← Chapters

ပထမဆုံးသော ဧကရီ

Vol. 46 Ch. 641

ပထမဆုံးသော ဧကရီ

Vol. 46 Ch. 641

ဝမ်ဖုန်းသည် လီထျန်းမျိုးနွယ်စုကို ရှန်ရှန့်ကျုံဂိုဏ်းနှင့် အတူမထားဘဲ ကမ္ဘာဝန်း၏အခြားသောကောင်းချီးနေရာတစ်ခု၌ နေရာချလိုက်သည်။ လီထျန်းတင်းကိုလည်း ကမ္ဘာဝန်းထဲသို့ ထည့်သွင်းလိုက်ပြီး ရှန်ရှန့်ကျုံဂိုဏ်းဝင်းထဲတွင် ဖိနှိပ်ထားခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များထံမှ သစ္စာစွမ်းအင်များကိုလည်း စုဆောင်းခဲ့သည်။

ဤသည်မှာ အခွင့်အရေးကောင်းဖြစ်ရာ ဝမ်ဖုန်း လက်လွတ်မခံနိုင်ပါချေ။

သစ္စာစွမ်းအင်ကို ကောင်းမွန်စွာစုဆောင်းနိုင်လျှင် နတ်ဘုရားများကိုပင် တုန်လှုပ်စေနိုင်ပေလိမ့်မည်။

အရာအားလုံးကို သေချာ‌ေနရာချထားစီစဉ်ပြီးနောက် ဝမ်ဖုန်းသည် တွေဝေတုံ့ဆိုင်းမနေဘဲ အလင်းတစ်စဖြင့် လီထျန်းမျိုးနွယ်စုနေရာမှ ထွက်ခွာလာခဲ့ပြီး သာ့ယန်တောင်တန်း‌ဆီသို့ ရောက်လာခဲ့သည်။

ဝမ်ဖုန်းထွက်ခွာသွားပြီးနောက် လီထျန်းမျိုးနွယ်စုတစ်ခုလုံး ခြေ‌ရာလက်ရာမကျန် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထူးထူးဆန်းဆန်းပျောက်ကွယ်သွားခဲ့သည်။ မူလအစတည်းက လီထျန်းမျိုးနွယ်စုသည် ဝမ်ဖုန်းအတွက် ဖြစ်တည်နေခဲ့သည့်အလားပင်။

တစ်ချိန်တည်း၌…

စန်းရိမြို့တော်ထဲ၌ မဟာနတ်‌ဆိုးရွှမ်ရှမှ မင်းသားကြီးလန်လဲ့ကို သတ်ဖြတ်ပြီးနောက်တွင် မြောက်များစွာသော ပုန်ကန်သူများသည်လည်း စန်းရိမင်းဆက်အစောင့်တပ်သားများ၏ သုတ်သင်ခြင်းခံခဲ့ရသည်။ စစ်ထူမျိုးနွယ်စုနှင့် ယဲ့မျိုးနွယ်စုသည်လည်း အမြစ်ပြတ်သုတ်သင်ခံခဲ့ရသည်။ စန်းရိဧကရာဇ်သည်လည်း မျိုးနွယ်စုဝင်အားလုံးကို အမြစ်ဖြတ်သုတ်သင်ရန် အမိန့်ချခဲ့သည်။

ပုန်ကန်မှုဟူသည် မည်သို့‌ေသာဧကရာဇ်ဖြစ်စေ ခွင့်လွှတ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

စန်းရိမြို့တော်သည်လည်း ပြန်လည်ကောင်းမွန်လာသည်။ သို့သော် ကျင့်ကြံသူများသည်တော့ ကြောက်မက်ဖွယ်ပုန်ကန်မှုထဲတွင် နစ်မြုပ်နေမြဲဖြစ်သည်။ အချိန်အတော်ကြာ အသိစိတ်ပြန်မဝင်နိုင်ဘဲ ထိုတိုက်ပွဲသည် သူတို့၏စိတ်နှလုံးတွင် စွဲထင်ရိုက်နှိပ်ခဲ့ပြီးလေပြီ။ ဘဝတစ်သက်တာလုံး ဘယ်သောအခါမျှ မေ့လျော့သွားတော့မည်မဟုတ်ပေ။

