အခန်း (၆၄၂)
Vol. 46 Ch. 642
ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၏ ရေကန်တစ်ကန်တွင်ဖြစ်သည်။ ရေပြင်သည် တောက်ပနေကာ လေပြည်ဖျော့ဖျော့အဝှေ့တွင် မက်မွန်ပန်းပွင့်လေးများ ရေပြင်ထက်သို့ ကြွေလွင့်ကျဆင်းနေကြရာ မြင်ကွင်းမှာ အလွန်တရာ လှပပေသည်။
ကန်ရေပြင်အလယ်တွင် လှေတစ်စင်းသွားလာနေပြီး ကန်ရေပြင်ထက်ရှိ လှိုင်းငယ်များကြောင့် လှေသည် အနည်းငယ်လှုပ်ယိမ်းနေသည်။
လှေထက်ရှိ မျက်နှာထက်တွင် မျဉ်းကြောင်းရာများအပြည့်ဖြင့် ရိုးရှင်းသည့်ဝတ်ရုံကိုဝတ်ဆင်ထားသော သန်မာထွားကြိုင်းသည့်လူကြီးသည် နူးညံ့ကြင်နာစွာပြုံးနေလေရာ မြင်တွေ့ရသူကို နွေဦးလေပြည်ကဲ့သို့ ခံစားရစေသည်။
ဤနေရာ၌ ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၏ စွမ်းအားမြင့်ပုဂ္ဂိုလ်တစ်ဦး ရှိနေခဲ့ပါက အံ့ဩမှုကြောင့် အော်ဟစ်မိလောက်၏။
ထိုလူသည် ကောင်းကင်တာ့အိုမျိုးနွယ်စုကြီး၏ လျှို့ဝှက်အဆန်းကြယ်ဆုံးသော မျိုးနွယ်စုခွဲဖြစ်သည့် ကောင်းကင်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ဟွမ်းလင်ဖြစ်သည်။
ဟွမ်းလင်သည် အဝေးရှိရှုမျှော်ခင်းကို ငေးမျှော်ကြည့်ရင်းမှ ခပ်ဖျော့ဖျော့ရေရွတ်၏။
“ရှန်ရှန့်ကျုံဂိုဏ်းက ချန်းခွမ်းအထွတ်အမြတ်ဘုံလောကကို သူတို့အင်အားနဲ့ တည်ငြိမ်အောင်လုပ်နိုင်ခဲ့ပုံပဲ။ ဒါပေမဲ့ ကပ်ဘေးအန္တရာယ်ကိုလည်း ဆောင်ကြဉ်းလာခဲ့တယ်”
“မင်းပြောတာ ရှန်ရှန့်ကျုံဂိုဏ်းက အဲဒီ့တစ်စုလုံးကို ဟန့်တားနိုင်ခဲ့တယ်လို့လား?”
လှေထိပ်ပိုင်းတွင် အခြားသန်မာထွားကြိုင်းသည့်လူတစ်ဦးလည်း ရပ်နေသည်။ ထိုလူသည် ဟွမ်လျိုမျိုးနွယ်စု၏မဟာအကြီးအကဲ ဟွမ်ဝူဖြစ်သည်။
ဟွမ်ဝူသည် လျှို့ဝှက်ဆန်းကြယ်သောပုံသဏ္ဍာန်များဖြင့် ဝတ်ရုံကိုဝတ်ဆင်ထားပြီဏ္ဌ ၎င်းဝတ်ရုံသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ မျက်လုံးများ အရောင်တောက်ပလာခဲ့ပြီးနောက် ခပ်ဖျော့ဖျော့ဆိုသည်။
“လောကမှာ အကြွင်းမဲ့သေချာတဲ့အရာဆိုတာ မရှိနိုင်ဘူး”
“အင်း ရှန်ရှန့်ကျုံဂိုဏ်းက ကောင်းကင်တာ့အိုမျိုးနွယ်စု ပုံဖော်လိုတဲ့အနုပညာကို မဖြစ်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ တကယ်ပဲ ဟန့်တားနိုင်တာလည်းဖြစ်နိုင်တယ်”
ဟွမ်ဝူ၏စကားအဆုံး၌ ဟွမ်းလင်မှ မျက်မှောင်ကြုတ်လျက် ခပ်ဖျော့ဖျော့ဆိုသည်။
