသည့် မှော်စွမ်းအင်မြူခိုးထုသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုမှသာ လီထျန်းမျိုးနွယ်စုများ ဦးခေါင်းမော့ကြည့်ဝံ့ကြတော့သည်။ ‌ဦးမော့ကြည့်လိုက်ကြသည်နှင့် လီထျန်းမျိုးနွယ်စုများအားလုံး မင်သက်သွားကြ၏။

ဝမ်ဖုန်းသည် ယဇ်ပလ္လင်ထက်ရှိ လေဟာပြင်တွင် မျောလွင့်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို မှော်စွမ်းအင်မြူခိုးထုများ လွှမ်းခြုံနေပြီး နဂါးပုံရိပ်ဝေဝါးဝါးတစ်ခုသည်လည်း ဝမ်ဖုန်းအနီးတွင် ရစ်ဝဲနေသည်။ ထိုနဂါးပုံရိပ်သည် အောက်ဘက်ရှိ လီထျန်းမျိုးနွယ်စုများကို ကြည့်နေလေရာ လီထျန်းမျိုးနွယ်စုများမှာ ခြိမ်းခြောက်မှုတစ်မျိုးကို ခံစားရပေသည်။

လီထျန်းမျိုးနွယ်စုများမှာ နတ်ဘုရားတစ်ပါးကို ကြည့်ရှုနေရသည့်အလား ဝိဉာဉ်များထိတိုင် တုန်လှုပ်နေကြသည်။ မျက်လုံးအကြည့်များသည် စိတ်ရှုပ်ထွေးနေရာမှ လေးစားကြည်ညိုခြင်းသို့ ပြောင်းလဲသွားကြသည်။

“နတ်ဘုရားကို ဂါရဝပြုပါတယ်!”

စိတ်ရှုပ်ထွေးခြင်းသည် အချိန်ခဏမျှသာကြာမြင့်ခဲ့ပြီး ထို့နောက်၌ လီထျန်းမျိုးနွယ်စုများသည် ဒူးထောက်ချပြီး ရှိခိုးဂါရဝပြုကြသည်။ ယုံကြည်သက်ဝင်သော ရွတ်ဆိုသံများဖြင့် ဝမ်ဖုန်းကို ရိုသေကျိုးနွံစွာ‌ေသာအကြည့်များဖြင့် ကြည့်နေကြသည်။

ဝမ်ဖုန်းအား ဘဝတစ်သက်တာ ယုံကြည်သက်ဝင်ရာအဖြစ် မှတ်ယူသည်ကဲ့သို့သော သန့်ရှင်းစင်ကြယ်သည့်အကြည့်များ ဖြစ်လေသည်။

လီထျန်းမျိုးနွယ်စုများ၏ စိတ်ဝိဉာဉ်နောက်၌ ရွှေရောင်အလင်းဖျော့ဖျော့တောက်ပနေသည်။ ၎င်းမှာ လီထျန်းမျိုးနွယ်စု၏ ရှေးဟောင်းနိယာမဖြစ်နိုင်သကဲ့သို့ တစ်စုံတစ်‌ယောက်မှ လီထျန်းမျိုးနွယ်စုအား သူတို့ရှေ့ရှိပုဂ္ဂိုလ်သည် သူတို့၏နတ်ဘုရားအသစ်ဖြစ်သည်ဟု ပြောပြနေခြင်းလည်း ဖြစ်နိုင်ပေသည်။

နောက်ဘက်ရှိ ကျူးမုသည် အဆက်မပြတ်တုန်ခါနေ၏။ သူခေါ်ဆောင်လာခဲ့သည့် ညီနောင်ဝမ်ဖုန်းသည် လီထျန်းမျိုးနွယ်စု၏ နတ်ဘုရားအသစ်ဖြစ်နေခဲ့မည်ဟု လုံးဝမျှော်လင့်မထားမိခဲ့ပါချေ။

ဝမ်ဖုန်းသည် သူတို့၏နတ်ဘုရားဖြစ်ရန် အရည်အချင်းမပြည့်မီဟု မည်သူမျှ‌ ‌မတွေးထင်ကြချေ။ ဝမ်ဖုန်းကို မြင်တွေ့လိုက်သည်နှင့်တစ်ပြိုင်နက်တည်းတွင် သူတို့၏စိတ်နှလုံးထဲ၌ သူတို့အား သိမ်မွေ့နက်ရှိုင်းစွာဖုံးလွှမ်းနေသော အသံမှ ဝမ်ဖုန်းသည် လီထျန်းမျိုးနွယ်စု၏နတ်ဘုရားဖြစ်သည်ဟု ပြောနေပေသည်။

လီထျန်းမျိုးနွယ်စုများထံမှ အသံများကြောင့် ဝမ်ဖုန်း အတွေးထဲမှ နိုးထလာခဲ့သည်။ သူ၏ရှေ့တွင် ဒူးထောက်နေကြသည့် လီထျန်းမျိုးနွယ်စုများကို မြင်တွေ့လိုက်ရသည်တွင် ဝမ်ဖုန်း ကြောင်အ,သွား၏။

“မင်းတို့ဘာလုပ်နေကြတာလဲ?”