ပုန်ကန်မှုအဆုံးသတ်၌ စန်းရိမြို့တော်ကို အလျင်မြန်ဆုံးအရှိန်နှုန်းဖြင့် ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် စန်းရိမင်းဆက်တော်ဝင်မျိုးနွယ်အကြီးအကဲများစွာတို့ကို တစ်ဦးပြီးတစ်ဦး စေလွှတ်ခဲ့သည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သည်များနှင့် ကျင့်ကြံသူများကိုလည်း သင့်လျော်သလို ချီးမြှောက်ဆောင်ကြဉ်း၍ အထက်တန်းအရာရှိများစွာကိုလည်း စေလွှတ်၍ ဝမ်းနည်းကြောင်းဖော်ပြခဲ့သည်။ ဤနည်းဖြင့် စန်းရိမြို့တော်အတွင်းရှိ အထိတ်တလန့်အခြေအနေကို တတ်နိုင်သမျှ လျင်မြန်စွာ တည်ငြိမ်စေရန် ကြိုးပမ်းခဲ့ကြသည်။

နန်း‌တော်၏ပင်မခန်းမဆောင်ကြီးထဲ၌ စန်းရိဧကရာဇ်သည် နဂါးပလ္လင်ကြီးထက်တွင် ထိုင်နေသည်။ အောက်ဘက်တွင် အထက်တန်းလွှာမျိုးနွယ်စုခေါင်းဆောင်များ ရပ်နေကြသည်။ စန်းရိဧကရာဇ်တစ်ဖက်ဘေးဘက်၌ မဟာနတ်ဆိုးရွှမ်ရှ၊ ကြင်ယာတော်ယဲ့နှင့် လူအိုကြီးတို့ ထိုင်နေကြသည်။

စန်းရိမင်းဆက်ကြီးတစ်ခုလုံးကို ကယ်တင်ပေးခဲ့သော သူရဲကောင်းကြီးအနေဖြင့် မဟာနတ်ဆိုးရွှမ်ရှသည် စန်းရီမင်းဆက်၏ ဒဏ္ဍာရီတစ်ရပ်ဖြစ်လာခဲ့ပြီး သူ၏ဂုဏ်သတင်းသည် စန်းရိဧကရာဇ်ထက်ပင် ကျော်ဇောနေတော့သည်။

အတိတ်ကာလများ၌ စန်းရိမင်းဆက်၏ မောက်‌မာထောင်လွှားသော အရာရှိကြီးများသည် မဟာနတ်ဆိုးရွှမ်ရှကို ကြောက်ရွံ့လေး‌စားသောအကြည့်များဖြင့် ကြည့်နေကြသည်။ မဟာနတ်ဆိုးရွှမ်ရှအား မည်သူမျှ ရိုသေလေးစားမှုမရှိ မပြုမူဝံ့ကြပေ။ မဟာနတ်ဆိုးရွှမ်ရှ၏ ကျင့်ကြံဆင့်ကို မဆိုထားနှင့် ဇွဲလုံ့လကိုပင် သူတို့မှာ ယှဥ်နိုင်မစွမ်းကြသည် မဟုတ်ပါလော။ မဟာနတ်ဆိုးရွှမ်ရှ၏ စိတ်အားထက်သန်မှု၊ ဇွဲလုံ့လဖြင့်ပင် လူအားလုံး၏လေးစားမှုကို ခံယူရန်ထိုက်တန်ပေသည်။

ယခု၌ စန်းရိဧကရာဇ်၏ကိုယ်ထဲမှ အဆိပ်ကို မဟာနတ်ဆိုးရွှမ်ရှ၊ ကြင်ယာတော်ယဲ့နှင့် အခြားသူများမှ အလုံးစုံထုတ်ပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် စန်းရိဧကရာဇ်၏မျက်နှာအရောင်သည်လည်း သွေးရောင်ပြန်သန်းလာခဲ့ပြီဖြစ်သည်။ သို့သော်ငြား ယခင်ကဲ့သို့ ခမ်းနားထည်ဝါမှုနှင့် အင်အားများကို ဆုံးရှုံးသွားခဲ့လေသည်။ သေဆုံးလုနီးသော လူအိုကြီးတစ်ဦးကဲ့သို့ အလွန်တရာအိုမင်းနေတော့သည်။

သွေးအေးရက်စက်လှသော သစ္စာဖောက်မှုကြောင့် စန်းရိဧကရာဇ်၏နှလုံးသားသည် စိတ်ပျက်အားလျော့သွားခဲ့သည်။

ဒီ‌ပလ္လင်က တကယ်ပဲဒီလောက်တောင် အရေးပါသလား? အဲ့ဒီကောက်ကျစ်စဉ်းလဲတဲ့ကလေးက ကိုယ့်ရဲ့မိသားစုကိုတောင် ဂရုမစိုက်နိုင်တော့လောက်အောင်လေ? ကိုယ့်ရဲ့အဖေရင်းကို သတ်ပစ်လောက်တဲ့အထိလေ?