ဟွမ်လျိုမျိုးနွယ်စုသည် ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲ၅ခုထဲတွင် လျှို့ဝှက်အဆန်းကြယ်ဆုံးနှင့် အင်အားအကြီးမားဆုံးသော မျိုးနွယ်စုဖြစ်သည်။ သူ၏ အလွန်တရာထက်မြက်လှသောလျှို့ဝှက်ကျင့်စဉ်သည် ကမ္ဘာလောက၏ လျှို့ဝှက်ချက်အလုံးစုံကို မြင်တွေ့နိုင်သည်၊ ကမ္ဘာလောက၏ ဘေးအန္တရာယ်အားလုံးကို ရှောင်ဖယ်နိုင်သည် လျှို့ဝှက်ဆန်းကြယ်၍ တုနှိုင်းမဲ့သည်ဟု ပြောစမှတ်ပြုကြသည်။
“ဒီချန်ခွမ်းအထွတ်အမြတ်ဘုံလောကမှာ တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်က အကန့်အသတ်ပဲ”
“ဒါပေမဲ့ ဂုဏ်ထူးဆောင်ဧကရာဇ်ကျင့်ကြံသူကို ရှန်ရှန့်ကျုံဂိုဏ်းရဲ့ကျင့်ကြံသူတွေက အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့တယ်။ အဲဒီ့လူတွေက ရှန်ရှန့်ကျုံဂိုဏ်းနဲ့ရင်ဆိုင်ဖို့အတွက် တခြားဘာလုပ်နိုင်ဦးမှာတဲ့လဲ။ အဆင့်နိမ့်ဘုံလောကဆီကို ပိုပြီးကျင့်ကြံဆင့်မြင့်မားတဲ့ကျင့်ကြံသူတွေ စေလွှတ်နိုင်မှာတဲ့လား”
ဟွမ်းဝူမှ စိတ်မကြည်မသာဖြင့် မရေရာစွာမေးသည်။
“ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တကယ့်နဂါးက ဒီလိုသာဆိုရင် ဘာလို့များ ချန်းခွမ်းအထွတ်အမြတ်ဘုံလောကထဲမှာ ပိတ်မိနေပါ့မလဲ”
ဟွမ်လင်မှ ပြုံးလျက် ခပ်ဖွဖွပြောသည်။
စကားဆုံးသည်နှင့် ဟွမ်းဝူ၏မျက်လုံးအိမ်တို့ မှေးကျဉ်းသွားပြီး တစ်စုံတစ်ရာကို စဉ်းစားမိသည့်အလား ရုတ်တရက်ပြောလာသည်။
“မင်းဆိုလိုတာက…?”
“လျှို့ဝှက်ချက်ဆိုတာ ပေါက်ကြားလို့မသင့်ဘူး”
“ကောင်းချီးဖြစ်ဖြစ် ကျိန်စာဖြစ်ဖြစ် အဆုံးမှာတော့ ရှန်ရှန့်ကျုံဂိုဏ်းအပေါ်မှာပဲ မူတည်တယ်”
ဟွမ်လင်သည် ခေါင်းခါရမ်း၍ ဟွမ်းဝူ၏စကားကို ဟန့်တားလိုက်သည်။ သူ၏မျက်လုံးများသည် ပန်းချီကားလိပ်ကို ကြည့်ရှုနေသည့်အလား အဝေးသို့ငေးမျှော်ကြည့်နေသည်။
“ကြည့်ရတာ မြေအောက်ကမ္ဘာရဲ့ ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲက ရှန်ရှန့်ကျုံဂိုဏ်းကို အညံ့ခံလိုက်ပြီထင်တယ်။ ကျုပ်တို့ဟွမ်းလျိုဂိုဏ်းအတွက် ထွက်လမ်းက ဘယ်မှာများလဲ”
ဟွမ်းဝူသည် ခုနက အကြောင်းရာကို ဆက်လက်မပြောတော့ဘဲ အတွေးပေါ်လာသည်ကို ထုတ်မေး၏။
“ကောင်းကင်ပြိုကျနေလည်း အရပ်မြင့်တဲ့သူတွေရှိနေတာပဲ။ မင်းနဲ့ငါက ဘာလို့စိုးရိမ်နေရမလဲ”
ဟွမ်လင်မှ ခေါင်းခါရမ်း၍ ပြုံးရယ်လျက်ပြောသည်။ ဟွမ်လင်သည် စိုးရိမ်ပူပန်ခြင်းမရှိဘဲ အနီရောင်မြူခိုးထုကို ဖောက်ထွင်းမြင်တွေ့နိုင်သည်ကဲ့သို့သော အရေးမထားမှုမျိုးသာ ရှိနေသည်။
ဟွမ်လင်၏စကားအဆုံး၌ ဟွမ်းဝူ၏မျက်နှာ တောင့်တင်းသွားသည်။ ထို့နောက် ကသိကအောက်ဆန်စွာ ခေါင်းခါရမ်းလျက် စကားမဆိုတော့ပေ။ ရေကန်တစ်ခုလုံး တစ်ဖန်တိတ်ဆိတ်သွားတော့သည်။
…..