ဝမ်ဖုန်း အလျင်အမြန်လက်ဝှေ့ယမ်း၍ စွမ်းအင်ထုတ်လွှတ်လိုက်ပြီး လီထျန်းမျိုးနွယ်စုများကို ဒူးထောက်နေရာမှ ထူမတ်ပေးလိုက်သည်။

“လူကြီးမင်း လူကြီးမင်းက နတ်ဘုရားရဲ့ရွေးချယ်ခြင်း ခံလိုက်ရသူပါ။ အခုကစပြီး လီထျန်းမျိုးနွယ်စုက လူကြီးမင်းကို အရှင်သခင်အဖြစ်မှတ်ယူပြီး လေးစားကြပါလိမ့်မယ်”

“လူကြီးမင်းက လီထျန်းမျိုးနွယ်စုရဲ့ နတ်ဘုရားဖြစ်လာပြီး လီထျန်းမျိုးနွယ်စုရဲ့ ယုံကြည်သက်ဝင်မှုကို ရရှိမှာပါ”

ဝမ်ဖုန်း၏အမေးစကားကို အကြီးအကဲတစ်ဦးမှ ရိုသေကျိုးနွံစွာ ပြန်လည်ဖြေကြားသည်။

“ဒါက…”

အကြီးအကဲ၏စကားကြောင့် ဝမ်ဖုန်း အနည်းငယ်ရှုပ်ထွေးသွား၏။

ငါက ဘယ်လိုလုပ်ပြီး လီထျန်းမျိုးနွယ်စုရဲ့ နတ်ဘုရားအသစ်ဖြစ်သွားရတာတုန်း?

ဝမ်ဖုန်း သူ့အား ယုံကြည်သက်ဝင်နေကြသော လီထျန်းမျိုးနွယ်စုများကို ဝေ့ဝဲကြည့်လိုက်ပြီး စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

ဒါကရော လီထျန်းနဂါးမိစ္ဆာရဲ့ အစီအစဉ်ပဲလား?

သူ့အတွက် သစ္စာစွမ်းအင်စုဆောင်းပေးဖို့အတွက်နဲ့လေ?

ဝမ်ဖုန်း ပြုံးလိုက်သည်။ လီထျန်းနဂါးမိစ္ဆာသည် ဝမ်ဖုန်းကို အထင်သေးဆုံးဖြတ်ခဲ့ပုံရ၏။ လီထျန်းနဂါးမိစ္ဆာသည် သစ္စာစွမ်းအင်ကို အလိုရှိလေရာ လီထျန်းမျိုးနွယ်စုသား ရာထောင်ချီကို လက်လွတ်မခံလိုပေ။

သူ၏ရှန်ရှန့်ကျုံဂိုဏ်းတစ်ဂိုဏ်းလုံး၌ ဂိုဏ်းတပည့်‌ေထာင်သောင်းချီသည် သူ့အား နတ်ဘုရားတစ်ပါးအဖြစ် မှတ်ယူမထားသည့်တိုင် သူ့အပေါ် သစ္စာရှိကြပေသည်။ သို့သော် ဝမ်ဖုန်းသည် သစ္စာစွမ်းအင်ကို တစ်ကြိမ်တစ်ခါမျှ မစုဆောင်းခဲ့ဖူးချေ။ သစ္စာစွမ်းအင်ကိုလည်း တစ်ကြိမ်တစ်ခါမျှ မစုပ်ယူဖူးပါချေ။

“ခြင်တစ်ကောင်က ဘယ်လောက်ပဲသေးငယ်ဦးတော့ အသားပဲလေ”

ထိုသို့စဉ်းစားပြီးနောက် ဝမ်ဖုန်းသည် လီထျန်းမျိုးနွယ်စုကို လက်ခံရန်ဆုံးဖြတ်လိုက်သည်။ အဓိကအချက်မှာ လီထျန်းမျိုးနွယ်စုသားများသည် ရိုးရှင်းကြပြီး အကြံအစည်မရှိကြသောကြောင့် ဖြစ်သည်။

ထိုအချက်ကို ဝမ်ဖုန်း တန်ဖိုးအထားဆုံးဖြစ်၏။

All Chapters