“ငါကိုယ်တော် ဒီဧကရာဇ်အရိုက်အရာကို မင်းသမီးလန်လင်းကို ဆက်ခံစေချင်တယ်။ မင်းတို့ဘယ်လိုထင်သလဲ?”

စဉ်းစားတွေးတောပြီးနောက် စန်းရိဧကရာဇ်သည် အောက်ဘက်ရှိ အထက်တန်းလွှာမျိုးနွယ်စုခေါင်းဆောင်များကို ပြတ်တောင်းစွာ မေးမြန်းလိုက်သည်။

စန်းရိဧကရာဇ်၏စကားသံသည် ခန်းမဆောင်အတွင်း ပဲ့တင်ထပ်သွား၏။ နေရာရှိအထက်တန်းလွှာလူကြီးများမှာ ထိုစကားကြောင့် မျက်လုံးအိမ်တို့မှေးကျုံ့သွားကြလျက် အံ့အားသင့်ကုန်ကြသည်။

တစ်ဖက်တွင်တော့ မဟာနတ်ဆိုးရွှမ်ရှသည် မျက်လုံးအရောင်တောက်ပသွား၏။ စန်းရိဧကရာဇ်ကို ‌နက်နက်နဲနဲ‌အကဲခတ်ကြည့်လာခဲ့ပြီး မည်သည့်စကားမျှ မဆိုခဲ့ပေ။

ကနဦး၌ စန်းရိမင်းဆက်သည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၏ ခုနစ်ပြည်ထောင်အတွင်း ထိပ်တန်းငါးပြည်ထောင်တွင် ရပ်တည်နိုင်ခဲ့သည်။ သို့သော် သွေးအေးရက်စက်သည့် ပုန်ကန်မှုနှင့် နယ်စပ်ဒေသတိုက်ပွဲအပြီး၌ စန်းရိမင်းဆက်၏အင်အားသည် သိသိသာသာလျော့နည်းသွားခဲ့သည်။

စန်းရိမင်းဆက်၏ ဂုဏ်ကျက်သရေကို ပြန်လည်ထိန်းသိမ်းလိုလျှင် သို့တည်းမဟုတ် အခြေအနေအသစ်တစ်ခုသို့ ရောက်ရှိလိုလျှင်

မှီခိုးအားထားရသည့် မဟာမိတ်ကို ရှာဖွေရန်လိုအပ်သည်။ ၎င်းတွင် ရှန်ရှန့်ကျုံဂိုဏ်းသည် အသင့်တော်ဆုံးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

စန်းရိဧကရာဇ်သည် ရှန်ရှန့်ကျုံဂိုဏ်းကဲ့သို့သော အင်အားကြီးမားသည့်ဂိုဏ်းကြီးကို မိမိတို့ဘက်၌ ခိုင်ခိုင်မြဲမြဲရပ်တည်စေရန်မှာ မလွယ်ကူကြောင်းကို ကောင်း‌စွာသိရှိပါ၏။ ဖြတ်လမ်းဟုယူဆနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ မင်းသမီးလန်လင်းဖြစ်ပေသည်။

လန်လဲ့သေဆုံးပြီး မည်မျှမကြာသည့်အချိန်အတွင်း နယ်စပ်ဒေသမှာ အန္တရာယ်ကျရောက်လာပြန်သည်။ ထိုအချိန်တွင် ပေါ်ထွက်လာခဲ့ပြီးကယ်ဆယ်ပေးခဲ့သည်မှာ ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးဖြစ်သည်ကို စန်းရိဧကရာဇ်အပါအဝင် အထက်တန်းလွှာမျိုးနွယ်စုခေါင်းဆောင်ကြီးများ၊ အရာရှိကြီးများလည်း သိရှိကြပါ၏။

စန်းရိမင်းဆက်မှ ယခုကဲ့သို့သော စိတ်ပျက်အားလျော့ဖွယ်အခြေအနေများကို ရင်ဆိုင်နေရချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားတစ်ခုတည်းဖြင့် ကယ်ဆယ်နိုင်ခဲ့သည်ဟု သတ်မှတ်ရနိုင်၏။ ထိုမျှကြောက်ခမန်းလိလိသောအင်အားသည် ခုနစ်ပြည်ထောင်ထက်ပင် ကျော်လွန်နေခဲ့‌ပြီဖြစ်သည်။