တစ်ဖက်တွင်လည်း ဝမ်ဖုန်းသည် စန်းရိမြို့တော်သို့ ဦးတည်နေသည့်လမ်းတွင် မဟာနတ်ဆိုးရွှမ်ရှနှင့် လီပိုင်တို့ထံမှ သတင်းစကားများ လက်ခံရရှိခဲ့သည်။ ဝမ်ဖုန်း ရပ်တန့်၍ အချိန်ခဏမျှ စဉ်းစားတွေးတောပြီးနောက် မဟာနတ်ဆိုးရွှမ်ရှသို့ စကားပို့ဆောင်လိုက်သည်။
ထို့နောက် စန်းရိမင်းဆက်နယ်စပ်သို့ ချက်ချင်းဦးတည်သွားသည်။
ယခု၌ နယ်စပ်ဒေသရှိ ကောင်းကင်တာ့အိုမျိုးနွယ်စုများ၏ စစ်တပ်များကို လီပိုင်နှင့်အခြားသူများ၊ စန်းရိမင်းဆက်လျို့ဟော်စစ်တပ်များမှ အားလုံးနီးပါး ဖျက်စီးပစ်ခဲ့သည်။
သို့သော် သူတို့၏အခြေစိုက်စခန်းတော့ ရှိနေသေးသည်။ ထိုကောင်းကင်တာ့အိုမျိုးနွယ်စုများ၏ ကံကြမ္မာကို အပြည့်အဝဖမ်းချုပ်ပြီးကြောင်း သေချာစေရန်အတွက် ဝမ်ဖုန်း နယ်စပ်သို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
တစ်ပြိုင်နက်တည်း၌ စန်းရိမြို့တော်ရှိ မဟာနတ်ဆိုးရွှမ်ရှသည်လည်း ဝမ်ဖုန်းထံမှ သတင်းစကားကို ရရှိခဲ့သည်။ မျက်လုံးအရောင်များတောက်ပသွားပြီး သူ၏ပုံရိပ်သည် အလင်းတစ်စဖြင့် ခန်းမဆောင်ထဲသို့ ပျောက်ကွယ်သွားသည်။
နန်းတော်ပင်မခန်းမဆောင်ကြီးထဲတွင် လန်လင်းသည် ကြင်ယာတော်ယဲ့၏ ကျောက်စိမ်းခြေတော်ထက်တွင် ပုံရိပ်ထိန်းသိမ်းခြင်းဟူသည်မရှိ လွတ်လပ်စွာအနားယူနေလျက် ညည်းတွားနေ၏။
“ကြင်ယာတော်ယဲ့... ဧကရီဖြစ်ရတာ အရမ်းပင်ပန်းတာပဲ”
“ကောင်မလေးရယ် လောကမှာ ဘယ်သူက ဧကရီမဖြစ်ချင်ဘဲ ရှိမှာတဲ့လဲ။ အဲဒါကို မင်းက ပင်ပန်းသေးတယ်လား။ တကယ့်ကို ပျော်ရွှင်မှုအလယ်မှာရှိနေရင် ပျော်ရွှင်မှုကို မခံစားနိုင်ဘူးပဲ”
ကြင်ယာတော်ယဲ့သည် လန်လင်း၏နဖူးလေးကို ခပ်ဖွဖွပုတ်၍ အပြုံးဖြင့် ဆူပူလိုက်သည်။
ထိုစကားများကို အပြင်လူများ ကြားခဲ့လျှင် ကျိန်းသေပေါက် မနာလိုအားကျလောက်၏။
လန်လင်းသည် နှုတ်ခမ်းစူ၍ တစ်စုံတစ်ရာပြောရန် ဟန်ပြင်လိုက်ပြီးနောက် စကားလုံးများကို ထုတ်မပြောတော့ဘဲ ပြန်လည်မျိုချလိုက်သည်။
“လူကြီးမင်း ရောက်နေမှတော့ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါတော့”
ရုတ်တရက်ပင် ကြင်ယာတော်ယဲ့၏ မျက်လုံးအိမ်တို့မှေးကျုံ့သွားပြီး ခန်းမအပြင်သို့ကြည့်ကာ ခပ်ဖျော့ဖျော့ပြောသည်။