လက်ရှိတွင် ကောင်းကင်တာ့အိုမျိုးနွယ်စုများ၏ အားထုတ်မှုသည် အချည်းနှီးဖြစ်ခဲ့သည်။ ကောင်းကင်တာ့အိုမျိုးနွယ်စုကို ဖြေရှင်းပြီးသည်နှင့် ခုနစ်ပြည်ထောင်သည် ပြည်တွင်းစစ်ပွဲ‌သို့ အခြေအနေပြောင်းလဲသွားမည်ဖြစ်၏။ အားလုံးသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၏ အမှန်စင်စစ်သောအရှင်သခင် ဖြစ်လိုကြသည် မဟုတ်ပါလော။

သို့သော် ရှန်ရှန့်ကျုံဂိုဏ်း၏အကာအကွယ်ကို လက်ခံရရှိလိုက်သည်နှင့် အခြားမင်းဆက်ခြောက်ခုသည် စန်းရိမင်းဆက်ကို ထိပါးဝံ့ကြမည်မဟုတ်တော့ပေ။

ရှန်ရှန့်ကျုံဟူသော စကားလုံးသုံးလုံးဖြင့်ပင် အခြားသောမင်းဆက်ကြီးခြောက်ခုကို လက်လွတ်စပယ် မလှုပ်ရှားဝံ့အောင် အဟန့်အတားဖြစ်စေနိုင်၏။

ထိုအချက်ကို စန်းရိဧကရာဇ်နှင့် အထက်တန်းလွှာလူကြီးများအားလုံး ကောင်းစွာနားလည်ထားကြသည်။ ထို့ကြောင့် စန်းရိဧကရာဇ်၏စကားသံထွက်ပေါ်လာပြီး မကြာမီ၌ပင် စန်းရိမင်းဆက်၏ အထက်တန်းလွှာလူကြီးများအားလုံးသည် သဘောတူညီခဲ့ကြသည်။

“ကျွန်တော်မျိုး ထောက်ခံပါတယ်”

“ကျွန်တော်မျိုး ထောက်ခံပါတယ်”

“ကျွန်တော်မျိုး…!”

ခန်းမဆောင်ထဲတွင် တစ်ယောက်ချင်းစီ၏အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ဆန့်ကျင်သည့်စကားတော့ ထွက်ပေါ်မလာခဲ့ပေ။ ရှန်ရှန့်ကျုံဂိုဏ်း မရှိခဲ့လျှင်သော်မှ တော်ဝင်မိသားစု၌ မင်းသမီးလန်လင်း၏အင်အားနှင့် ယှဉ်နိုင်သူဟူ၍ တစ်ယောက်မျှမရှိသည် မဟုတ်ပါလော။

မင်းသမီးလန်လင်း၏အစ်ကိုတော်နှင့် မင်းသား၂လန်အောင်းတို့သည် ယှဉ်နိုင်ကောင်းယှဉ်နိုင်ပေလိမ့်မည်။ သို့သော် အရည်အချင်းအရာ၌ မင်းသား၂သည် လန်လင်းနှင့် မယှဉ်နိုင်ပေ။ မင်းသား၂သည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရင်းနှီးသည့်ဆက်ဆံရေးမရှိသည့်အချက်ကိုမူ ထည့်သွင်းစဉ်းစားရန်ပင် မလိုအပ်တော့။

လက်ရှိ၌ လန်လင်း၏အင်အားသည် စန်းရိဧကရာဇ်ကြီးထက်ပင် သာလွန်သည်ဟု သတ်မှတ်နိုင်ပေသည်။

“သုံးရက်ကြာပြီးနောက်မှာ ထီးနန်းစွန့်ပွဲကျင်းပ‌မယ်”

“မင်းသမီးလန်လင်းက မြင့်မြတ်သောစန်းရိမင်းဆက်ရဲ့ ပထမဆုံးသောဧကရီဖြစ်လာမယ်”

“စစ်ပွဲဘုရင် မင်းပြည်ထောင်ခြောက်ခုဆီသွားပြီး လာရောက်ဖို့ဖိတ်ကြားလိုက်”

စန်းရိဧကရာဇ်သည် လူအုပ်ကိုတစ်ချက်ကြည့်ရှုလိုက်ပြီးနောက် အော်ပြောလိုက်သည်။

“အမိန့်တော်အတိုင်းပါ”

စစ်ပွဲဘုရင်သည် အရိုအသေပြုဖြေကြားပြီးနောက် ခန်းမထဲမှ ထွက်ခွာသွားသည်။

“တာ့အိုမိတ်ဆွေရွှမ်ရှ.. ဒီပွဲတော်ကို တာ့အိုမိတ်ဆွေရွှမ်ရှ ကြီးမှူးကျင်းပပေးနိုင်မလား ငါကိုယ်‌ေတာ် သိချင်မိပါတယ်”

စန်းရိ‌ဧကရာဇ်သည် ဘေးရှိ မဟာနတ်ဆိုးရွှမ်ရှသို့ လှည့်ကြည့်ကာ ရယ်သွမ်း‌ေသွး၍မေးမြန်း၏။

“ကျုပ်အတွက်တော့ ဂုဏ်ယူစရာပါပဲ”

မဟာနတ်ဆိုးရွှမ်ရှမှ အပြုံးဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

…..

သုံးရက်ကြာပြီးနောက်

စန်းရိမင်းဆက်နန်းတော်ခြံဝန်းထဲ၌ ထီးနန်းစွန့်ပွဲတော်ကို ကျင်းပသည်။ ပြည်ထောင်ခြောက်ခုသည် မင်းညီမင်းသားနှင့်အဆင့်တန်းညီမျှသော အထက်တန်းလွှာများကို စေလွှတ်တက်ရောက်စေခဲ့သည်။

စန်းရိမင်းဆက်နန်းတော်ခြံဝန်းကြီးမှာ လူများပြည့်လျှံနေ၏။ လူသူအပေါင်းသည် စန်းရိမင်းဆက်၏ အုပ်ချုပ်သူမျိုးဆက်သစ်ဧကရီမွေးဖွားလာသည့်မြင်ကွင်းကို မျက်မြင်တွေ့လိုကြပေသည်။

ရှပ်!

ရုတ်တရက်ပင် လေဟာပြင်ကြီး တုန်ခါသွားပြီး ထုံးတမ်းစဥ်လာဝတ်ရုံကို ဝတ်ဆင်ထားသည့် လန်လင်းသည် ကောင်းကင်မှ ဆင်းသက်လာ၏။ ထက်မြက်သိမ်မွေ့ဟန်သော လှပတင့်တယ်‌သောခန္ဓာကိုယ်သည် အဆုံးမဲ့သောမြင့်မြတ်မှုကို လှစ်ဟပြသနေကာ လှုပ်ရှားလာနေသော ထိုလှပတင့်တယ်သည့်ပုံရိပ်သည် ကမ္ဘာလောကကိုပင် အရောင်မှေးမှိန်သွားစေသည့်အလားပင်။

ထိုအခိုက်အတန့်၌ စန်းရိမင်းဆက်အတွင်းရှိ အမျိုးသမီးများအားလုံးမှာ မှေးမှိန်သွားကြရပြီး တစ်လောကလုံး၌ လန်လင်းနှင့် ယှဉ်နိုင်မည့်အမျိုးသမီးဟူသည် မရှိနိုင်တော့ချေ။

လူအုပ်ထဲရှိ ယန်ရှန်းသည် မြင့်မြတ်တင့်တယ်သောလန်လင်းကို သိမ်မွေ့စွာသောအကြည့်၊ နူးညံ့သောအပြုံးတို့ဖြင့် ငေးမောကြည့်နေခဲ့သည်။ လန်လင်းသည်လည်း ကျယ်ပြောထူထပ်သောလူအုပ်ကြီးထဲမှ ယန်ရှန်းကို မြင်တွေ့နေပေသည်။

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး တုနှိုင်းမဲ့လောက်အောင်သော နူးညံ့သိမ်မွေ့သောအကြည့်တို့ဖြင့် အပြန်အလှန်ကြည့်နေကြသည်။

ဘုန်း!

ခေါင်းလောင်းကြီးကိုးခု ပဲ့တင်ရိုက်ခတ်သွားပြီး မဟာနတ်ဆိုးရွှမ်ရှ၏ ကမကထပြုခြင်းဖြင့် လန်လင်းသည် မြင့်မြတ်သောစန်းရိမင်းဆက်ကြီး၏ ပထမဆုံးသောဧကရီ ဖြစ်လာခဲ့သည်။

All Chapters