ထိုစကားအဆုံး၌ မဟာနတ်ဆိုးရွှမ်ရှသည် ခန်းမဆောင်ထဲတွင် ရုတ်ချည်းထွက်ပေါ်လာသည်။ ထို့နောက် ကြင်ယာတော်ယဲ့ကို လက်ဟန်ဖြင့်အရိုအသေပြု၏။
“ကြင်ယာတော်ယဲ့ရဲ့ ကျင့်ကြံမှုက ပိုပိုပြီး နက်ရှိုင်းလာနေတာပါပဲ။ ကျင့်ကြံဆင့်တက်လှမ်းဖို့ကို အချိန်သိပ်မယူလိုက်ရဘူးပဲ”
“လူကြီးမင်းကတော့ နောက်ပြောင်နေပြန်ပါပြီ။ နိယာမဧကရာဇ်က ဘယ်လိုလုပ်ပြီး အဲ့လောက်အလွယ်တကူ တက်လှမ်းနိုင်မှာတဲ့လဲ”
ကြင်ယာတော်မှ ပြုံးလျက်ပြောသည်။
“လူကြီးမင်း ဘာကိစ္စကြောင့် ရောက်လာတာလဲမသိဘူး”
ကြင်ယာတော်ယဲ့သည် မဟာနတ်ဆိုးရွှမ်ရှ၏အပြောကို မစောင့်ဆိုင်းဘဲ မေးမြန်းလာသည်။
“ဂိုဏ်းချုပ်က ချန်ခွမ်းအထွတ်အမြတ်ဘုံလောကမှာ ဂိုဏ်းတပည့်ခန့်အပ်ဖို့အတွက် အမိန့်ပေးလိုက်တယ်။ ရနိုင်မလား သိချင်ပါတယ်”
ကြင်ယာတော်ယဲ့၏အမေးစကားကို မဟာနတ်ဆိုးရွှမ်ရှသည် တုံ့ဆိုင်းမှုမရှိ တိုက်ရိုက်ဖြေကြားသည်။
ကြင်ယာတော်ယဲ့၏ လှပသောမျက်လုံးများ လေးနက်သွားပြီး စိတ်နှလုံးတုန်လှုပ်နေသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ဂိုဏ်းချုပ်သည် ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးခဲ့မည်ဟု သူမ,မျှော်လင့်မထားပါချေ။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းချုပ်၏ ကျင့်ကြံမှုသည် မှန်းဆရန်ခက်ခဲနက်နဲလွန်းလှလေရာ ကြင်ယာတော်ယဲ့သည် အစပထမကိုသာ မြင်တွေ့နိုင်ပြီး အဆုံးသတ်ကို မမြင်တွေ့နိုင်ချေ။
“ဆရာပြန်လာပြီလား”
ဘေးရှိလန်လင်းသည် အလွန်ပျော်ရွှင်ဝမ်းမြောက်သွားလျက် မျှော်လင့်တကြီးဖြင့် မေးမြန်း၏။
မဟာနတ်ဆိုးရွှမ်ရှ ခေါင်းခါရမ်းလိုက်ရာ လန်လင်း၏ပျော်ရွှင်နေသည့်မျက်နှာလေးမှာ မှုန်မှိုင်းသွားတော့သည်။
“ဂိုဏ်းချုပ်ဝမ်က ညွှန်ကြားလာခဲ့တာဆိုမှတော့ ကျွန်မတို့ စန်းရိမင်းဆက်က အပြည့်အဝကူညီထောက်ပံ့ပေးမှာပါ”
အချိန်ခဏကြာပြီးနောက် ကြင်ယာတော်ယဲ့မှ တိုက်ရိုက်ပြန်တုံ့ပြန်သည်။ ယခင်စန်းရိဧကရာဇ်သည်လည်း ဤကိစ္စရပ်အား တုံ့ဆိုင်းမှုမရှိ သဘောတူညီလိမ့်မည်ဟု သူမ,ယုံကြည်ပါ၏။ ဤသည်မှာ ရှန်ရှန့်ကျုံဂိုဏ်းနှင့် ပို၍နက်ရှိုင်းသည့်ဆက်ဆံရေး တည်ဆောက်ရန်အတွက် ပြီးပြည့်စုံသည့်အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပေသည်။
“ကျေးဇူးတင်ပါတယ်”
မဟာနတ်ဆိုးရွှမ်ရှသည် လက်ဟန်ဖြင့်အရိုအသေပြု ကျေးဇူးတင်စကားဆိုပြီးနောက် အလင်းတစ်စဖြင့် ခန်းမထဲမှပျောက်ကွယ်သွားပြီး ဂိုဏ်းတပည့်ခန့်အပ်ရေးအတွက် ပြင်ဆင်ရန်ထွက်ခွာသွားတော့သည်။
“ကောင်မလေးရေ မြန်မြန်လုပ်”
“တော်ဝင်မျိုးနွယ်တပည့်တွေအားလုံးကို ရှန်ရှန့်ကျုံဂိုဏ်းတပည့်ရွေးချယ်ပွဲမှာ ပါဝင်ကြဖို့ အမိန့်ပေးလိုက်တော့”
မဟာနတ်ဆိုးရွှမ်ရှ ထွက်ခွာသွားပြီးနောက်တွင် ကြင်ယာတော်ယဲ့သည် လန်လင်းကို ခပ်ဖွဖွပုတ်၍ နူးညံ့စွာပြောသည်။
ကြင်ယာတော်ယဲ့မှ ရှင်းပြနေရန်ပင် မလိုအပ်ဘဲ လန်လင်းသည် ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ခန်းမဆောင်ထဲမှ ထွက်ခွာသွားသည်။
…..
“မင်းတို့ကြားပြီးကြပြီလား? ရှန်ရှန့်ကျုံဂိုဏ်းက ဂိုဏ်းတပည့်ခေါ်ယူမယ်တဲ့!”
“ဘာ?”
“မင်းသတင်းက တိကျရဲ့လား”
“ဒါပေါ့ဟ။ ငါ့နန်းဆောင်မှာ ရှန်ရှန့်ကျုံဂိုဏ်းတပည့်ရွေးချယ်ပွဲကို ပါဝင်ကြဖို့စီစဉ်နေတဲ့ တော်ဝင်မျိုးနွယ်တပည့်တွေမှ အများကြီးပဲ”
“ကျစ်!”
“ဒါက ပြီးပြည့်စုံတဲ့အခွင့်အရေးကောင်းပဲ”
“အမြန်လုပ်မှ. ငါလည်း ရှန်ရှန့်ကျုံဂိုဏ်းတပည့်ရွေးချယ်ပွဲကို ပါဝင်ဖို့သွားရမယ်”
ထိုသတင်းေကြာင့် စန်းရိမင်းဆက်ကြီးတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားရန် အချိန်မကြာမြင့်လိုက်ပေ။ ရှန်ရှန့်ကျုံဂိုဏ်းတပည့်ရွေးချယ်ပွဲအကြောင်းကို လူတိုင်းသိသွားကြပြီး စန်းရိမင်းဆက်၏ မရေမတွက်နိုင်သော မျိုးဆက်သစ်လူငယ်များသည် ရှန်ရှန့်ကျုံဂိုဏ်းတပည့်ရွေးချယ်ပွဲတွင် ပါဝင်ရန် စိတ်အားထက်သန်နေကြသည်။
ရှန်ရှန့်ကျုံဂိုဏ်းသည် စန်းရိမင်းဆက်ကြီးတစ်ခုလုံး၏ ရည်မှန်းချက်ဖြစ်နေခဲ့လေပြီ။ မျိုးဆက်သစ်လူငယ်များအားလုံးသည် ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်နိုင်ခြင်းဟူသည်ကို ဂုဏ်ယူဖွယ်ကိစ္စရပ်အဖြစ် သတ်မှတ်ကြပြီး ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်လိုကြသည်။